← Chapters

တစ်နာရီအတွင်း ဖူတန် တက္ကသိုလ်မှာ တွေ့မယ်

Vol. 43 Ch. 633

တစ်နာရီအတွင်း ဖူတန် တက္ကသိုလ်မှာ တွေ့မယ်

Vol. 43 Ch. 633

"သွားပြီ.. အဆုံးသတ်ပြီ... သူတို့လူတွေ တံခါးရှေ့ ရောက်နေကြပြီ..."လီကျစ်ဝေမှ ကယောင်ကတမ်း မြည်တမ်းလိုက်ပြီး

"မနေ့က ကိစ္စကြောင့် ရောက်လာကြတာ ဖြစ်မယ်..."

"လာတော့လည်း လာပါစေပေါ့.. ခင်များက ဘာတွေ တုန်လှုပ်နေတာ... အပြင်သွားပြီး တစ်ချက်သွားကြည့်ကြမယ်..."လင်းရီ မတ်တပ်ရပ်၍ တည်ငြိမ်စွာ ပြောလိုက်ပြီး "ဟို သောက်ရူးတွေနဲ့တင် စိတ်၀င်စားဖို့ ကောင်းနေပြီကို ခုတော့ နိုင်ငံခြားသား တစ်အုပ်လိုက်ကြီးပါ ခေါ်လာခဲ့တယ်ပေါ့..."

"ဒီကောင်တွေ ရောမရောက်ရင် ဘာလို့ ရောမလို မနေနိုင်ရတာတုန်းကွ..."

လင်းရီ ရှေ့ဆုံးမှ ဦးဆောင်၍ အပြင်သို့ ထွက်လာခဲ့၏။

အပြင်သို့ ရောက်သောအခါမှ လူ ငါးဆယ်ကျော် ခြောက်ဆယ်အထိ ရှိနေပြီး ဝိုင်းအုံကြည့်ရှုနေကြသည့် ဖြတ်သွားဖြတ်လာများကလည်း တရုံးရုံး ဖြစ်နေလေသည်။

ထိုကဲ့သို့ ဧရာမစုဝေးမှုကြီးမှာ ကျိန်းရန်လမ်းတွင် ဘယ်တုန်းကမျှ မဖြစ်ခဲ့ဖူးချေ။

ထိုအခိုက်အတန့်တွင်တော့ ဖုန်းထုတ်၍ မှတ်တမ်းတင်သူက တင်၊ ဓာတ်ပုံရိုက်သူကရိုက် ၊ အတင်းအဖျင်း ပြောသူကပြောဖြင့် ရှုပ်ယှက်ခပ်နေလေသည်။

“ အိုး ဘုရားရေ… သူဌေးချောလေး ထွက်လာနေပြီတော့်….”

လင်းရီ၏ အေးအေးလူလူစတိုင်နှင့် ထီမထင်ဟန် အမူအရာကို မြင်တော့ ဝန်းရံနေကြသည့် မိန်းကလေးတိုင်း၏ စိတ်ပုံရိပ်တွင် စွဲလမ်းဖွယ် မြင်ကွင်းတစ်ခုကို အလိုအလျောက် မှတ်တမ်းတင်မိသွားကြ၏။

လင်းရီ၏ ဆွဲဆောင်မှုကို သူမတို့အဖို့ လွန်ဆန်ရန် မဖြစ်နိုင်ချေ။

“ မနေ့ညက သူဌေးရဲ့ဆိုင် ဖျက်ဆီးခံလိုက်ရတယ်ဆိုတော့ ဒီကောင်တွေ လက်ချက်ပဲ ဖြစ်ရမယ်…”

“ သူဌေးလေးရေ ကံကောင်းပါစေနော်… သူတို့ကို သင်ခန်းစာ ပေးပစ်လိုက်….တို့အားပေးနေတယ်သိလား...”

“ ဟွန့်… သူတို့လူများတိုင်း ကြောက်မယ်များ မှတ်နေလား မသိဘူး… ငါတို့အားလုံးကတော့ သူဌေးချောလေးကို ထောက်ခံနေမှာပဲ.... သူဌေးချော လေး ခံရလို့ကတော့ အဲ့ကောင်တွေကို လုပ်သတ်ပစ်မယ်....”

လူတို့ များသထက် များလာရင်း မကြာမီ ဆိုင်အနီးဝန်းကျင်၌ ရေပင် ဖြတ်သန်း၍ မစီးဆင်းနိုင်လောက်တော့သည်အထိ ပြွတ်သိပ်လာခဲ့၏။

“ ဒီဆိုင်ကို တစ်ယောက်ယောက်က ဖျက်ဆီးသွားတယ်လား…”

ပြောလိုက်သူကတော့ ဆံပင်အရှည်နှင့် မိန်းကလေးပင်။ သူမက အပြာရောင်ဂျင်းနှင့် မီးခိုးရောင် အမျိုးသမီးဝတ်စုံကို ဝတ်ဆင်ထားပြီး ခြေထောက်‌ပေါ်ရှိ ဘွတ်ဖိနပ်က ဆန်းပြားသည့်ဒီဇိုင်းနှင့် အထင်းသား‌ပေါ်လွင်နေလေသည်။

ထိုအမျိုးသမီးကတော့ လင်းရီနှင့် ဆုံခဲ့သည့် ရွှီးဝမ်မှတစ်ပါး အခြားသူမဟုတ်ပေ။

“ အွန်း … ငါလည်း ကြားလိုက်သေးတယ်.. မနေ့တုန်းက ဆိုင်ရှင် နိုင်ငံခြားကျောင်းသားနှစ်ယောက်ကို ရိုက်နှက်လိုက်တော့ သူတို့လူတွေက ခု ဆန္ဒလာပြကြတာ….” ဟန်ဖေး ပြောလိုက်သည်။

“ဘယ်လို ဘယ်လို .... သူတို့ကလည်း သူများဆိုင်ကို ဖျက်ဆီးသေးတယ်.. ခု သူတို့ကပဲ ဆန္ဒပြန်ပြဦးမယ် ဆိုတော့ ဒါက ဘာကြီးလဲ…. နည်းနည်းလေး မလွန်လွန်းဘူးလား…”

“ ဘာမှားနေလို့… ဒီ နိုင်ငံခြား ကျောင်းသားတွေကလည်း မကောင်းဘူးဆိုပေမယ့် ဟို ဆိုင်ရှင်ကပဲ သူများကို အရင်သွားရိုက်တာလေ…” ဟန်ဖေး ပြောလိုက်ပြီး “ ဒီလိုမျိုး ကိစ္စကြီး ဖြစ်သွားတယ်ဆိုတော့ ဟိုရဲ့ သူဌေးမကြီးက ထွက်လာပြီး ကာကွယ်ပေးဦးမလားဆိုတာ သိချင်လိုက်တာနော်…”

ရွှီးဝမ်ကတော့ မကျေမနပ် နှုတ်ခမ်းကိုက်လိုက်၏။ သူမ အလုပ်ပြီးနောက် ဤဆိုင်တွင် စားသောက်ရန် စီစဉ်ထားပါသော်လည်း ယခုတော့ အခွင့်အရေး မရှိတော့သည့် ပုံပင်။

“ အဲ့တာက ငါတို့ စိတ်ပူရမယ့် ကိစ္စမဟုတ်ဘူး.. ခု ကုမ္ပဏီမှာ စောင့်ကြိုနေတဲ့ အလုပ်တွေမှ အများကြီးပဲ… ဒီမှာပဲ ရပ်ကြည့်မနေနဲ့…”

“ အာ… နှမြောစရာကြီး… ငါက ဘယ်လိုဆက်ဖြစ်မလဲ သိချင်နေပါတယ်ဆိုနေမှ…..”

ရွှီးဝမ်နှင့် ဟန်ဖေးတို့ ကြာကြာ ရပ်ကြည့်မနေချေ။ တခဏမျှ အကဲခတ်ပြီးနောက် ထွက်ခွာသွားကြတော့၏။

လင်းရီ၏ အကြည့်က ဆိုင်ရှေ့ရှိ နိုင်ငံခြားသားများထံ ကျရောက်သွားခဲ့သည်။

ထိုအထဲတွင်တော့ သူမျက်နှာရင်းနှီးနေသူတစ်ဦး ပါဝင်နေလေသည်။ ထိုသူကတော့ သူမနေ့တုန်းက ဆော်ပလော်တီးလိုက်သည့် နေသန်ပင်။

သူ့ဘေးရှိ အတန်းဖော် ရှီရိုအီရှီကတော့ လင်းရီကို သူ့မယား ခိုးယူသွားသည့် အလား စိမ်းစိမ်းဝါးဝါးကြည့်နေလေသည်။

“ နေသန်…. ရှီရိုအီရှီ… ဘာလို့ မင်းတို့ နှစ်ယောက်တည်းလဲ… လူးဝစ်ကော…”

ထိုနှစ်ယောက်ကို မြင်တော့ လီကျစ်ဝေ ရှေ့ထွက်၍ မေးမြန်းလိုက်၏။

နေသန် ပခုံးတွန့်လိုက်ပြီး “ ကျုပ်က ဘယ်သိမှာ.. သူ့ပါပါးလည်း မဟုတ်…”

“ ဖယ်စမ်း.. ကျုပ်ရှေ့က ပိတ်ရပ်မနေနဲ့…” လင်းရီ နောက်မှ အော်လိုက်၏။

လီကျစ်ဝေ ကြောက်လန့်သွားခဲ့ပြီး ခေါင်းညိမ့်ကာ နောက်တွင် ကုပ်ကုပ်လေး သွားရပ်နေသည်။

လင်းရီနှင့် နောက်တစ်ကြိမ် မျက်နှာချင်းဆိုင် ပြန်ဆုံရချိန်တွင်တော့ နေသန်ကျောကို ဖြောင့်တန်းလိုက်ကာ မကြောက်ရွံ့သည့် ဟန်ပန်ကို ထုတ်ဖော်ထား၏။

မနေ့က တောင်းပန်တိုလျှိုးနေသည့် ပုံစံနှင့် လားလားမျှ မအပ်စပ်တော့။

“ ဘာလဲ … မင်းက လူတွေ အများကြီး ခေါ်လာပြီး ငါ့ကို လာခြောက်တာလား…” လင်းရီ ပေါ့ပါးစွာ ပြုံး၍ မေးလိုက်၏။

“ ငါတို့က ဒီကို ဆန္ဒလာပြတာ…” နေသန်ပြောပြီးနောက် သူခေါင်းရှိ ပတ်တီးကို ညွှန်ပြ၍ နိုင်ငံခြား ကျောင်းသားများဘက်သို့ လှည့်ကာ “ ဘဒိုတို့… ဒီကို တစ်ချက်ကြည့်လိုက်ဦး… ငါ့ရဲ့ ဒီဒဏ်ရာတွေက ဟော့ဒီဟွာရှန့်ကောင်တွေကြောင့် ရလာတာ…. ”

“ ငါတို့ ဆန္ဒပြကြမယ်… ဒီ မတရားမှုကို ဆန့်ကျင်ကြမယ်…”

“ ဆန့်ကျင်တယ်.. “

“ ဆန့်ကျင်တယ်…”

နိုင်ငံခြား ကျောင်းသားများ ဆန္ဒပြနေမှုမှာ သံပြိုင်တေးသီနေကြသကဲ့သို့ပင်။ နေသန်နှင့် ရှီရိုအီရှီမှ ဦးဆောင် တိုင်တည်ပြီး ကျန်သူများမှ ဆိုင်းဘုတ်များ ထောင်ကာ သံယောင်လိုက်နေကြ၏။

သို့သော်လည်း သူ့ရှေ့တွင် အာကျယ်အာကျယ်နှင့် လုပ်နေသည့် နေသန်ကို လင်းရီ ကန်ဆောင့်လိုက်သည့် အချိန်တွင်တော့ အဆိုပါ အသံများမှာ ရုတ်ချည်း ရပ်တန့်သွားတော့၏။

“ အို ဘုရားရေ.. သူလေးက အရမ်းချောတာပဲ.. တစ်ခွန်းမှ မပြောပဲ ရုပ်တည်ကြီးနဲ့ ကန်ထည့်လိုက်တယ်… ခန့်လိုက်တာနော်… ဒါမှ ဟွာရှန့်သား စစ်စစ်… အရမ်း ယောက်ျားပီသတာပဲ…” ရပ်ကြည့်နေသည့် တက္ကသိုလ်ကျောင်းသူလေး တစ်ဦးမှ လင်းရီ၏ ပုံများကို အမိအရဖမ်းယူရင်း ပြောလိုက်၏။

“ အိပ်ရာပေါ်မှာ အဲ့လိုမျိုးလုပ်တဲ့ သူကိုလည်း နင်အရမ်းကြိုက်တယ်မလား…”

“ ဒါပေါ့…. ဘာစကားမှ မပြောပဲ တစ်ခါတည်း လုပ်စရာရှိတာ တန်းလုပ်တဲ့ ယောက်ျားမျိုးလေ…”

“ နင်က ထူးဆန်းတဲ့ မိန်းမပဲ…”

နေသန် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး ကျန်သည့် ကျောင်းသားများကတော့ ထိတ်လန့်ကြောင်အမ်းနေကြ၏။

လင်းရီ နေသန်ကို ကြည့်လိုက်ပြီး “ ဆက်အော်လေ… ဆန့်ကျင်ဆန္ဒပြမယ်ဆို…လုပ်ပါဦးကွ…”

ပြောပြီးနောက် လင်းရီ မြေပြင်တွင် လဲနေသည့် နေသန်ကို အပေါ်စီးမှ နားရင်းတို့ တစ်ချက်ပြီးတစ်ချက် ဖြတ်ရိုက်လိုက်၏။

“ ဆန့်ကျင်ချင်ဦးဟ…”

ဖြောင်း

“ ဆန့်ကျင်ချင်ဦးဟ..”

ဖြောင်း

“ မင်းကြီးတော်ကို ဆန့်ကျင်ချင်တာလား..”

ဖြောင်း

နေသန် သွားကျွတ်သွားခဲ့ပြီး ပါးစပ်တစ်ခုလုံး သွေးများဖြင့် ပြည့်နှက်နေကာ လင်းရီကို ကြောက်ကြောက်လန့်လန့် လက်ညိုးထိုး၍

“ မင်း… မင်း… တကယ်ကြီး လမ်းပေါ်မှာ လူရိုက်နေတယ်…”

“ ဒီခါ မင်းအရင်စတာ… ရဲတွေရောက်လာရင် မင်းသေချာပေါက် ဖမ်းခံရပြီပဲ…”

“ ငါ့ကို ဖမ်းမယ်… မင်းဂေါက်နေတာလား…. အမေရိကားမှာဆို ဆန္ဒပြတဲ့သူတွေကို စစ်သားတွေကပဲ ရိုက်နှက်ဖမ်းဆီးကြတာမဟုတ်ဘူးလား…” လင်းရီ ပြေလိုက်ပြီး “ ငါ ကန်လိုက်တော့ အိမ်ကို မလွမ်းသွားဘူးလား....."

“ ဖူး..ဟား….” ရပ်ကြည့်နေကြသူများအားလုံး ရယ်မောလိုက်ကြ၏။

“ သူဌေးက အရမ်းရယ်ရတာပဲ…”

“ ဒီလိုမျိုး ရုပ်ချောပြီး ဇဝနဉာဏ်ရွှင်တဲ့ သူဌေးလေးက ရှားမှရှားပဲ…”

ထိုအချိန်တွင် လီကျစ်ဝေ ရှေ့ထွက်လာပြီး လင်းရီကို တောင်းဆိုလိုက်၏။

“ လင်းရီ .. ငါ့အထင်တော့ မင်းဒီလောက်ဆို လုံလောက်ပြီ ထင်တာပဲ… ဒီထက်ကြီးကြီးမားမား ဆက်ဖြစ်သွားရင် နှစ်ဖက်လုံးအတွက် မကောင်းဘူးလေ…”

“ ခင်များ စကားအများကြီး သိပ်မပြောနဲ့…” လင်းရီ အော်ငေါက်လိုက်ပြီး “ ဒီခွေးမသားတွေ ရောင့်တက်နေတာ ခင်များတို့လိုကောင်တွေကြောင့်ပဲ…”

လင်းရီ၏ အော်ငေါက်ခြင်းကို ခံလိုက်ရတော့ လီကျစ်ဝေ အလွန်အမင်း နေရခက်သွားလေသည်။

ယခု လူအုပ်ကြီးထဲတွင် ကျိုးဟိုင်နည်းပညာတက္ကသိုလ်မှ ကျောင်းသားအများအပြား ရှိနေကြ၏။ ယင်းက သူ၏ ပုံရိပ်ကို တော်တော်လေး အရှက်ရစေသည်။

အကယ်၍ ကျောင်းသို့ ပြန်သွားခဲ့လျှင်တောင် မျက်နှာပြရ ခဲယဉ်းတော့မည်ဖြစ်၏။

“ အဲ့လိုစကားမျိုး လာမပြောနဲ့… ငါက စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်နေတာ…”

“ ငါ လခွတ်တွေ ထုတ်ထားတဲ့ စည်းမျဉ်းလား… ခင်များတို့ကောင်တွေက သူများနိုင်ငံကကောင်တွေကို ထိပ်ပေါ်တင်ထားပြီးတော့ ဟွာရှန့်အဖွဲ့အစည်းရဲ့ ပုံရိပ်ကောင်းတွေကို ညစ်နွမ်းစေနေတာ…. ထွက်သွားစမ်း… ခင်များရဲ့ ဖိနပ်လျက်တဲ့ သောက်ခွက်ကြီး မြင်နေရတာနဲ့တင် တော်တော်လေး စိတ်ပျက်ဖို့ ကောင်းနေပြီ….”

ဤတစ်ကြိမ်တွင်တော့ လီကျစ်ဝေမှာ တော်တော်လေး ပြောစရာစကားကင်းမဲ့နေတော့၏။ အစကတော့ လင်းရီ ပြင်ပလောကသို့ ရောက်ရှိသွားပြီးသည့်နောက်တွင် လူ့မှုအသိုင်းအဝိုင်း၏ ဖိနှိပ်မှုကြောင့် မောက်မာမှုများ ပျောက်ဆုံးသွားလိမ့်မည်ဟု တွေးထင်ထားပါသော်လည်း ယခုတော့ ယခင်ကထက်ကို ပိုဆိုးနေချေပြီ။

နေသန်၊ ရှီရိုအီရှီနှင့် ကျန်သူများကတော့ စကားပင်မပြောဝံ့သည်အထိ ကြောက်လန့်သွားကြတော့၏။

သူတို့၏ မျက်ဝန်းများက သတိချပ်ထားကြပြီး လင်းရီ လှုပ်ရှားသည်နှင့် မျက်နှာကို ကာကွယ်ရန်အသင့်ဖြစ်နေကြကာ စောနကကဲ့သို့ မောက်မောက်မာမာ မပြုနိုင်ကြတော့ချေ။

လင်းရီ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။

လူးဝစ်နှင့် ကျန်သူများမှ နောက်သို့ အလိုအလျောက် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ကြလေသည်။

လင်းရီ စိုက်ကြည့် နေစဉ်တွင် ၎င်းတို့အားလုံး သူတို့ရှေ့၌ တောသုံးထောင်ကို အစိုးရသည့် ခြင်္သေ့မင်းမှ သိုးတစ်အုပ်ကို စိုက်ကြည့်နေသည်နှယ် ခံစားနေကြရ၏။

“ မင်း…မင်း ရှေ့ထပ်မတိုးလာနဲ့နော်… ငါ.. ငါတို့ စကားနဲ့ပဲ ပြောကြမယ်…” ရှီရိုအီရှီမှ ကြောက်ကြောက်နှင့် ပြောလိုက်ပြီး “ ငါတို့အားလုံးက နိုင်ငံကြီးသားတွေ… ကျိုးကြောင်းသင့်တင့်ရမယ်….”

ဖြောင်း…

လင်းရီ ရှီရိုအီရှီ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ပြီး

“ ငါ့ဖင်နဲ့ပဲ စကားပြောလိုက်တော့ … မင်းတို့ အဖေတွေ အမေတွေက ဒီကို ပညာတော်သင်ဖို့ လွှတ်လိုက်တာ… အဲ့တာကို ပညာကောင်းကောင်းမသင်ယူပဲ အဖွဲ့အားကိုးနဲ့ သူများကို ဖိနှိပ်ချင်နေကြတယ်ပေါ့ ဟုတ်စ….အဲ့လိုလုပ်နိုင်တဲ့ အစွမ်းအစမျိုး မင်းမှာရှိလို့လား…”

“ မ… မရှိပါဘူး..” ရှီရိုအီရှီ အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်ပြီး

“ မ… မရိုက်ပါနဲ့… ငါ့ကို ထပ်မရိုက်ပါနဲ့တော့….”

လင်းရီ သူ့ကို လျစ်လျူရှုလိုက်ပြီး နေသန်ကို ကြည့်လိုက်၏။

“ ငါ့ကိုပြော.. ဘယ်ကောင့်လက်ချက်လဲ…”

“ ဘရန်ဒွန် လုပ်တာ….”

“ ဘရန်ဒွန်…”

လင်းရီ ရေရွတ်လိုက်ပြီး “ အဲ့ကောင်က ဘယ်သူတုန်း…”

“ သူက ကျိုးဟိုင် နိုင်ငံတကာကျောင်းသားများ အစည်းအရုံး ဥက္ကဌ… နိုင်ငံတကာကျောင်းသားတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို သူကပဲ တာဝန်ယူ ဖြေရှင်းပေးတာ… ပြီးတော့ မင်းရဲ့ဆိုင်ကို ဖျက်ဆီးဖို့ အကြံအစည်ရဲ့ အဓိက ကြိုးကိုင်သူပဲ… ငါနဲ့ ဘာမှမဆိုင်ဘူး..”

အနှီ နိုင်ငံခြားသားများတွင် ဟွာရှန့်လူမျိုးများကဲ့သို့ ဇွဲနပဲကြီးခြင်းနှင့် ခေါင်းမာခြင်းတို့ ရှိမနေချေ။

လင်းရီ သွေးပင် မပူသေးသည့် အချိန်တွင် နေသန်မှာ သူသိသမျှ အကြောင်းစုံကို ဖွင့်ဟဝန်ခံနေပြီး ဖြစ်၏။

၎င်းကိုကြားတော့ ဝိုင်းအုံကြည့်ရှုနေကြသူတို့မှာ ပြဿနာ၏ အတိမ်အနက်ကို နားလည်သွားကြသည်။

မည်သူကမျှ ယခုကိစ္စရပ်တွင် ကျိုးဟိုင်ကျောင်းသားများ အစည်းအရုံးမှ ပါဝင်ပတ်သက်နေလိမ့်မည်လို့ ထင်မှတ်မထားချေ။

'ကိစ္စတွေကတော့ ထိန်းချုပ်ရခက်လာပြီ….. '

အကယ်၍ သာမန် ပြဿနာလေးဆိုပါက ဖြေရှင်းရလွယ်ကူသော်လည်း နိုင်ငံကာအရေးအခင်းများကြောင့် အထက်အရာရှိများ၏ အာရုံကို ဆွဲဆောင်မိသွားပါက ခန့်ညားသည့် သူဌေးချောလေးမှာ အရေးမသာသည့် အခြေအနေသို့ ကျရောက်နိုင်လေသည်။

လင်းရီကတော့ ထိုကိစ္စကို အာရုံထားမနေပဲ လက်သန်းဖြင့် နားကလော်ရင်း တည်ငြိမ်စွာ ပြောလိုက်၏။

“ အဲ့ကောင်ကို ဖုန်းခေါ်လိုက်…ပြီးရင် ငါ့ကို လာတွေ့ဖို့ ပြောလိုက်…”

“ OkOk ခေါ်ပေးမယ်… မင်း..မင်း လက်မလှုပ်နဲ့နော်…”

လက်ကတုန်ကယင်ဖြင့် နေသန် သူ၏ ဖုန်းကို ဆွဲထုတ်လိုက်ပြီး ဘရန်ဒွန်၏ နံပါတ်ကို ခေါ်လိုက်၏။

“ ရို ဘဒို.. မြေပြင်အခြေအနေဘယ်လိုလဲ… မင်း အဲ့ကောင် ထွက်မလာရဲအောင် ခြောက်လန့်လိုက်တာလား…” ဘရန်ဒွန် အပြုံလေးဖြင့် ပြောလိုက်သည်။

“ ဘရန်ဒွန်… ညီကို ငါ့ကို ကယ်ပါဦး… သူခု မင်းကို ဒီလာခိုင်းနေတယ်…”

“ဝှက်ဖက် သူတကယ်ကြီး မင်းကို တိုက်ခိုက်ဝံ့တယ်ပေါ့လေ…” ဘရန်ဒွန် အံ့အားသင့်သွားခဲ့ပြီး “ အဲ့ကောင် တော်တော်လေး သတ္တိကောင်းလှပါလားကွ…”

“ အဲ့ကောင် ငါ့ကို ရိုက်တယ်…. မင်းလာခဲ့ရမယ်နော် ဘရန်ဒွန်… မြန်မြန်လေး လာခဲ့…”

ထိုအခိုက်အတန့်တွင် ဖုန်းတစ်ဖက်မှ အတန်ကြာအောင် တိတ်ဆိတ်သွားပြီးမှ ဘရန်ဒွန် ဖြည်းဖြည်းချင်း စကားပြောလာခဲ့၏။

“ မင်းကို ရိုက်တဲ့ကောင်က မနေ့ကကောင်နဲ့ အတူတူပဲမလား…”

“ဟုတ်တယ်… သူပဲ…”

“ အိုကေ…. အဲ့ကောင်ကို ဖုန်းပေးလိုက်…”

“ ငါခု စပီကာဖွင့်ထားတာ… သူခု မင်းပြောတာတွေကို ကြားတယ်….”

“ ဟဲလို… ဟွာရှန့်..” ဘရန်ဒွန် စနောက်သည့် လေသံသို့ ပြောင်းလဲသွားခဲ့ပြီး “ ငါ ကြားတာကတော့ မင်းနာမည် လင်းရီ… ပြီးတော့ အတိုက်အခိုက်လည်း တော်တော်လေး ကောင်းတယ်…. လူးဝစ်တောင် မင်းပြိုင်ဘက် မဟုတ်ဘူးဆိုပဲ…”

“ အဲ့တော့….”

“ မင်းက ငါတို့ရဲ့ နိုင်ငံတကာကျောင်းသားတွေကို ရိုက်နှက်ထားတယ်ဆိုတော့ အနူးညွှတ်တောင်းပန်ပြီး ငါ့ကို လျော်ကြေးပေးမယ်ဆိုရင် ငါ့စီနီယာရဲ့ မျက်နှာကို ထောက်ထားပြီးတော့ မင်းကို ခွင့်လွှတ်ပေးလိုက်မယ်…”

လင်းရီနှင့် ကျန်သူများ အချင်းချင်းကြည့်လိုက်ကြ၏။

ကြွားလုံးထုတ်တာတော့ ဟုတ်ပါပြီ… ဒါပေမယ့် စီနီယာက ဘယ်သူတုန်းဟ….

“ မင်းက ဘယ်စီနီယာအကြောင်း ပြောနေတာ…”

“ ဒါပေါ့… ကျီချင်းရန်နဲ့ ဟော်ယွမ်ယွမ်….” ဘရန်ဒွန် ပြုံးလိုက်ပြီး “ ဒါကြောင့်မို့ မင်း ငါ့စီနီယာနှစ်ယောက်နဲ့ သိတာ ကံကောင်းသွားတယ်.. မင်းသာ လူသိရှင်ကြား ပြန်တောင်းပန်ပေးမယ်ဆိုရင် ဒီကိစ္စ သင်ပုန်းချေပေးလိုက်မယ်…”

လင်းရီ မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ အမူအရာမှာ အေးစက်သွားခဲ့ကာ “ မင်းက ရန်တက္ကသိုလ်မှာ ကျီချင်းရန်ကို လိုက်ခဲ့တဲ့ ငနဲလား.. ဒါပေမယ့် တီချယ်ကျန်းကြောင့် မင်း ရပ်တန့်လိုက်တယ်…”

“ အိုး.. တော်တော်လေး သိသားပဲ… စီနီယာက မင်းကို အများကြီး ပြောပြထားတယ်နဲ့တူတယ်…” ဘရန်ဒွန် ပြောလိုက်ပြီး “ အဲ့ဒီအချိန်တုန်းက တီချယ်ကျန်းဆိုတာ ရန်တက္ကသိုလ်မှာ နာမည်ကြီးပဲ.. ငါ ဘာတစ်ခွန်းမှ ပြန်မပြောရဲလို့သာ လက်လျော့လိုက်တာ… ခု ထောက်ခံစာတွေနဲ့ ဖူတန်ကို ပြန်ရောက်တော့ စီနီယာကို ဒီမှာ ပြန်တွေ့ရမယ်တောင် ထင်မထားဘူး.. ဒါ နတ်ဘုရားရဲ့ အလိုတော်အတိုင်းပဲ… “

“ မင်း စီနီယာမျက်နှာကိုလည်း ထောက်ထားနေစရာမလိုဘူး… ဒီကိစ္စကို သီးသန့်ဖြေရှင်းကြတာပေါ့…”လင်းရီ ပြောလိုက်ပြီး “ မင်းက ဒီငကြောက် တစ်အုပ်ကို ငါ့ဆီ လွှတ်လိုက်တာက အလုပ်ဖြစ်မယ်လို့ ထင်နေတာလား…”

“ ငါလွှတ်လိုက်တယ်ဆိုတာက မင်းလို လူမျိုးကို ကိုင်တွယ်ဖို့ ငါ့လက်လေးတောင် မြှောက်ဖို့ မလိုအပ်လို့ပဲ… နိုင်ငံတကာ ကျောင်းသားတစ်ယောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်တယ်ဆိုတာ ဟွာရှမှာ ကြီးလေးတဲ့ ပြစ်မှုမြှောက်တယ်…မင်းတို့ ဟွာရှန့် အရာရှိတွေကပဲ မင်းကို ဖမ်းပြီးတော့ ငါတို့ရဲ့ အခွင့်အရေးကို ကာကွယ်ပေးကြမှာ… ငါ့အထင် မင်းကို မကြာခင် ထောင်ထဲမှာ တွေ့ရတော့မယ်နဲ့တူတယ်… ငါပြောတာ နားလည်တယ်မလား…”

လင်းရီ ဒေါသထွက်စွာ ရယ်မောလိုက်ပြီး “ ဒီငတုံးတစ်အုပ်က ဒီရောက်တာဖြင့် နာရီဝက်ရှိနေပြီ…. အပိုးမကျိုးလို့ သင်ပြပေးပြန်တော့လည်း ကူပါကယ်ပါနဲ့ တောင်းပန်နေကြတယ်… ဒါပေမယ့် အဲ့လိုရိုက်နှက်နေတာတောင် ရဲတွေ တစ်ယောက်မှ ရောက်မလာတာက ဘာကြောင့်လို့ထင်လဲ…. မင်း ငါ ပြော တာ ကို နားလည်လား…”

ဘရန်ဒွန် တိတ်ဆိတ်သွားခဲ့၏။

ကြည့်ရသလောက်တော့ သူလင်းရီကို အထင်သေးမိသွားပုံပင်။

“ ကောင်းပြီလေ.. ကြည့်ရတာတော့ မင်းက ငါထင်ထားတာထက်ကို ပိုပြီး အာဏာရှိတဲ့ပုံပဲ… ဒါပေမယ့် ကိစ္စတော့ မရှိပါဘူး… မင်း ဒီကိစ္စ ဖြေရှင်းချင်တယ်ဆိုရင် ဖူတန်ကို လာခဲ့.. ဘတ်စကတ်ဘောကွင်းထဲမှာ စောင့်နေမယ်… မင်းလက်ခံရဲလား….”

လင်းရီ၏ နှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွှတ်သွားပြီး တစ္ဆေတစ်ကောင်ကဲ့သို့ ပြုံးကာ “ စောင့်နေလိုက်…”

All Chapters