ရှော့ခ်ရဖွယ် ထွက်ပေါ်လာမှု
Vol. 43 Ch. 634
လင်းရီ ဖုန်းချပြီးသည်နှင့် တစ်ပြိုင်နက် ချင်းဟန်မှ ပြုံးလိုက်ပြီး စီးကရက်မီးညှိလိုက်ကာ “ ဘာရပ်လုပ်နေတာ… သွားကြစို့…”
“ သွားစို့ အစ်ကိုကြီး…. အဲ့ဒီ ကြွက်စုတ်လေးတွေနဲ့ သွားတွေ့ကြမယ်…” လျန်ကျင်းမင် ပြောလိုက်ပြီး “ သူတို့က အစ်ကိုကြီးလင်းကို အပြစ်ပြုဝံ့တဲ့အထိ အရမ်းတွေ သတ္တိ ကောင်းနေကြတယ်ပေါ့….”
ကောင်းကျုံးယွမ်လည်း သူ့အင်္ကျီပေါ်ရှိ ဖုန်များကို ခါခပ်ကာ “ ဒီနေ့ ဟွာရှမှာ ဘယ်သူက သူဌေး ဘယ်သူက မြေးဆိုတာကို သိသွားအောင် ပြပေးရမယ်….”
“ မင်းတို့ကလည်း ဆော်မယ်ဆိုတာကြီးပဲ… ငါသွမ့်ရုန်ချွမ်းကို ဖုန်းဆက်ထားလိုက်ဦးမယ်…. အဲ့တာမှ ကျောင်းကလူတွေ ဝင်မစွက်ဖက်ကြမှာ…”
……..
တစ်နာရီကြာပြီးနောက် ဖူတန် ဘတ်စကက်ဘောကွင်း။
ဖူတန်ကဲ့သို့ တက္ကသိုလ်မျိုး၌ ဘတ်စကက်ဘောကွင်းမှာ ပုံမှန်အားဖြင့် လူသိပ်မရှိချေ။
သို့သော်လည်း ယနေ့တွင်တော့ ၎င်း၏ အထူးတလှယ် စည်ကားနေချက်ကြီးက စာကြည့်တိုက်ကိုပင် ကျော်လွန်နေလေသည်။
အဝေးမှ လှမ်းကြည့်လိုက်လျှင် တစ်စုံတစ်ယောက်မှ ဘတ်စကက်ဘော ခြင်းအောက်ဘက်၌ လူအယောက် ၂၀ ကျော် ထိုင်နေသည်ကို မြင်တွေ့နိုင်ပြီး ဘေးတစ်လျှောက်တွင်လည်း ရပ်ကြည့်နေကြသူများက အများအပြားရှိ၏။ သို့သော် အနီးကပ် မြင်တွေ့ကြည့်သည့် အချိန်တွင်တော့ ၇၀ ရာခိုင်နှုန်းကျော်မှာ နိုင်ငံခြားကျောင်းသားများ ဖြစ်ကြလေသည်။
ထိုမြင်ကွင်းက ဟွာရှန့်ကျောင်းသားများကို ရှုပ်ထွေးသွားစေခဲ့၏။
“ ဘာတွေဖြစ်နေတာ.. ဒီနေ့ဘာလို့ လူဒီလောက်များနေတာတုန်းဟ….”
“ ပါတီလုပ်တော့မလို့များလား…. အရင်တုန်းကလည်း အဲ့ကောင်တွေ ပါတီပေးမယ်ဆို အဲ့လိုပဲ စုရုံးစုရုံးနဲ့…”
“ မဖြစ်နိုင်လောက်ဘူး.. အဲ့နားက လူတွေကို ကြည့်ကြည့်လိုက်… အကုန်လုံးက ယောက်ျားလေးတွေချည်းပဲ… သူတို့တွေ ဘယ်တုန်းက ကောင်မလေးတွေမပါပဲ ပါတီပေးတာ မင်းမြင်ဖူးလဲ… ပြီးတော့ အဲ့လူတွေရဲ့ ခန္ဓာကိုယ်ကိုလည်း တစ်ချက်ကြည့်လိုက်ဦး…လူကောင်က ခပ်ကြီးကြီးနဲ့ အာနိုးကြီးလား ကျနေတာပဲ…. ငါ့အထင်တော့ ဒီကောင်တွေ ရန်ဖြစ်ကြတော့မလိုနဲ့ တူတယ်….”
“ သေစမ်း… ငါခု မှတ်မိပြီ…. မနေ့က ကျိန်းရန်လမ်းမှာ ကိစ္စကြီး ဖြစ်သွားတယ်လေကွာ…. အဲ့ဆိုင်ရှင်က နိုင်ငံတကာ ကျောင်းသားတစ်ယောက်ကို မြင်မကောင်းအောင် ရိုက်နှက်လိုက်တယ်ဆိုပဲ… ငါကြားတာတော့ အဲ့မီးတောက်က ခုဆိုတော်တော်လေး ကြီးနေပြီ…. ဒီကောင်တွေ စုဝေးနေတာလည်း အဲ့တာကြောင့်ပဲ ဖြစ်မယ်….”
“ ဖြစ်နိုင်တယ်… ဘရန်ဒွန်ဘေးက ကောင်ကို ကြည့်ကြည့်လိုက်…. အဲ့ကောင်ကိုယ်မှာ ပတ်တီးတွေနဲ့…. အဆော်ခံလိုက်ရတယ်ဆိုတာလည်း အဲ့ကောင်နေမှာ…”
“ ဟာ ဟျောင့်တွေ ..အဲ့လိုဆိုရင် ဒီကိစ္စက သောက်ရမ်းကြီးကျယ်နေပြီ မဟုတ်ဘူးလား…. ဒီလောက်လူတွေ အများကြီး စုဝေးနေမှတော့ သေချာပေါက် ကောင်းတာဖြစ်လာမှာ မဟုတ်တာတော့ သေချာတယ်…”
“ အဲ့တာ ငါတို့နဲ့မှ မဆိုင်တာ…. အဲ့ဒီ ဘရန်ဒွန်ဆိုတဲ့ကောင်ကလည်း တော်တော်လေး အာဏာရှိတယ်…ငါတို့ ကျောင်းရဲ့ နိုင်ငံတကာ ကျောင်းသားများ အစည်းအရုံးဥက္ကဌတင် မဟုတ်ဘူး…. ကျိုးဟိုင်တစ်ခုလုံးက အစည်းအရုံးတွေရဲ့ ဥက္ကဌ… ခု သူတို့အဖွဲ့ဝင်တစ်ယောက်က အတီးခံလိုက်ရပြီဆိုတော့ သူ့ဘက်က လှုပ်ရှားလာမှာ သံသယဝင်စရာမလိုဘူး….”
“ ဟားဟား… စိတ်ဝင်စားဖို့ ကောင်းတာတွေတော့ ဖြစ်လာတော့မယ်….”
တစ်ချိန်တည်းတွင် ကျောင်းပေါင်းစုံရှိ နိုင်ငံတကာ ကျောင်းသားများ အစည်းအရုံးခေါင်းဆောင်များမှာ ဘရန်ဒွန်ဘေးတွင် စုရုံးရောက်ရှိနေကြလေသည်။
“ ဘရန်ဒွန်… ခုတစ်နာရီတောင် ရှိနေပြီ… အဲ့ဒီ ဟွာရှန့်တွေက လာဦးမှာတဲ့လား….”
ပြောလိုက်သူကတော့ ကျိုးဟိုင် နိုင်ငံတကာ ကျောင်းသားများ အစည်းအရုံး၏ ဒုဥက္ကဌ၊ ဘရန်ဒွန်၏ လက်ထောက် ဇက်ချ်ပင်။
“ အင်း...နောက်ထပ် နည်းနည်းလောက် ထပ်စောင့်လိုက်ကြတာပေါ့…” ဘရန်ဒွန် ရယ်မောလိုက်ပြီး “ အဲ့ကောင် လာကိုလာမှာ….”
“ မင်း ဘာလို့ အဲ့လောက်တောင် သေချာနေရတာ…”
“ သံသယဖြစ်စရာကို မလိုတာ…” ဘရန်ဒွန် ပခုံးတွန့်လိုက်ပြီး “ ငါ့စီနီယာကို ပိုးပန်းနိုင်တဲ့ အမျိုးသားက ဘယ်လိုလုပ်ပြီး သရဲဘောကြောင်တဲ့ကောင် ဖြစ်နိုင်မှာ… အဲ့ကောင် သေချာပေါက် ရောက်လာလိမ့်မယ်….”
“ ဘရန်ဒွန်... မင်းက တအား အကောင်းမြင်လွန်းနေတာပဲ…” ဇက်ချ် သာမန်လေသံဖြင့် ပြောလိုက်ပြီး “ ကျိုးဟိုင် နိုင်ငံတကာ ကျောင်းသားများ အစည်းအရုံးဆိုတာက ဧရာမ အသင်းအဖွဲ့ကြီး… တကယ်လို့ သူငါတို့အကြောင်း သိသွားလို့ သွားရှုပ်လို့ မလွယ်တဲ့သူတွေမှန်း သတိထားမိသွားမှာ သေချာတယ် … ငါ့အထင်တော့ အဲ့ကောင် ခုဆို ကြောက်ချေးပန်းနေလောက်ပြီ….”
“ ကိစ္စမရှိဘူး…” ဘရန်ဒွန် စီးကရက်တစ်ဖွာဖွာလိုက်ပြီး “ တကယ်လို့ သူ ရောက်မလာခဲ့ဘူးဆိုရင် ငါကိုယ်တိုင် သူ့ဆီသွားမယ်… ဒါပေမယ့် ငါ့ရဲ့ ရည်ရွယ်ချက်ကတော့ ငါ့ရဲ့ စီနီယာ ဝင်ပါလာဖို့ပဲ….”
“ ရို ဘရို မင်း ဘာလို့ အဲ့ စီနီယာပဲ ခနခန ထည့်ပြောနေတာ…”
“ ငါ့စီနီယာအစ်မက ဘယ်လောက်လှလဲဆိုတာကို မမြင်ဖူးသေးလို့ မင်းတို့ကောင်တွေ ဒီစကား ပြောနေကြတာ…” ဘရန်ဒွန်ပြောလိုက်ပြီး “ ငါကျိန်ရဲတယ်… သူမက ငါမြင်ဖူးသမျှထဲမှာ အလှဆုံး မိန်းကလေးပဲ… ငါ ရန်ကျင်းမှာတုန်းက အဲ့ဒီအဘွားကြီးသာ ဝင်မစွက်ဖက်လာဘူးဆိုရင် သေချာပေါက် ပိုးပန်းပြီးပြီ….”
“ ဆိုတော့ မင်းက ဒီအခွင့်အရေးကို အသုံးချပြီးတော့ မင်းရဲ့ စီနီယာအစ်မရှေ့မှာ ခွန်အား ထုတ်ကြွားမယ်ပေါ့…”
“ ဒါပေါ့…” ဘရန်ဒွန် ပြောလိုက်၏။ သူ၏ လေသံမှာ အတော်လေး ပျော်ရွှင်နေဟန်ပင်။ “ မင်း ငါ့စီနီယာအစ်မကို မြင်တဲ့အချိန်ကျရင် လှတယ်ဆိုတဲ့ ပြယုဂ်ကို မင်း မြင်ဖူးသွားလိမ့်မယ်….”
“ ဟားဟား… စောင့်ကြည့်ကြသေးတာပေါ့ကွာ…” ဇက်ချ် ပြောလိုက်ပြီး “ ဒါမှမဟုတ် ငါတို့ပဲ သူတို့ဆီ သွားလိုက်ကြရင်ကော… ငါ့အထင်တော့ အဲ့ကောင်တွေ မလာရဲလောက်တော့ဘူး…”
“ ဇက်ချ် ပြောတာ မှန်တယ်…” လူးဝစ် ပြောလိုက်ပြီး “ သူတို့ သေချာပေါက် ရောက်လာရဲမှာ မဟုတ်ဘူး… ဒါကြောင့်မို့ တိုက်ရိုက်သွားရှာလိုက်တာက ပိုကောင်းတယ်…”
“ ငါတော့ အဲ့မြင်ကွင်းက တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းမယ်လို့ ထင်တာပဲ..” ဇက်ချ်ပြောလိုက်ပြီး “ ငါတို့ လူနှစ်ဆယ်ကျော်ရဲ့ ကားတွေက သူ့ဆိုင်ရှေ့မှာ ထိုးရပ်လိုက်မယ်ဆိုရင် အဲ့ကောင် တော်တော်လေး သွေးလန့်သွားလောက်တယ်….”
“ အဲ့နေရာမှာ မင်းမှားတာပဲ… “ ဘရန်ဒွန် ပြောလိုက်ပြီး “ ငါ ဘာလို့ သူတို့ကို ဒီလာခိုင်းလဲ သိလား…”
ဇက်ချ် ၊ လူးဝစ်နှင့် ကျန်သူများအားလုံး ခေါင်းခါရမ်းလိုက်ကြ၏။ ၎င်းတို့အားလုံး ဘရန်ဒွန်၏ ရည်ရွယ်ချက်ကို နားမလည်ကြချေ။
“ ဟော့ဒီ ကျောင်း ပရဝဏ်ထဲကို ကြည့်လိုက်…အများစုက ဟွာရှန့်ကျောင်းသားတွေပဲ… ငါက ဒီအခွင့်အရေးကို အသုံးချပြီးတော့ ကျောင်းထဲမှာ ဂုဏ်သတင်းတစ်ခုကို တည်ဆောက်ချင်နေတာ…အနာဂတ်ကျရင် ငါတို့ နိုင်ငံတကာ ကျောင်းသားတွေအတွက် အကျိုးအမြတ်တွေ ပိုရအောင် ဖန်တီးလို့ရတယ်…”
“ မင်းပြောတာ မှန်တယ်…” ဇက်ချ်ပြောလိုက်ပြီး “ ဒါပေမယ့် ဒီတိုင်းထိုင်စောင့်နေလို့တော့ ဘယ်ရမှာ… တကယ်လို့ သူတို့ မလာရဲဘူးဆိုရင် ငါတို့က ဘာသွားလုပ်ရတော့မှာ…”
ဘရန်ဒွန် သူ၏ လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်ပြီး “ ခုမှ တစ်နာရီပဲ ရှိသေးတယ်… နောက်ထပ် ငါးမိနစ်လောက်ထပ်စောင့်ကြည့်ကြတာပေါ့… အဲ့အချိန်ထိ ရောက်မလာသေးဘူးဆိုရင် ငါတို့ သူ့ဆီသွားကြမယ်…”
“ အင်း… ငါ ကျန်တဲ့ကောင်တွေကို အသင့်ပြင်ထားဖို့ ပြောလိုက်မယ်…”
“ အိုကေ…”
နိုင်ငံခြားကျောင်းသားများ၏ စိတ်အားထက်သန်နေသည့် အဖြစ်ကိုမြင်တော့ ဟွာရှန့် ကျောင်းသားများအားလုံး ၎င်းတို့၏ သံသယမှန်ကန်ကြောင်းကို အတည်ပြုလိုက်နိုင်သည်။
ဤလူများကား ပြဿနာရှာရန် အဆင်သင့် ဖြစ်နေကြချေပြီ။
“ လခွမ်း.... သူတို့ကောင်တွေက လူ ဒီလောက်များတာကို ဘယ်သူက ရင်ဆိုင်နိုင်မှာ…”
“ ငါကြားတာတော့ နိုင်ငံခြားကျောင်းသားကို ရိုက်နှက်လိုက်တဲ့သူက ကျိန်းရန်လမ်းထဲက စားသောက်ဆိုင် ပိုင်ရှင်ဆိုပဲ… အဲ့သူက ရိုက်နှက်ရုံတင် မပြီးသေးဘူးနော်.. လျော်ကြေး ယွမ်နှစ်သိန်းပါ တောင်းလိုက်သေးတာ… တကယ်လို့ အဲ့လိုမလုပ်ဘူးဆိုရင် ဒီကောင်တွေလည်း ခုလိုမျိုး ပွဲဖြစ်ဖို့ တာဆူနေကြမှာ မဟုတ်ဘူး…”
“ ဆိုင်ရှင်ကတော့ လစ်ပြီ… သူ အဖွဲ့အစည်းကြီး တစ်ခုကို အပြစ်ပြုမိမယ်လို့ ထင်ထားမှာ မဟုတ်လောက်ဘူး…”
“ အမှန်ပဲ… ဘရန်ဒွန်နဲ့ ကျန်တဲ့ကောင်တွေက ငွေရှားတဲ့ကောင်တွေမဟုတ်ဘူး… သူတို့ကျောင်းလာတုန်းက ယွမ် တစ်မီလီယမ်ကျော်တဲ့ ကားအကောင်းစားကြီးတွေနဲ့ လာခဲ့ကြတာ…. ပြီးတော့ တစ်ပတ်ကို တစ်စီးလောက် လဲစီးသေးတာနော်… ခု ဒီလိုတွေဖြစ်လာပြီဆိုတော့ တစ်ဖက်သူလည်း မချောင်လောက်ဘူး…”
“ အမှန်ပဲ… ဒီမှာက လူတွေအများကြီး… သူတို့ မိသားဝင်တွေ အကုန်လုံးကလည်း ချမ်းသာကြတဲ့ ကောင်တွေကြီးပဲ… ငါခုလေးတင် ကားပါကင်ကနေ ဖြတ်ခဲ့တာ နေရာတစ်ခုလုံးလည်း သူတို့ကားတွေချည်းပဲ… ဈေးအပေါဆုံးကတောင် ယွမ် သုံးသိန်း တန်ကြေးရှိတယ်…”
“ဟူး.... သူ့မှာ လူအားကော ငွေကြေးအင်အားကော ရှိတယ်ဆိုတော့ ဆိုင်ရှင်ကတော့ သေချာပေါက် ဒုက္ခရောက်ပြီပဲ….”
ဘွန်း ဘွန်း ဘွန်း….
လူတိုင်း ဆွေးနွေးနေကြစဉ် မလှမ်းမကမ်းမှနေ၍ ကားအင်ဂျင်သံ သဲ့သဲ့ကို ကြားလိုက်ကြရ၏။
လှည့်ကြည့်လိုက်သောအခါ အံ့အားသင့်ဖို့ကောင်းစွာဖြင့် စူပါကားများ ဘတ်စကတ်ဘောကွင်းဆီသို့ ဦးတည်ရောက်လာနေကြကြောင်း မြင်တွေ့လိုက်ရလေသည်။
“ ငိုးပဲ… ရှေ့ဆုံးက ကားအနီရောင်လေးက fast and furious 7 ထဲက လွိုင်ကန်မလား….”
“ အဲ့နောက်က ကားလည်း တော်တော်လေး လန်းတယ်… Bugatti Beyron …”
စူပါကားများ ၎င်းတို့ရှိသည့် နေရာသို့ ဦးတည်မောင်းနှင်လာနေသည်ကို မြင်တော့ ဘတ်စကတ်ဘောကွင်းထဲရှိလူတိုင်း အံ့အားသင့်သွားခဲ့ကြ၏။ ထိုအခိုက်အတန့်တွင်တော့ အချိန်စက်၀န်းမှာ နှေးကွေးသွားသည့်နှယ်ပင်။
Lykan
Bugatti Veyron
Aston Martin One -77
Lamborghini
၎င်းတို့နောက်တွင်တော့ McLarens , Paganis, Koeniseggs နှင့် Ferraris တို့ အစဉ်အတိုင်း ရောက်လာကြ၏။
အဆိုပါ စူပါကားများအားလုံး ဘတ်စကတ်ဘောကွင်းပေါက်ဝ၌ ရပ်တန့်သွားကြသည်။
သာမန် ဟွာရှန့်ကျောင်းသားများကို မဆိုထားဘိ၊ ဘရန်ဒွန်နှင့် ကျန်သူများပင် အံ့အားသင့်နေကြလေသည်။
ဒီရဲ့ စူပါကားတွေက ဘယ်ကနေဘယ်လို ရောက်လာခဲ့ကြတာ….