← Chapters

နင်ပြန်လာဖို့ လောစရာမလိုဘူး သိလား

Vol. 43 Ch. 636

နင်ပြန်လာဖို့ လောစရာမလိုဘူး သိလား

Vol. 43 Ch. 636

ကျန်းဖန်လုဆိုတာ ဘယ်သူလဲ...

သူက ဖူတန်တက္ကသိုလ်ရဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်ပြီးတော့ ဒု၀န်ကြီး အဆင့်နဲ့ ကိုက်ညီတဲ့သူလေ..

တကယ်လို့ ဘရန်ဒွန်က အထင်ကြီးဖို့ ကောင်းတဲ့ မိသားစု နောက်ခံကနေ လာခဲ့တယ်ဆိုရင်တောင် သူ့ရှေ့မှာ ရိုသေသမှုကို ပြသရမှာပဲ...

"ကျောင်းအုပ်ကျန်း ... ကျုပ်ဆိုလိုချင်တာက အဲ့သဘောမျိုး မဟုတ်ပါဘူး..."ဘရန်ဒွန် ယဉ်ကျေးစွာ ပြောလိုက်ပြီး "ကျုပ်တို့ နိုင်ငံတကာ ကျောင်းသားများ အစည်းအရုံးက နိုင်ငံတကာကျောင်းသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးတယ်... ခု တစ်စုံတစ်ယောက်က ကျုပ်တို့အစည်းအရုံးကို ဖျက်သိမ်းပေးဖို့ ခြိမ်းခြောက်လာနေပြီ... ကျောင်းအုပ်ကျန်းက ကျုပ်တို့ဘက်ကနေ ရပ်တည်ပြီးတော့ ဒီကိစ္စ ကိုင်တွယ်ပေးသင့်တယ် မဟုတ်ဘူးလား...."

"ဒါဆိုလည်း ငါမေးပါဦးမယ်... မင်းတို့ရဲ့ ဘယ် အကျိုးစီးပွားကို ဆန့်ကျင်နေလို့လဲ..."ကျန်းဖန်လု မေးလိုက်၏။

အဆိုပါ ရိုးရှင်းသည့် စကားတစ်ကြောင်းက ဘရန်ဒွန်နှင့် ကျန်သူများကို ပြောစရာ စကား ရှာမရ ဖြစ်သွားစေသည်။

သူတို့ အတန်ကြာအောင် ဆွံ့အနေခဲ့ပြီး လင်းရီ၏ ခြိမ်းခြောက်မှုက အသေးအမွှားလေးသာဖြစ်ကာ ၎င်းတို့၏ အကျိုးစီးပွားနှင့် လားလားမျှ မအပ်စပ်ချေ။

"မင်းတို့ကောင်တွေက ကမ္ဘာ့နေရာဒေသ အနှံ့အပြားကနေ လာခဲ့တော့ မတူညီတဲ့ ယဉ်ကျေးမှုတွေ ၊ ဓလေ့ထုံးတမ်းတွေကြောင့်မို့ ငါတို့ဘက်က အထူးအခွင့်အရေးတွေ ပေးထားခဲ့ပြီးပြီ... အဲ့ဒီ အခွင့်အရေးက ကျိုးဟိုင်တစ်မြို့လုံးက ကျောင်းပေါင်းစုံမှာလည်း အကျုံး၀င်ပြီးသား... ဆိုစမ်းပါဦး.. ဘယ်ရဲ့ အကျိုးစီးပွားကို ဆန့်ကျင်နေလို့..."

"ကျုပ်ရဲ့ နိုင်ငံခြားကျောင်းသား နှစ်ယောက်က အရိုက်နှက်ခံလိုက်ရတယ်လေ.. အဲ့တာက မလုံလောက်သေးဘူးလား..."

"အဲ့တာက ပြည့်သူ့လုံခြုံ‌ရေးနဲ့ သက်ဆိုင်တဲ့ ပြဿနာပဲ.. ပြီးတော့ ဒီလိုကိစ္စမျိုးတွေဆိုတာ တစ်ကမ္ဘာလုံးမှာ မကင်းဘူး..... "ကျန်းဖန်လုပြောလိုက်ပြီး "အမေရိကားမှာ ဒေသခံတွေရဲ့ အနိုင်ကျင့်တာ ခံနေရတဲ့ ငါတို့ ဟွာရှန့်ကျောင်းသားတွေလည်း အများကြီးရှိတယ်... ဒီကိစ္စက ကျောင်းနဲ့ မဆိုင်ဘူး... မင်းတို့ ရဲစခန်းကို သွားပြောသင့်တယ်..."

"ပြောတာပဲလေ...ဒါပေမယ့် ရဲခေါ်ပြန်တော့ ကျုပ်တို့ကို မကူညီတဲ့ အပြင် ယွမ်နှစ်သိန်းတောင် ဒဏ်ရိုက်လိုက်သေးတယ်..."

ကျန်းဖန်လု ထိုင်ခုံနောက်ကျောသို့ မှီလိုက်ပြီး ဘရန်ဒွန်နှင့် ကျန်သူများကို ကြည့်ကာ "ငါကြားပြီးသွားပြီ... အဲ့ဒီ ယွမ် နှစ်သိန်းထဲမှာ တစ်သိန်းလေးသောင်းက စားသောက်စရိတ်... ကျန်တဲ့ ယွမ် ခြောက်သောင်းက ဆိုင်အတွက် လျော်ကြေးငွေပဲ... အဲ့အကြောင်းတွေကို စာရွက်စာတမ်းတွေထဲမှာ သေချာ ဖော်ပြထားပြီးသားပဲလေ.. အဲ့ပမာဏက မျှမျှတတပဲ မဟုတ်ဘူးလား.. မင်း ဖူတန်ရောက်တာ တစ်နှစ်စွန်းစွန်းလေးပဲ ရှိသေးတာကို ကျောင်းက မမျှတဘူးဆိုပြီး စိတ်ပျက်ပြမနေစမ်းနဲ့..."

"အဲ့တာက လိမ်နေတာ... ကျုပ်တို့ကို အနိုင်ကျင့်နေတယ်ဆိုတာ အရှင်းကြီးပဲ..."

"တော်လောက်ပြီ..."သွမ့်ရုန်ချွမ်း လက်ဝှေ့ယမ်းလိုက်ပြီး "မင်းတို့ကောင်တွေလည်း အဖြစ်အပျက်နောက်ကွယ်က အမှန်တရားကို သိပြီးပြီမဟုတ်ဘူးလား... ထပ်ပြီး အငြင်းပွားမနေကြနဲ့တော့..."

"ပြီးတော့ မင်းတို့ ဖူတန် ရောက်လာတယ်ဆိုတာက စာလေ့လာဖို့ ... ရည်ရွယ်ချက် ဂဃနဏ မရှိတဲ့ အစည်းအရုံးတွေထောင်ပြီး ရှိုးပြဖို့ မဟုတ်ဘူး... ငါ့အထင်တော့ ဒီန့ကစပြီး ဖူတန်တက္ကသိုလ်မှာ နိုင်ငံတကာ ကျောင်းသားများ အစည်းအရုံးဆိုတာ ဆက်ရှိနေစရာ မလိုတော့ဘူး... မင်းတို့အားလုံး စာထဲပဲ အာရုံစိုက်ထားပြီးတော့ အဲ့ဒီ အရေးမပါတဲ့ကိစ္စတွေမှာ အားအင် ဖြုန်းတီးမနေကြနဲ့... ကျောင်းသားဆိုတာ စာပဲ လုပ်သင့်တယ်...."

ဘရန်ဒွန် အမျက်ချောင်းချောင်း ထွက်လာခဲ့ပြီး "အဲ့တာနဲ့ပဲ ဒီကိစ္စကို ဒီတိုင်း ထားလိုက်တော့မလို့လား..."

"မင်းက ငါတို့ စီမံပေးတာ မသင့်လျော်ဘူးလို့ ထင်နေတာလား..."သွမ့်ရုန်ချွမ်း ပြန်မေးလိုက်၏။

"သေချာပေါက် မသင့်လျော်ဘူး... ခင်များက ကျုပ်တို့ရဲ့ အခွင့်အရေးကို ချိုးဖောက်နေတာပဲ... ဒါကြီးက မှားတယ်..."

"နိုင်ငံတကာ ကျောင်းသားများ အစည်းအရုံးကို ဘန်းပစ်ဖို့ မသင့်လျော်ဘူးပေါ့..."

သွမ့်ရုန်ချွမ်း ကောက်ကျစ်စွာ ပြောလိုက်ပြီး "ဒါဆိုရင် ဆိုစမ်းပါဦး... မင်းတို့က အဲ့ဒီ အစည်းအရုံးကြီးနဲ့ ဘယ်ရဲ့ အခွင့်အရေးအတွက် တိုက်ခိုက်ချင်နေတာ..."

"ကျုပ်တို့ အနိုင်ကျင့်ခံရရင် ကျုပ်တို့ဘက်ကနေ မားမားမတ်မတ်နဲ့ ရပ်တည်ပေးမယ့် အစည်းအရုံးတစ်ခုတော့ လိုအပ်တယ်.. အမေရိကားမှာလည်း ဟွာရှန့်တွေ ထောင်ထားတဲ့ အစည်းအရုံးတွေမှ အများကြီးပဲ... ဘာလို့ ဟွာရှကျမှ ကျုပ်တို့ကို လာဘန်းနေတာ...."

"မင်းတို့က အမေရိကားရဲ့ စံချိန်စံနှုန်းတွေ အကြောင်း ပြောနေတယ်ဆိုတော့ ငါတို့လည်း အမေရိကားရဲ့ စည်းမျဉ်းအတိုင်းပဲ လုပ်ကြတာပေါ့...."သွမ့်ရုန်ချွမ်း ပြောလိုက်ပြီး

"ခုကစပြီးတော့ နိုင်ငံတကာ ကျောင်းသားတွေအတွက် အထူးပြဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအကုန် ရုတ်သိမ်းပြီ... မင်းတို့ အိပ်ခန်းတွေကိုလည်း လူလေးယောက် တစ်ခန်းပြောင်းမယ်... သီးသန့်စာကျက်ခန်းတွေလည်း မရှိတော့ဘူး... သင်ရိုးညွှန်းတမ်းဆိုရင်လည်း တခြားကျောင်းသားတွေနဲ့ တန်းတူပဲ သင်ရမယ်... ငါ ဒီအကြောင်းတွေ ကျောင်းကော်မတီကို ပြောပြလိုက်မယ်... မင်းက ကျန်တဲ့ နိုင်ငံတကာ ကျောင်းသားတွေကို အသိပေးလိုက်... ဒီရဲ့ စည်းမျဉ်းတွေက မနက်ဖြန်ကစပြီးတော့ လက်တွေ့ ကျင့်သုံးပြီ...."

ဘရန်ဒွန် မျင်လုံးများ ပြူးကျယ်သွားခဲ့၏။ သွမ့်ရုန်ချွမ်းမှ ယခုလို ဖြေရှင်းလာလိမ့်မည်လို့ သူ မျှော်လင့်မထားခဲ့ချေ။ အကယ်၍ အဆိုပါ အခွင့်အရေးမျာအားလုံး ရုတ်သိမ်းခံရမည် ဆိုပါက ဆုံးရှုံးမှုကား ကြီးမားလှလေသည်။

"ခင်များ ဘာလို့ ကျုပ်တို့ရဲ့ အခွင့်အရေးကို ပြန်ရုတ်သိမ်းတာ..."ဘရန်ဒွန် ဒေါသဖြင့် အော်ဟစ်လိုက်၏။

"ဘာလို့လဲဆိုတော့ အမေရိကားတက္ကသိုလ်တွေက တန်းတူပဲ ဆက်ဆံတယ်လေ..ငါတို့ ဟွာရှန့်ကျောင်းသားတွေကိုကော အထူးအခွင့်အရေး ပေးထားလို့လား... မင်းတို့ကို အဲ့လိုမျိုး တန်းတူ လုပ်ပေးပြန်တော့ ဘာလို့ လက်မခံချင်ရတာ...."

ဘရန်ဒွန်၏ ဒေါသများအားလုံး မျက်နှာပေါ်တွင် ပေါ်လွင်နေလေသည်။

ကျောင်းအုပ်နှစ်ယောက်က အဘယ်ကြောင့် တစ်ဖက်အုပ်စုဘက်မှ ရပ်တည်ပေးနေလဲဆိုတာကို သူ နားမလည်နိုင်ချေ။

ငါတို့က နိုင်ငံတကာ ကျောင်းသားတွေ.. ဒီတော့ အထူးအခွင့်အရေး ပေးထားရမှာ သာမန်ပဲ မဟုတ်ဘူးလား...

"ကျောင်းအုပ်ကျန်း .. ကျောင်းအုပ်သွမ့်... တကယ်လို့ ကျုပ်တို့ကို ဒီကိစ္စ မဖြေရှင်းပေးဘူးဆိုရင် ကျုပ်တို့ နှုတ်ထွက်ရလိမ့်မယ်...."

"ဟုတ်တယ်.. ကျုပ်တို့ ကျောင်းထွက်မယ်..ဒီလို ကျောင်းမှာ မနေနိုင်ဘူး...."နောက်မှ ကျောင်းသားအချို့လည်း အော်ပြောလိုက်ကြ၏။

သူတို့လည်း အခွင့်အရေးများ ရုတ်သိမ်းခံရမည်ကို မလိုလားချေ။

ကျန်းဖန်လု ဘရန်ဒွန်နှင့် ကျန်သူများကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ပြီး "မင်းတို့ အုပ်စုထဲမှာ တခြားကျောင်းက ကောင်တွေ ပါနေတော့ ငါကိုင်တွယ်လို့ အဆင်မပြေဘူး.. ဒါပေမယ့် ငါ့ကျောင်းက ကောင်တွေတော့ ရှေ့ထွက်လာခဲ့ကြ.. ဘယ်သူတွေ ထွက်ချင်လဲဆိုတာ ငါကြည့်စမ်းမယ်...."

ဘရန်ဒွန် ရှေ့ခြေတစ်လှမ်းတိုးလိုက်ပြီး နောက်မှ အခြား ကျောင်းသား လေးယောက်လည်း ရှေ့ထွက်လာကြလေသည်။

"ကျုပ်တို့အားလုံးက ဒီကျောင်းကပဲ..."

ဘရန်ဒွန် မာနတရားတို့ ပြည့်နှက်နေသည့် မျက်၀န်းဖြင့် ပြောလိုက်၏။

"မင်းတို့ မင်းတို့ မင်းတို့ မင်းတို့‌တွေ ပြန်ပြီးတော့ နှုတ်ထွက်ကြောင်း တင်သွင်းလွှာ သွားရေး.. ပြီးရင် ကျောင်းကော်မတီကို ချက်ချင်းပေးလိုက်... ငါ တစ်ခါတည်း လက်မှတ် ထိုးပေးလိုက်မယ်..."

ဘရန်ဒွန်နှင့် ကျန်သူများအားလုံး အံ့အားသင့်သွားခဲ့ကြ၏။

ကျန်းဖန်လုမှ ထိုစကားမျိုး ပြောဝံ့လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ချေ။

သူတကယ်ကြီး အားလုံးကို ကျောင်းထုတ်ပစ်တော့မှာလား...

"ကျောင်းအုပ်ကျန်း.. ကျုပ်ထွက်တာနဲ့ ကျန်တဲ့သူတွေလည်း အကုန်လိုက်ထွက်မှာနော်.. ဖူတန်မှာ နိုင်ငံခြားကျောင်းသားပေါင်း တစ်ထောင်ကျော်ရှိတယ်.. ခင်များ တကယ်ကြီး အားလုံးကို ထုတ်ပစ်မှာလား..."ဘရန်ဒွန် မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။

"ငါက ကျောင်းသားတွေရဲ့ ဆန္ဒကို လေးစားပေးရမှာပဲလေ... တကယ်လို့ မင်းတို့ ထွက်ချင်သပ ဆိုလည်း ထွက်ကြ.. ငါမတားဘူး..."ကျန်းဖန်လု ပေါ့ပါးစွာ ပြောလိုက်ပြီး

"မင်းတို့ မရှိလည်း ဖူတန်တက္ကသိုလ်ကြီးက ဆက်ပြီး တည်ရှိနေဦးမှာပဲ... မင်းတို့အတွက် အကောင်းဆုံးဖြစ်မယ် ထင်တာသာလုပ်..."

အကယ်၍ အခြားကျောင်းတစ်ခု ဆိုလျှင်တော့ ထိုသို့ ခြိမ်းခြောက်လိုက်သည်က အသုံး၀င်ကောင်း ၀င်နိုင်သော်လည်း ကျန်းဖန်လု၏ ရှေ့မှောက်တွင်တော့ ယင်းကား အချည်းနှီးသာဖြစ်၏။

ဒီလို အာဏာရှိတဲ့ ဒု၀န်ကြီး တစ်ယောက်ရှေ့မှာ အဲ့လိုစကားမျိုး လာပြောတာက တော်တော်လေးကို မိုက်မဲတဲ့ လုပ်ရပ်ပဲ...

"ကျောင်းအုပ်ကျန်း .. ကျောင်းအုပ်သွမ့်.. ခင်များတို့ ကျုပ်တို့ရဲ့ တောင်းဆိုချက်ကို ပယ်ချလိုက်တယ်ဆိုရင်တောင် ကျုပ်တို့ကတော့ လွယ်လွယ်နဲ့ အလျော့ပေးသွားမှာ မဟုတ်ဘူး..."

ထိုသို့ ပြောပြီးနောက် ဘရန်ဒွန်နှင့် ကျန်သူများ ရုံးခန်းထဲမှ ထွက်ခွာသွားကြလေသည်။

သွမ့်ရုန်ချွမ်း ကျန်းဖန်လုကို လက်မထောင်ပြလိုက်၏။

"မင်းက အသက်တာကြီးလာတာ ရဲစွမ်းသတ္တိကတော့ အရင်အတိုင်းပဲ... "

"ငါကိုက သူတို့ကို အရမ်းအလိုလိုက်ထားသလို ဖြစ်သွားတာ...."ကျန်းဖန်လု ပြောလိုက်ပြီး "မနက်ဖြန်ကျရင် ကျောင်းကော်မတီကို သွားပြီးတော့ နိုင်ငံတကာကျောင်းသားတွေအပေါ် ပြဌာန်းထားတဲ့ အထူးသတ်မှတ်ချက်တွေ အားလုံးကို ပြန်ရုတ်သိမ်းခိုင်းလိုက်တော့မယ်...."

"အကြံကောင်းပဲ... ပြီးတော့ အဲ့တာက ဟွာရှတစ်၀န်းက တက္ကသိုလ်အတွက် ကောင်းမွန်တဲ့ စမှတ် ဖြစ်လာလိမ့်မယ်...."

..........

ကျောင်းမှထွက်လာခဲ့ပြီးနောက် လင်းရီ သူ့လူများကို မက်ထရိုပိုလစ်သို့ ခေါ်ဆောင်၍ တစ်ဝိုင်း လိုက်တိုက်လိုက်သည်။

လမ်းတွင်တော့ ကျီချင်းရန်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံ ရရှိလိုက်လေသည်။

"ရီ... နင် ဘယ်လဲသွားနေတာ... ဘာလို့ ဒီနေ့ဆိုင်မဖွင့်တာ... နင် ပျင်းနေပြန်ပြီလို့တော့ ငါ့ကို လာမပြောနဲ့နော်...."

ကျီချင်းရန်မှာ အလုပ်များနေသောကြောင့် ကျန်သည့် ကိစ္စများကို အာရုံပေးရန် အချိန်မရှိပဲ ဆိုင်ဖျက်ဆီးခံထားရသည့် သတင်းကို ယခုထက်ထိ မရရှိသေးချေ။

တစ်နေ့တာလုံး အလုပ်ရှုပ်နေပြီးနောက် သူမ ငွေလက်ခံရရှိကြောင်း အသိပေးစာ တက်မလာကြောင်း သတိရသွားပြီး လင်းရီထံ ဖုန်းဆက်လိုက်ရခြင်းဖြစ်၏။

လင်းရီလည်း သူမကို မကွယ်ဝှက်တမ်း ဖြစ်ခဲ့သမျှ အကြောင်းစုံကို ပြန်ပြောပြလိုက်လေသည်။

ယင်းကလည်း သူ ကွယ်ဝှက်ထားချင်လျင်တောင် မဖြစ်နိုင်သောကြောင့်ပင်။ မ‌ပြောလည်း အနှေးနှင့် အမြန် သူမ သိရှိသွားပေမည်။

"ငါတို့ဆိုင်က ဖျက်ဆီးခံလိုက်ရတယ်.... ဘယ်သူက အဲ့လိုမျိုး ယုတ်ညံ့တဲ့ အလုပ်ကိုလုပ်တာ..."

ကျီချင်းရန် စိတ်တိုသွားခဲ့၏။

"ကိုယ့်ချင်းရန်လေးကို အတိတ်က ပိုးပန်းခဲ့တဲ့သူပေါ့... "

"ဟမ်... ပိုးပန်းတဲ့သူ..."

လင်းရီ ဖြစ်ရပ်များ၏ ဒုတိယတွဲကို ပြန်ကြောင်းဆက်ပြီး နောက်ဆုံးတွင် ကျီချင်းရန်လည်း ဘာဖြစ်ကြောင်း နားလည်သွားတော့၏။

"အဲ့ကောင်နဲ့ ဘာလို့ လာဆုံမှန်း မသိဘူးနော်...."

" အေးဆို.. ငါလည်း တော်တော် အံ့ဩနေတာ.. မင်း မနေ့က သူ့အကြောင်း ပြောပြတယ်... နောက်တစ်နေ့ကျတော့ အဲ့ကောင်နဲ့ သွားဆုံတယ်..."

"သူ့ကို လျစ်လျူရှုထားလိုက်.. ခု ကိစ္စက ဖြေရှင်းပြီးသွားပြီဆိုတော့ သူအနာဂတ်ကျရင် ထပ်နှောင့်ယှက်ရဲတော့မှာ မဟုတ်ဘူး... "

"အင်း .. အဲ့ကောင် လာမရှာရဲလောက်တော့ဘူး...."

"နင်ခု ဘယ်မှာလဲ.. ငါနင့်ဆီ လာခဲ့မယ်လေ...."

"အိမ်ကို အရင်ပြန်နှင့်လိုက်... ဒီမှာ ချင်းကြီးတို့ကို မက်ထရိုပိုလစ်မှာ တစ်ဝိုင်းလိုက်တိုက်နေလို့... အဲ့တာ ခဏလောက် သောက်ပြီးတော့မှ ပြန်လာခဲ့တော့မယ်..."

"သောက်ပဲသောက်ရမယ်နော်... တစ်ခြား ဘာမှ မဟုတ်တာတွေ လျှောက်မလုပ်ရဘူး...."ကျီချင်းရန် သတိပေးလိုက်၏။

"အဲ့မိန်းကလေးတွေက ချင်းရန်ရဲ့ ခြေချောင်းလေးတွေနဲ့တောင် နှိုင်းမယှဉ်နိုင်တာကိုကွာ.. ပြီးတော့ အဲ့လိုနေရာမျိုးက မိန်းကလေးတွေကိုလည်း စိတ်မ၀င်စားပါဘူး... "

"ဟွန့်.. အဲ့လိုမှပေါ့...."

"နင်လည်း ဒီရက်ပိုင်းတွေ ပင်ပန်းထားတယ်ဆိုတော့ အေးဆေး အနားယူလိုက်ပေါ့.. အိမ်ကို အစောကြီး ပြန်လာစရာ မလိုဘူး.. ငါအိမ်မှာ တစ်ယောက်တည်း သေချာပေါက် အဆင်ပြေတယ်... နင် ပြန်လာတော့မယ်ဆိုရင်သာ ငါ့ကို ဖုန်းဆက်လိုက်...."

'အာ....'

အဆိုပါ 'သေချာပေါက်'ဟူသည့် စကားလုံးက လင်းရီကို မရိုးမရွ ဖြစ်သွားစေသည်။

'ငါအိမ်ပဲ အရင်ပြန်လိုက်သင့်လား...'

"အဲ့တာဆို ငါ ဒီကောင်တွေနဲ့ လိုက် မရောတော့ဘူး... အိမ်ပဲ ပြန်လာခဲ့လိုက်တော့မယ်...."

"ဘာလို့ မရောမှာလဲ..."ကျီချင်းရန် မေးလိုက်ပြီး "ချင်းဟန်နဲ့ ကျန်တဲ့သူတွေက နင့်ကို အများကြီး ကူညီပေးထားတာလေ... အနည်းဆုံးတော့ နင် သူတို့ကို ကျေးဇူးတင်သင့်တာပေါ့... ပြန်လာဖို့ လောစရာမလိုဘူး..."

လင်းရီ "....."

မင်း အဲ့လိုပြောလေ.. ငါက ပိုပြီး ပြန်လာချင်လေဟ...

ကျီချင်းရန်နှင့် ခေတ္တစကားပြောပြီနောက် လင်းရီ ဖုန်းချလိုက်ကာ ချင်းဟန်တို့နှင့် ညသန်းခေါင်ယံအချိန်ထိ သောက်စားလိုက်ကြ၏။

မက်ထရိုပိုလစ်မှ ပြန်ထွက်လာသောအခါ လေးယောက်လုံးမှာ အနည်းငယ် ထွေနေကြလေပြီ။

"အစ်ကိုကြီးလင်း နောက် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ..."လျန်ကျင်းမင် မေးလိုက်၏။

"ငါ ဆိုင်အရင်ပြန်ပြီး အခြေအနေဘယ်လိုရှိလဲ တစ်ချက် သွားကြည့်ဦးမယ်...."

"အဲ့တာဆိုလည်း သွားကြမယ်လေ.. ကျွန်တော်တို့လည်း ဘာမှ လုပ်စရာမှ မရှိတာ... သွားပြီးတော့ တစ်ချက်ကြည့်ကြတာပေါ့...."

လေးယောက်လုံးမှာ ယမကာ သောက်ထားသောကြောင့် ၎င်းတို့၏ ကိုယ်ပိုင်ကားများ မမောင်းကြပဲ ချင်းဟန်၏ အက်စတွန်မာတင်ကားထဲသို့ ၀င်ကာ ဆိုင်ငယ်လေးဆီသို့ ဦးတည်လိုက်ကြ၏။

ဆိုင်သို့ ရောက်သောအခါ လင်းရီကို အံ့အားသင့်သွားစေသည်က သူ၏ ဆိုင်ငယ်လေးမှာ ပုံမှန်အခြေအနေသို့ ပြန်ရောက်နေသည်ကို မြင်တွေ့လိုက်ရခြင်းပင်။

ဖျက်ဆီးခံထားရသည့် ပစ္စည်းတစ်ခုချင်းစီတိုင်းကို အသစ်များဖြင့် ပြန်လည်အစားထိုးပြီး ဆေးပြန်ထပ်ထားသည်များပင် ခြောက်သွေ့နေလေပြီ။

မီးဖိုချောင်ကိုလည်း သန့်ရှင်းရေး ပြုလုပ်ပြီးသွားပြီး လိုအပ်သည့် အမယ်များကိုလည်း သပ်သပ်ရပ်ရပ်ဖြင့် စီရီထားပြီးဖြစ်၏။

ပြင်ဆင် မွန်းမံမှု တစ်ချို့ လိုအပ်နေဆဲ ဖြစ်သော်လည်း ဆိုင်ဆက်ဖွင့်ရန် ပြဿနာတော့ မရှိချေ။

အမှန်အတိုင်း ဆိုရပါက လင်းရီ ဆိုင်၏ ပုံပန်း သဏ္ဍာန်ကို ထိုမျှ အာရုံထားမနေပေ။

ဆိုင်၏ ဂုဏ်သတင်းမှာ အခိုင်အမာ တည်ဆောက်ထားပြီး သူ တဲကုပ်လေးနှင့် ရောင်းချနေလျှင်တောင် ကတ်စတန်မာများက ဒီရေအလား ရောက်ရှိလာဦးမည် ဖြစ်၏။

ထို့ကြောင့် နံရံမှ ဆေးများ ကောင်းမွန်စွာ ခြောက်သွားသည်နှင့် တစ်ပြိုင်နက် သာမန်အတိုင်း ဆက်လက်ဆောက်ရွက်နိုင်ချေပြီ။

" အစ်ကိုကြီးလင်း... စိတ်တိုင်း မကျတဲ့ နေရာရှိရင် ပြောနော်.. ကျွန်တော့်ကောင်တွေကို တစ်ခါတည်း ပြင်ခိုင်းလိုက်မယ်..."

ကျုံးကျိန်း၀န်မှ ပြောလိုက်၏။

"မလိုဘူး.. အကုန်အဆင်ပြေတယ်... မင်းတို့ကောင်တွေ ပင်ပန်းသွားပြီ..."

"ဟုတ် ဟုတ်..."

လင်းရီ ခေါင်းညိမ့်လိုက်၏။

ထို့နောက် မီးဖိုချောင်ဘက်သို့ ထွက်သွားကာ အမူးပြေသောက်ရန် ရေနွေးကြမ်းတစ်အိုးတည်လိုက်သည်။

ထို့ပြင် ကြိုတင်ပြင်ဆင်ထားသည့် အမယ်များမှ တစ်ဆင့် ဥထမင်းကြော် ကြော်လိုက်၏။ ညလယ်စာ အတွက် အကောင်းဆုံးကတော့ ဥထမင်းကြော်ပင်။

"မင်းတို့ကောင်တွေ ခု ဘာတွေနဲ့ အလုပ်များနေကြတာ..."ရေနွေးကြမ်းသောက်ရင်း လင်းရီသာမန်ကာလျှံကာ မေးမြန်းလိုက်၏။

"ဒီကောင်ကြီးတွေနဲ့ စားတယ် သောက်တယ်.. ကလပ်တက်တယ်.. ကုမ္ပဏီရောက်ရင် ကုမ္ပဏီကိစ္စတွေ စီမံတယ်... ဒါပဲ..."

"အဲ့လိုဆို ငါ မင်းတို့ အကူအညီ လိုအပ်တဲ့ အလုပ်တစ်ခု ရှိလို့ .. အဲ့တာ အဆင်ပြေမလား..."လင်းရီ ပြောလိုက်၏။

"အစ်ကိုကြီးလင်း အကူအညီလိုရင် ပြောလေ..."ကောင်းကျုံးယွမ် သာမန်လေသံဖြင့် ပြောလိုက်၏။

"လတ်တလော ငါ မိုဘိုင်းဖုန်း စစ်စတမ်အသစ်ကို သုတေသန လုပ်နေတာ... ဒါပေမယ့် မိုဘိုင်းဖုန်း ဂေဟစနစ်အပိုင်းမှာ နည်းနည်းအခက်တွေ့နေလို့...အဲ့တာ မင်းတို့ သုံးယောက်က App ရေးတဲ့ အသင်းတွေ ရှာပေးပြီးတော့ စစ်စတမ်အတွက် application တွေ ဖန်တီးပေးဦး.. ငါ အချိန်ကျလာရင် တစ်ယောက်ကို တစ်ဘီလီယမ်ဆီ လွှဲထားပေးမယ်... "

ထို ပမာဏကိုကြားတော့ ကျုံးကျိန်း၀န် တုန်လှုပ်သွားခဲ့တော့၏။

သူ့ဖခင်၏ ကုမ္ပဏီတန်ဖိုးပင် ယွမ်တစ်ဘီလီယမ်မျှ ရှိလေသည်။ သို့သော်လည်း အစ်ကိုကြီးလင်းမှ အက်ပ် တစ်ခုတည်းအတွက် ယွမ်သုံးဘီလီယမ်ကို သာမန်ကာလျှံကာမျှ အသုံးပြုလိုက်၏။

ခြားနားချက်က အဲ့လောက်တောင် ကြီးမားနေပါရောလား...

"မင်းက ဖုန်းဈေးကွက်ထဲ စ၀င်နေပြီလားဟ..."

" ဆိုပါတော့...."

ချင်းဟန် လက်ဖက်ရည် တစ်ငုံ မော့သောက်လိုက်ပြီး နှုတ်ခမ်းသပ်ကာ "ဖုန်းနယ်ပယ်က အတည်တကျ ဖြစ်နေပြီးသား... ဝေးဝေး မကြည့်နဲ့ဦး... အဘိုးကြီးရန်ရဲ့ ဟွာဝေးကိုပဲ ဥပမာ ယူလိုက်... မင်း သူ့ကို ရိုက်ချနိုင်မှာ မဟုတ်ဘူး... မင်းပဲ ရိုက်ချခံလိုက်ရမှာ... "

"ဖုန်းက ကာဗာသဘောမျိုးပါကွာ... ငါ အဓိက တည်ဆောက်ချင်တာက စစ်စတမ်... ဖုန်းက ဒုတိယ..."

"အဲ့တာဆို လင်းယွမ် အုပ်စုရဲ့ နာမည်အောက်မှာပဲ လုပ်တာက မကောင်းဘူးလား... "

ကောင်းကျုံးယွမ် မေးလိုက်၏။

"အဲ့လိုလည်း ရတယ်.. ဒါပေမယ့် စတော့နည်းဗျူဟာ ကစားပွဲ ပြီးကတည်းကရင် လင်းယွမ်အုပ်စုနဲ့ လုံရှင်းက တစ်ချိန်လုံး ပစ်မှတ်ထားခံနေရတယ်လို့ ခံစားနေရတယ်... ဒါကြောင့်မို့ အာရုံလွှဲပြီး မီးခိုးဗုံး အရင်ကျဲထားမလို့.... "

"အင်း ..အဲ့အကြံ မဆိုးဘူး... "ချင်းဟန် ပြောလိုက်ပြီး "ဒါပေမယ့် ecosystem ဆိုတာက တော်တော်လေး အရေးပါတဲ့ ကိစ္စရပ်ပဲ... အရင်တုန်းကလည်း ကုမ္ပဏီတော်တော်များများ မိုဘိုင်းဖုန်းစစ်စတမ်အသစ် ဖန်တီးချင်ကြတယ် ဆိုပေမယ့် ecosystemကြောင့်ပဲ ကျရှုံးသွားကြတာ...."

"ဒါကြောင့်မို့ ဒီကိစ္စ အလေးအနက် ထားမှဖြစ်မှာ..."လင်းရီ ပြောလိုက်ပြီး " အမှားပါလို့ မဖြစ်ဘူး...."

"ပြဿနာ မရှိဘူး..."လျန်ကျင်းမင် ပြောလိုက်ပြီး "ဒါပေမယ့် ကျုပ်အထက်တော့ ပိုက်ကွန်ကို ကျယ်ကျယ်တော့ ပစ်လို့ မရဘူး...ထိရောက်မယ့် တစ်ချို့ကိုပဲ အရင် ပစ်မှတ်ထားသင့်တယ်... "

"ဘယ်လိုမျိုးလဲ..."

"စဉ်းစားကြည့်ကြညိ့.. ဖုန်းအသုံးပြုတဲ့သူ user တွေက များသောအားဖြင့် လူငယ်လေးတွေ... ဒါကြောင့်မို့ ecosystemရဲ့ ဖွဲ့စည်းတည်ဆောက်မှုက အချိန်တစ်ခုလောက်အထိ လူငယ်တွေကိုပဲ ပစ်မှတ်ထားသင့်တယ်..."

"ပြီးတော့...."

"ဒါကြောင့်မို့ socialနဲ့ gamingပိုင်းကို ပံ့ပိုးပေးတဲ့ အက်ပ်တွေကို အဓိက အာရုံစိုက်ကြမယ်..."လျန်ကျင်းမင် ပြောလိုက်ပြီး "မယုံရင် လမ်းပေါ်က ကြိုက်တဲ့ လူငယ်တစ်ယောက်ကို လက်ညိုးထိုးပြီး ဖုန်းယူစစ်ကြည့်လိုက် ... အနည်းဆုံးတော့ ဒိတ်တဲ့ အက်ပ်တွေ နှစ်ခုသုံးခုလောက်တော့ ရှိတယ်..."

"သောက်ကျိုးနည်းကြီး.. အဲ့အစီအစဉ်လည်း မဆိုးဘူးဟ..."ကောင်းကျုံးယွမ် ပြောလိုက်ပြီး "အဲ့လိုဆိုလို့ကတော့ ငါလည်း browser app ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပြီ"

"Browser app...."

"အမှန်ပဲ.. ၀က်ဆိုဒ်အားလုံးကို အတားအဆီးမရှိ ၀င်ရောက်ခွင့် ပေးမယ့် browser တစ်ခုပေါ့..."

"ဟားဟား.. အဲ့တာက ပိုလန်းသွားပြီ..."လျန်ကျင်းမင် ပြောလိုက်၏။

လင်းရီ မေးစေ့ပွတ် စဉ်းစားလိုက်ပြီး "ဒီရဲ့ အိုင်ဒီယာ နှစ်ခုက နည်းနည်းလေး ရဲတင်းရာကျတယ်ဆိုပေမယ့် အကြံကောင်းတော့ အကြံကောင်းပဲ..."

အဆိုပါ social networking နှင့် browser ပရောဂျက်ကို စွန်းဖုယွီလက်ထဲသို့ လွှဲပြောင်းပေးရန် လင်းရီ ဆုံးဖြတ်လိုက်၏။

ကျွမ်းကျင် ပြောင်မြောက်သည့် လူတစ်စု၏ လက်ထဲတွင် အဆိုပါ အိုင်ဒီယာများက လက်တွေ့ အကောင်အထည် ပေါ်လာနိုင်သည်။

All Chapters