အလင်းရောင်အောက်မှ နွေးထွေးသည့် ဆိုင်ငယ်လေး
Vol. 43 Ch. 637
“ အဲ့တာတွေအကုန်လုံးက အကြံကောင်းတွေလို့ ပြောလို့ရတယ်…” ချင်းဟန် လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး “ ဒါပေမယ့် ငါ့အထင်တော့ မင်း အသုံးပြုသူတွေကို လက်တွေ့ကျတဲ့ အကျိုးအမြတ်တွေ ခံစားခွင့်ပေးတာက အကောင်းဆုံးလို့ထင်တာပဲ….”
“ ဆိုစမွးပါဦး…”
“ သူတို့ ဖုန်းဝယ်တဲ့ အချိန်ကျရင် မင်း သူတို့ကို မန်ဘာကဒ်လုပ်ပေးလိုက်…” ချင်းဟန်ပြောလိုက်ပြီး “ ဥပမာ မင်းက မင်းရဲ့ ဖုန်းစစ်စတမ် ပံ့ပိုးပေးထားတဲ့ ဖုန်း တစ်လုံး ဝယ်လိုက်တယ်ဆိုရင် ပန်နီဆူလာ ဟိုတယ်ကနေ ၂၀ ရာခိုင်နှုန်း ဒစ်စကောင့် ရမယ်...ပြီးတော့ ဝမ်ကျန်းဆိပ်ကမ်းမှာ ရွက်လှေငှားရင်လည်း ဒစ်စကောင့် အကျိုးခံစားခွင့်တွေရမယ်…. လက်ရှိ မလူးလွန့်သာ အခြေအနေကို ဖောက်ထွက်ချင်ရင်တော့ မင်း ပိုက်ဆံ သုံးမှရမှာပဲ….”
“ မင်းပြောတာ လက်တွေ့ကျတယ်…”
ချင်းဟန်၏ အတွေးများက လင်းရီစဉ်းစားထားသည်နှင့် တစ်ထပ်တည်းနီးပါးပင်။ ယခု မိုဘိုင်းဖုန်းဈေးကွက်မှာ အခိုင်အမာ တည်ငြိမ်နေပြီး အောင်မြင်မှုတစ်ချို့ ရချင်ပါက ပိုက်ဆံသုံးဖို့ရာ မဖြစ်မနေ လိုအပ်လာပေမည်။
“ မင်းရဲ့ သုတေသန အခြေအနေကော ဘယ်လိုရှိလဲ… ငါတို့ကိုပါ ထည့်သွင်းလိုက်… မင်းနားမှာ ရင်းနှီးမြုပ်နှံပေးမယ်….”
“ အခြေအနေတွေကတော့ ဝေဝါးနေတုန်းပဲ…. သေချာတဲ့အချိန်ကျရင် မင်းတို့ကို အသိပေးမယ်….”
“ ကြားရသလောက်တော့ မင်းအခက်တွေ့နေတဲ့ ပုံပဲ…”
“ အေးကွ…”
လင်းရီ နာရီကို တစ်ချက်ကြည့်လိုက်တော့ မနက် တစ်နာရီ ထိုးတော့မည်ဖြစ်ကြောင်း သတိပြုမိလိုက်ပြီး အိပ်စက် အနားယူရတော့မည့် အချိန်ပင်။
“ ဟိတ်… ဟို နားက ဘယ်သူတုန်း…”
လင်းရီ ထွက်ခွာရန် စကားစတော့မည့် အချိန်တွင် ကျုံးကျိန်းဝန်၏ အသံကို ကြားလိုက်ရပြီး မသိစိတ်မှ အလိုအလျောက် တံခါးဝဘက်သို့ မျက်နှာမူမိလိုက်၏။
လူတစ်ယောက် တံခါးဝတွင် ရပ်နေလေသည်။ လေးကိုင်းသဏ္ဍာန်ခါးနှင့် အမယ်အိုကြီး တစ်ဦးပင်။
သူမလည်ပင်းတွင် အဖာဗရပျစ်နှင့် အပြာရောင် မာဖလာကို ပတ်ထားပြီး မျက်နှာတွင်တော့ အရေးအကြောင်းတို့ ရှိနေသည့်အပြင် ခုနစ်ရက်တိုင်တိုင် ရေမချိုးထားသည့်နှယ်ပင်။သို့သော်လည်း မျက်၀န်းများကတော့ ရိုးသားသည့်ဟန်ဖြင့် ပကတိ ကြည်လင်နေသည်။ သူမဘေးတွင်တော့ ပုံးခွံ ပုလင်းခွံတို့ ထည့်ထားသည့် လီနင်အိတ်တစ်လုံးကို ချထားပြီး အကြည့်များကတော့ ဆိုင်ထဲသို့ လှမ်းမျှော်ကြည့်နေသည်။
လင်းရီ မတ်တပ်ရပ်၍ တံခါးသွားဖွင့်လိုက်ပြီး အမယ်အိုကြီးကို ကြည့်လိုက်သည်။
“ အဘွား… ဘာကိစ္စလဲ…”
အမယ်အိုကြီးမှ ပြုံးလိုက်ကာ “ လူလေး… နင်က ဒီဆိုင်ပိုင်ရှင်လား….”
“ ဟုတ်တယ်… ဘာလိုချင်လို့လဲ…”
“ ဒီမှာ ပေါက်စီတွေ ရောင်းလားမသိဘူး…”
“ ပေါက်စီလား….” လင်းရီ ခေါင်း ဖြည်းညင်းစွာ ခါရမ်းလိုက်ပြီး “ မရောင်းဘူး…”
လင်းရီ ပေါက်စီ ဘယ်လိုလုပ်ရမလဲ သိပါသော်လည်း မီနူးထဲတွင် မပါဝင်သောကြောင့် မရောင်းချေ။
“ အိုး… အဲ့တာဆို နှောင့်ယှက်မိပါပြီကွယ်…”
အမယ်အိုကြီးမှ ဘေးတွင်ချထားသည့် လီနင်အိတ်ကို မ၍ ထွက်ခွာရန် ဟန်ပြင်လိုက်၏။
“ အဘွား.. နေဦး… တစ်ခုခု စားချင်လို့လား…” လင်းရီ မေးလိုက်၏။
“ မဟုတ်တာ မဟုတ်တာ … အထင်မလွဲပါနဲ့ လူလေးရယ်…”
“ ဒါဆို ဘာလို့ ပေါက်စီရောင်းလားဆိုပြီး လာမေးနေတာတုန်းဗျ….”
“ ပေါက်ဆီတွေက ဈေးပေါတယ်လေ…”
လင်းရီ အနည်းငယ် စိတ်မကောင်းဖြစ်သွားခဲ့ပြီး အဘွားကြီး လက်ကို ဆွဲ၍ “ ကြည့်ရတာ အဘွား ဗိုက်ဆာနေတယ်နဲ့ တူတယ်.. ဆိုင်ထဲ ဝင်ထိုင်လိုက်… ကျွန်တော်တစ်ခုခု လုပ်ပေးမယ်… ဗိုက်ဝမှ ပြန်… ဒါပဲ…”
အမယ်အိုကြီးမှ ရယ်မောလိုက်ပြီး လင်းရီကို လက်အသာရမ်းပြကာ “ အဘွားက မစားချင်တာ မဟုတ်ဘူး လူလေးရဲ့ … လူလေးဆိုင်က အစားအသောက်တွေကို စားဖို့ မတတ်နိုင်တာ… အဘွားမြေးဖို့ ကျောင်းစရိတ်ကလည်း ချွေတာရဦးမှာ…”
“ အဆင်ပြေပါတယ်… ကျွန်တော် ကျွေးမှာပေါ့..”
“ အားနာလိုက်တာကွယ်… မင့်မလည်း စီးပွားရေး လုပ်ရတာ ခက်ခဲမှာပဲကို….”
“ ကိစ္စမရှိပါဘူး… အဘွား ဗိုက်ဝရင် ပြီးတာပဲမလား…”
လင်းရီ အမယ်အိုကြီးကို ငြင်းဆိုရန်ပင် အခွင့်မပေးပဲ ဆိုင်ထဲသို့ ဆွဲခေါ်လာခဲ့လိုက်၏။
အမယ်အိုကြီးမှာ ကုန်းကုန်းကွကွနှင့် ဆိုင်ထဲသို့ ရောက်လာခဲ့ပြီး သားနားစွာ ဝတ်ဆင်ထားသည့် ချင်းဟန်နှင့် ကျန်သူများကို မြင်တော့ သူမ ရှေ့ဆက်မတိုးဝံ့တော့ချေ။ နေရခက်စွာဖြင့် ခပ်ဖွဖွ ပြုံးပြ၍ တံခါးဝ၌သာ ရပ်တန့်နေလိုက်၏။
“ နှောင့်ယှက်မိပြီ…”
“ အဆင်ပြေပါတယ်…”
ချင်းဟန် ဘားကောင်တာမှ ကရားအိုးကို ယူလိုက်ပြီး ရေနွေးကြမ်း တစ်ခွက်ငှဲ့ကာ အမယ်အိုကြီးထံသို့ ကမ်းပေးလိုက်၏။
“ ရော့ အဘွား.. အမောပြေ ရေငတ်ပြေပေါ့…”
“ ကျေးဇူးပါပဲ…”
အမယ်အိုကြီးမှ သူမ၏ ရေနွေးကြမ်းကို တစ်ငုံချင်း မှုတ်သောက်ရင်း တိတ်ဆိတ်နေလျက် အသံတစ်သံပင် မထွက်ဝံ့ပေ။ ဆိုင်ရှိ လေထုမှာလည်း ဆိတ်သုဥ်းနေပြီး အမယ်အိုကြီးမှ မလွယ်ကူနေဟန် ပေါက်ကာ ဖိအားများစွာတို့ဖြင့် အသက်ပင် ခက်ခက်ခဲခဲ ရှူနေရလေသည်။
ထိုအချိန် လင်းရီကတော့ မီးဖိုချောင်ထဲ၌ အသစ်ချက်ထားသည့် ထမင်းများကို အသုံးပြု၍ ဧရာမထမင်းကြော်ကြီး တစ်ပွဲ ကြော်လိုက်သည်။
“ ဆိုင်က မနက်ဖြန်မှ ဖွင့်မှာဆိုတော့ အမယ်တွေကလည်း သိပ်မကျန်တော့ဘူး.. ဒါလေးပဲ စားလိုက်ဗျာ…”
“ ကျေးဇူးတင်ပါတယ်ကွယ်…”
“ ရတယ်… မဝသေးရင်ပြော.. ကျွန်တော်နောက်တစ်ပွဲထပ်လုပ်ပေးမယ်…”
“ လုံလောက်တယ် လုံလောက်တယ်….”
အမယ်အိုကြီးမှ ထမင်းကြော်ပန်းကန်ကို ယူရင်း တံခါးဝ၌သာ ရပ်နေလိုက်၏။
“ အဘွား.. အဲ့မှာ ဘာရပ်လုပ်နေတာ… စားပွဲမှာ ထိုင်စားလေ….”
“ ရတယ်… အဘွားတစ်ကိုယ်လုံးက ညစ်ပတ်နေတာ.. လူလေးရဲ့ ထိုင်ကုန်တွေ ညစ်ပတ်ကုန်ဦးမယ်.. ပြီးတော့ နံလည်းနံနေတယ်… ငါ့လို အမယ်အိုကြီးက ပတ်ဝန်းကျင်ကို ဒုက္ခမပေးသင့်တော့ပါဘူးလေ….”
“ မဟုတ်တာ… ဆိုင်ထဲရောက်လာမှတော့ ကျွန်တော့်ရဲ့ ဧည့်သည့်ပဲပေါ့…ဘယ်သူကမှ ဒုက္ခပေးတယ်လို့ မြင်မှာ မဟုတ်ဘူး…”
“ မဖြစ်ချည်ပါဘူး…. လူလေးကိုလည်း ဒုက္ခပေးလို့ ဘယ်ဖြစ်မှာ…”
“ အဓိပ္ပာယ် မရှိတာတွေ…”
ရှင်းပြချင်း အလျင်းမရှိ လင်းရီ အမယ်အိုကြီးကို စားပွဲသို့ အတင်းခေါ်သွားပြီး ထိုင်စားခိုင်းလိုက်သည်။
“ ကျေးဇူးပါ လူငယ်လေး…”
အမယ်အိုကြီးမှ ပျော်ရွှင်လွန်း၍ မျက်ရည်တို့လဲ့နေသည့် မျက်ဝန်းတို့ဖြင့် ပြောလိုက်သည်။ အဆုံးတွင်တော့ လောကကြီးတွင် ကြင်နာတတ်သည့် လူကောင်းများ ရှိသေးကြောင်း သူမ မြင်တွေ့ဖူးသွားချေပြီ။
“ ဟားဟား… လေကုန်ခံမနေနဲ့… ဝအောင်သာစား….”
အမယ်အိုကြီးမှ တိတ်ဆိတ်စွာစားသောက်နေရင်း လင်းရီ ၊ ချင်းဟန်နှင့် ကျန်သူများလည်း အခြားစားပွဲတွင် ထိုင်ကာ တိတ်ဆိတ်နေခဲ့ကြသည်.
သူတို့အားလုံး ထိုမြင်ကွင်းကိုကြည့်ရင်း ရင်ထဲတွင်တော့ ပြောမပြတတ်သည့် ခံစားချက်တို့ဖြင့် ပြည့်နှက်နေလေသည်။
ယခုလေးတွင် သူတို့အားလုံး မက်ထရိုပိုလစ်၌ ယွမ်သိန်းသန်းချီကို မိန်းကလေးများနှင့် သောက်စားရင်း တစ်ညတည်း ဖြုန်းတီးခဲ့၏။ သို့သော်လည်း ယခုလို ချမ်းအေးသည့် ညသန်းခေါင်း၌ ပေါက်စီတစ်လုံး စားရန်ပင် အကြိမ်ကြိမ်စဉ်းစားယူနေရသူများလည်း ရှိသေးကြောင်း နားလည်သွားခဲ့သည်။
အကယ်၍ သူမ၏ ဝမ်းမှ မနေနိုင်သောကြောင့်သာ မဟုတ်ပါက အမယ်အိုမှာ ပေါက်စီပင် စားလိမ့်မည် မဟုတ်ကြောင်း သေချာလေသည်။
လင်းရီကတော့ ဆာလောင်နေသည့် ဝံပုလွေကဲ့သို့ စားသောက်နေသည့် အမယ်အိုကြီးကို ကြည့်လိုက်၏။
သူမ ဝမ်းထဲရှိ ဆာလောင်မှုကို ချုပ်ထိန်းမရ၍လော…
သို့မဟုတ် ပြတင်းပေါက်မှ ထွက်ပေါ်နေသည့် မှိန်ပျပျ မီးအလင်းရောင်က ဆိတ်ငြိမ်သည့် ညတစ်ညတွင် မျှော်လင့်ချက်အလင်းရောင် ဖြစ်နေသဖြင့် အလိုအလျောက် ချဉ်းကပ်မိပေခြင်းလော….
အလင်းသည်ကား နွေးထွေးနေသယောင်၊ ရောက်ရှိလာသူတိုင်းကို နွေးထွေးမှုတို့ပေးစွမ်းနေသည်။
“ လူလေး…”
အလုတ်အနည်းငယ် စားသောက်ပြီးနောက် အမယ်အိုကြီးမှ ရပ်တန့်လိုက်ကာ လင်းရီကို ကြည့်လိုက်၏။
“ နင်လို့လား အဘွား.. ကျွန်တော် ရေယူပေးမယ်လေ…”
“ မဟုတ်ဘူး… ပလတ်စတစ်အိတ်လေး တစ်လုံးလောက် ရနိုင်မလားလို့ပါ……”
“ အိတ်လား…”
“ လူလေးရဲ့ ဥထမင်းကြော်က အရမ်းအရသာရှိတော့ အိမ်က မြေးလေးအတွက် ယူသွားပေးချင်လို့… အဆင်ပြေရဲ့လားဟင်…”
“ အဘွားကလည်း … ဘာမှတောင် သိပ်မစားရသေးတာကို ဘာလို့ ထုပ်သွားမှာ…”
အမယ်အိုကြီးမှ သွားပေါ်သည်အထိ ပြုံးလိုက်၏။ သူမ၏ ခံတွင်းထဲ၌ သွားအနည်းငယ်သာ ကျန်တော့ကြောင်း လင်းရီ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
“ အသက်ကြီးလာတော့လည်း စိတ်ရှိသလောက် မစားသောက်နိုင်တော့ပါဘူး လူလေးရယ်… နည်းနည်းဆိုရင်ကို ဝနေပြီ… အဘွားမြေးအတွက် ထုပ်သွားလို့ရတယ်မလား…”
“ ထပ်စားပါဦး.. ကျွန်တော် အဘွားမြေးအတွက် နောက်တစ်ပွဲ ကြော်ပေးလိုက်မယ်… အဲ့တာ ယူသွားလိုက်…”
“ ရပြီ ရပြီ…. တော်တော်လေးကို ပြည့်တင်းနေပြီ… လူလေး ထပ်ကြော်နေရင်လည်း အလဟဿ ဖြစ်နေဦးမယ်…. “ အမယ်အိုကြီးမှ ပြောပြီးနောက် မျှော်လင့်နေသည့် မျက်ဝန်းတို့ဖြင့် ကြည့်ကာ “ ဒီရဲ့ ကျန်တာလေးပဲ အဘွားကို ထုပ်သွားခွင့် ပြုပါလားဟင်…”
"ကောင်းပြီဗျာ.. ကျွန်တော် ဘူးလေးနဲ့ အဘွားမြေးဖို့ ထည့်ပေးလိုက်မယ်...."
"ကျေးဇူးပါပဲ လူလေးရယ်.. မင့်ဆိုင်လေး ဒီရေအလား စီးပွားတိုးတက်ပါစေ..."
အမယ်အိုကြီးမှ လင်းရီကို ဆုတို့ တစ်သီတစ်သန်းကြီးပေးရင်း ဆုတောင်းပေးနေတော့၏။
လင်းရီကတော့ မီးဖိုချောင်ထဲ၀င်၍ အိတ်နှင့် သူ့မြေးအတွက် ထည့်ပေးလိုက်၏။ တစ်ချိန်တည်းတွင် ၀က်ပေါင်ခြောက် အချို့နှင့် အသီးကို ယူလာခဲ့လိုက်၏။
"ဒီမှာ အဘွား .. ဒါတွေပါယူသွားလိုက်... အကုန်လုံး ကောင်းသေးတယ်... အပြင်မှာဆို တော်တော်လေးကို ဈေးကြီးတာ... ယူသွားပြီး မြည်းစမ်းကြည့်ကြည့်...."
"လူလေး ကျေးဇူးနော်..."
အမယ်အိုကြီးမှာ မျက်ရည်များ ကျဆင်းလာပြီး အနည်းငယ် မွန်းကျပ်သွားခဲ့၏။
"ဟာဗျာ အဘွားကလည်း ဘာလို့ ငိုနေတာ.. ဘယ်လောက်မှလည်း တန်ကြေးရှိတာ မဟုတ်ဘူး... ပြန်သွားပြီး စောစောနားတော့..."လင်းရီ ပြောလိုက်ပြီး "နောက်ကျ ဗိုက်ဆာရင် ကျွန်တော်ဆိုင်မှာ ညစာလာစားလှည့်... အလကားကြွေးမယ်....အိုး ပြီးတော့ ဆိုင်မှာ ဂျက်ဖာနဲ့ ပလတ်စတစ်ဘူးတွေ ပိုနေတာ အများကြီးပဲ... တစ်ပါတ်တစ်ခါ လာယူလှည့်... ကျွန်တော် အဘွားအတွက် စုထားပေးမယ်.... "
"ကျေးဇူးပါကွယ်..."
အမယ်အိုကြီးမှ လင်းရီကို ကျေးဇူးတင်စကားမှလွဲ၍ ကျန်တာဘာမျှ မဆိုတတ်တော့ချေ။ လင်းရီ ပေးလိုက်သည့် လက်ဆောင် ပစ္စည်းများကို ယူပြီးနောက် စိတ်တည်ငြိမ်အောင် ပြုလုပ်ကာ ဆိုင်မှ ထွက်ခွာသွားလေသည်။
“ လင်းကြီး … မင်းက အပြင်ပိုင်းသာ အေးစက်သလိုလိုနဲ့ အတော်လေး ကြင်နာတတ်တဲ့ကောင်ပါလားကွ…” ချင်းဟန်ပြောလိုက်ပြီး
“ ငါလည်း ငါ့ဘဝမှာ အဲ့လိုလူမျိုးကို လက်ဖက်ရည် ငှဲ့ပေးဖြစ်လိမ့်မယ်လို့ ထင်မှတ်မထားဘူး…”
“ မင်းလို ငွေဇွန်းကိုက်ပြီး မွေးလာတဲ့ကောင်ကတော့ အဲ့လိုလူတွေရဲ့ ဒုက္ခကို နားလည်မှာ မဟုတ်လောက်ဘူး…”
“ မင်းလည်း အတူတူပဲ မဟုတ်ဘူးလား…” ချင်းဟန် ပြောလိုက်ပြီး “ မင်းက မိဘမဲ့ ဂေဟာမှာ ကြီးပြင်းလာခဲ့တယ်ဆိုရင်တောင် စားစရာသောက်စရာတော့ ပူစရာမလိုဘူးလေ…”
“ အင်း ..ငါငယ်ငယ်တုန်းက နည်းနည်း ခက်ခဲခဲ့တယ်ဆိုပေမယ့် ဗိုက်ဟောင်းလောင်းနဲ့တော့ အိပ်ရာ မဝင်ခဲ့ဖူးဘူး…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ငါ မှတ်မိသလောက် သုံးတန်းလောက်တုန်းက ငါ့အမေလည်း အပြင်ကနေ ဂျက်ဖာတွေ ပုလင်းခွံတွေရောင်းပြီး ဟမ်ဘာဂါ ဝယ်လာခဲ့ပေးဖူးတယ်… ဘာလို့ဆို ငါ တစ်ခါမှ ဟမ်ဘာဂါ မစားဖူးတာကို သူများတွေ လှောင်ရယ်တာ ကြားမိလို့တဲ့…”