← Chapters

ဒီလို အမှိုက် bug လေးတောင် မဖြေရှင်းနိုင်ဘူးလား

Vol. 43 Ch. 638

ဒီလို အမှိုက် bug လေးတောင် မဖြေရှင်းနိုင်ဘူးလား

Vol. 43 Ch. 638

“ တူတူပါပဲကွာ….” ချင်းဟန် ပြောလိုက်ပြီး

“ ငါ့အဖေငယ်ငယ်တုန်းကလည်း သူ့မိသားစု နေအိမ်ကို ပေါင်နှံပြီး ပိုက်ဆံတွေချေး... စီးပွားရေးတွေ လုပ်… ဒါပေမယ့် နောက်ဆုံးကျတော့လည်း အားလုံး ဆုံးရှုံးသွားပြီး အကြွေးရှင်တွေ ဝိုင်းလိုက်တာတောင် ခံခဲ့ရဖူးတယ်….”

ကောင်းကျုံးယွမ်လည်း သူ့ ရေနွေးကြမ်းခွက်ကို ချလိုက်ပြီး “ ကျွန်တော့်မိဘတွေ စီးပွားရေး စလုပ်တုန်းကလည်း တစ်နေ့မှ သုံးနာရီလောက်ပဲ အိပ်ခဲ့ရတယ်လို့ ကြားဖူးတယ်… အလုပ်လုပ်အရမ်းလုပ်ရင်း ငိုက်သွားတော့ လက်တစ်ချောင်းတောင် ဆုံးရှုံးသွားပြီး ခု ရင်းနှီးတဲ့ လူတွေဆို ကောင်းလောင်ကျိုလို့ပဲ ခေါ်တော့တာ…” ( လက်ကိုးချောင်းပဲ ရှိတဲ့ အဘိုးကြီး )

“ အာ….”

လျန်ကျင်းမင် ခေတ္တတုံ့ဆိုင်းသွားခဲ့ပြီး အပြုံးလေးဖြင့် ပြောကာ “ အဲ့လိုပြောကြေးဆိုရင် ကျွန်တော့် မိသားစု အခြေအနေက မဆိုးဘူး ပြောရမှာပဲ… ကျွန်တော့် အဘိုးက လေယာဉ်တွေပြင်တဲ့ အင်ဂျင်နီယာလေ.. ဆိုတော့ စားရေးသောက်ရေးတော့ ပူပန်စရာ မလိုဘူး… ဒါပေမယ့် စီးပွားရေး စလုပ်ရတာတော့ တကယ်မလွယ်ပါဘူး….”

“ အင်း.. လူတိုင်းမှာ ခက်ခဲတဲ့ အချိန်ကာလတစ်ခုစီ ရှိခဲ့ဖူးကြတာချည်းပဲ… ကိုယ်တိုင် ကြပ်တည်းခဲ့ဖူးတော့ ဒီလိုလူမျိုးတွေ မြင်ရရင် အရမ်း စာနာမိတယ်…” လင်းရီ ပြောလိုက်ပြီး “ ဒါကြောင့်မို့ ငါ ကူညီနိုင်ရင် ကူညီပေးလိုက်တယ်… “

“ ကောင်းပြီ ဒီမှာ လွမ်းဆွေးခန်း ဖွင့်နေတာ တော်လိုက်ကြစို့… ခနနေ ကျီးနိုးချိန်တောင် ရောက်တော့မယ်…” ချင်းဟန် ပြောလိုက်ပြီး “ ဒီလိုကိစ္စမျိုးတွေဆိုတာ ငါတို့ ဝင်စွက်ဖက်လို့ရတဲ့ ကိစ္စမျိုးမှ မဟုတ်တာ… ဟုတ်တယ်မလား...”

အားလုံး ခေါင်းညိမ့်လိုက်ကြပြီး ဆိုင်ကို သော့ခတ်ပြီးနောက် အုပ်စုမှာ အိမ်သို့ ပြန်သွားကြလေသည်။

လင်းရီလည်း ချင်းဟန်ကို လိုက်ပို့ခိုင်း မနေတော့ပဲ တက္ကစီစီး၍ ကျိုကျုံးဗီလာသို့ ပြန်လာခဲ့လိုက်၏။

သူပြန်ရောက်လာတေသည့် အချိန်တွင်တော့ ကျီချင်းရန်၏ အိပ်ခန်းထဲ၌ မီးမှိန်မှိန်လေး လင်းနေကြောင်း မြင်တွေ့လိုက်ရလေသည်။

လင်းရီ စိတ်ထဲ စူးစမ်းချင်မိသွား၏။

သူမ သူ့ကို စောင့်ဆိုင်းနေသည်လော... သို့မဟုတ် အိပ်မောကျနေသည်လော။

တိတ်တိတ်လေး ခိုးဝင်လာခဲ့ပြီး ကျီချင်းရန် အခန်းထဲသို့ ရောက်သောအခါ လင်းရီ အသံထွက် အော်ရယ်မိလုနီးပါးဖြစ်သွားခဲ့၏။ စောင်မှာ ကြမ်းပြင်သို့ တစ်၀က်ကျနေပြီး ခြေကားရား လက်ကားယားနှင့် ပက်လက်လှန်အိပ်နေသည့် ကျီချင်းရန်ကို မြင်တွေ့လိုက်ရသည်။ တစ်ခါတစ်ရံ ကယောင်ကတမ်းဖြင့် ဘာပြောလို့ ပြောနေမှန်းမသိ။ပါးစပ်မှလည်း တစ်ခုခု စားနေဟန်ပြုကာ ရယ်လိုက်ပြုံးလိုက်ဖြင့် အပြစ်ကင်းစင်စွာ အိပ်မောကျနေလေသည်။

ကျီချင်းရန် အအိပ်ကြမ်းမှန်း လင်းရီ သိသော်လည်း ယခုလို ပုံစံမျိုးဖြင့် အိပ်နေလိမ့်မည်လို့တော့ ထင်မထားခဲ့ချေ။

လင်းရီ ရုတ်ချည်း ဆိုးဝါးသည့် အကြံတစ်ခုကို ရလိုက်၏။

သူ ဖုန်းထုတ်၍ ကျီချင်းရန်၏ လက်ရှိ ပုံစံကို မှတ်တမ်းတင်ထားလိုက်သည်။ မနက်ကျ သူ ပြန်ဖွင့်ပြသည့် အချိန်တွင် သူမမျက်နှာ ဘယ်လိုဖြစ်သွားမလဲဆိုတာကို မြင်ယောင်ရင်း ပြုံးလိုက်လေသည်။

ရိုက်ကူးပြီးနောက် လင်းရီ ကျီချင်းရန် အခန်းထဲမှ တိတ်ဆိတ် ညင်သာစွာဖြင့် ထွက်လာခဲ့လိုက်သည်။

သူ ခေတ္တမှေး၍ အိပ်စက်အနားယူချင်ပါသော်လည်း အိပ်မပျော်သောကြောင့် လင်းရီ စာကြည့်ခန်းထဲသို့ သွား၍ ချစ်ပ် 3.0 အတွက် ကုတ်ရေးသားမှုကို ဆက်လက်လုပ်ဆောင်လေသည်။

အရုဏ်တက်သည့် အချိန်သို့ရောက်သောအခါ လင်းရီ ပျင်းရိစွာ အညောင်းဆန့်လိုက်ပြီး မနက်စာ သွားဝယ်လိုက်၏။ထိုသို့ဖြင့် နံနက်စာပြင်ပေးရသည့် ဒုက္ခမှ ကျီချင်းရန် လွတ်မြောက်သွားပေမည်။

မနက်စာ ထုပ်ကို လက်မှ ဆွဲရင်း နှုတ်မှလည်း သီချင်းတညီးညီးဖြင့် အိမ်သို့ ဝင်လာခဲ့လိုက်၏။ ထိုအခါ အိမ်အောက်ထပ်တွင် စီးလို့ ကြိုနေသူကတော့ အိမ်ပြန်နောက်ကျသည့် လင်ခင်ပွန်းကို အကြီးအကျယ် ကြိမ်းမောင်းတော့မည့်ဟန်ဖြင့် ခါးထောက်ထားသည့် ကျီချင်းရန်ပင်။

“လင်းရီ... နင်ခု ဘယ်အချိန် ရှိနေပြီလဲ.... ခုမှ ပြန်လာတယ်ပေါ့…” ကျီချင်းရန် မေးလိုက်၏။

“ အင်း … ဒီမှာ ရော့… ငါမင်းအတွက် လမ်းကနေ မနက်စာ ဝယ်လာပေးတယ်….”

“ နင်တို့တွေ လွန်ကို လွန်တယ်…” ကျီချင်းရန် ပွစိပွစိ လုပ်လိုက်ပြီး “ ငါဖြင့် ညတုန်းက အိပ်တောင် မအိပ်ပဲနဲ့ နင့်ကို စောင့်နေခဲ့တာသိလား..”

“ အမ်…. ချင်းရန်က မအိပ်ဘူးပေါ့…”

“ နင် ပြန်မလာတော့ဘူးလား ဆိုပြီးတော့ စိုးရိမ်နေတာလေ…ခု ခြေသံကြားကြားချင်းပဲ ပြေးထွက်လာတာပဲ.” ကျီချင်းရန် ပြောလိုက်ပြီး “ကြည့်လိုက်... ငါ့မျက်လုံးတွေအောက်မှာ အနက်ရောင် ကွင်းကြီးတွေတောင် ထွက်လာတော့မယ်... ဒါပေမယ့် အနည်းဆုံးတော့ နင်က မနက်စာ ဝယ်လာပေးဖော်တော့ရသားပဲ….”

“ အဟမ်း…. ချင်းရန်… မင်း တကယ်ကြီး မနေ့ညက မအိပ်ခဲ့ဘူးပေါ့…”

“ ဒါပေါ့…” ကျီချင်းရန် ပြောလိုက်ပြီး “ ငါ့လို အလှလေးက လိမ်ပြောလိမ့်မယ်ဆိုပြီး နင်က သံသယရှိနေတာလား….”

“ မရှိပါဘူး... မရှိပါဘူး... ခု အရင်ဆုံး စားကြတာပေါ့… ပြီးရင် ငါ မင်းကို ပြစရာရှိတယ်….”

“ ဘာလဲ ပြမှာ….” ကျီချင်းရန် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

“ အရင်စားကြမယ်….”

“ ရီ... ဘာပြမှာလဲလို့...”

လင်းရီ မနက်စာကို စားပွဲပေါ်တွင်တင်လိုက်၏။ သို့သော်လည်း ကျီချင်းရန်မှာ စားသောက်ရန် စိတ်ကူးမရှိသေးပဲ လင်းရီကို သိချင်စိတ် ပြင်းပြနေသည့် မျက်ဝန်းတို့ဖြင့်သာ စိုက်ကြည့်နေလေသည်။ လင်းရီ ဘာပြမလဲ ဆိုတာ မသိရမချင်း သူမ စားသောက်မည့်ပုံ မပေါ်ချေ။

လင်းရီ ဖုန်းထုတ်လိုက်ပြီး သူ မနေ့ညက ရိုက်ကူးထားသည့် ဗွီဒီယိုကို ဖွင့်၍ ကျီချင်းရန်ထံ ကမ်းပေးလိုက်သည်။

မူလကတော့ ဗွီဒီယိုမှာ ပိန်းပိန်းမှောင်နေပြီး ထူးမခြားနားဟန် ရှိသော်လည်း စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမ၏ မိတ်ကပ်မပါသည့် မျက်နှာနှင့် ခြေပစ်လက်ပစ် အိပ်နေသည့် သွင်ပြင်မှာ စခရင်ပေါ်၌ ရှင်းလင်းစွာ ထွက်ပေါ်လာသည့် အချိန်တွင်တော့ ကျီချင်းရန် ရုတ်ချည်း မျက်နှာရဲသွားခဲ့တော့၏။

“ ပြောတော့ မနေ့ညက တစ်ညလုံး မအိပ်ခဲ့ပါဘူးဆို..” လင်းရီ ပြောလိုက်ပြီး “ အမှန်အတိုင်း ပြောရရင် ဝက်တွေတောင် မင်းလောက် အိပ်ပုတ်ကြီးမှာ မဟုတ်ဘူး…”

“ နင်လည်း ခုလေးတင် ပြန်လာတယ်လို့ မပြောဘူးလား…” ကျီချင်းရန် ကိုးရို့ကားယားဖြစ်သွားခဲ့ပြီး လင်းရီကို ပြန်အော်လိုက်၏။

“ ဟုတ်တယ်လေ… ငါခုလေးတင် မနက်စာ သွားဝယ်ပြီးတော့ ပြန်လာတာလေ…” လင်းရီ ပြောလိုက်ပြီး “ မစ်ကျီက ကျွန်တော့်ကို ဖြေရှင်းချက် ပေးသင့်တယ် မထင်ဘူးလား…”

“ လင်း ရီ … ငါ နင့်ကို လုပ်မိတော့မယ်…”

ကျီချင်းရန်မှာ ရွေးချယ်စရာ မရှိတော့ပဲ သူမ၏ ကျိုးကြောင်း မညီညွှတ်သည့် နည်းလမ်းဖြင့် ပြန်လည်ချေပတော့၏။

“ နင်ပြန်လာရင် ဖုန်းဆက်ဆိုတာကို ဘာလို့ ငါ့ကို ဖုန်းမဆက်တာ…”

“ မင်းအိပ်ပျော်နေရင် အနှောင့်အယှက် ဖြစ်နေမှာ ဆိုးလို့လေ…. ဒါပေမယ့် မင်းက ဒီလို လှည့်ကွက်တွေ ထုတ်သုံးလာမယ်လို့တော့ ထင်မထားဘူး…” လင်းရီ သက်ပြင်းချလိုက်ပြီး “ လောကကြီးနဲ့ တစ်နေ့ပြီးတစ်နေ့ ပိုပိုပြီး ဆုတ်ယုတ်လာတာပဲ… လူတွေရဲ့ နှလုံးသားကလည်း ရှိသင့်တဲ့အတိုင်း မရှိတော့ဘူး…”

“ ဟွန့်…နင်ငါ့ကို အဲ့လိုမျိုး ပြောပိုင်ခွင့်မရှိဘူး….” ကျီချင်းရန်း နှုတ်ခမ်းစူလိုက်ပြီး “ ငါ နင့်ကို ညသန်းခေါင်ထိ စောင့်သေးတယ်… စောင့်ရင်းနဲ့ အိပ်ပျော်သွားတာတော့ ငါလည်း ဘယ်တတ်နိုင်မှာ….”

“ အေးပါ အေးပါ.. ကြိုမပြောမိတဲ့ ငါ့အမှားပါ…ကဲ ကျေနပ်‌တော့ ....”

ထိုစကားကြားတော့ ကျီချင်းရန် မြူးတူးသွားခဲ့ပြီး “ ဟွန့်...အဲ့လိုမှပေါ့…”

“ ဒါနဲ့ ဆိုင်ကော ခု ဘယ်လိုနေသေးလဲ… ပြန်ပြင်ပြီးဖို့ ဘယ်နှစ်ရက်တောင် စောင့်ရဦးမှာ…”

“ ပြီးသွားပြီ… ဒီနေ့ပဲ ဆိုင် ဖွင့်လို့ရပြီ…”

“ အမ်… ပြီးတောင် ပြီးနေပြီလာ…”

“ ငွေသည်သာ အခရာပဲလေ…” လင်းရီ ပြောလိုက်ပြီး “ ပိုက်ဆံ အများကြီး သုံးထားမှတော့ အချိန်တိုအတွင်း ပြီးသွားတာ သဘာဝပဲ မဟုတ်ဘူးလား…”

“ အွန်း… နင်ပြောတာလည်း အဓိပ္ပာယ်တော့ ရှိသား….”

“ နင်မနေ့ညက ညဉ့်နက်မှ ပြန်လာတယ်ဆိုတော့ ဒီမနက် ဆိုင်သွားမဖွင့်နဲ့တော့ … အိမ်မှာပဲ အိပ်လိုက်…”

“ ရပါတယ်… မပင်ပန်းပါဘူး…” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ ငါပင်ပန်းတယ်ဆိုလည်း စောစော သိမ်းလိုက်လို့ရတယ်လေ….”

“ အွန်း.. အဲ့လိုလည်း အဆင်ပြေတယ်… နင်လုပ်ချင်သလိုသာလုပ်… ဒါပေမယ့် ကိုယ့်ကိုယ်ကိုတော့ အထိခိုက်မခံနဲ့နော်…”

“ အင်း….”

မနက်စာစားပြီးနောက် ကျီချင်းရန် ချောင်ရန်အုပ်စုသို့ တန်းမသွားပေ။ ထိုအစား လင်းရီကို မက်ထရိုပိုလစ်သို့ လိုက်ပို့ပေးပြီး သွားကားယူစေပြီးမှ လမ်းခွဲလိုက်ကြသည်။

ဆိုင်သို့ ရောက်သည့် အချိန်တွင်တော့ လင်းရီ ထုံးစံအတိုင်း မီးဖိုချောင်ထဲသို့ ဝင်၍ အမယ်များကို ကြိုတင်ပြင်ဆင်လေသည်။

နံနက်ဆယ်နာရီ ဝန်းကျင်သို့ ရောက်သောအခါ ကတ်စတန်မာများမှ စတင် တံခါးလာခေါက်ချေပြီ။

သို့သော်လည််း ကတ်စတန်မာများ ရောက်လာသည်နှင့် သူတို့ ပထမဆုံး လုပ်သည်က အစားအသောက်မှာခြင်း မဟုတ်ပဲ မနေ့မှ အဖြစ်အပျက်များကို မေးမြန်းစပ်စုခြင်းပင်။

လင်းရီကတော့ ၎င်းတို့၏ မေးခွန်းများကို ရှည်ရှည်ဝေးဝေး တုံ့ပြန်မနေပဲ ပြုံးရုံမျှသာ ပြုံးလိုက်၏။

သို့သော်လည်း လူတိုင်းကတော့ ဆိုင်ပိုင်ရှင်မှာ ရိုးရှင်းသည့် လူတစ်ယောက် မဟုတ်မှန်း ခန့်မှန်းမိလေသည်။

မဟုတ်ပါက အဆိုပါ နိုင်ငံခြားကျောင်းသားများကို ပညာပြရဲလိမ့်မည် မဟုတ်ချေ။

မွန်းလွဲတစ်နာရီသို့ ရောက်သည့်အခါ နေ့လည်စာ စားချိန်မှာ ကျော်လွန်သွားသောကြောင့် ဆိုင်၏ စီးပွားရေးမှာလည်း တစ်ဖန် ငြိမ်သက်လာသည်။

မည်သို့ပင်ဆိုစေ အစားအသောက်များက ဈေးကြီးလှ၏။ အမြဲတစေ လာရောက် အားပေးနေရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

အချစ်တစ်ခုတည်း အတွက်နဲ့တော့ သူတို့ကိုယ်သူတို့ ပြာပုံထဲရောက်အောင် တွန်းပို့ဖို့တော့ မလိုဘူးမလား…

မွန်းလွဲ နှစ်နာရီသို့ ရောက်သည့်အချိန်တွင်တော့ ဆိုင်လေးမှာ လုံးဝ ငြိမ်သက်သွားခဲ့တော့၏။

ထို့ကြောင့် လင်းရီ ဖုန်းကိုင်၍ ရှောင်ထျန်နှင့် ဂိမ်းဆော့ရန် ဟန်ပြင်လိုက်သည်။

သို့သော်လည်း ထိုအချိန်တွင် ဆိုင်တံခါးမှာ ပွင့်ဟလာပြီး ရွှီးဝမ် သူမ၏ လက်တော့နှင့်အတူ ဝင်ရောက်လာခဲ့၏။

မနက်ပိုင်း အလုပ်လုပ်ပြီးနောက် ရွှီးဝမ်မှာ ဟန်ဖေးနှင့်အတူ ဤဆိုင်တွင် စားသောက်ချင်သော်လည်း ဟန်ဖေးမှာ လင်းရီအပေါ် အမြင်ကောင်းတို့ မရှိသောကြောင့် တစ်ယောက်တည်း လာရန် ဆုံးဖြတ်လိုက်၏။

လင်းရီလည်း ရွှီးဖန်ကို မှတ်မိလေသည်။

ဒီကောင်မလေးက ငါနဲ့ ထိပ်ဆုံးထပ် လုချင်နေတဲ့ ကောင်မလေးမဟုတ်လား…

“ သူဌေး.. ဥထမင်းကြော် တစ်ပွဲ…”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး မီးဖိုချောင်ထဲသွား၍ ရွှီးဝမ်အတွက် ချက်ပြုတ်လိုက်၏။

ဆယ်မိနစ်ကြာပြီးနောက် လင်းရီ အသင့်သုံးဆောင်နိုင်သည့် ဥထမင်းကြော်နှင့်အတူ အပြင်သို့ ထွက်လာခဲ့လေသည်။

ရွှီဝမ် လင်းရီကို ယဉ်ကျေးစွာ ကျေးဇူးတင်လိုက်ပြီးနောက် တစ်လုတ်စားလိုက် စခရင်ကို ငေးလိုက်လုပ်နေတော့၏။

လင်းရီ သူမကို လျစ်လျူရှုလိုက်ပြီး ရှောင်ထျန်နှင့် ဂိမ်းချက်မှတစ်ဆင့် စကားပြောနေလိုက်သည်။

“ ဟေ့.. ဒီနေ့ ကျောင်းပိတ်တာလား.. ဘာလို့ အဲ့လောက် အားနေတာ…” လင်းရီ မေးလိုက်၏။

“ ဒီနေ့ အတန်းချိန်တွေ အကုန်ပြီးသွားပြီလေ… အလုပ်ဆင်းရုံ… ဟဲ့ ဟဲ့ ငါ့ကို လာကူပါဦးဟဲ့… ဒီမှာ သေတော့မယ်….”

“ နောက်ဆုတ်ပြီး အိမ်ပြန် သွေးဖြည့်လေကွာ… မင်းရဲ့ အိုင်ကျူက ခုထိကို တက်မလာသေးဘူးလား…”

“ နင် ဂိမ်းကစားတာတော်တိုင်း ငါ့ကို ဝေဖန်ဖို့ အခွင့်အရေး မရှိသေးဘူး… နောက်ဆုံးကျရင်လည်း နင်ပဲ ငါ့ကို မရိုက်ဖို့ တောင်းဆိုနေရတာပဲမလား…”

“ ငိုးပဲ … တော်တော်အံ့ဩဖို့ကောင်းတဲ့ လောဂျစ်ကြီး…”

ရူးကြောင်ကြောင် ကောင်မလေးများနှင့် ဆော့ကစားရသည်က ပျော်ရွှင်ဖွယ်ကောင်းသည်ဟု ပြောကြသော်လည်း ရှောင်ထျန်ကဲ့သို့ ဂိမ်းမာနှင့် ကစားရသည်ကလည်း တစ်မျိုး ပျော်ဖို့ကောင်းလေသည်။

ဦးနှောက်ကိုအသုံးချမနေပဲ စိတ်ကိုအလွတ်ပေး၍ ဂိမ်းကိုသာ ပျော်ရွှင်စွာ ဆော့ကစား၏။ ထိုသို့သော အတွေ့အကြုံမျိုးက ရှောင်ထျန်နှင့် တွဲကစားကြည့်မှသာ ရရှိနိုင်မည့် အတွေ့အကြုံမျိုးပင်။

“ သူဌေး.. ကျွန်မ ဒီမှာ နောက်ထပ် နည်းနည်းလောက် ထပ်နေလို့ ရလား…” ရွှီးဝမ် မေးလိုက်၏။

“ ကြာကြာနေချင်သေးတာလား…”

“ အွန်း… ကျွန်မတို့ အဆောင်က မီးပြတ်နေလို့… အခန်းဖော်တွေပြောတာတော့ ပြန်လာဖို့ နောက်နာရီဝက်လောက် လိုသေးတယ်တဲ့…”

“ အခန်းဖော်…. မင်းက တက်သစ်စ ကုမ္ပဏီတစ်ခုရဲ့ ဘော့စ်မဟုတ်ဘူးလား… ဘာလို့ အခန်းဖော်ရှိနေတာ…”

“ ကျွန်မက ကျိုးဟိုင်နည်းပညာ တက္ကသိုလ် ဘွဲ့လွန် ဒုတိယနှစ်လေ… သုံးလေးလလောက်နေမှ ဘွဲ့ရမှာဆိုတော့ အချိန်တစ်ခုလောက်ထိ အဆောင်မှာ နေဖို့ ဆုံးဖြတ်ထားလိုက်တာ… တကယ်လို့ သူဌေး အဆင်မပြေဘူးဆိုရင်လည်း ကျွန်မ ခု ထွက်သွားပေးမယ်လေ…”

“ နေပါ… ရပါတယ်…”

“အဲ့တာဆို ကျေးဇူးပါ‌ သူဌေး..”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး ရွှီးဝမ်ကို လျစ်လျူရှုကာ ရှောင်ထျန်နှင့် ဆက်လက် ဂိမ်းဆော့နေလိုက်၏။

အတန်ကြာသော်….

ကလင် ကလင် ကလင် …

လင်းရီ ဖုန်းသံ မြည်လာခဲ့၏။

လျန်ရူရွှယ်မှ ဖုန်းဆက်လာခဲ့ခြင်းပင်။

“ နင်ဖူတန် တက္ကသိုလ်က ကျောင်းသားတစ်ချို့ကို ရိုက်နှက်လိုက်တယ်ဆို….”

“ မင်းက သိတယ်ပေါ့….”

“ ဒါပေါ့...အဲ့ဒီသတင်းက ပညာရေး ဝန်ကြီးဌာနရဲ့ နားကိုတောင် ရောက်နေပြီ… ငါတို့ စုံစမ်းကြည့်တော့ တိုင်တဲ့သူက ဘရန်ဒွန်တဲ့… သူ့ဘက်က အလျှော့ပေးမယ့် ပုံစံတော့ မရှိဘူး…”

“ ဆိုတော့ မင်းက ကိုင်တွယိပေးမလို့လား.…”

“ဟမ့်... ငါသာ အဲ့လိုမျိုး အသေးအမွှား ကိစ္စလေးတွေ လိုက်ကိုင်တွယ်နေရမယ်ဆိုရင်တော့ အိပ်ဖို့ အချိန်တောင် ရှိမှာ မဟုတ်ဘူး…”

“ ကျွတ် ကျွတ် ကျွတ် … အလှလေးလျန်က အရမ်းကို ကြီးစိုးနိုင်တာပဲ…”

လျန်ရူရွှယ်မှာ တောင်ပိုင်း မိန်းမပျိုလေးများ၏ နုနုရွရွ စွဲမက်ဖွယ်ပုံရိပ်များ ကင်းမဲ့ပြီး ထိုအစား မြောက်ပိုင်း မိန်းမပျိုလေးများ၏ ပြင်းထန်ကြမ်းကြုတ်သည့် ဘက်ခြမ်းကို ဖော်ပြထားလေသည်။

ထိုသို့သော ရဲဝံ့ပြီး တည့်တိုးဆန်သည့် စရိုက်မှာ ယောက်ျားလေး အများစု၏ အသက်သည်းညှာပင်။

သို့သော်လည်း လင်းရီ သတိမမူမိသည်ကား သူဖုန်းပြောနေစဉ်တွင် ရွှီးဝမ်မှ သူ့ကို တိတ်တဆိတ်အကဲခတ်နေသည် ဆိုတာပင်။

သူမက လင်းရီ မည်သူနှင့် ဖုန်းပြောနေလဲဆိုတာကို ခန့်မှန်းနေလေသည်။

“ ဘာရယ်တော့ မဟုတ်ပါဘူး… တကယ်လို့နင် အဆင်ပြေတယ်ဆိုရင် ဒီကိစ္စကို နင်ကြိုက်သလို လုပ်လို့ရတယ်လို့ ပြောမလို့… “ လျန်ရူရွှယ်ပြောလိုက်ပြီး “ ပညာရေး ဝန်ကြီး ဌာနက ဒီကိစ္စကို ဝင်မပါချင်ဘူးဆိုတော့ သူတို့တွေ သံရုံးကို သွားပြီး အကူအညီသွားတောင်းလောက်တယ်… တကယ်လို့ နင်အချိန်ရတယ်ဆိုရင် ပြဿနာ မကြီးခင် ဖြေရှင်းလိုက်တာ အကောင်းဆုံးပဲ… အရမ်းကြီး မကြီးမားသေးသရွေ့တော့ ငါနင့်ကို ကူညီပေးလို့ရတယ်…”

“ အင်း… ငါကိုင်တွယ်လိုက်မယ်…” လင်းရီ ပြောလိုက်ပြီး “ မင်း အင်ကျူဘေးရှင်း စင်တာအတွက် လုပ်ထုံးလုပ်နည်းတွေကော ပြီးသွားပြီလား…”

“ တံဆိပ်ခေါင်းတစ်ခုတော့လိုသေးတယ်… အားလုံး ပြီးသွားမှပဲ လူလွှတ်ပြီးတော့ နင့်ဆီ ပို့ခိုင်းလိုက်တော့မယ်…”

“ မင်းရဲ့ ဝန်ဆောင်မှုက အကောင်းဆုံးပဲ… နောက်နေ့ကျမှ ရှယ်ချက်ကျွေးတော့မယ်…”

“ မလုပ်နဲ့… တကယ်လို့ နင့်ရဲ့ ပထမဇနီး သိသွားရင် ငါတော့ အကျိုးဆက်တွေကို လက်မခံရဲဘူးနော်…” လျန်ရူရွှယ် ပြုံးလျက် ပြောပြီးနောက် ဖုန်းချသွားခဲ့တော့၏။

“ ဒီရဲ့ ခေါင်းမာနေတာကတော့ ခုထိ မပြောင်းသေးဘူးပဲ..”

လင်းရီ အချိန်ကို တစ်ချက်ကြည့်လိုက်သောအခါ မွန်းလွဲ သုံးနာရီ ထိုးနေပြီးဖြစ်ကြောင်း တွေ့လိုက်ရ၏။

ယခုကိစ္စကို ကိုင်တွယ်ရန် အရမ်းနောက်ကျနေပြီးဖြစ်သဖြင့် မနက်ဖြန်မှ ကိုင်တွယ်ရန် စီစဉ်လိုက်လေသည်။

လင်းရီ ဖုန်းချလိုက်သည်ကို မြင်တော့ ရွှီဂဝမ် လင်းရီကို ထပ်မံ တိတ်တဆိတ် အကဲခတ်လိုက်ပြန်သည်။

'ငါတော့ တကယ်ကြီး နားမလည်နိုင်တော့ဘူး.. သူက ဒီလောက် ခန့်ညားပြီး‌တော့ ဟင်းချက်လက်ရာကလည်း အရမ်းကောင်းနေတာကို နည်းနည်းလေး အားစိုက်ထုတ်လိုက်တာနဲ့ ကျိုးဟိုင်မှာ ခြေကုပ်ယူဖို့ဆိုတာ ပြဿနာမရှိဘူး မလား…

အဲ့တာကို ဘာလို့ သကြားပေပီလေး လုပ်နေတာလဲတဲ့…'

ရွှီးဝမ် ခေါင်းခါရမ်းလိုက်၏။ လင်းရီ၏ အရေးကိစ္စများကို ဆက်မစဉ်းစားချင်တော့ချေ။

‘ သူ့အကြောင်းပြချက်နဲ့သူ ရှိမှာပါလေ… ဒါတွေက ငါ ထိန်းချုပ်လို့ရတဲ့ ကိစ္စတွေမှ မဟုတ်တာ… လက်ထဲက ကုတ်ကို အာရုံစိုက်တာပဲ ကောင်းတယ်… ဒီရဲ့ bug အစုတ်ပလုတ်ကလည်း နာရီဝက်ရှိနေပြီကို အဖြေရှာလို့ မတွေ့သေးဘူး…’

လင်းရီကတော့ ရွှီးဝမ် သူ့အကြောင်း စဉ်းစားနေသည်ကို မသိ။ ကတ်စတန်မာများက တစ်ဖန် ပြန်ကျလာသောကြောင့် ၎င်းတို့ကို ဝန်ဆောင်မှုပေးရင်း အလုပ်များနေသည်။

“ သူဌေး… ကျွန်မရှိနေတာက အနှောင့်အယှက် မဖြစ်ပါဘူးနော်…” ရွှီးဝမ် ညင်သာစွာ မေးလိုက်၏။

“ လူက အဲ့လောက် မကျသေးတော့ ကိစ္စမရှိသေးပါဘူး… ဒါပေမယ့် မင်းက ရုပ်ထုလိုကြီး နာရီဝက်ထိုင်နေတော့ အဲ့တာ ဘာလဲလုပ်တာ…”

“ ကျွန်မ ရေးထားတဲ့ ပရိုဂရမ်က bug ရှိနေလို့လေ… အဖြေရှာနေတာ တစ်ခုမှ မထွက်လာလို့…” ရွှီးဝမ် သက်ပြင်းချလိုက်ပြီး “ ပေးလိုက်တဲ့ ပရိုဂရမ်က မပြည့်စုံတော့ OI က ရတဲ့ feedback ကလည်း ဘာလို့ bug လာဖြစ်နေမှန်းကို မသိတာ… ပြီးတော့……”

( TL : OI က code submit ပြီး အလုပ်ဖြစ်မဖြစ် အကျိုးသက်ရောက်မှုနှုန်း ဘယ်လောက်ရှိလဲဆိုတာပြပေးတဲ့ platformပါ )

“ မင်းက အဲ့လို အမှိုက် bug လေးတောင် မဖြေရှင်းနိုင်ဘူးဆိုတော့ ကျောင်းမှာ ဘာလဲလုပ်နေတာ… သစ်တောထဲမှာ ထယ်ထိုးခံရဖို့လောက် အာရုံစိုက်နေတာလား…”

All Chapters