လင်းရီနဲ့ ဘယ်သူ ရှုပ်ရဲလဲ
Vol. 43 Ch. 641
“ နင် ခု သူ့ကို ချမ်းသာတဲ့ သူဌေးမကြီးရဲ့ သကြားပေပီ လုပ်နေတယ်ဆိုပြီးတော့ သံသယဝင်နေသေးလား…”
“ မ..မလုပ်ပါနဲ့… “ ကျိုးဇီ ဘယ်အချိန်ကတည်းက စီးကျနေမှန်း မသိသည့် ချွေးအေးများကို သုတ်လိုက်ပြီး “ အရမ်းကြောက်ဖို့ ကောင်းလွန်းတယ်… တော်သေးတာပေါ့ သူဒေါသမထွက်သွားလို့… မဟုတ်လို့ကတော့ ငါတို့ရဲ့ ကုမ္ပဏီလေးက သူ့စကားတစ်ခွန်းတည်းနဲ့တင် အမှုန့်ဖြစ်သွားနိုင်တယ်….”
“ ငါလည်း နောက်ဆို ကန်သင်းက ဘာမှ ဝယ်မစားတော့ဘူး… သူ့ဆိုင်မှာပဲ သွားစားတော့မယ်…” ဟန်ဖေး ပြောလိုက်၏။
ထွက်ခွာသွားသည့် လင်းရီကို ငေးမောရင်း ရွှီးဝမ် ယခုလို တွေးတောလိုက်သည်။
'မစ္စတာလင်းက ဩဇာတိက္ကမ အရမ်းကြီးတော့ မြို့တော်ဝန်လျန်နဲ့ တန်းတူရပ်တည်နေနိုင်လောက်တယ်… ပြီးတော့ အသက်ကလည်း ငယ်ငယ်လေးဆိုတော့ ဧကန္တ မြို့တော်ဝန်လျန်ကပဲ မစ္စတာလင်းကို ပိုးပန်းနေတာများလားပဲ….'
'အဲ့တာ ဖြစ်နိုင်တယ်….'
………….
ထျန်းရန်နှင့် ဝမ်ရန်တို့ ခြံရံလျက် လင်းရီ အဆောက်အဦးအပြင်ဘက်သို့ ရောက်ရှိလာလေသည်။
" လုံးရှင်းက မားကတ်ထဲ မရောက်သေးဘူးဆိုပေမယ့် ငါတို့ အလုပ်စလုပ်လို့ရပြီ…” လင်းရီ ပြောလိုက်ပြီး “ မိုဘိုင်းဖုန်း အီကိုစစ်စတမ်ဖွံ့ဖြိုးတိုးတက်ရေးက လောလောဆယ် ထိပ်တန်းဦးစားပေးပဲ.. ဆိုတော့ ဘာအမှားမှ မလုပ်မိစေနဲ့…”
“ နားလည်ပါပြီ ဥက္ကဌလင်း….”
လင်းရီ ခေါင်းညိမ့်ကာ ညွှန်ကြားချက်တစ်ချို့ ပေးပြီးနောက် ထိုနေရာမှ မောင်းထွက်လာခဲ့လေသည်။
ယခု ဘရန်ဒွန်တို့ကို ကိုင်တွယ်ရမည့် အချိန်ပင်။
တစ်ချိန်တည်းတွင် ဘရန်ဒွန်၊ ဇက်ချ်နှင့် လူးဝစ်တို့ ဟွာရှ - အမေရိကန်သံရုံးရှေ့သို့ ရောက်ရှိနေကြ၏။
ဘရန်ဒွန်တို့ကို ဧည့်ခံရန် တာဝန်ရှိသူကတော့ လူမည်းအမျိုးသမီး ရိုလန်ပင်။ သူမ ဘရန်ဒွန်တို့ကို ပျူငှာစွာ ဧည့်ခံပြီး ဘေးခန်းမထဲသို့ ကြိုဆိုလိုက်၏။
“ နင်တို့က ဟွာရှမှာ ပညာတော်သင် ရောက်လာကြတဲ့ ကောလိပ်ကျောင်းသားတွေလား…” ရိုလန် မေးလိုက်၏။
“ အမှန်ပဲ… ကျုပ်တို့က ဟွာရှကျောင်းသားတွေရဲ့ အနိုင်ကျင့်တာကို သီးမခံနိုင်တော့လို့ ဒီရောက်လာခဲ့တာ… အဲ့ကောင်တွေက ကျုပ်တို့ရဲ့ အသက်ကိုတောင် ခြိမ်းခြောက်လာပြီးတော့မှ ကျိုးဟိုင်နိုင်ငံတကာ ကျောင်းသားများ အစည်းအရုံးကို ဖျက်သိမ်းခိုင်းနေတယ်… မစ်ရိုလန်က ဒီကိစ္စ ကူညီဖြေရှင်းပေးဦး…”
“အိုးမိုင် ဂျီးဆပ်… သူတို့တွေ တကယ်ကြီး အဲ့လိုလုပ်ရပ်မျိုး လုပ်ကြတယ်ပေါ့…” ရိုလန်၏ အမူအရာမှာ ပြင်းပြင်းထန်ထန် ပြောင်းလဲသွားခဲ့ပြီး “ ဒါက အရမ်းလွန်သွားပြီ….”
“ အမှန်ပဲ.. အရမ်းလွန်တယ်…” ဘရန်ဒွန် ပြောလိုက်ပြီး “ ကျုပ်တို့ ဒီကိစ္စ ကျောင်းကို အဆိုတင်သွင်းသေးတယ်.. ဒါပေမယ့် နားမထောင်ပေးဘူး… အဲ့ ဟွာရှန့်ကောင်တွေနဲ့ အသံတူတူပဲ… အဲ့နောက် ပညာရေး ဝန်ကြီးဌာနကို တိုင်ပြန်တော့လည်း ဘာမှ အရေးမယူပေးဘူး.. ကျုပ်တို့ အနိုင်ကျင့်ခံရတာကို လက်ပိုက်ကြည့်နေကြတယ်… ကျုပ်တို့က ဒီမှာ နေပြီး ဒီမှာ စာလာသင်နေတာလေ… ဘယ်မလဲ လူ့အခွင့်အရေးဆိုတာ…”
“ ဘာမှ မပူနဲ့ မစ္စတာဘရန်ဒွန်…” ရိုလန် ဖြောင်းဖြလိုက်ပြီး “ ငါ့ကို အသေးစိတ် အရင်ဆုံး ရှင်းပြ… ပြီးရင် ကုံလုံတဲ့ သတင်းတစ်ချို့ကို တင်ပြလိုက်မယ်ဆိုရင် ဒီကိစ္စ ကျိန်းသေပေါက် ဖြေရှင်းနိုင်မှာပဲ….”
“ ကောင်းပြီ….”
ထို့နောက် နာရီဝက်ကြာအောင် ဘရန်ဒွန်နှင့် ကျန်သူများမှ ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို စီကာပတ်ကုံး ပြောပြလိုက်သည်။
မှန်၏။ ၎င်းတို့ကတော့ အပြစ်ကင်းစင်ပြီး ခံရသူ အနေအထားမှ ရှင်းပြသွားကာ လင်းရီကိုတော့ လူသတ်ဓားပြတိုက် နိုင်ငံခြား ကျောင်းသူလေးများကို မုဒိန်းလိုက်ကျင့်နေသူကြီးပမာ ချဲ့ကား ပြောဆိုသွားခဲ့လေသည်။
“ သူတို့တွေက ပိုက်ဆံညစ်ရုံတင်မကသေးဘူး.. နိုင်ငံတကာ ကျောင်းသားတွေအပေါ် အဲ့လို ယုတ်ညံ့တဲ့ လုပ်ရပ်တွေ လုပ်နေတယ်ပေါ့… ဒီဟွာရှန့်တွေ အရမ်း တရားလွန်သွားပြီ….”
“ အဆိုးဆုံးကတော့ တီချယ်တွေနဲ့ ကျောင်းအုပ်ကြီးတွေက လုံး၀ကို မျက်ကွယ်ပြုထားတာပဲ… ကျုပ်တော့ ဟွာရှကို အတော်လေး စိတ်ကုန်နေပြီ…”
“နင်တို့ သုံးယောက် .... ဘာမှ စိတ်မပူကြနဲ့… ..” ရိုလန်ပြောလိုက်ပြီး “ ငါ ဒါတွေကို သေချာ ရေးမှတ်ထားပြီး ခု ချက်ချင်း မစ္စတာဘရောင်းဆီ တင်ပြပေးမယ်…”
“ သူက သမာသမတ်ကျတဲ့သူဆိုတော့ နင်တို့ကို သေချာပေါက် ကူညီပေးလိမ့်မယ်…”
"အဲ့လိုဆို မစ်ရိုလန်ကိုပဲ အားကိုးရတော့မယ်....."
ရိုလန် သူမ၏ မှတ်စုများကို သယ်ဆောင်ပြီး ဓာတ်လှေကားမှ တစ်ဆင့် စတုတ္ထထပ်သို့ ဦးတည်လိုက်လေသည်။
သူမ ဤအရေးကို သံရုံး ခေါင်းဆောင် မစ္စတာဘရောင်းထံ တင်ပြရမည် ဖြစ်၏။
ရုံးခန်းထဲတွင်တော့ အသားဖြူပြီး ရွှေရောင် ဆံပင်ရှိသည့် နိုင်ငံခြားသား တစ်ဦး ပြံးရွှင်စွာဖြင့် ဖုန်းပြောနေသည်။
ဘရောင်းမှာ အသက်ငါးဆယ်ထဲသို့ ရောက်နေပြီး ပြည်သူ့၀န်ထမ်း တစ်ဦးဖြစ်သော်လည်း IT ပညာရှင်များကဲ့သို့ ခေါင်းပေါ်တွင် ဆံပင်တို့က သိပ်မကျန်တော့ချေ။
"ဘာမှ စိတ်မပူပါနဲ့ မစ္စတာ Roy .. ကျုပ် သေချာ ပူးပေါင်းပေးသွားမှာပါ..."
"ကျုပ်ရဲ့ လက်ရှိရာထူးကို ထည့်မတွက်ဘူးဆိုရင်တောင် Pfizerရဲ့ အတိုင်ခံရာထူးကို အမည်ခံထားတယ်လေ.. ဆိုတော့ ဒီကိစ္စကို သေချာပေါက် တက်တက်ကြွကြွနဲ့ ဆောင်ရွက်ပေးသွားမှာမို့ စိတ်သာချထားလိုက်... "
စကားအနည်းငယ် ပြောပြီးနောက် ဘရောင်း ဖုန်းချလိုက်သည်။
ထို့နောက် လက်ကို ခေါင်းနောက်ထား၍ ထိုင်ခုံနောက်သို့ သက်တောင့်သက်သာ ရှိစွာ မှီလိုက်၏။
Pfizer နှင့် ကမ္ဘာ့ထိပ်တန်း ဆေးကုမ္ပဏီ ခြောက်ခုက အတူတကွ ပူးပေါင်းပြီး ဆေး၀ါးသုတေသန စင်တာကို ကျိုးဟိုင်တွင် တည်ထောင်မည်ဖြစ်သောကြောင့် သူ၏ ရာထူးသက်တမ်းတွင် ကြီးမားသည့် နိုင်ငံရေး အောင်မြင်မှုတစ်ခုအဖြစ် မှတ်ယူ၍ ရလေသည်။
ထိုအကြောင်း မပြောမီ သူ့အိတ်ကပ်ထဲသို့ ထည့်နိုင်မည့် ငွေပမာဏက ပို၍ ရင်ခုန်ဖို့ ကောင်းလှ၏။
ယူအက်စ်နှင့် မတူညီစွာ ဟွာရှ၌ လက်ဆောင် ပဏ္ဍာများ ပေးအပ်မှုက ပို၍ တရား၀င်ဆန်လှသည်။
၎င်းတို့က သက်ဆိုင်ရာ အဆင့်အတန်းအလိုက် ရာထူး အကြီးအကဲများကို အတိုင်ပင်ခံ အဖြစ် ခန့်အပ်ထားပြီး လာဘ်ပေးမှုကိုလည်း လစာသဘောမျိုးဖြင့် ဘဏ်အကောင့်ထဲသို့ ထည့်သွားပေးလေသည်။ အပြင်လူဘက်မှ ကြည့်မည်ဆိုပါက ယင်းကား အတိုင်ပင်ခံရာထူးအတွက် လစာငွေ ဖြစ်သော်လည်း အတွင်းဘက်မှ ကြည့်လျှင်တော့ ယင်းက လာဘ်ထိုးခြင်းပင်။
'ကြည့်ရတာတော့ ငါ လင်းရီလို့ ခေါ်တဲ့ ဟွာရှန့်နဲ့ တွေ့ဦးမှနဲ့ တူတယ်...
သူနဲ့ အဆက်အသွယ် ကောင်းကောင်းရှိထားရင် အနာဂတ်ကျ အသုံး၀င်လာနိုင်တယ်...'
ဒေါက် ဒေါက် ဒေါက် ...
"၀င်ခဲ့...."
ရိုလန် တံခါးကို တွန်းဖွင့်၍ အထဲသို့ ၀င်လာခဲ့လိုက်သည်။
"မစ္စတာဘရောင်း.. ကျွန်မတင်ပြစရာလေးရှိလို့ပါ....."
ဘရောင်း သူ၏ အမူအရာကို တည်တံ့လိုက်ပြီး "ဘာလဲ တင်ပြမှာ... ငါ့မှာ တခြား လုပ်စရာတွေ ရှိသေးတယ်... မင်းမှာ အချိန် ငါးမိနစ်ရမယ်..."
"ဒီလိုပါ မစ္စတာ ဘရောင်း..."ရိုလန် ပြောလိုက်ပြီး "ကျိုးဟိုင် ဖူတန် တက္ကသိုလ်မှာ လက်ခံနိုင်ဖွယ်ရာမရှိတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားသွားလို့ပါ... ကျွန်မတို့ရဲ့ နိုင်ငံတကာ ကျောင်းသားတွေက ဟွာရှန့် လူတစ်အုပ်စုရဲ့ အနိုင်ကျင့် ၊ အနုကြမ်း ခြိမ်းခြောက်ခြင်းကို ခံနေရပါတယ်... သူတို့က နိုင်ငံတကာ ကျောင်းသားများ အစည်းအရုံးကို ဖျက်သိမ်းပေးဖို့ ပြောနေပါတယ်... ကျွန်မအထင်တော့ ဒီကိစ္စကို ဟွာရှ အစိုးရဆီ တင်ပြပြီးတော့ ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်လို့ ထင်တယ်...."
အဆိုပါ တင်ပြမှုကို နားထောင်ပြီးနောက် ဘရောင်း သူ့လက်ထဲရှိ ဘောပင်ကို ဘေးသို့ချလိုက်ပြီး "တကယ်ကြီး အဲ့လို ဖြစ်သွားခဲ့တာလား..."
"အင်း.. တကယ်ကြီး ဖြစ်ပျက်သွားခဲ့တာ..."
ရိုလန် ပြောလိုက်ပြီး " ခု အဲ့ဒီ နိုင်ငံခြား ကျောင်းသားတွေ အောက်ထပ်မှာ စောင့်နေကြတယ်...."
သို့နှင့် ရိုလန် သူမ လက်ထဲရှိ မှတ်စုစာတမ်းကို ဘရောင်းထံ ကမ်းပေးလိုက်၏။
ဘရောင်း စာရွက်များကို လှန်လော ဖတ်ရှုရင်းနှင့် သူ၏ အမူအရာမှာ အုံ့မှိုင်းနေရာမှ တစ်ဆင့် မည်းမှောင်လာခဲ့လေသည်။
မသင်္ကာဖွယ် လူနာမည်က လင်းရီ တဲ့လား...
"အဲ့လောက်ထိ တိုက်ဆိုင်နေတာတော့ မဖြစ်နိုင်လောက်ဘူး မလား..."ဘရောင်း တီးတိုးရေရွတ်လိုက်ရင်း သူ၏ အမူအရာမှာလည်း အမျိုးမျိုး ကွဲလွဲနေလေသည်။
'ခု Pfizer နဲ့ တခြား ဆေးဝါးကုမ္ပဏီကြီးတွေက ကျိုးဟိုင်မှာဆေးဝါးသုတေသန စင်တာကို ဆောက်လုပ်ကြတော့မယ်...'
'သူတို့ရဲ့ စီးပွားဖက် ပါတနာကလည်း လင်းရီ...'
'ဒီရဲ့ သံသယဖြစ်ဖွယ် လင်းရီနဲ့ စီးပွားဖက် ပါတနာ လင်းရီက တစ်ယောက်တည်း ဖြစ်လောက်လား...'
'အဲ့လောက်ကြီး တိုက်ဆိုင်နေတာတော့ မဖြစ်နိုင်လောက်ဘူးထင်တယ်...'
ဘရောင်း မျက်မှောင်ကုတ်လိုက်ပြီး သူ မဆင်မခြင် မလှုပ်ရှားဝံ့ချေ။
အကယ်၍ နာမည်တူရုံသပ်သပ်ဆိုလျှင်တော့ ပြဿနာ ရှိလိမ့်မည် မဟုတ်သော်လည်း လူတစ်ယောက်တည်း ဆိုလျှင်တော့ ရှော့အကြီးကြီး ရှိလေသည်။
ထိုအခါ သူရမည့် ငွေများပင် ဖြတ်တောက်ခြင်း ခံရနိုင်၏။
"လာပြောတဲ့ သူတွေ ရှိနေသေးတယ်မလား..."
"ဟုတ်ကဲ့ ရှိနေပါသေးတယ်... သူတို့ခု အောက်ထပ်မှာ စောင့်နေကြတုန်းပါပဲ..."ရိုလန် ပြောလိုက်၏။
"သူတို့ကို ဘယ်မှ မသွားခိုင်းသေးနဲ့ဦး... ငါဖုန်းခေါ်ပြီးမှ ဒီကိစ္စ ဆက်ကိုင်တွယ်မယ်..."
"အိုကေ မစ္စတာဘရောင်း..."ရိုလန် ပြောလိုက်ပြီး "အဲ့တာဆို ကျွန်မ အပြင်မှာ စောင့်နေပါ့မယ်..."
ရိုလန် ထွက်ခွာသွားပြီးနောက် ဘရောင်း သူ၏ ဖုန်းထုတ်ကာ လျန်ရူရွှယ်ထံ ဖုန်းခေါ်လိုက်သည်။ လင်းရီ၏ ဖုန်းနံပါတ် ရရှိပြီးနောက် အတည်ပြုရန် လင်းရီထံသို့ ဖုန်းဆက်လိုက်လေသည်။
အကယ်၍ မတူကွဲပြားသည့် ပုဂ္ဂိုလ်တစ်ဦးစီ ဖြစ်နေသည်ဆိုလျှင်တော့ ယခုကိစ္စကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ရပေမည်။
သို့သော်လည်း ပုဂ္ဂိုလ်တစ်ဦးတည်း ဖြစ်နေလျှင်တော့ သူ ဂရုတစိုက်နှင့် ကိုင်တွယ် ဖြေရှင်းရမည်ဖြစ်၏။
အကယ်၍ သူ တစ်ဖက်လူကို မပျော်ရွှင်အောင် လုပ်မိပါက အနာဂတ်တွင် ပရောဂျက်ကို ဆောင်ရွက်ရန် ခက်ခဲနိုင်လေသည်။
"ဟယ်လို မစ္စတာလင်း... ကျွန်တော်က ဟွာရှအခြေစိုက် အမေရိကန်သံရုံးရဲ့ သံအမတ် ဘရောင်းပါ..."
"ကျွန်တော် မစ္စတာလင်းကို တစ်ခုလောက် မေးကြည့်ချင်လို့..."
"ရှေ့ရက်တွေတုန်းက အမေရိကားက ပညာတော်သင် ကျောင်းသားတစ်ချို့ ရိုက်နှက်ခံလိုက်ရတယ်... အဲ့တာက...................... "
"ဟုတ်ကဲ့ မစ္စတာလင်း... ကျွန်တော် တကယ့်ကို စိတ်မကောင်းပါဘူးဗျာ....အခု သံရုံးကို လာခဲ့ဖို့ အဆင်ပြေလားမသိဘူး... ဒီကိစ္စကို အဆင်ပြေအောင် ဆောင်ရွက်ပေးပါ့မယ်…”