ကမ္ဘာကြီးကား လှပ၏။ သို့သော် အကျွန်ုပ် ရင်ဘက်ထဲတွင်တော့ ၀မ်းနည်းမှုတို့သာ ပြည့်နှက်နေသည်။
Vol. 43 Ch. 643
လင်းရီ ဆိုင်သို့ ပြန်ရောက်လာသောအခါ မနက်ခင်းပိုင်း ထမင်းစားချိန်ကိုတောင်မှ ကျော်လွန်သွားပြီဖြစ်၏။
ထို့ပြင် သူ့ဆိုင်အ၀၌ ဂျတ်ဖာပုံးအများအပြားကို မြင်လိုက်ရတော့ လင်းရီ အံ့အားသင့်သွားခဲ့သည်။
အဆိုပါ ဂျတ်ဖာပုံးများပေါ်တွင် စွန့်ပစ်ပစ္စည်းများအတွက် မတူညီသည့် ခေါင်းစဉ်အသီးသီးကိုလည်း ရေးသားထားလေသည်။
လင်းရီ အဆိုပါ ဂျတ်ဖာပုံးများကို ဖွင့်ကြည့်လိုက်၏။ အချို့ဂျတ်ဖာပုံးများထဲတွင် ပလတ်စတစ်ဘူးခွံများ ၊ စာအုပ်အဟောင်းများ နှင့် သတင်းစာစက္ကူများ ရှိနေပြီး အချို့ပုံးများထဲတွင်တော့ အင်္ကျီအစုတ်များ ထည့်ထားလေသည်။ သို့သော်လည်း ပြန်လည် ၀တ်ဆင်ရန် အဆင်ပြေနေဆဲပင်။
လင်းရီ မေးစေ့ပွတ်ရင်း စဉ်းစားကြည့်လိုက်၏။ ကျီချင်းရန်မှလွဲ၍ သူ၏ ဆိုင်ပေါက်၀တွင် ယခုလို ပစ္စည်းများ လာထားဝံ့သည့် သတ္တိရှိလိမ့်မည် မဟုတ်ချေ။
ထိုအကြောင်းတွေးတောရင်း လင်းရီ သူမထံ ဖုန်းခေါ်ကြည့်လိုက်လေသည်။
"ချင်းရန် ... မင်း ဆိုင်ရှေ့မှာ ဂျတ်ဖာပုံးတွေ လာချထားသေးလား..."
"အွန်း အွန်း .. ငါ တစ်ယောက်ယောက်ကို ပို့ခိုင်းထားတာလေ..အဲ့လိုဆို သူတို့လည်း ပစ္စည်းတွေ အများကြီး ရတာပေါ့... "ကျီချင်းရန် ပြောလိုက်ပြီး "ငါ ဒီနေ့ အလုပ်သိပ်မများဘူး.. ခနနေကျ လာခဲ့မယ်...."
"အိုကေလေ..."
နေ့လည်ပိုင်းတွင် လူမကျသောကြောင့် လင်းရီ ဆိုင်ထဲတွင် တောင်တွေး မြောက်တွေးဖြင့် အချိန်ဖြုန်းနေသည်။
သူ နေ့တိုင်း ဒီလိုမျိုးပဲ သွားနေမယ်ဆိုရင် စနစ်ရဲ့ အန္တိမ မစ်ရှင်က ဘယ်အချိန်ကျမှ ရောက်လာခဲ့မှာ...
မွန်းလွဲပိုင်းတွင်တော့ လင်းရီ အလုပ်များနေစဉ် ကျီချင်းရန် ရောက်လာခဲ့၏။
"ရီ .. မြန်မြန်လာဦး.. ဒီမှာ ငါတို့ ပစ္စည်းတွေ အများကြီး ရထားတယ်.. အကုန်လုံး စုရောင်းလိုက်ရင် ယွမ် တစ်ရာလောက်တော့ ရမယ်ထင်တာပဲ...."
လင်းရီ ပျော်မြူးနေသည့် ကျီချင်းရန်ကို ကြည့်ရင်း ငိုရအခက် ရယ်ရအခက် ဖြစ်သွားခဲ့၏။
"ဘယ်ကတ္ထူတွေက အဲ့လောက် တန်ဖိုးကြီးသွားတာ... ပြောစမ်းပါဦး... ငါလည်း အဲ့တာတွေ သွားကောက်ချင်လို့...."
"ဟင်.. ဒီလောက် အများကြီးကိုတောင်မှ ယွမ် ၁၀၀ မရနိုင်ဘူးပေါ့...."
"အများဆုံးရ ယွမ် ၂၀ပဲ..."
"မဖြစ်နိုင်တာ.. အဲ့လောက် နည်းနည်းလေးတည်းလား...."
"ဒါတွေက တန်ကြေး ဘယ်လောက်ရှိမှာမို့လို့... မင်း ခြေအိတ်တစ်စုံတောင် ၀ယ်လို့ မရဘူး..."
ကျီချင်းရန် လင်းရီနောက်သို့ လိုက်ရင်း မီးဖိုချောင်ထဲသို့ ရောက်လာကာ ၀မ်းနည်းနေသည့် လေသံဖြင့် " ဒါဆို သူတို့ရဲ့ တစ်နေ့ ၀င်ငွေက ယွမ် တစ်ရာတောင် မရှိဘူးပေါ့နော်..."
"ဘယ်ပြောတတ်မှာ.. တကယ်လို့ ကြင်နာတတ်တဲ့သူတွေနဲ့ တွေ့ရင် ပိုရတာမျိုးလည်း ဖြစ်နိုင်တာပဲလေ...."
"ဒါပေမယ့် ယွမ်တစ်ရာဖိုး ရောင်းရတယ်ထားဦး... ကျိုးဟိုင်လို နေရာမျိုးမှာ ရှင်သန်နိုင်ဖို့ ဆိုတာ တကယ်မလွယ်ဘူး..."
"ပြောပြီးပြီလေ... အဲ့ဒါက လောကနိယာမပဲလို့... တစ်ချို့ ကိစ္စတွေက ငါတို့ ကူညီလို့ မရဘူး..."
"ဒါဆို ငါ တုန်းတုန်းကို ကျောင်းထားပေးပြီး သူတို့ နှစ်ယောက် နေဖို့ အိမ်တစ်လုံး ပေးလိုက်မယ်ဆိုရင်ကော ... "
လင်းရီ ကျီချင်းရန်၏ ချစ်စဖွယ်မျက်နှာကို ဖျစ်ညစ်လိုက်ပြီး "ကူညီပေးတာကတော့ ကောင်းပါတယ်... ဒါပေမယ့် ပြဿနာက မင်း ဒီထက်ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ လိုတယ်..."လင်းရီ ပြောလိုက်ပြီး "မင်းထင်နေတာ တုန်းတုန်းတို့ မြေးအဘွားတွေရဲ့ ဘ၀က အရမ်းသနားစရာ ကောင်းတယ်လို့ ထင်နေတာမလား... ဒါပေမယ့် စစ်မှန်တဲ့ လောကကြီးမှာ သူတို့ထက်ပိုဆိုးရွားနေတဲ့သူတွေ အများကြီး ရှိသေးတယ်... ငါတို့တွေ ဘယ်လောက်ပဲ ချမ်းသာနေပါစေ လူတိုင်းကိုတော့ ကူညီပေးလို့ မရဘူးလေ..."
"မကြီး..."
လင်းရီနှင့် ကျီချင်းရန်တို့ စကားပြောနေစဉ်တွင် အပြင်ဘက် တံခါး၀မှ ခေါင်းလုံးလုံးလေးတစ်ခုမှာ ပြူထွက်လာခဲ့၏။
ကျီချင်းရန် မီးဖိုချောင်ထဲမှ ထွက်လာခဲ့သောအခါ ၀မ်တုန်းတုန်းဖြစ်နေကြောင်း တွေ့လိုက်ရ၏။
"တုန်းတုန်းတောင် ရောက်လာပြီကိုး..."
၀မ်တုန်းတုန်းကို မြင်တော့ ကျီချင်းရန် သူ့ကို အထဲသို့ ခေါ်လိုက်သည်။
"တစ်ယောက်တည်းလား.. အဘွားကော..."
"အဘွားက ကျောင်းမှာ ရေဘူးခွံတွေ ကောက်နေတာလေ... ပြီးမှ လိုက်လာခဲ့မယ်တဲ့...."
"သွားစို့.. ဒီမမက နင့်ကို မီးဖိုချောင်ထဲမှာ အရသာရှိတာတွေ စားဖို့ ခေါ်သွားပေးမယ်. "
"ဟီးဟီး..."
၀မ်တုန်းတုန်း ဖြူစင်စွာ ပြုံးလိုက်ပြီး "မကြီး.. သား ဗိုက်မဆာသေးဘူး...သား မကြီးကို ပေးစရာရှိလို့..."
"အမ်... ဘာလဲ ပေးမှာ..."
၀မ်တုန်းတုန်း စိတ်လှုပ်ရှားစွာဖြင့် သူ့အိတ်ကပ်ထဲမှ ပန်းသီးနှစ်လုံး ထုတ်ယူလိုက်ပြီး "သားတို့ ခုနလေးတင် ကတ္ထူတွေ ရောင်းခဲ့တာလေ.. လမ်းမှာ ပန်းသီးတွေ ရောင်းနေတာတွေ့တော့ အဘွားက ၀ယ်ပြီး မကြီးတို့ကို ပေးခိုင်းလိုက်တာ..."
အနှီပန်းသီးလေးများကား မကြီးမားပေ။ သူ့လက်သီးဆုပ်လေးများထက်ပင် သေးငယ်နေပါသေးသည်။
စူပါမားကတ်သို့ မကြာခဏ ဈေး၀ယ်ထွက်လေ့ရှိသည့် ကျီချင်းရန်အတွက်တော့ ယင်းပန်းသီးများက ဈေးအပေါဆုံးဖြစ်ကြောင်း ပြောနိုင်လေသည်။
သို့သော်လည်း အဆိုပါ ပန်းသီးနှစ်လုံးကို ကြည့်ရင်း သူမရင်ထဲ၌ ၎င်းတို့က အဖိုးမဖြတ်နိုင်သည့် ပန်းသီးလေးများအလား ခံစားလိုက်ရ၏။
"ကလေး.. နင်ကိုယ့်ဘာကိုယ်ပဲ သိမ်းထားလိုက်နော်..."ကျီချင်းရန် မျက်ရည်များဆည်ရင်း ပြောလိုက်ပြီး "မမက...."
ကျီချင်းရန် စကားမဆုံးမီ သူမ ပခုံးများ တင်းကျပ်သွားကြောင်း ခံစားလိုက်ရ၏။ လင်းရီသူမကို လာဖက်ပြီး ဆက်ပြောမည့် စကားလုံးများကို ရပ်တန့်သွားစေသည်။
လင်းရီ ပန်းသီး နှစ်လုံးကို ယူလိုက်ပြီး တစ်ကိုက်ကိုက်လိုက်၏။
"အင်း အတော်လေးချိုတယ်.. စားကြည့်ကြည့်..."
ထိုအခါမှသာ ကျီချင်းရန် လင်းရီ၏ ဆိုလိုရင်းကို နားလည်သွားခဲ့လေသည်။ သူမလည်း သေးသေးလေး တစ်ကိုက် ကိုက်လိုက်၏။
သွားကျိန်းမတက် ချဉ်စူးသည့် အရသာမှာ ထွက်ပေါ်လာပြီး မျိုချရန်ပင် ခဲယဉ်းလွန်းလှသည်။
"အွန်း ကောင်းတယ်နော်... ဟိုအရင်တစ်ခါ ၀ယ်လာခဲ့တာထက်တောင် ကောင်းသေးတယ်...."
"ဟီးဟီး...."
၀မ်တုန်းတုန်း ပျော်ရွှင်စွာ ရယ်မောလိုက်၏။ သို့သော်လည်း တစ်ခွန်းမျှတော့ ပြန်မပြောချေ။ ထိုသို့ ရယ်မောနေရင်း သူ၏ မျက်၀န်းများက ကျေနပ်အားရ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေလေသည်။
၀မ်တုန်းတုန်း ပျော်မြူးနေသည်ကို မြင်တော့ ကျီချင်းရန်လည်း ပြုံးလိုက်၏။
သို့သော် သူမ နှလုံးသားကတော့ ပန်းသီးထက်ပင် ချဉ်စူးနေခဲ့သည်။
'မိုးနတ်မင်းကြီး .. အလိုရမ္မက် နည်းနည်းလေးတောင် မရှိတဲ့ ကလေးက ဘာလို့ ဒီလိုခါးသီးမှုတွေကို တွေ့ကြုံနေရတာလဲဟင်...'
သူမ ကျန်သည့် ပန်းသီးလေးကို အိတ်ထဲသို့ ထည့်လိုက်၏။
ထို့နောက် ကိုယ်ကို ကိုင်းကာ ၀မ်တုန်းတုန်း၏ ခေါင်းကို ခပ်ဖွဖွ ပွတ်လိုက်ပြီး "သွားစို့.. မမက နင့်ကို ပစ္စည်းကောင်းတွေ လိုက်ပြပေးမယ်.... "
"ဘယ်လို ပစ္စည်းကောင်းလဲ....."
"မမက တုန်းတုန်း အတွက် ပစ္စည်းတွေ စုထားပေးတယ်လေ... ခနနေကျရင် တူတူသွားရောင်းကြမယ်...."
"ဝါး... ဒါတွေအကုန်လုံးက သားကို ပေးမှာပေါ့နော်.... "
၀မ်တုန်းတုန်း မျက်၀န်းတို့ ပြူးကျယ်နေကာ ၀မ်းသာ ပျော်ရွှင်မှုတို့ ချုပ်ထိန်းမရတော့ချေ။
သူ၏ မျက်လုံးထဲတွင်တော့ ပလတ်စတစ်ဘူးများနှင့် သတင်းစာစက္ကူများက ပိုက်ဆံများပင်။ ကမ္ဘာပေါ်ရှိ မည်သည့်အရာအားလုံးထက်ပင် တန်ကြေးရှိလေသည်။
"ဒါပေါ့.. သွာစို့.. မမနင့်ကို ကြည့်ဖို့ ခေါ်သွားပေးမယ်... "
"ငါလည်း သိမ်းကူပေးမယ်..."
လင်းရီ ဆိုင်ပိတ်လိုက်ပြီး ၀မ်တုန်းတုန်းကို ကူညီ၍ သူစုစည်းထားသည့် စွန့်ပစ်ပစ္စည်းများကို အိတ်ထဲသို့ ကူထည့်ပေးလိုက်၏။ အားလုံး ထည့်ပြီးသောအခါ ဧရာမအိတ်ကြီးနှင့် နှစ်လုံး အပြည့်ဖြစ်သွားလေသည်။
"ငါ့ကားယူသွားလိုက်လေ... နင့်ကားက ထိုင်ခုံနှစ်ခုထဲရှိတာ... ဒီပစ္စည်းတွေ သယ်ဖို့ဆို လွယ်မှာ မဟုတ်ဘူး..."
၀မ်တုန်းတုန်း တစ်ယောက်တည်း သယ်သွားပါက ခေါက်တုံ့ခေါက်ပြန် သယ်ရမည် ဖြစ်သောကြောင့် လင်းရီကားနှင့် ကူသယ်ပေးရန် ဆုံးဖြတ်လိုက်၏။
"အင်း..."
လင်းရီနှင့် ကျီချင်းရန်တို့ စွန့်ပစ်ပစ္စည်းများ ထည့်ထားသည့် အိတ်နှစ်လုံးကို မာစီးတီးထဲသို့ ထည့်လိုက်ကြသည်။
၎င်းကို ဖြတ်သွားဖြတ်လာများ မြင်တော့ ရှော့ခ်ရသွားခဲ့ကြ၏။
ဒီလူတွေက မာစီးတီးနဲ့ ကတ္ထူ သွားရောင်းကြမလို့တဲ့လားဟ...
တကယ်ပါပဲ.. ချမ်းသာတဲ့သူတွေရဲ့ အတွေးကိုတော့ ငါ လိုက်မမှီတော့ဘူး....
ကျီချင်းရန်၏ ကားထဲတွင် ထိုင်နေရင်း ၀မ်တုန်းတုန်း ကျောက်ရုပ်ကဲ့သို့ ဖြစ်နေကာ တစ်ခုခု ပွန်းပဲ့ထိခိုက်သွားမည်ကို စိုးရွံ့နေရှာသည်။
"ဘာလို့ အဲ့လောက်ထိ စိတ်လှုပ်ရှားနေတာ..."ကျီချင်းရန် ပြောလိုက်၏။
"သား ဒီလိုကားမျိုး စီးဖူးတာ ပထမဆုံးပဲ...တစ်ခုခု ဖျက်ဆီးမိမှာ ကြောက်လို့... "
"အဆင်ပြေပါတယ်... ဒါက မင်း မမရဲ့ကားလေ... ပုံမှန်အတိုင်းပဲနေ.. မဟုတ်ရင် မမ စိတ်မကောင်း ဖြစ်မိလိမ့်မယ်...."
"ဟုတ်ကဲ့ မကြီး..."
၀မ်တုန်းတုန်း၏ ဦးဆောင်လမ်းပြမှုအောက်တွင် လင်းရီ ရပ်ကွက်ဟောင်းလေး တစ်ခုစီသို့ ရောက်ရှိလာလေသည်။ ရပ်ကွက်၏ အတွင်းဘက်အကျဆုံးပိုင်းတွင်တော့ တံခါးဖွင့်ထားသည့် ဂိုဒေါင်တစ်ခု ရှိ၏။
စွန့်ပစ်အမှိုက်များကို သိမ်းဆည်းသည့် နေရာပင်။ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးမှ အပေါက်၀တွင် ကတ္တူများကို သေချာထုပ်ပိုးရင်း ထရပ်ပေါ်သို့ တင်နေကြလေသည်။
မာစီးတီး ရောက်လာသည်ကို မြင်တော့ အမျိုးသားနှင့် အမျိုးသမီးမှာ ၎င်းတို့ လုပ်နေသည့် အလုပ်များကို ရပ်တန့်လိုက်ကြ၏။ ယခုလို ကားအကောင်းစားကြီးက ဘာလုပ်ဖို့ ရောက်လာလဲဆိုတာ သူတိူ့ မသိချေ။
"ဦးကြီးလီ... သားတို့ ကတ္ထူလာရောင်းတာ...."
ကားရပ်ပြီးနောက် ၀မ်တုန်းတုန်း အရင်ပြေးထွက်သွားခဲ့သည်။ သူနှင့်အတူ အိတ်ကြီး နှစ်အိတ်ကိုပင် ဆွဲထုတ်သွားခဲ့၏။
"ကားနဲ့ ရောက်လာပြီး ကတ္ထူလာရောင်းတယ်ပေါ့.. ရောင်းရတဲ့ ငွေက သူတို့ ဆီဖိုးတောင် ပြန်ရပါ့မလားဟ..."
၀မ်တုန်းတုန်း အနည်းငယ် မလွယ်ကူသည့် ပုံစံ ပေါက်နေပြီး "ကိုကြီးနဲ့ မကြီးက ခေါ်လာခဲ့ပေးတာလေ..."
"သူဌေး.. ကျွန်မတို့ကို ဒါဘယ်လောက် ပေးမလဲ တစ်ချက်တွက်ပေးဦး..."ကျီချင်းရန် ကားထဲမှ ထွက်လာပြီး ပြောလိုက်၏။
ဦးကြီးလီဆိုသူမှာ ကျီချင်းရန်ကို မြင်တော့ မျက်နှာ နီရဲသွားခဲ့၏။ အသက်ရှင်လာသည့် သက်တမ်းတစ်လျှောက် ယခုလို လှပသည့် မိန်းကလေးမျိုးမှ သူ့အား စကားလာပြောသည်ကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းပင်။
"ကျုပ်လည်း တုန်းတုန်းနဲ့ သိတယ်.. သူ နေ့တိုင်း လာရောင်းနေကြ.. ဆိုတော့ မချိန်ကြည့်တော့ဘူး... ဒီတိုင်း ၂၅ ယွမ်ပဲ ပေးလိုက်မယ်.. အဆင်ပြေလား..."
လင်းရီ၏ အမြင်တွင်တော့ ယခု ပစ္စည်းများကား ယွမ် ၂၀ ရလျှင်ပင် လုံလောက်နေပြီး ဖြစ်၏။ တစ်ဖက်သူမှ ၂၅ ယွမ် ကမ်းလှမ်းလာသည့်အတွက် ငြင်းဆိုရန် အကြောင်း မရှိချေ။
"တုန်းတုန်း.. နင် ဘယ်လိုထင်လဲ..."ကျီချင်းရန် မေးလိုက်၏။
"အွန်း ကောင်းတယ်.. အရမ်းတောင် များနေပြီ..."
ဦးလေးလီဆိုသူမှာ သူ၏ အိတ်ကပ်ထဲမှ ဟောင်းနွမ်းသည့် ယွမ်တန် ၂၅ ယွမ်ကို ထုတ်ယူလိုက်ပြီး ၀မ်တုန်းတုန်းကို ကမ်းပေးလိုက်၏။
"ဦးကြီးလီ.. ဒေါ်ကြီး၀မ်.. သား သွားပြီနော..."
"ရီ သွားကြစို့.. ဟိုကောင်စုတ်လေးတောင် ကားထဲ ရောက်နေပြီ..."
"ဟီးဟီး...."
သုံးယောက်သား ကားထဲသို့ ၀င်လိုက်ကြပြီး ဆိုင်သို့ ပြန်လာခဲ့ကြလေသည်။
ကျီချင်းရန် ၀မ်တုန်းတုန်း၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး "ဗိုက်ဆာနေပြီလား.. ဆာရင် နင့်အစ်ကိုကြီးကို တစ်ခုခု လုပ်ခိုင်းလိုက်လေ..."
"မဆာပါဘူးဗျ.. သား ကျောင်းပြန်သွားပြီး အဘွားကို သတင်းကောင်း ပြန်ပြောပြရမယ်...."
"အဲ့တာဆို ခဏစောင့်..."
ကျီချင်းရန် မီးဖိုချောင်ထဲသို့ ၀င်သွားခဲ့ပြီး ၀က်ပေါ်ခြောက်နှင့် အသီးတစ်ချို့ ယူလာခဲ့ကာ ၀မ်တုန်းတုန်း လက်ထဲ ထည့်ပေးလိုက်ပြီး "လမ်းမှာ ဗိုက်ဆာရင် စားဖို့ ယူသွားလိုက်..."
"မင်း အစ်ကိုကြီးနဲ့ မမက ဆိုင်မှာ စောင့်နေမယ်.. အဘွားကော ခေါ်လာပြီး ဒီည ညစာလာစားနော်..."
"ဟုတ် ကိုကြီးနဲ့ မကြီးတို့ ကျေးဇူးပါဗျ...."
နှစ်ယောက်ကို အရိုအသေ ပေးပြီးနောက် ၀မ်တုန်းတုန်း စိတ်လှုပ်ရှားစွာဖြင့် အပြင်သို့ ထွက်ခွာ သွားခဲ့လေသည်။
သူ့အတွက်တော့ အပေါင်းအသင်းများက ပဓာန မဟုတ်ပဲ ၂၅ ယွမ်ကို လက်ထဲ ကျစ်ကျစ်ပါအောင် ဆုပ်လျက် သူ၏ အဘွားထံ အပြေး အပ်ချင်နေတော့သည်။
ဆိုင်သို့ ပြန်ရောက်ပြီးနောက် ကျီချင်းရန် ပြန်လည် အသုံးပြုနိုင်သည့် ပစ္စည်းများရှိပါက ဆိုင်တွင် ယူလာပေးရန် ဆိုင်းဘုတ်တစ်ခု ရေးထားလိုက်သည်။
အနီးရှိ တက္ကသိုလ်ကျောင်းသားများမှ ပြန်လည် အသုံးပြုနိုင်သည့် စွန့်ပစ်ပစ္စည်းများကို ဂျတ်ဖာပုံးများထဲသို့ ထည့်ပေးနိုင်ပြီး မြေးအဘွားနှစ်ယောက်ကို တတ်နိုင်သမျှ ကူညီပေးဖို့ရာ မျှော်လင့်နေမိလေသည်။
ည ဆယ်နာရီ ၀န်းကျင်သို့ ရောက်သောအခါ ဆိုင်ထဲ၌ ကတ်စတန်မာများ အလာကျဲသွားပြီး အမယ်အိုကြီးနှင့် ၀မ်တုန်းတုန်းတို့ တိတ်ဆိတ်စွာဖြင့် အပြင်မှ ရောက်လာလေသည်။
"တူမလေး.. ဆိုင်ထဲမှာ ဧည့်သည်တွေ မရှိတော့ဘူးမလား..."
"ရှိလည်း ဘာဖြစ်တုန်း အဘွားရဲ့.. လာခဲ့ လာခဲ့.."
ဆိုင်သို့ နောက်တစ်ကြိမ် ပြန်လာသည့် အချိန်တွင်တော့ မြေးအဘွား နှစ်ယောက်မှာ ပထမ တစ်ကြိမ်ကကဲ့သို့ သူစိမ်းဆန်မနေတော့ချေ။
ထိုအချင်းအရာက ၀မ်တုန်းတုန်း အတွက် ပြောလျှင် ပိုမှန်ပေမည်။ လင်းရီတို့နှင့် ရင်းနှီးနေပြီး စကားပြောဆိုရာတွင်လည်း ယခင်ကကဲ့သို့ ကြောက်တတ် ရှက်ရွံ့မနေတော့ချေ။
"မကြီး .. လာလာ ..."
၀မ်တုန်းတုန်း တံခါး၀၌ ရပ်နေပြီး ကျီချင်းရန်၏ လက်ကို ဆန်းကြယ်သည့် အပြုံးဖြင့် ဆွဲလိုက်၏။
"ဘာလဲ... မမကို လျှို့ ဝှက်ချက်တွေ ပြောပြချင်နေလို့လား..."ကျီချင်းရန် အပြုံးလေးဖြင့် မေးလိုက်၏။
"အိုက်ယား.. မကြီးကလည်း မြန်မြန်လာခဲ့ပါဆိုနေ....."
" မင်း ကောင်စုတ်လေးကတော့ .. ငယ်ငယ်လေး ရှိသေးတာ ငါ့ကောင်မလေးကို ကလူကျီစယ်ချင်နေပြီပေါ့...."လင်းရီ ပြုံးလိုက်၏။
"ကလေးကို ခြောက်လန့်မနေနဲ့.. သွား .. ထမင်းသွားချက်တော့..."
၀မ်တုန်းတုန်းမှ အလှမ်းမဝေးသည့် တစ်နေရာ၌ ရပ်နေပြီး ကျီချင်းရန်ကို ပြုံးလျက်ကြည့်ကာ သူ၏ လက်ချောင်းများကို ရှက်ရွံ့စွာဖြင့် ပူးကပ်တွန့်လိမ်လိုက်ပြီး "မကြီး.. မြန်မြန်လာခဲ့လို့..."
ကျီချင်းရန် ၀မ်တုန်းတုန်းထံ လျှောက်သွားလိုက်ပြီး အရပ်တန်းတူ ဖြစ်အောင် ထိုင်လိုက်ကာ "မမကို ဘာလျှို့ဝှက်ချက်တွေ ပြောပြမလို့..."
၀မ်တုန်းတုန်း လင်းရီ တစ်ချက်ခိုးကြည့်လိုက်ပြီး တစ်ဖက်သို့လှည့်ကာ လင်းရီ၏ မြင်ကွင်းကို ပိတ်ဆို့ထားလိုက်၏။
"မကြီး.. မျက်လုံးမှိတ်လိုက်...."
"အိုကေ.. မှိတ်ထားပြီနော်...."
၀မ်တုန်းတုန်း သူ့အိတ်ကပ်ထဲသို့ လှန်လောရှာဖွေရင်း အချိန်အတော်ကြာပြီးနောက် "မကြီး ဖွင့်ကြည့်လိုက်တော့..."
သူမ ဖွင့်ကြည့်လိုက်သောအခါ ၀မ်တုန်းတုန်း လက်ထဲ၌ တုတ်ထိုးချိုချဉ်တစ်လုံး ကိုင်ထားသည်ကို မြင်တွေ့လိုက်ရ၏။
"ဒါက မကြီးကို သားက ပေးတာ..."
ကျီချင်းရန် ထိုသကြားလုံးလေးကို လက်ခံလိုက်တော့ ၀မ်တုန်းတုန်း မျက်နှာထက်၌ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်သွားခဲ့လေသည်။
"တကယ်ကြီး မမကို ပေးတာလား..."
"အွန်း အွန်း..." မယုံမှာစိုးသည့်အတွက် ၀မ်တုန်းတုန်း လေးပင်စွာ ခေါင်းညိမ့်ပြလိုက်၏။
"ဒါဆို ဘာလို့ သကြားလုံး ပေးတာ...."
"သားတို့ ဒီနေ့ ဘတ်စကတ်ဘောကွင်းမှာ ရေဘူးခွံတွေ ကောက်တုန်းက ကိုကြီးတစ်ယောက်က ချိုချဉ်၀ယ်ပြီး တခြား မကြီး တစ်ယောက်ကို ပေးလိုက်တယ်လေ.. အဲ့ဒီ မကြီးလည်း ချိုချဉ်စားပြီးတော့ ပျော်သွားရော... ဒါကြောင့်မို့ သားလည်း မကြီးကို ချိုချဉ်၀ယ်လာပေးတာ... "
ကျီချင်းရန် ၀မ်တုန်းတုန်းကို ကြည့်ရင်း ငိုရအခက် ရယ်ရအခက် ဖြစ်နေလေသည်။
သူမမှာ အသက် နှစ်ဆယ်ကျော်နေပြီး ဖြစ်သော်လည်း အနှီကောင်ငယ်လေးက သူမအား ပရောပရည် လုပ်နေသည်ဆိုတော့ ကြီးပြင်းလာသည့် အချိန်၌ မည်သို့ ဖြစ်လိမ့်မည်နည်း။