လူ့လောကကြီးက ခါးသီးလွန်းပါတယ်ကွယ်... အဘွားနောက်တစ်ကြိမ် ထပ်မလာပါရစေနဲ့...
Vol. 43 Ch. 644
တုတ်ထိုးချိုချဉ်လေးမှာ အဖိုးမထိုက်သော်လည်း ကျီချင်းရန် ရင်ထဲတွင်တော့ ၀မ်းသာကြည်နူးမှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။
ပန်းသီး၊ တုတ်ထိုးချိုချဉ် အစရှိသဖြင့် လက်ဆောင်သေးသေးလေးများ တစ်ခုပြီးတစ်ခု ရောက်လာပြီး လင်းရီ စနောက်သည်ထက်ပင် ပို၍ စိတ်၀င်စားဖို့ ကောင်းနေတော့၏။
များမကြာမီ လင်းရီ ဟင်းနှစ်ပွဲ၊ ခေါက်ဆွဲနှစ်ပန်းကန်ဖြင့် မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။
တစ်ချိန်လုံး ဥထမင်းကြော်စားရင်း ငြီးငွေ့နေမှာ စိုးသောကြောင့် အပြောင်းအလဲ ဖြစ်သွားအောင် လင်းရီ ယနေ့ ဟင်းလျာကို ပြောင်းလဲလိုက်လေသည်။
"စားပြီးရင် အဘွားတို့ ပစ္စည်းတွေ ဆိုင်ထဲ ထည့်ခဲ့လိုက်.. မနက်ဖြန် သွားရောင်းတဲ့ အချိန်ကျရင် ကျွန်တော် ကားမောင်းပြီးတော့ လိုက်ပို့ပေးမယ်... တစ်ယောက်တည်း မသွားနဲ့..."လင်းရီ ပြောလိုက်၏။
"ရတယ် လူလေး .. မလုပ်နဲ့... "အမယ်အိုကြီးမှ အလျင်စလို ငြင်းဆန်လိုက်ပြီး "အဘွားတို့ ကိုယ့်ဘာကိုယ် လုပ်လို့ရတယ်.... လူလေးတို့ကိုပဲ မှီခိုနေလို့မှ မဖြစ်တာ... အဘွားတို့ အဲ့လောက်ထိ အရေမထူနိုင်ဘူး... "
"ဘာဖြစ်တာမှတ်လို့.. မောင်းပို့ပေးတာ ဘယ်လောက်မှ မကြာပါဘူး..."
"မဖြစ်ဘူး မဖြစ်ဘူး.. အဘွားတို့ကိုယ့်ပါကိုယ် လုပ်လိုက်မယ်..."အမယ်အိုကြီးမှ မျက်လုံးမှေးကျဉ်းသွားပြီး အနည်းငယ် ကူကယ်ရာမဲ့နေသော်လည်း ထိုသို့ ပြောဖော်ရသည့်အတွက် ပျော်ရွှင်နေဆဲပင်။
"ကောင်းပြီလေ.. အဲ့တာဆိုလည်း အဘွား လိုအပ်တာရှိရင် ကျွန်တော့်ကို ပြော .. ဘာမှ အားမနာနဲ့... "
"ကျေးဇူးပါကွယ်... လူကောင်းတွေကို နတ်ကောင်းတွေက ဆောင်မပါလိမ့်မယ်..."
ဆိုင်ထဲရှိ လေထုမှာ အင်မတန်နွေးထွေးနေပြီး မြေးအဘွားနှစ်ယောက်မှ လင်းရီ ချက်ပြုတ်ထားသည်များကို ပြုံးပျော်ရွှင်စွာနှင့် စားသောက်နေသည်ကို မြင်တော့ ကျီချင်းရန် မေးလေးထောက်လျက် ကြည့်နေလိုက်၏။
သူမ အနာဂတ်တွင် လိုအပ်သူများကို အကူအညီပေးသင့်သည်ဟု ခံစားနေရသည်။ ယင်းကလည်း သူမအတွက် ဒါနပြုခြင်း တစ်မျိုးပင်။
........
နောက်ထပ် ရက်သတ္တပတ် တစ်ခုကြာသည်အထိ လင်းရီနှင့် ကျီချင်းရန်တို့၏ နေ့စဉ်ဘ၀မှာ ထွေထူး ပြောင်းလဲသွားခြင်း မရှိချေ။
လုံရှင်း၏ အလုပ်ကိစ္စများမှာလည်း သူ့လမ်းကြောင်းနှင့်သူ ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်းနေလေသည်။ထိုအထဲတွင် လျန်ရူရွှယ်၏ ပံ့ပိုး ကူညီမှုများလည်း ပါ၀င်ပေသည်။
ထို့ပြင် လင်းရီ လျန်ရူရွှယ်ထံမှ အဘယ်ကြောင့် သံအမတ် ဘရောင်းမှ သူ့ကို ရိုရိုကျိုးကျိုးနှင့် ဆက်ဆံနေရလဲဆိုတာ သိလိုက်ရ၏။
အကြောင်းမူကား သုတေသန စင်တာ ပရောဂျက်မှာ စတင် အကောင်ထည် ဖော်နေပြီး သံအမတ်တစ်ဦးအနေဖြင့် ဘရောင်းမှာ နှစ်ဦးနှစ်ဖက်ကို ဆက်သွယ်ပေးကာ ထိုအချင်းအရာမှတစ်ဆင့် အကျိုးအမြတ်များစွာကို ရရှိနိုင်လေသည်။ ထို့ကြောင့် လင်းရီဘက်မှ ရပ်တည်ပေးသည်က မထူးဆန်းပေ။
အဆိုပါကိစ္စကို ကြားသိလိုက်တော့ လင်းရီ အတော်လေး ကျေနပ်သွားခဲ့၏။ စက်မှုလုပ်ငန်းရှင်တစ်ဦး ဖြစ်ရသည်ကလည်း ၎င်း၏ အားသာချက်များ ရှိသည့် ပုံပင်။
ငွေနဲ့သာဆို မင်းက ဆရာကြီးပဲ... လူတိုင်းက မင်းရဲ့ စကားကို နားထောင်ပေးလိမ့်မယ်...
ယခု တစ်ပတ်အတွင်း လင်းရီ၏ ဆိုင်မှာ နေ့တိုင်းနီးပါး ဆယ့်တစ် ၀န်းကျင်လောက်မှ ပိတ်ဖြစ်၏။
နေ့စဉ်နေ့တိုင်း ၀မ်တုန်းတုန်းတို့ မြေးအဘွား နှစ်ယောက် ညစာ လာစားပြီးမှသာ ဆိုင်ပိတ်လေသည်။
ရက်အနည်းငယ်အတွင်း ၀မ်တုန်းတုန်း၏ ဝိတ်လေးပင် တက်လာခဲ့၏။ လင်းရီနှင့် ကျီချင်းရန်တို့လည်း တဖြည်းဖြည်းနှင့် အမယ်အိုကြီး၏ နာမည်ကို သိလိုက်ရလေသည်။
အမယ်အိုကြီး၏ နာမည်ကား ပန်ရှိုးဟွာပင်။ သူတို့ခေတ် သူတို့အခါတွင် နာမည်ကောင်းတစ်ခုဟု ဆိုထိုက်သော်ငြား ယနေ့ခေတ်တွင်တော့ ဒိတ်အောက်နေသည့် နာမည်တစ်ခုပင်။
ဤအချိန်ကာလအတွင်း ၀မ်တုန်းတုန်း၊ ကျီချင်းရန်နှင့် လင်းရီတို့မှာ ပို၍ နီးကပ်လာကြပြီး လင်းရီ သူမကို အနိုင်ကျင့်သည့် အခါ၌ပင် ၀မ်တုန်းတုန်းက သူမဘက်မှ ကူပြောပေးတတ်၏။
ကျီချင်းရန်၏ အချစ်ဆုံး သူငယ်ချင်း ဖြစ်သည့် ဟော်ယွမ်ယွမ်လည်း ဆိုင်တွင် အထူး ကတ်စတန်မာ နှစ်ယောက်ရှိကြောင်း သိထားလေသည်။
တစ်ခါတစ်ရံ သူမက အရှက်ကင်းမဲ့စွာဖြင့် ၀မ်တုန်းတုန်းထံမှ ချိုချဉ်များ ညစ်စားတတ်သေး၏။
လူတို့၏ ကိုယ်ကျင့်တရားတို့ကား တစ်နေ့ထက်တစ်နေ့ ပိုမို ဆုတ်ယုတ်လာချေပြီ။
ထို့ပြင် ကျီချင်းရန် ၀မ်တုန်းတုန်းအတွက် စာအုပ်အများအပြားလည်း ၀ယ်ပေးသေး၏။ တစ်ချို့နေ့များတွင် ၀မ်တုန်းတုန်း ကတ္ထူများ လိုက်မရှာပဲ လင်းရီ၏ မီးဖိုချောင်ထဲ၌သာ ပန်းကန်များ ဆေးကူပေးပြီး အားလပ်သည့် အချိန်တွင်တော့ လွတ်လပ်သည့် တစ်နေရာ၌ စာဖတ်လေ့ရှိသည်။
အင်မတန် နာခံတတ်ပြီး အလိုက်သိတတ်သည့် ကလေးတစ်ယောက်ပင်။
ကျီချင်းရန်လည်း သူမ အနှီ မြေးအဘွားကို ပိုမို ကူညီနိုင်စေရန် မည်သို့ ပြုလုပ်ရမလဲဆိုတာကို အကြံအိုက်နေလေသည်။
၀မ်တုန်းတုန်းကို ကျောင်းထားပေးရန်နှင့် အိမ်တစ်လုံး ပေးလိုက်ရန်မှာ ပြဿနာ မရှိသော်လည်း အဓိက ပြဿနာမှာ မြေးအဘွား နှစ်ယောက်လုံး၌ ၀င်ငွေလမ်းကြောင်း မရှိခြင်းပင်။
သူမ ခဏတာ ကူညီပေးနိုင်သော်လည်း တစ်သက်လုံးတော့ တာ၀န်မယူပေးနိုင်ချေ။
ထို့ကြောင့် ကျီချင်းရန်မှ ထိုပြဿနာကို ဖြေရှင်းနိုင်မည့် ပြီးပြည့်စုံသည့် နည်းလမ်းကို တစ်လျှောက်လုံး စဉ်းစားနေခဲ့၏။
"လူလေး .. ခဏ လာပါဦး..."
ပုံမှန်အတိုင်း စားသောက်ပြီးနောက် ၀မ်တုန်းတုန်းမှ ပန်းကန်များ ဆေးကူနေစဉ် အမယ်အိုကြီးမှ လင်းရီကို ဘေးတစ်နေရာသို့ လာရန် ခေါ်လိုက်၏။
၎င်းကိုမြင်တော့ အရိပ်အကဲ နားလည်သည့် ကျီချင်းရန်မှာ ၀မ်တုန်းတုန်းကို အကြောင်းပြချက်တစ်ခုပေး၍ မီးဖိုချောင်ထဲမှ ခေါ်ထုတ်သွားလေသည်။
အမယ်အိုကြီးတွင် သီးသန့်စကားပြောရန် ကိစ္စများ ရှိလောက်၍ ရှောင်ပေးလိုက်သည်က အကောင်းဆုံးဖြစ်၏။
"အဘွား.. ဘာလဲဖြစ်လို့..."အမယ်အိုကြီးရှေ့တွင် လင်းရီ လက်သုတ်ရင်း မေးလိုက်၏။
အမယ်အိုကြီးမှ သူမ၏ အားနည်း တုန်ချိနေသည့် လက်တို့ဖြင့် အနီရောင် အိတ်ရှုံ့လေးတစ်ခုကို အိတ်ကပ်ထဲမှ ထုတ်ယူလိုက်သည်။
ဖောင်းကားနေသည့် အသွင်ကို ကြည့်ရသလောက်တော့ အထဲတွင်ပစ္စည်း တော်တော်များများ ရှိနေသည့် ပုံပင်။
ထိုအနီရောင် အိတ်ရှုံ့လေးကို လင်းရီရှေ့တွင်ဖြည်လိုက်၏။ အိတ်ထဲတွင် တစ်ယွမ် ၊ ငါးယွမ် ၊ ဆယ်ယွမ်နှင့် ယွမ်ငါးဆယ် အနုပ်များဖြင့် ပြည့်နှက်နေပြီး ကျန်သည်ကတော့ ဒင်္ဂါးများဖြစ်ကြ၏။
ပမာဏ မည်မျှ ရှိမလဲဆိုတယ လင်းရီ အတိအကျ မသိသော်လည်း အနည်းဆုံး ယွမ်ရှစ်ရာခန့်လောက်တော့ ရှိပေသည်။
"ဘာလို့ အဲ့လောက် ပိုက်ဆံတွေ အများကြီးကို ကိုယ်နဲ့ သယ်ထားတာ... မတော်လို့ လူဆိုးတွေနဲ့ တွေ့ရင် အားလုံး ဆုံးရှုံးသွားနိုင်တယ်နော..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
ထိုသို့ ပြောလိုက်သည်ကလည်း လင်းရီ စာနာသောကြောင့်ပင်။ အဆိုပါ အိတ်ရှုံ့လေးထဲရှိ ငွေပမာဏက သူမ၏ ကြွယ်၀မှု တစ်ခုလုံးပင် ဖြစ်နေနိုင်သည်။
အမယ်အိုကြီးမှ ပြုံးပြလိုက်၏။ ထိုအခါ သူမ မျက်လုံးထောင့်စွန်းရှိ အရေးအကြောင်းများမှာ တင်းရင်းသွားခဲ့ပြီး မျက်လုံးတို့မှာ ပို၍ တောက်ပလာလေသည်။
ခန္ဓာကိုယ်မှာ ညစ်ပတ်နေသော်လည်း အပြုံးကတော့ နှင်းအလား ဖြူစင် သန့်ရှင်းလှသည်။
"အဘွားလည်း သာမန်ဆို ပိုက်ဆံတွေ အများကြီး မသယ်ထားပါဘူး... ဒီနေ့မှ အထူး ထုတ်လာခဲ့တာ...."
လင်းရီ လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူမ၏ ဆိုလိုရင်းကို နားလည်သွားခဲ့ကာ "အဘွားက ဒီပိုက်ဆံတွေ သိမ်းထားစေချင်တာလား..."
"ဟုတ်တယ်... အဘွားက လူလေးကို သိမ်းထားစေချင်နေတာ.... "
'သိမ်းထားပေး..'
စာလုံးတစ်လုံး၏ အဓိပ္ပာယ် မတူညီမှုက ကောင်းကင်နှင့် မြေကြီးအလား ဝေးကွာလှလေသည်။
အမယ်အိုကြီး၏ အတွေးများမှာ သူ စိတ်ကူးယဉ်ထားသည်နှင့် ကွာခြားနေပုံရ၏။
"အဘွားပြောချင်တာ.. ကျွန်တော်က ဒီငွေတွေကို သိမ်းထားပေးရမယ်.. ဒါပေမယ့် ဘဏ်ထဲ မထည့်ရဘူး.. အဲ့လိုလား..."
"ဟုတ်တယ် ဟုတ်တယ်.. လူလေး အဆင်ပြေနိုင်မလား... "
"အဘွားကလည်း တော်တော်လေးကို ရှေးရိုးစွဲသကိုးဗျ..."လင်းရီ ပြောလိုက်ပြီး "ဒီတိုင်း သိမ်းတာက ဘဏ်ထဲမှာ သိမ်းထားတာလောက် ဘယ်လုံခြုံမှုရှိမှာ..."
"အဘွား ဘဏ်ထဲမှာ မသိမ်းချင်ဘူး.. လူလေးပဲ ကူပြီး သိမ်းထားပေး.."အမယ်အိုကြီးမှ အသက်ကြီးသူပီပီ ခေါင်းမာစွာ ဆိုလိုက်သည်။
"ကူညီပေးပါကွယ်..."
"ခက်နေပြီ... ကျွန်တော် ပြောနေတာက မကူညီပေးချင်လို့ မဟုတ်ဘူး..."လင်းရီ ပြောလိုက်ပြီး "အဘွား ကျွန်တော့်ဆီမှာ ထားခဲ့ရင်တောင် ဒီငွေတွေကို ကျွန်တော်ထိမှာ မဟုတ်ဘူးဆိုတာ အာမခံရဲတယ်.. အဲ့လိုဆိုရင်တောင် ဘဏ်လောက်တော့ မလုံခြုံဘူးလေ...."
"လုံခြုံတာ မလုံခြုံတာက အရေးမကြီးပါဘူး လူလေးရယ်... ပြဿနာက အဘွားရဲ့ ခန္ဓာကိုယ်က တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ဆိုရွားလာတာပဲ... "အမယ်အိုကြီးမှ သက်ပြင်းချလျက် ပြောလိုက်ပြီး "တကယ်လို့ တစ်နေ့ အဘွား ရုတ်တရက်ကြီး ဆုံးသွားခဲ့သည်ရှိသော် လူလေးက ဒီငွေတွေကို အဘွားမြေးလေး လက်ထဲ ထည့်ပေးပါနော်... သူ ဘယ်လို အသုံးချမလဲ ဆိုတာကတော့ သူ့စိတ်တိုင်းကျ လုပ်ပါစေ..."
လင်းရီ စိတ်မကောင်း ဖြစ်သွားခဲ့၏။
"နောက်မှ ဒီအကြောင်း ဆက်ပြောကြတာပေါ့... ကျွန်တော်က ဟွာရှန့်တိုင်းရင်းဆေးကို လေ့လာဖူးတယ်ဆိုတော့ အဘွားရဲ့ သွေးခုန်နှုန်းကို တစ်ချက် စမ်းသပ်ပေးမယ်..."
စနစ်မှ ချီးမြင့်ပေးထားသည့် မဟာဆေးကျမ်းကြောင့် လင်းရီ၏ ဟွာရှန့်တိုင်းရင်းဆေးဝါးများအပေါ် နားလည်မှုမှာ အဆင့်တစ်ခုသို့ ရောက်ရှိနေချေပြီ။ ထို့ကြောင့် သူ သွေးခုန်နှုန်း စမ်းသပ်၍ အမယ်အိုကြီး၏ ကျန်းမာရေးကို ဆန်းစစ်ကြည့်၍ရ၏။
"လူလေး.. နင်က ဟွာရှန့်တိုင်းရင်းဆေးလည်း ကုတတ်တယ်ပေါ့... အထင်ကြီးဖို့ ကောင်းလိုက်တာနော်... အဘွားမြေးလေးလည်း လူလေးလို တော်ရင် ဘယ်လောက်ကောင်းလိုက်မလဲ..."
"အဘွား.. လောလောဆယ် စကားမပြောနဲ့ဦး..."
လင်းရီ ညာဘက်လက် သွေးခုန်နှုန်းစမ်းသပ်ရင်း ရောဂါကို တွေ့ရှိသွားသည့် အလား အမူအရာမှာ တဖြည်းဖြည်း သုန်မှုန်လာလေသည်။
လင်းရီ အနှောင့်အယှက်ဖြစ်မှာ စိုးသောကြောင့် အမယ်အိုကြီးလည်း တိတ်တိတ် နေလိုက်တော့၏။
"အဘွား ဒီနှစ်ဆို အသက်ဘယ်လောက်လဲ..."
လင်းရီ မေးလိုက်၏။
"၈၆...."အမယ်အိုကြီးမှ လက်ဟန်ဖြင့် ပြောလိုက်ပြီး "အဲ့ အသုံးမကျတဲ့ သားမိုက်ကလည်း အရမ်းကို စိတ်ပျက်ဖို့ ကောင်းတယ်.. စောစီး အိမ်ထောင်ကျပြီး ငါ့မြေးလေးကို မွေးပေးလိုက် ပါရောလား...အဲ့လိုဆိုရင် မြေးလေး အရွယ်ရောက်တဲ့ အချိန်ထိ ကောင်းကောင်း စောင့်ရှောက်ပေးလို့ရတယ်..."
လင်းရီ သက်ပြင်းတစ်ချက်ချလိုက်၏။ သူမထံတွင် နှလုံး ရောဂါရှိနေသော်လည်း သူမအသက်အရွယ်တွင်တော့ ယင်းက သာမန်ပင်။
သို့သော်လည်း အနာဂတ်တွင်တော့ သေချာလေး ဂရုစိုက်ရမည်ဖြစ်၏။ အကယ်၍ ဂရုမစိုက်ပဲ ယခုလို ပြီးစလွယ် နေထိုင်သွားမည်ဆိုပါက အချိန်မရွေး အသက်အန္တရာယ် ကျရောက်လာနိုင်သည်။
"မနက်ဖြန် မနက်စောစောကျရင် ကျွန်တော့်ကို လာရှာလှည့်... အဘွားကို ဆေးရုံ ခေါ်သွားပေးမယ်...."
လင်းရီ၏ ကနေဦး အကြံအစည်မှာ သူမကို နှလုံး stent ခွဲစိတ်မှု ပြုပေးမည်ဖြစ်၏။ ထိုသို့ဖြင့် အန္တရာယ်အများအပြားကို ကြိုတင် ရှောင်ရှားပြီးဖြစ်ကာ နောက်ထပ် နှစ်အနည်းငယ်မျှ နေထိုင်ရန် ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။
မဟုတ်ပါက သူမ၏ လက်ရှိ နှလုံးအခြေအနေအတိုင်းဆိုပါက အချိန်မရွေး သေမင်းခံတွင်း၀သိူ့ ကျရောက်သွားနိုင်လေသည်။
"ဟင်.. ဆေးရုံ.. မသွားဘူး... အဲ့နေရာက အရမ်းဈေးကြီးတယ်.. အဘွားပိုက်ဆံတွေက ဆေး၀ယ်ဖို့တောင် လောက်ငှမှာ မဟုတ်ဘူး...
"မပူနဲ့.. ကုန်ကျစရိတ်တွေ အကုန်လုံးကို ကျွန်တော်က တာ၀န်ယူပေးမှာ.. အဘွား တစ်ပြားမှ အကုန်ကျခံစရာမလိုဘူး..."လင်းရီ ပြောလိုက်ပြီး "အဘွား ငြင်းမယ် မကြံနဲ့နော်... မနက်ဖြန်မနက် အဘွား ကျွန်တော့်ဆိုင် မလာဘူးဆိုရင် နောက်လည်း မလာနဲ့တော့... အဘွားမြေးကိုလည်း ကျွန်တော် ဂရုမစိုက်ပေးတော့ဘူး..."
"အို....အဲ့လို မလုပ်ပါနဲ့ လူလေးရယ်..."အမယ်အိုကြီးမှ လင်းရီ လက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်ပြီး "ငါ့လို အမယ်အိုကြီးကို ဆေးကုပေးတာက ပိုက်ဆံ မီးရှို့တာနဲ့ အတူတူပါပဲ.. အလကား မဖြုန်းတီးချင်စမ်းပါနဲ့ လူလေးရယ်.."
"ဖြုန်းတီးတာ မတီးတာက အရေးမကြီးဘူး.."လင်းရီ ပြောလိုက်ပြီး "အဘွား ကျွန်တော့်စကားကို နားထောင်နေသေးသရွေ့ နောက်ထပ် သူံးနှစ်ကနေ ငါးနှစ်လောက်အထိ ထပ်နေဖို့ ပြဿနာ မရှိဘူး..."
"လေးငါးနှစ် မဆိုထားနဲ့ လေးငါးရက်ဆိုရင်တောင် အဘွားဆက်မနေချင်တော့ဘူး..."အမယ်အိုကြီးမှ ပြုံးလိုက်ပြီး "ဖြစ်နိုင်ရင် အခုတောင် သေသွားလိုက်ချင်တာ..."
"အဘွား ဘာစကားတွေ ပြောနေတာ... ကောင်းကောင်းအနားယူပြီးတော့ ဒီလောကကြီးရဲ့ အလှကို ကောင်းကောင်းရှုစားရမယ်လေ...."
အမယ်အိုကြီးမှ ပြုံးလျက် မျက်ရည်တို့ စီးကျလာကာ "လူ့လောကကြီးက ခါးသီးလွန်းပါတယ်ကွယ်... ဒီရဲ့ လောကကြီးကို အဘွား ထပ်ပြီး မကြည့်ချင်တော့သလို ထပ်ပြီးလည်း ပြန်မလာချင်တော့ဘူး....”