သူတို့မှာလည်း ဂုဏ်သိက္ခာရှိတယ်
Vol. 43 Ch. 645
လင်းရီ၏ အမူအရာမှာ ရုတ်ချည်း အေးခဲသွားခဲ့တော့၏။
ကြောက်ရွံ့မှုနှင့် ပူပန်သောက ဗျာပါဒများက နှလုံးသားထဲ ပြည့်နှက်လာကာ ညင်သာမှုအပြည့်ဖြင့် အမယ်အိုကြီး၏ လက်အား ဆုပ်ကိုင်လိုက်သည်။
"အားလုံး အဆင်ပြေသွားမှာပါ... အနည်းဆုံးတော့ တုန်းတုန်းအတွက် အဘွား အသက်ရှင်မှ ဖြစ်မယ်လေ.. အဘွား သူဘွဲ့ရတာကို ကြည့်ရဦးမယ်... သူ လက်ထပ်ပြီး မြစ်လည်း ချီရဦးမယ်လေ..."
အမယ်အိုကြီးမှ တစ်ဖန်ထပ်ပြုံးပြကာ "တစ်ရက် အသက်ရှင်နိုင်တော့ တစ်ရက် အသက်ရှင်တယ် မှတ်လိုက်တာပေါ့... အဲ့တော့လည်း မြေးလေးအတွက် ပိုပြီး စုမိဆောင်းမိတာပေါ့...."
"အဘွားတို့က အသက်ရှင်ဖို့တောင် အနိုင်နိုင်ကြိုးစားပြီး ရပ်တည်နေရတာ ..."
အမယ်အိုကြီးမှ အနီရောင် အိတ်ရှုံ့လေးကို လင်းရီလက်ထဲ သေချာထည့်ပေးရင်း လေးနက်သည့် လေသံဖြင့် "အဘွားကိုယ်စား သေချာသိမ်းထားပေးနော်..."
"ကောင်းပြီ.. ကျွန်တော် သိမ်းထားပေးမယ်..."လင်းရီ ပြောလိုက်ပြီး "ဒါပေမယ့် အဘွား မနက်ဖြန် မနက်တော့ ရောက်အောင် လာခဲ့ရမယ်...."
"အဘွားကို ကူပြီး သိမ်းထားပေးမယ်ဆိုရင် အဘွားလည်း လူလေးရဲ့စကားကို နားထောင်မယ်...."
"အိုကေ အဲ့တာဆို အတည်ဖြစ်သွားပြီ...."
အမယ်အိုကြီးမှ တောက်ပစွာ ပြုံးလိုက်ပြီး "ကဲ ၁၁ တောင် ကျော်တော့်မယ်.. အဘွား လူလေးတို့ နှစ်ယောက်ကို ဆက် အနှောင့်ယှက် မပေးတော့ဘူး... နောင်ကျရင် ကောင်းကောင်း နေရမယ်နော်...တူမလေးကိုလည်း အနိုင်ပဲ ကျင့်မနေနဲ့ဦး... "
"ဟုတ် အဘွား..."
"မြေးလေး.. လာ သွားကြစို့... နင့် ကိုကြီးနဲ့ မကြီးက အိမ်ပြန်ကြတော့မှာ..."
"ဗျာ.. ဟုတ် လာနေပါပြီ..."
၀မ်တုန်းတုန်း မီးဖိုချောင်ထဲမှ ကျီချင်းရန် ဖောဖောသီသီ ထည့်ပေးလိုက်သည့် အစားအသောက် အိတ်ကြီးကို ဆွဲရင်း အမယ်အိုကြီးထံသို့ တက်ကြွသည့် ခြေလှမ်းတို့ဖြင့် လျှောက်လှမ်းသွားခဲ့၏။
ကျီချင်းရန် ရေနှင့် လျှပ်စစ်မီးကို တစ်ချက်စစ်ကြည့်လိုက်ပြီး လင်းရီကတော့ ပြတင်းပေါက်နှင့် ဆိုင်တခါး ဂျက်များကို လိုက်စစ်ကာ နောက်ဆုံးတွင် သော့ခတ်လိုက်လေသည်။ ထို့နောက် လေးယောက်သား ဆိုင်ထဲမှ ထွက်လာခဲ့ကြ၏။
"ဘွားဘွား.. ကြည့်.. ဒီနေ့ ကတ္ထူတွေ အများကြီးပဲ... နောက်ပြီး တခြား ပစ္စည်းတွေလည်း ရှိသေးတယ်... ဒါတွေ အားလုံးဆို ယွမ် ၈၀ လောက်ရမယ် ထင်တာပဲ..."
ပြောပြီးနောက် ၀မ်တုန်းတုန်း သူ ကြိုတင် ပြင်ဆင်ထားသည့် ဂုန်နီအိတ်ကို ထုတ်ကာ စွန့်ပစ်ပစ္စည်းများအား ကျွမ်းကျွမ်းကျင်ကျင်နှင့် စတင်သွပ်ထည့်တော့၏။
"အဘွား.. ပစ္စည်းတွေက အများကြီးပဲ.. တစ်ခေါက်တည်း သယ်လို့ ဘယ်လိုမှ နိုင်မှာ မဟုတ်ဘူး... ကျွန်မတို့ လိုက်ပို့ပေးမယ်လေ..."
"ရတယ် ရတယ် "
အမယ်အိုကြီးလည်း ပစ္စည်းများထည့်ရင်း ပြောလိုက်ပြီး “ တကယ်လို့ တစ်ခေါက်တည်း မနိုင်ဘူးဆိုရင် နှစ်ခေါက်လာတာပေါ့…”
“ အဲ့လောက်ကြီး ဒုက္ခခံမနေစမ်းပါနဲ့ အဘွားရယ်… လိုက်ပို့ပေးရတာဖြင့် ဘယ်လောက်မှ မကြာတာကို… စောစောပြီးတော့ အဘွားတို့လည်း စောစောပြန်နားလို့ ရတာပေါ့… မဟုတ်ဘူးလား…”
“ ရပါပြီကွယ်…” အမယ်အိုကြီးမှ ပြုံးလိုက်ကာ “ လူလေးတို့နှစ်ယောက်က အများကြီး ကူညီပေးပြီးသွားပြီ…တူမလေးတို့မှာလည်း ကိုယ်ပိုင်ဘဝရှိသလို အဘွားတို့မှာလည်း ရှိတယ်… မသေသေးသရွေ့တော့ ဆက်ပြီး ရှင်သန်ဖို့ ရုန်းကန်နေရဦးမှာပဲ… အဘွားပြောတာ ဟုတ်တယ်မလား လူလေး….”
“ ဒါပေါ့ဗျ…” လင်းရီ ရယ်မောလိုက်ပြီး “ ကျီချင်းရန်၏ ပခုံးကို ပွေ့လိုက်ကာ ညင်သာစွာ တစ်ချက်ပုတ်ပေးလိုက်၏။
“ အိမ်ပြန်ကြစို့…”
“ အွန်း….”
“ ကိုကြီးနဲ့ မကြီးတို့.. တာ့တာ…”
“ အွန်း .. တာ့တာ…. “
ကျီချင်းရန် တွန့်ဆုတ်စွာဖြင့် ထိုနေရာမှ ထွက်လာခဲ့၏။ သူမ ကူညီပေးချင်နေဆဲပင်။
နှစ်ယောက်သား ကျိုကျုံးဗီလာကို ရောက်တော့ ကျီချင်းရန် သူမ၏ sneaker များကို ချွတ်လိုက်ပြီး နောက်တွင် စည်းနှောင်ထားသည့် ဆံနွယ်များကို ဖြေချလိုက်သည်။
“ တုန်းတုန်းတို့ မြေးအဘွားတွေ အဲ့ကတ္ထူ ကုန်အောင် ရောင်းနိုင်မယ်လို့ ထင်လား…”
“ အင်း… ခဏလောက်တော့ ကြာမယ်ထင်တာပဲ…” လင်းရီ ပြောလိုက်၏။
“ အမှိုက်တွေက တစ်နေ့ထက်တစ်နေ့ ပိုပိုများလာတယ်ဆိုတော့ သူတို့ နောက်တစ်ခေါက်လောက်တော့ ပြန်လာရမှာပဲ… ဘယ်လိုလုပ်ပြီး အဲ့လောက် မြန်မြန်ကြီး ပြီးနိုင်မှာ….”
“ အွန်း…. တကယ်လို့ ငါတို့နှစ်ယောက်သာ ကူညီလိုက်မယ်ဆိုရင် ခုချိန် ပြီးနေလောက်ပြီနော….”
“ မေ့ထားလိုက်စမ်းပါကွာ… သူတို့မှာလည်း သူတို့ ဂုဏ်သိက္ခာနဲ့ သူတို့ ရှိတယ်…” လင်းရီ ပြောလိုက်ပြီး “ စဉ်းစားကြည့်ကြည့်.. နှစ်တွေ ဒီလောက်အကြာကြီး အမှိုက်လိုက်ကောက်နေတာတောင်မှ တောင်းစားဖို့ စိတ်မကူးဘူး… ဂုဏ်သိက္ခာနဲ့ ပြည့်စုံတဲ့ လူသားတစ်ယောက်ပဲ… အဲ့လိုလူမျိုးက ငါတို့ရဲ့ အကူအညီ တစ်စိတ်တစ်ပိုင်းလေးကို လက်ခံပေးနိုင်တယ်.. ဒါပေမယ့် အရာရာတိုင်း လိုက်ကူညီပေးနေတာကိုတော့ လက်မခံနိုင်ဘူး… သူများအပေါ် မမှီခိုချင်တာပေါ့… အသက်ရှင်နေသရွေ့ ကိုယ့်လက်ကိုယ့်ခြေနဲ့ လုပ်မယ်…. ဒါကြောင့်မို့လည်း ငါတို့ လိုက်ပို့ပေးမယ်ဆိုတော့ လက်မခံတာ….”
“ အွန်း… နားလည်ပြီ…."
အမယ်အိုကြီး၏ စကားလုံးများကို ပြန်လည်ကြားယောင်ရင်း လင်းရီ သက်ပြင်းကြီးစွာ ချလိုက်သည်။
“ လူ့လောကကြီးက ခါးသီးလွန်းပါတယ်… အဘွားနောက်တစ်ကြိမ် ပြန်မလာပါရစေနဲ့တော့….”
အကယ်၍ သူမ တကယ်ကြီး စိတ်ကုန်နေသောကြောင့်သာ မဟုတ်ပါက ယခုလို စကားမျိုး ပြောထွက်လာလိမ့်မည် မဟုတ်ချေ။
“ စကားမစပ် အဘွားက နင့်ကို ဘာတွေလဲ ပြောသွားတာ….”
လင်းရီ အိတ်ကပ်ထဲမှာ အနီရောင် အိတ်ရှုံ့လေးကို ထုတ်ယူလိုက်ပြီး အထဲရှိ ပိုက်ဆံများကို သွန်ချလိုက်၏။
“ ဒါပဲ…”
“ ပိုက်ဆံတွေလား…” ကျီချင်းရန် အံ့အားသင့်သွားခဲ့ပြီး “ အဘွားက နင့်ကို ပေးသွားတာလား…”
“ အင်း… “ လင်းရီ ပြောလိုက်ပြီး “ သူပြောတာ သူ့ခန္ဓာကိုယ်က တစ်နေ့တစ်ခြား ယိုယွင်းလာပြီတဲ့… တစ်နေ့ မတော်တဆ သူဆုံးသွားခဲ့သည်ရှိသော် တုန်းတုန်းကို ပေးပေးရမှာ….”
“ နင်ဘာလို့ အဘွားကို အဲ့လိုမျိုး နိမိတ်မရှိတဲ့ စကားတွေ ပြောခိုင်းတာတုန်း…”
“ သူ ပြောတာလည်း မှန်နေတာပဲလေ… အဘွားအသက်ကဖြင့် ရှစ်ဆယ်တောင် ကျော်နေပြီ… ဆိုတော့ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေက တစ်နေ့တစ်ခြား ပိုပြီး ယိုယွင်းလာမှာပဲလေ… ခုလိုမျိုး လမ်းလျှောက်ပြီး အလုပ်လုပ်နေနိုင်တာတောင်မှ တော်တော်လေး အထင်ကြီးဖို့ ကောင်းနေပြီလို့ ဆိုရမယ်…” လင်းရီ ပြောလိုက်ပြီး” ငါ မနက်ဖြန်ကျရင် အဘွားကို ဆေးရုံသွားပြီး နှလုံး stent ခွဲစိတ်မှုလုပ်ပေးမလို့… အဲ့လိုဆို နောက်ထပ် နှစ်နည်းနည်းလောက် နေဖို့ရာ ပြဿနာ မရှိတော့ဘူး…”
“ ပြီးတာပဲလေ… ဒါပေမယ့် နင်သေချာ လုပ်ပေးရမယ်နော်…”
“ ငါကိုယ်တိုင်လုပ်မှာကို မင်းက ဘာတွေ စိုးရိမ်နေတာ…”
“ ခစ်ခစ်.. အဲ့တာဆို ပြီးရော…”
ကျီချင်းရန် လင်းရီပါးထက်သို့ အနမ်းပေးလိုက်ပြီး “ ဒေါက်တာလင်းက အတော်ဆုံးပဲ…”
“ ဘယ်နေရာတော်တာ…”
“ အကုန်တော်တယ်…”
လင်းရီ မေးစေ့ပွတ်လိုက်၏။
‘ ဒီဟာမလေးကတော့ လူကို စူးစမ်းချင်အောင် လုပ်နေပြန်ပြီ…'
ကျီချင်းရန် သူမတင်ပါးဖြင့် လင်းရီကို ဘေးသို့ တွန်းထုတ်လိုက်ပြီး ဆိုဖာပေါ်ထိုင်ကာ “ ကဲ သွားတော့… နောက်တောင် ကျနေပြီ… ရေမိုးချိုးလိုက်တော့…”
“ ဘာလဲ… မင်းက တင်ကြီးတယ်ဆိုတိုင်း သူများကို အနိုင်ကျင့်လို့ရပြီ ထင်နေတာလား…”
“ ဟုတ်တယ်.. နင့်ထက်ကြီးတယ်… သွားပြီး ရေချိုးတော့…”
“ မင်းကျ ဘာလို့ အရင်သွားမချိုးတာ…”
“ ငါပိုက်ဆံ ရေဦးမယ်လေ… မနက်ဖြန်ကျရင် ဘဏ္ဍာရေးတာဝန်ခံကို ပြောပြီး ဘဏ်မှာ သွားသိမ်းထားခိုင်းရမယ်…”
“ ကောင်းပြီလေ…”
သို့နှင့် နှစ်ယောက်သား အနားမယူမီ ကိုယ်စီ လုပ်စရာများကို ပြုလုပ်လိုက်ကြသည်။
အိပ်ခန်းထဲတွင်တော့ လင်းရီ လီချူးဟန်ကို ခေါ်၍ အကျိုးအကြောင်း ရှင်းပြထားလိုက်၏။
လီချူးဟန်လည်း ခွဲစိတ်မှု ပြုလုပ်ရန်အတွက် ပြင်ဆင်စရာ ရှိသည်များကို တတ်နိုင်သမျှ မြန်မြန် ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပျော်ရွှင်စွာ သဘောတူလာလေသည်။
အရာအားလုံး စီစဉ်ပြီးနောက် လင်းရီ သူ၏ အဝတ်များကို လဲလှယ်၍ အိပ်ရာပေါ်သို့ လှဲချလိုက်ကာ မနက်ဖြန်မနက် စောစောထရန် ဟန်ပြင်လိုက်၏။
သူ မြေးအဘွားနှစ်ယောက်ကို ဆေးရုံသို့ ခေါ်သွားပေးရပေမည်။
…………………………….
ဆိုင်အပြင်ဘက်တွင်တော့ မြေးအဘွားနှစ်ယောက်မှာ စွန့်ပစ် ပစ္စည်းများကို ဂုန်နီအိတ်ထဲသို့ ယူပေးသူက ယူပေး ထည့်သူကထည့်ဖြင့် တက်ကြွစွာ လုပ်ဆောင်နေကြသည်။ ညဉ့်နက်နေပြီး ဖြစ်သော်လည်း မြေးအဘွားနှစ်ယောက် အနားမယူနိုင်သေးပေ။
“ ဘွားဘွား… သားတို့ ဒီအိတ် အရင်သယ်သွားရအောင်လား…” ဝမ်တုန်းတုန်းမှ ချွေးများကို သုတ်ရင်း ပြောလိုက်၏။
“ အင်း… သေတ္တာကို သော့ခတ်လိုက်… ပြီးမှ နောက်တစ်ခေါက် ထပ်လာကြတာပေါ့..”
“ဟူး…”
မူလကတော့ လင်းရီ အချိန်သိပ်မရသောကြောင့် ဂျတ်ဖာပုံးတစ်ချို့သာ ပြင်ဆင်ပေးထားလေသည်။
သို့သော် ဂျတ်ဖာပုံးများ၏ အရည်အသွေးနှင့် စွန့်ပစ်ပစ္စည်းတို့ ပေါများလာမှုကြောင့် သစ်သားသေတ္တာသီးသန့်မှာကာ သော့ပင် တပ်ထားပေးလိုက်သေးသည်။
ဆိုင်ထဲတွင် လူမရှိသည့် အချိန်၌ သော့ခတ်ထားမည်ဖြစ်ပြီး ဆိုင်တွင် လူရှိသည့် အချိန်တွင်တော့ သော့ဖွင့်ပြီး စွန့်ပစ် ပစ္စည်းများကို သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် စွန့်ပစ်နိုင်မည် ဖြစ်၏။
သော့ခတ်ပြီးနောက် မြေးအဘွားနှစ်ယောက်တို့မှာ အိတ်ကိုယ်စီ ကျောပေါ်လွယ်လျက် လမ်းမီးတိုင်များ၏ လမ်းပြမှုအောက်တွင် ၎င်းတို့၏အိမ်သို့ ဦးတည်လိုက်ကြလေသည်။
ဆောင်းဝင်စ ပြုနေပြီ ဖြစ်သောကြောင့် ညမှာ အနည်းငယ် အေးစက်နေသော်လည်း မြေးအဘွားနှစ်ယောက်၏ မျက်နှာပေါ်ရှိ ပျော်ရွှင်နေသည့် အပြုံးတို့ကတော့ နွေဦး၏ မနက်ခင်းအလား နွေးထွေးလှသည်။
နံနက်တစ်နာရီတွင်တော့ ကျိန်းရန်လမ်း၏ လှုပ်ရှားသက်ဝင်မှုတို့မှာလည်း အပြီးတိုင် ဆိတ်သုဉ်းသွားတော့၏။
ပုရစ်များ၏ ကျီကျီကျာကျာမြည်သံနှင့် ပုစဉ်းရင်ကွဲတို့၏ အသံမှ အပ အခြားအသံတို့ ထွက်ပေါ်လာခြင်း မရှိတော့ချေ။
သို့သော်လည်း ထိုအခိုက်အတန့်တွင် လမ်းကြားလေး တစ်ခု၌ ခိုးကြောင်ခိုးဝှက် အသွင်ဖြင့် လူသုံးဦး လမ်းလျှောက်လာလေသည်။
သုံးယောက်လုံးက ဆင်တူဝတ်ဆင်ထားကြ၏။ ခေါင်းစွပ်ပါသည့် အင်္ကျီ၊ မျက်နှာဖုံး နှင့် နေကာမျက်မှန်တို့ကို တပ်ဆင်ထားကာ ၎င်းတို့၏ အထောက်အထားကို ဖုံးကွယ်ထားကြသည်။
ထပ်ပေါင်းအနေဖြင့် သူတို့ လက်ထဲတွင် ပစ္စည်းတစ်ချို့ကို ကိုင်ကာ ဆိုင်ဝသို့ ရောက်ရှိလာကြလေသည်။
“ ဘရန်ဒွန်… မင်းဟာက အဆင်ပြေပါ့မလားကွ….” လူးဝစ် လေသံအုပ်အုပ်ဖြင့် ပြောလိုက်သည်။
“ ဘာမှားနိုင်မှာမို့လို့…” ဘရန်ဒွန် အထင်သေးမှု အပြည့်ဖြင့် ပြောလိုက်ပြီး “ ခဏနေကျရင် မှန်ရိုက်ခွဲပြီး ဆိုင်တစ်ခုလုံး ဓာတ်ဆီလောင်းလိုက်မယ်.. ပြီးတာနဲ့ မီးခြစ်ပစ်ထည့်ပြီး လစ်မယ်…”
“ လူးဝစ်.. မင်းက ဘာကြောက်နေတာ… မနက်ဖြန် ရှစ်နာရီဆို ငါတို့ အမေရိကားကို ပြန်ရောက်နေလောက်ပြီ… တကယ်လို့ ငါတို့လက်ချက်မှန်းသိသွားရင်တောင် အဲ့ကောင် ဘာတတ်နိုင်မှာ… အမေရိကားရဲ့ ဥပဒေက ငါတို့ကို အပြည့်အဝ ကာကွယ်ပေးလိမ့်မယ်…” ဇက်ချ် ပြောလိုက်သည်။
စာစဉ် (၄၃)ပြီး၏။