← Chapters

ယွိချင်အဆက်အနွယ်နှင့် စန့်ချင်အဆက်အနွယ်

Vol. 79 Ch. 1106

ယွိချင်အဆက်အနွယ်နှင့် စန့်ချင်အဆက်အနွယ်

Vol. 79 Ch. 1106

အခန်း (၁၁၀၆) ယွိချင်အဆက်အနွယ်နှင့် စန့်ချင်အဆက်အနွယ်

လက်ရှိအချန်တွင် အထက်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ဆက်ဆံရေး မကောင်းကြပေ။

တိဟွမ်မြေကမ္ဘာဧကရာဇ်က စန့်ချင်အဆက်အနွယ်များ အထက်ဘုံကမ္ဘာသို့ မဝင်ရောက်ရန် တင်းကျပ်စွာတားမြစ်ထားပြီး ပြစ်မှုကျူးလွန်ပါက သေဒဏ်ချမည်ဟု ရှေးယခင်ကပင် အမိန့်ပေးခဲ့သည်။

ဤ အမိန့်ကို အခြားသော ဧကရာဇ် (၂)ပါး ၊ အုပ်စိုးရှင် (၅)ပါးနှင့် အရှင်သခင် (၁၀)ပါးတို့ကလည်း အနည်းနှင့်အများ ထောက်ခံသဘောတူကြသည်ပင်။

ဤအမိန့်စည်းမျဉ်းအား ကရုဏာမထားနိုင်လောက်အောင် တင်းကျပ်မည် မဟုတ်သော်လည်း တိဟွမ်မြေကမ္ဘာဧကရာဇ်၏ အမိန့်က အချည်းနှီးသော စကားလုံးများ မဟုတ်ပေ။

စန့်ချင်အဆက်အနွယ်များ အထက်ဘုံကမ္ဘာတွင် လာရောက်လှုပ်ရှားကြသည်ဆိုပါက သူတို့ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်သိရှိမည်ဆိုလျှင် အကျိုးဆက်အနေဖြင့် အဆုံးသတ်လှမည် မဟုတ်ပေ။

အထက်ဘုံကမ္ဘာမှ အသက်ရှင်လျှက် ထွက်သွားနိုင်သည်ဆိုလျှင်တောင် အတော်လေး ရလဒ်ကောင်းသည်ဟု ဆိုနိုင်သည်။

လက်ရှိအခြေအနေတွင်...

စန့်ချင်အဆက်အနွယ်မှ ဆင်းသက်လာသူများဖြစ်သည့်တိုင် အထက်ဘုံကမ္ဘာတွင် လက်မထောင် ရပ်တည်နိုင်ကြသူများမှာ ရန်ကျောက်ကဲနှင့် ရန်တိတို့ သားအဖသာလျှင် ရှိသည်။

သူတို့၏အခြေအနေက ထူးခြားသည်။

ရန်ကျောက်ကဲ၏အဘွား တိချင်းလျန်က စန့်ချင်အဆက်အနွယ်တွင် သြဇာအာဏာမြင့်မားသော ဧကရီတစ်ပါးဖြစ်သည်။ သူမ၏ဓားစွမ်းက ခင်ပွန်းဖြစ်သူ ‘ရန်ရှင်းထန်’ နှင့်ပင် ကောင်းကောင်း ယှဉ်ပြိုင်နိုင်သည် မဟုတ်ပါလား။

ရန်ကျောက်ကဲ၏အဘိုး ‘ရန်ရှင်းထန်’ ကတော့ အထက်ဘုံကမ္ဘာကိုတည်ထောင်ခဲ့သော ခွန်လွန်အထင်ကရ (၉)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည့် ‘ရွှေစင်ထက်ယံအရှင်သခင်’ ဖြစ်သည်။

ရန်ရှင်းထန်၏တပည့် ယွဲ့ကျန့်ပေက တိဟွမ်မြေကမ္ဘာဧကရာဇ် ၊ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့နှင့်အတူ အထက်ဘုံကမ္ဘာတွင်ရပ်တည်နေသည့် ကျန့်ဟွမ်ဓားဧကရာဇ် ဖြစ်သည်။

ထို့ကြောင့် ရန်ကျောက်ကဲတို့သားအဖက အထက်ဘုံကမ္ဘာမှ အဆက်အနွယ်များဟုလည်း ဆိုနိုင်သည်။ ထို့ပြင် တိချင်းလျန်၏ အဆက်အနွယ်များဖြစ်ကြသဖြင့် စန့်ချင်အဆက်အနွယ်သိုင်းပညာကိုလည်း မယုံကြည်နိုင်စရာကောင်းလောက်အောင် ပိုင်ဆိုင်ထားသည်။

မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲတို့သားအဖ (၂)ယောက်သာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် ပွင့်ပွင့်လင်းလင်း ဆက်သွယ်ခြင်းမပြုပါက ၊ တုန်လှုပ်ချောက်ချားဖွယ် တန်ခိုးစွမ်းအားနှင့် အလားအလာမြင့်မားလှသော ‘ကောင်းကင်ဘုံမှဆင်းသက်လာသည့်နတ်ဘုရား’ သားအဖနှစ်ယောက်ကို ဖယ်ရှားပစ်ရန်မှာ အထက်ဘုံကမ္ဘာအတွက် မဖြစ်နိုင်ပေ။

ယခုအချိန်တွင် တိဟွမ်မြေကမ္ဘာဧကရာဇ်က ပြင်ပဗလာနယ်ထဲတွင်ရှိနေပြီး အထက်ဘုံကမ္ဘာသို့ ပြန်မရောက်သေးပေ။ သို့တိုင် ချင်းယွမ်ဧကရာဇ်ကဲ့သို့သော ပုဂ္ဂိုလ်များအနေဖြင့် စန့်ချင်အဆက်အနွယ်ဆိုသော အကြောင်းပြချက်ကို အသုံးပြုပြီး ရန်ကျောက်ကဲတို့သားအဖအား ပြဿနာရှာရဲမည် မဟုတ်ပေ။

လုန်ချွမ်ဧကရာဇ်က ယွိချင်အဆက်အနွယ်မှဆင်းသက်လာသူဖြစ်သော်လည်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ရောက်ရှိသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်လေရာ စန့်ချင်အဆက်အနွယယ် အကြီးအကဲဟုသာ အားလုံးက ရှုမြင်ကြသည်။

ထို့ကြောင့် အထက်ဘုံကမ္ဘာသို့ရောက်လာသူများက စန့်ချင်အဆက်အနွယ်များအဖြစ် အထောက်အထားပေါ်ထွက်လာပါက အသက်ဆက်လက်ရှင်သန်နိုင်မည် မဟုတ်ပေ။

ယခုတော့ အထက်ရပ်ထိပ်တန်းအရှင်သခင်ဖြစ်သော ချန်ချန်းဟွာက သွေးနီရောင်ကပ်ဘေးကျမ်းစာကို ပိုင်ဆိုင်ထားပြီး အထက်ဘုံကမ္ဘာတွင် ပွင့်လင်းစွာနေထိုင်နိုင်သည်ဆိုသောသတင်းကိုကြားရသည့်အခါ လုန်ဟန့်ဟွာ အံ့အားသင့်သွားသည်။

ကောင်းရွှယ်ပေါ်နှင့် လုန်ရွှယ်ကျီးတို့ ညီအစ်ကိုနှစ်ယောက်သည်လည်း အတွေးနက်နဲသည့်အမူအရာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ရန်ကျောက်ကဲက...

“ချန်ချန်းဟွာက နတ်ဘုရားသုတ်သင်အစီအရင် ဒါမှမဟုတ် မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို မတတ်မြောက်သရွေ့ ... သူက တခြား စန့်ချင်အဆက်အနွယ်သိုင်းပညာကို အသုံးပြုရင်တောင် အထက်ဘုံကမ္ဘာမှာ အတားအဆီးမရှိ လှုပ်ရှားနိုင်မယ်ထင်တယ်”

သူက ဆက်ပြောသည်။

ထိုစကားကြားတော့ လုန်ဟန့်ဟွာမျက်နှာထက်မှ အံ့အားသင့်သည့်အငွေ့အသက် တဖြည်းဖြည်း မှိန်ဖျော့သွားသည်။

စန့်ချင်အဆက်အနွယ် တည်ထောင်သူဘိုးဘေး ‘လင်ပေါင်ထျန်းကျွင်း’ က ‘ဖြစ်တည်ခြင်း’ မှ ‘မရှိမှု’ သို့ ကူးပြောင်းခြင်းတွင် ထင်ရှားသည်။

စန့်ချင်အဆက်အနွယ်၏ အခြေခံအကျဆုံး ပညာရပ် (၁၀)ခုကို စန့်ချင်ကျမ်းစာ (၁၀)စောင်ဟု ခေါ်ဆိုကြသည်။

ခေတ်သစ်ဂန္ထဝင်ကျမ်းစာ (၅)စောင်က ‘ဖြစ်တည်ခြင်း’ အဓိပ္ပါယ်ရပြီး နတ်ဘုရားသုတ်သင်ဓားသိုင်း (၄)မျိုးက ‘ဖြစ်တည်ခြင်းမှမရှိမှု’ သို့ အဓိပ္ပါယ်ဆောင်သည်။

နောက်ဆုံးတစ်ခုဖြစ်သော “မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်း” ဆိုသည်က ‘မရှိမှု’ အဖြစ် ခွဲခြမ်းစိတ်ဖြာခြင်း ခံရသည်။

ထိုကျင့်စဉ်ကျမ်းက အလွန်အမင်းထူးခြားပြီး ၊ ထိုပညာရပ်ကို နတ်ဘုရားသုတ်သင်အစီအရင်ဖြင့် ပေါင်းစပ်လိုက်ပါက အလွန်တရာထူးခြားသော တန်ခိုးစွမ်းအားကို ရရှိပေမည်။

ထိုတာအိုပညာရပ်က ‘ဖြစ်တည်မှုဖန်ဆင်းခြင်း’ မှသည် ‘နိမိတ်ပုံ’ ဆီသို့ ဖြန့်ကျက်လိုက်သည့်အခါ အမှန်တကယ်ပင် ထင်ရှားသည့်ပညာရပ်တစ်ခု ဖြစ်လာ၏။

ယွိချင်အဆက်အနွယ်မှ မူလကောင်းကင်ကျမ်းစာ (၁၀)စောင်တွင် ပထမဆုံးနှင့် အစွမ်းထက်ဆုံးမှာ “ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ ဖြစ်သည်။

စန့်ချင်အဆက်အနွယ်ကတော့ ယွိချင်အဆက်အနွယ်ဖြင့် ဆန့်ကျင်ဘက်ဖြစ်စွာ နောက်ဆုံးကျမ်းစာဖြစ်သည့် ‘မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်း’ က အစွမ်းထက်ဆုံး ဖြစ်သည်။

ဤပညာရပ်က ပရမ်းပတာအခြေအနေအား ငြိမ်းသတ်ရသည့် ကျင့်စဉ်ပညာရပ်တစ်ခု ဖြစ်သည်။

ဤကျင့်စဉ်ကျမ်းကို ထုတ်ဖော်အသုံးပြုလိုက်သည်နှင့် မိုးနှင့်မြေပြောင်းလဲသွားပြီး ဖန်ဆင်းခြင်းတရားအားလုံး ပျောက်ကွယ်သွားသည့်အလား ခံစားရပေမည်။

ရှေးဦးမူလ ကနဦးအစ ‘ပြိုင်ဘက်ကင်းအဆုံးမဲ့’ ကဲ့သို့သော ပညာရပ်တစ်မျိုး ဖြစ်၏။

လင်ပေါင်ထျန်းကျွင်း သက်ရှိထင်ရှား ရှိစဉ်အခါက မည်သူမှ ထိုပညာရပ်ကို ကျင့်ကြံနိုင်ခြင်း မရှိခဲ့ကြပေ။

လင်ပေါင်ထျန်းကျွင်းအပြင် စန့်ချင်အဆက်အနွယ်တွင် နတ်ဘုရားသုတ်သင်အစီအရင်ကို တတ်ကျွမ်းသူ တစ်ယောက်သာလျှင် ရှိသည်။ ထိုသူက တာအိုဆရာ ‘သောပေါင်’ ဟု နာမည်ကြီးသော ‘သောပေါင်ထျန်းကျွင်း’ ဖြစ်သည်။

သူက နတ်ဘုရားသုတ်သင်အစီအရင်ကို တည်ဆောက်နိုင်စွမ်းရှိသော်လည်း ထိုပညာရပ်ကို ပိုမိုကျယ်ပြန့်သောအမြင်ဖြင့် သရုပ်သကန်ဖော်ဆောင်ရန် အရည်အချင်း မရှိခဲ့ပေ။

လင်ပေါင်ထျန်းကျွင်း လောကကိုကျော်လွန်ပြီးမှ သူ၏အဆက်အနွယ်များက “မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်း” ကို ကျင့်ကြံနိုင်ခဲ့ကြသည်။

သို့သော် နတ်ဘုရားသုတ်သင်အစီအရင်ကို တတ်ကျွမ်းသော သောပေါင်ထျန်းကျွင်းက သဲလွန်စမကျန်ပျောက်ကွယ်သွားခဲ့ပြီး ၎င်းအစီအရင်ကို အမွေဆက်ခံမှု ရပ်တန့်သွားသည်။ စန့်ချင်အဆက်အနွယ်၏ ထိပ်တန်းပညာရပ်မှာ မဟာကပ်ဘေးကြီးမတိုင်ခင်ကပင် ပျောက်ကွယ်သွားခဲ့သည်။

သို့ဖြစ်ရာ “မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်း” ကို “နတ်ဘုရားသုတ်သင်အစီအရင်” ဖြင့် တွဲဖက်ပေါင်းစပ်နိုင်ခြင်း မရှိနိုင်ကြတော့ပေ။

လုန်ရွှယ်ကျီးက...

“ဒါဖြင့် နတ်ဘုရားသုတ်သင်အစီအရင်နဲ့ မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို တတ်ကျွမ်းတာမျိုး မဟုတ်သရွေ့ အထက်ရပ်’ချန်ချန်းဟွာ’ ကို မတားဆီးဘူးဆိုတဲ့သ‌ဘောပေါ့”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ကျွန်တော် ခန့်မှန်းတာ မမှားဘူးဆိုရင် အဲဒီလိုပဲ ဖြစ်လိမ့်မယ်”

လုန်ရွှယ်ကျီးက...

“ဒါဖြင့် သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်က ယွိချင်အဆက်အနွယ်က ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ ဒါမှမဟုတ် မူလကောင်းကင်ကျမ်းစာ ဖြစ်နိုင်သလား”

ကောင်းရွှယ်ပေါ်ကလည်း စူးစမ်းဟန်ဖြင့် ရန်ကျောက်ကဲအား စူးစိုက်ကြည့်လိုက်သည်။

မူလကောင်းကင်ကျမ်းစာ (၁၀)စောင်တွင် ပထမဆုံးဖြစ်သော ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ ၊ (သို့မဟုတ်) ကောင်းကင်ဖွင့်လှစ်ပြီးနောက် ပထမဆုံး ထွက်ပေါ်လာသည့် ကနဦးကျမ်းစာ (၃)ဆောင်တွင် ပထမဆုံးဖြစ်သည့် ‘မူလကောင်းကင်ကျမ်းစာ’ ၊ ထိုကျမ်းစာ (၂)ခုလုံးက အလွန်ထူးခြားသော အဓိပ္ပါယ် ရှိသည်။

ထိုကျမ်းစာများကို ကျင့်ကြံခြင်းအခြေခံအုတ်မြစ်အဖြစ် အသုံးပြုသူများသည် ကျင့်ကြံခြင်းအခြေခံကိုမထိခိုက်ဘဲ အခြားသော သိုင်းပညာရပ်များစွာကို ထပ်မံကျင့်ကြံနိုင်ရုံသာမက နတ်ဘုရားအဆင့် တက်လှမ်းရာတွင်လည်း ခိုင်မာသည့် တာအိုလမ်းကြောင်းကို ရရှိစေသည်။

ထို့ကြောင့် ဤကောင်းကင်ကျမ်းစာနှစ်စောင် ကျင့်ကြံသူများသည် ယွိချင်အဆက်အနွယ်များ၏ မတုန်လှုပ်သော တန်ခိုးစွမ်းအားရှင်များ ဖြစ်ကြသည်။

သူတို့အနေဖြင့် စန့်ချင်အဆက်အနွယ်သိုင်းပညာများကို ကျင့်ကြံထားသည့်တိုင် နောက်ဆုံးကျမ်းစာဖြစ်သည့် ‘မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်း’ ကို မကျင့်ကြံသရွေ့ ကျင့်ကြံခြင်းအခြေခံအုတ်မြစ် ပြောင်းလဲရန် မလိုပေ။

မဟုတ်ပါက ရန်ကျောက်ကဲကဲ့သို့ စန်းချင်း (၃)ပါး ပညာရပ်များ တပြိုင်တည်းကျင့်ကြံနိုင်ရန် အခြားသူများသည်လည်း လွယ်ကူသွားပေလိမ့်မည်။

ချန်ချန်းဟွာကတော့ ထိုသို့သောလမ်းစဉ်ကို လျှောက်လှမ်းခြင်းမဟုတ်သည်မှာ ထင်ရှားသည်။

ရန်ကျောက်ကဲက...

“ချန်ချန်းဟွာက ပိုးသားဧကရာဇ်ကို တိုက်ခိုက်တာ ကျွန်တော်မြင်ခဲ့တယ်”

သူက ဆက်ပြောသည်။

“သူက အစစ်အမှန်နတ်ဘုရားတစ်ပါးနဲ့ ရင်ဆိုင်ရတာတောင်... ပိုးသားဧကရာဇ် ဘယ်လိုဆက်တိုက်မလဲဆိုတာကို ဆက်တိုက် ခန့်မှန်းနိုင်နေတယ်”

“သူက ဖြစ်လာတော့မယ့်အရာတွေကို အချိန်တိုအတွင်းမှာပဲ မြင်နိုင်တဲ့ပုံပဲ ၊ ပြီးတော့ ဒါက လုံးဝ အတိအကျ မဟုတ်နိုင်ဘူးဆိုရင်တောင် သူ့ရဲ့ပြိုင်ဘက်က ဧကရာဇ်တစ်ပါးပဲလေ ၊ သူက သိုင်းသူတော်စင်တစ်ယောက်ပဲ ရှိသေးတာ”

ထိုစဉ်က တိုက်ပွဲမြင်ကွင်းများကို ရန်ကျောက်ကဲ ပြန်စဉ်းစားလိုက်သည်။

“ကနဦးကောင်းကင် မြစ်ဝါပန်းချီကားရဲ့ နက္ခတ်ဂမ္ဘီရပညာတောင် ဒီလောက်မြင့်မားတဲ့ခန့်မှန်းမှုမျိုး မလုပ်နိုင်ဘူး ၊ အဲဒီပညာကို အပြည့်အဝ ကျင့်ကြံထားရင်တောင် ချန်ချန်းဟွာ တစ်ဝက်လောက်ပဲ ခန့်မှန်းနိုင်လိမ့်မယ်”

ကောင်းရွှယ်ပေါ်က သူ၏ မျက်ခုံးမွှေးဖြူဖြူများကို တစ်ချက်ပင့်ရင်း...

“ဒါဆို သူက မူလကောင်းကင်ကျမ်းစာကို ကျင့်ကြံထားတာလား”

ယွိချင်အဆက်အနွယ် ၊ မူကောင်းကင်ကျမ်းစာ (၁၀)စောင်မှ ကနဦးကောင်းကင်ကျမ်းစာ (၃)စောင်တွင် ပထမဆုံးဖြစ်သော ‘မူလကောင်းကင်ကျမ်းစာ’။

လောကကြီးတစ်ခုလုံးက မရှိမှုမှ ဖြစ်တည်လာပြီး ထိုအချက်က ‘မူလ’ ဖြစ်သည်။ ထို ‘မူလ’ မှ ‘ပေါင်းစည်းခြင်း’ ဖြစ်ပေါ်လာပြီး အရာအားလုံး စတင်ဖြစ်တည်စေရန် အစပြုသည်။

ထိုမှတစ်ဆင့် အရာခမ်းသိမ်း အမျိုးမျိုးသော ကံတရားများကို အခြေခံ၍ မွေးဖွားခြင်းများ ဖြစ်ပေါ်လာသည်။

ကျင့်ကြံခြင်းအဆင့် အထွတ်ထိပ်သို့ အမှန်တကယ် ရောက်ရှိသွားလျှင် အရာအားလုံးနီးပါးကို သိရှိပြီး အရာအားလုံးကို ခံနိုင်ရည် ရှိသွားပေမည်။

အတိတ်မှအရာအားလုံးကို သိရှိပြီးနောက် အနာဂတ်တွင် ဖြစ်နိုင်ခြေရှိခြင်းအများစုကို ခန့်မှန်းနိုင်သည်။

အနာဂတ်က မှန်းဆမရသော ဖြစ်နိုင်ချေအမျိုးမျိုးရှိပြီး ဘာဖြစ်လာမည်ကို မည်သူမှ မသေချာနိုင်ပေ။ အနည်းငယ်သော လွှမ်းမိုးနိုင်စွမ်းလေးကပင် လုံးဝကွဲပြားသော ပြောင်းလဲမှုများကို ဖြစ်ပေါ်လာစေနိုင်သည်။

ထို့ကြောင့် မူလကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသည့်တိုင် အနာဂတ်ကို ကြည့်မြင်သည့်အခါ ကွဲလွဲမှုများရှိလာနိုင်သည်။ သို့ပေသိ အကြောင်းအရာအတော်များများကိုတော့ မှန်ကန်စွာ ခန့်မှန်းနိုင်ပေမည်။

မူလကောင်းကင်ကျမ်းစာ ကျင့်ကြံထားသူက အတိတ်ကို ကြည့်မည်ဆိုလျှင်တော့ မည်သည့်လျှို့ဝှက်ချက်မှ မရှိနိုင်ဘဲ ကိစ္စအတော်များများကို သိရှိနိုင်ပေမည်။

ဟုတ်ပေ၏။

ဤသည်က ကျင့်ကြံခြင်းအဆင့် မြင့်မားမှုနှင့်လည်း ဆက်စပ်နေပါသည်။

ကျင့်ကြံခြင်းအဆင့်မြင့်မားလေ ‘မူလကောင်းကင်ကျမ်းစာ’ ကို ပိုမိုနားလည်လေဖြစ်ပြီး ခန့်မှန်းမှုများလည်း ပိုမိုတိကျလေ ဖြစ်သည်။

အခြားသူများနှင့်တိုက်ခိုက်ရာတွင် ‘မူလကောင်းကင်ကျမ်းစာ’ ၏ စွမ်းအားက ယွိချင်အဆက်အနွယ် ၊ မူလကောင်းကင်ကျမ်းစာ (၁၀)စောင်မှ ကနဦး ကောင်းကင်ကျမ်းစာ (၃)စောင်တွင် ဒုတိယမြောက်ဖြစ်သော ‘ကောင်းကင်ဖွင့်ကျမ်းစာ’ ထက် စွမ်းအားနည်းပါးသော်လည်း ၊ မူလကောင်းကင်ကျမ်းစာတွင် ထူးခြားသော ကိုယ်ပိုင်လျှို့ဝှက်ဆန်းကျယ်မှုများ ပါရှိသည်။

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်ရင်း...

“ချန်ချန်းဟွာက ဗုဒ္ဓဘာသာဝင်ကိုယ်ပွာတစ်ခုလုပ်ထားတယ် ၊ ဒါပေမဲ့ သူ့ရဲ့မူလဇာစ်မြစ်ကတော့ စန်းချင်း (၃)ပါး တာအိုလမ်းစဉ်ကိုကျင့်သုံးတဲ့ လမ်းမှန်ဝါဒီတစ်ယောက်ပဲ”

သူက ဆက်ပြောလိုက်သည်။

“ဒီတော့... ကျွန်တော် ခန့်မှန်းတာမမှားဘူးဆိုရင် သူကျင့်ကြံထားတာက မူလကောင်းကင်ကျမ်းစာပဲ ဖြစ်ရမယ်”

All Chapters