ဓားဧကရီနေထိုင်ခဲ့ရာနေရာဟောင်း
Vol. 79 Ch. 1107
အခန်း (၁၁၀၇) ဓားဧကရီနေထိုင်ခဲ့ရာနေရာဟောင်း
ငရဲကိုးထပ်တွင် ရန်ကျောက်ကဲက စိတ်စေရာမိုးကြိုးစွမ်းအားကို အသုံးပြုပြီး ပိုးသားဧကရာဇ်၏ ရူးသွပ်မှု ပိုမိုပြင်းထန်လာစေရန် ပြုလုပ်ခဲ့သည်။
သို့သော် ချန်ချန်းဟွာက ပိုးသားဧကရာဇ်ကို တစ်ချက်ကြည့်လိုက်သည်နှင့် သူက စိတ်စေရာမိုးကြိုးစွမ်းအား အသုံးပြုထားကြောင်း ချက်ချင်း သိလိုက်သည်။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် ‘မူလကောင်းကင်ကျမ်းစာ’ ၏ တန်ခိုးစွမ်းအားဟု မှတ်ယူနိုင်သည်။
မည်သို့ပင်ဖြစ်စေ ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ ကို ကျင့်ကြံထားသော ရန်ကျောက်ကဲနှင့် တိုက်ခိုက်သည့်အခါမှာတော့ ချန်ချန်းဟွာ၏ မူလကောင်းကင်ကျမ်းစာက အံ့သြဖွယ်ရာ လက္ခဏာများကို ပြသနိုင်ခြင်း မရှိခဲ့ပေ။
လုန်ဟန့်ဟွာက တွေးတွေးဆဆဖြင့်...
“အထက်ရပ် ‘ချန်’ က မရေမတွက်နိုင်တဲ့ လျှို့ဝှက်ကျင့်စဉ်များစွာကို ကျွမ်းကျင်တတ်မြောက်တယ် ၊ အဲဒီပညာရပ်တွေထဲမှာ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ လျှို့ဝှက်ပညာတွေလည်း အများကြီးပါဝင်တယ်”
သူက ဆက်ပြောသည်။
“သူ့မှာ ရတနာပစ္စည်းတွေလည်း အများကြီးရှိတယ် ၊ အရင်က သူနဲ့ပတ်သက်တဲ့အကြောင်းတွေအများကြီးကြားဖူးပေမယ့် သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်က မူလကောင်းကင်ကျမ်းစာဆိုရင်တော့ အတော်လေး အဓိပ္ပါယ်ရှိတယ်လို့ ဆိုရမယ်”
ထိုစကားများကိုနားထောင်ရင်း ရန်ကျောက်ကဲက ပခုံးတွန့်လိုက်သည်။
ထုတ်ဖော်မပြောခင်ကပင် ကိစ္စရပ်များစွာကို ကောက်ချက်ချနိုင်ခြင်းက အတော်လေး အဆင်ပြေသည်ဟု ထင်ရသည့်တိုင် အရာအားလုံကို ထိန်းချုပ်နိုင်မည်ဟုတော့ မဆိုလိုပေ။
ရလဒ်ကို သိမြင်ခြင်းက ပြောင်းလဲနိုင်သည့်စွမ်းရည်ကို ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ တစ်ခါတစ်ရံဆိုလျှင် ကြိုတင်သိမြင်နေခြင်းက ပို၍ပင် ကူရာကယ်ရာ မဲ့စေသည်။
လူတစ်ယောက် အလွန်အကျွံကြိုတင်ခန့်မှန်းနိုင်ပြီး အရာရာကို သိမြင်လာပါက ဘဝက ငြီးငွေ့ဖွယ်ရာကောင်းသည်ဟု ခံစားလာရမည် အမှန်ပင်။
သို့သော် ‘မူလကောင်းကင်ကျမ်းစာ’ ကို ကျင့်ကြံသူတိုင်းက ချန်ချန်းဟွာကဲ့သို့ ဖြစ်လာမည် မဟုတ်ပေ။ အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ ၏ စိတ်နေစိတ်ထားထူးဆန်းမှုက သူ၏ ပင်ကိုယ်စရိုက်ကြောင့်သာ ဖြစ်၏။
ချန်အိမ်တော်မှ ပထမသခင်လေး၏ထူးခြားချက်မှာ သူ့ခန္ဓာကိုယ်ထဲ အမြစ်တွယ်နေခြင်းသာပင်။
ကောင်းရွှယ်ပေါ်က...
“ချန်ချန်းဟွာက ယွိချင်အဆက်အနွယ် မူလကောင်းကင်ကျမ်းစာ ဘယ်လောက်များများ တတ်မြောက်သလဲ”
ထိုမေးခွန်းကိုကြားတော့ ရန်ကျောက်ကဲပြုံးလိုက်သည်။ ဤသည်က သူကိုယ်တိုင် ကြိုတင်တွေးဆထားသည့်အရာတစ်ခုဖြစ်သည် မဟုတ်ပါလား။
ရန်ကျောက်ကဲက...
“သူ့မှာ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာနဲ့ ကောင်းကင်ဖွင့်ကျမ်းစာကလွဲပြီး အကုန်ရှိတယ်...”
ကောင်းရွှယ်ပေါ်က ဖြည်းညင်းစွာ ခေါင်းညိတ်ရင်း...
“ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာက ထားလိုက်ပါတော့... ကောင်းကင်ဖွင့်ကျမ်းစာကတော့...”
လူတိုင်းအကြည့်ချင်းဖလှယ်လိုက်ကြပြီး အားလုံး၏မျက်နှာများက အတွေးနက်နဲလျှက် ရှိကြသည်။
အထက်ဘုံကမ္ဘာတွင် ကောင်းကင်ဖွင့်ကျမ်းစာအမွေအနှစ်ကို တွေ့ရှိနိုင်သော်လည်း အကန့်အသတ်ရှိသည့် လူအနည်းငယ်၏လက်ထဲမှာသာ ရှိလေသည်။
ရန်ကျောက်ကဲက နှုတ်ခမ်းကိုပွတ်လိုက်ရင်း...
“အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်’ ရဲ့ ပင်ကိုယ်စရိုက်အရဆိုရင် ကောင်းကင်ဖွင့်ကျမ်းစာက သူက သိပ်ပြီး သဘောမကျဘူးလို့ ခံစားရတယ်”
ချန်ချန်းဟွာနှင့် မတိုက်ခိုက်ဖူးကြသော လုန်ဟန့်ဟွာနှင့် အခြားသူများကတော့ ထိုအကြောင်းနှင့်ပတ်သက်ပြီး သုံးသပ်နိုင်ခြင်း မရှိပေ။
ကောင်းရွှယ်ပေါ်က...
“အထက်ရပ်ထိပ်တန်းအရှင်သခင်နဲ့ ပိုးသားဧကရာဇ်တိုက်ခိုက်တာကို မင်း ဘယ်မှာ တွေ့ခဲ့တာလဲ ကျောက်ကဲ”
ပိုးသားဧကရာဇ် ‘ကြယ်စင်ရောင်ပြန်’ ရေကန်တွင် ‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ အကြောင်း ပြောလိုက်သည့်ကိစ်စက အထက်ဘုံကမ္ဘာ၏ ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်သည်။ ထို့ကြောင့် ၎င်းသတင်းက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ရောက်ရှိမည် မဟုတ်ပေ။
ရန်ကျောက်ကဲက အဖြစ်အပျက်များကို အတုံချုံ့ရှင်းပြလိုက်တော့ ကောင်းရွှယ်ပေါ်နှင့် လုန်ရွှယ်ကျီးတို့ အံ့အားသင့်သွားပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
“အခုတလော အထက်ဘုံကမ္ဘာမှာ တကယ်ပဲ ပြဿနာတွေ ရှုတ်နေတာကိုး”
ဤသည်က စိတ်ပူပန်စရာဖြစ်သော်လည်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအနေဖြင့် အထက်ဘုံကမ္ဘာအရေးကိစ္စများကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။
ကောင်းရွှယ်ပေါ်တို့က ငရဲကိုးထပ်တွင် ဖြစ်ပျက်ခဲ့သည်များကို ပိုပြီး စိတ်ဝင်စားကြသည်။ ငရဲကိုးထပ်ဆိုသည်က လူ့ဘုံလောက၏ အကြီးဆုံး မဟာရန်သူဖြစ်သည် မဟုတ်ပါလား။
အမတခုံရုံးမှလူများက ပြင်ပတာအိုမှဖြစ်ကြပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့်လည်း ပြေလည်ကြသည် မရှိပေ။
ဤအကြောင်းများကို ဆွေးနွေးရာတွင် ကောင်းရွှယ်ပေါ်နှင့် လုန်ရွှယ်ကျီးတို့က လုန်ဟန့်ဟွာ မကြားသိစေရန် အသံပို့လွှတ်ခြင်းစနစ်ကိုသာအသုံးပြုခဲ့ကြသည်။
ကောင်းရွှယ်ပေါ်က သူ၏အဖြူရောင်မျက်ခုံးမွှေးများကို ကြုံ့ထားရင်း...
“ကျောက်ကဲ... မင်း လူသားအထွတ်ထိပ်အဆင့်လည်း မရောက်သေးဘူး ၊ မင်းအဖေလို ထိုက်ယိဟွာတိမ်တိုက်ကလည်း အကာအကွယ်ပေးမထားဘူး ၊ ဒါပေမဲ့... မင်းက ‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ နာမည်ကို ကြားဖူးသွားတော့... ငါ စိုးရိမ်တာက...”
ခဏတုံ့ဆိုင်းပြီးမှ သူက ဆက်ပြောသည်။
“အခုချိန်မှာ အထက်ဘုံကမ္ဘာမှာရော ၊ ငါတို့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာရော ဒီကိစ္စအတွက် ကျေနပ်လောက်တဲ့ ဖြေရှင်းနည်း မရှိသေးဘူး”
ရန်ကျောက်ကဲက...
“စိတ်မပူပါနဲ့ ဆရာဦးလေး’ကောင်း’... ၊ ကျွန်တော်က ကြာပန်းနီဒေဝီ ‘ဖုထင်’ လိုမျိုး ထူးခြားတဲ့ခံစားချက် မခံစားရပါဘူး”
ထိုစကားကြားတော့ ကောင်းရွှယ်ပေါ်ရော လုန်ရွှယ်ကျီးပါ အံ့အားသင့်စွာဖြင့် မျက်ခုံးပင့်လိုက်ကြပြီး...
“အိုး... ဟုတ်လား”
ရန်ကျောက်ကဲက...
“တိကျတဲ့အကြောင်းပြချက် မသိသေးပေမယ့်... ကျွန်တော်က ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ရဲ့ နောက်ဆုံးပညာရပ်ဖြစ်တဲ့ ‘ပြိုင်ဘက်ကင်းအဆုံးမဲ့’ ကို ကျင့်ကြံထားလို့လား မသိဘူး ၊ အဲဒီကိစ္စနဲ့ တစ်ခုခုတော့ ဆက်စပ်နေမယ်ထင်တယ်”
လုန်ရွှယ်ကျီးက...
“ယိုးမင်ဧကရာဇ်ရဲ့ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်မှာ ‘ပြိုင်ဘက်ကင်းအဆုံးမဲ့’ လျှို့ဝှက်ချက်တွေပါဝင်တာမှန်ပေမယ့် အဲဒီအချက်နဲ့တော့ မလုံလောက်ဘူး ထင်တယ်”
သူက ဆက်ပြောသည်။
“ငါတို့ လမ်းမှန်တာအို အဆက်အနွယ်တွေ ‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ ဆိုတဲ့နာမည်ကြားလိုက်ရရင် ထိုက်ချင်အဆက်အနွယ်က ‘ထိုက်ယိလက်သီးသိုင်း’ တောင်မှ ကာကွယ်မပေးနိုင်ဘူး”
ရန်ကျောက်ကဲက အမူအရာ မပြောင်းလဲဘဲ...
“ယိုးမင်ဂမ္ဘီရစက်ဝန်းက အပြည့်အဝ မပြီးသေးဘူးဆိုတော့... ကျွန်တော်က ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်နဲ့ ကျွန်တော့်ရဲ့တန်ခိုးစွမ်းအားပေါင်းစပ်ပြီး အဲဒီရတနာပစ္စည်းကို သန့်စင်ခဲ့တယ် ၊ အဲဒါကြောင့် အပြောင်းအလဲတစ်ခုခု ဖြစ်သွားတာနေလိမ့်မယ်”
လုန်ရွှယ်ကျီးက တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ရင်း...
“ဒါဆိုရင်တော့ ဖြစ်နိုင်ခြေ နည်းနည်းရှိတယ်”
ကောင်းရွှယ်ပေါ်က...
“စိတ်မကောင်းစရာပဲ ၊ ဒါက ဖြစ်နိုင်ခြေရှိရင်တောင် လူအမျးစုအတွက် အသုံးချလို့မရဘူး”
အမတမှော်ဝင်ပစ္စည်းများက ရှားပါးပစ္စည်းများ ဖြစ်သည်။ ယိုးမင်ဂမ္ဘီရစက်ဝန်းကဲ့သို့ “ပြိုင်ဘက်ကင်းအဆုံးမဲ့” တန်ခိုးစွမ်းအားပါဝင်သည့် အမတမှော်ဝင်ပစ္စည်းသန္ဓေတည်စပစ္စည်းမျိုးက ဤလောကတွင် မည်မျှ ရှိနိုင်ပါမည်နည်း။
အားလုံးခဏမျှ စကားပြောနေကြပြီးနောက် ကောင်းရွှယ်ပေါ်က...
“ဒါနဲ့... မင်း ဒီကိုရောက်လာပြီဆိုမှတော့ သွားသင့်တဲ့နေရာတစ်ခု ရှိတယ်”
ထိုစကားကြားသည်နှင့် ရန်ကျောက်ကဲက ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားသည်။
“အဘွားနေခဲ့တဲ့နေရာလား...”
ထို့နောက် သူက ဆက်ပြောသည်။
“အခုလို စဉ်းစားပေးတာ ဆရာဦးလေး’ကောင်း’ ၊ ကျွန်တော်လည်း သွားချင်နေတာ ၊ ဒါပေမဲ့ ရောက်ရောက်ချင်း အလောတကြီးကျတော့ ခွင့်တောင်းလို့မကောင်းတာနဲ့...”
သူ၏အဘွားဖြစ်သူ တိချင်းလျန်က ‘အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ’ ၏ အထွတ်ထိပ်ပုဂ္ဂိုလ်များထဲမှတစ်ဦး ဖြစ်သည်။
ရန်ကျောက်ကဲက သူမ၏အဆက်အနွယ်ဖြစ်သော်လည်း စန့်ချက်အဆက်အနွယ် မဟုတ်ခဲ့ပေ။ ထို့ကြောင့် သူမနေထိုင်ရာနေရာသို့ သွားရောက်ရန်မှာ စဉ်းစားရမည့်ကိစ္စ ဖြစ်သည်။
လုန်ရွှယ်ကျီးက...
“စိတ်မပူပါနဲ့ ကျောက်ကဲ ၊ ဆရာဒေါ်လေး နေထိုင်ခဲ့တဲ့နေရာကို မင်းသွားလို့ရပါတယ်”
ထို့နောက် သူက ...
“လာ... ငါ့နောက်လိုက်ခဲ့...”
လုန်ရွှယ်ကျီးက ကိုယ်တိုင်ဦးဆောင်ပြီး သူ့ကိုလိုက်ပို့မည်ဆိုတော့ ရန်ကျောက်ကဲ အံ့အားသင့်ခြင်းမရှိသော်လည်း အူကြောင်ကြားဖြင့် ခေါင်းတစ်ချက်ကုတ်လိုက်သည်။
အမှန်တော့ ဤသည်က စည်းမျဉ်းစည်းကမ်းများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည် မဟုတ်ပါလား။
ထို့ကြောင့် ရန်ကျောက်ကဲအား လုန်ဟန့်ဟွာ လိုက်ပို့သည်ဆိုလျှင်ပင် အခြေအနေကို ထိန်းထားနိုင်မည်မဟုတ်သည့်အတွက် လုန်ရွှယ်ကျီးကိုယ်တိုင် လိုက်ပို့ရခြင်း ဖြစ်သည်။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် ရွှမ်ဟွမ်ဧကရီ၏ အဆက်အနွယ်တစ်ခုတည်းက အင်အားကြီးမားသူများ မဟုတ်ကြပေ။
ရွှမ်ဟွမ်ဧကရီက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် မြင့်မားသည့်အဆင့်အတန်းကို ပိုင်ဆိုင်ထားသော်လည်း သူမ၏အဆက်အနွယ်များအားလုံးက အပြည့်အဝ သြဇာအာဏာ လွှမ်းမိုးနိုင်သူများ မဟုတ်ကြပေ။
အထက်ဘုံကမ္ဘာတွင်ရှိစဉ်က ဝမ်ဖူ ၊ နျဲ့ကျင်းရှန်း ၊ ချောင်ကျယ်နှင့် အခြားသူများမှတစ်ဆင့် သတင်းကြားသိခဲ့ရသည်မှာ အထက်ဘုံကမ္ဘာတွင် ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါး ရှိသလို အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် ဧကရာဇ် (၂)ပါးနှင့် အုပ်စိုးရှင် (၄)ပါး ရှိသည်ဟု ဆိုသည်။
အုပ်စိုးရှင် (၄)ပါးတွင် လုန်ချွမ်ဧကရာဇ်က တစ်ပါးအပါအဝင် ဖြစ်သည်။
ဧကရာဇ် (၂)ပါးအနက်မှ တစ်ပါးမှာ ရွှမ်ဟွမ်ဧကရီ ‘ကောင်းချင်းရွှမ်’နှင့် ကျိကျီဧကရီ ‘တိချင်းလျန်’ တို့၏ ဆရာ ၊ အပြာရောင်ရောင်ခရီးရှည်ကောင်းကင်ဘုံ၏ ဘိုးဘေးဆရာသခင် ဖြစ်သည်။
ကျန်တစ်ယောက်ကတော့ ‘ရွှမ်ဟွမ်ဧကရီ’ ကိုယ်တိုင် ဖြစ်၏။
ဘိုးဘေးဆရာသခင် ‘ဆရာဘွားဘွား’ က ဒဏ်ရာရထားသဖြင့် တံခါးပိတ်ကျင့်ကြံနေသည်မှာ အလွန်ကြာပြီဟု လောလဟလများ ရှိသည်။
ထို့ကြောင့် ရွှမ်ဟွမ်ဧကရီက သူမကိုယ်စား ‘အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ’ ကို တာဝန်ယူပေးနေရခြင်းပင်။
မည်သို့ပင်ဖြစ်စေ ‘ရွှမ်ဟွမ်ဧကရီ’ သည် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ကိစ္စရပ်အားလုံးကို ဆုံးဖြတ်နိုင်ခြင်းမရှိဘဲ ထိပ်တန်း နံပါတ် (၁) တန်ခိုးစွမ်းအားရှင်ဖြစ်သော ဆရာဘွားဘွား၏ ရပ်တည်ချက်ကို စောင့်ဆိုင်းရမည် ဖြစ်သည်။
ယခု လုန်ရွှယ်ကျီး နတ်ဘုရားတစ်ပါးဖြစ်လာသည့်အခါ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် ဧကရာဇ် (၂)ပါးနှင့် အုပ်စိုးရှင် (၅)ပါး ပိုင်ဆိုင်ထားပြီ ဖြစ်သည်။
“ရှောင်ကျန့်နတ်ဓားရှင်” ဆိုသည်က အခြားသော နတ်ဘုရားများနှင့် မတူညီပေ။
ဒဏ္ဍာရီဆန်သော လူနည်းစုမှလွဲလျှင် ဧကရာဇ်အများစုက ကိုရင်ဆိုင်ရန် ယုံကြည်မှု မရှိကြပေ။ သူ၏ တန်ခိုးစွမ်းအားနှင့် အရည်အချင်းက အလွန်တရာ ပြောင်မြောက်လွန်းလှသည်။
သူတို့ ထွက်ခွာလာစဉ် ရန်ကျောက်ကဲကို ကြည့်နေကြသေသာ မျက်ဝန်းအချို့ကို အာရုံခံမိသည်။
ချက်ချင်းပင် လုန်ရွှယ်ကျီးက ခံစားချက်ကင်းမဲ့သည့်မျက်နှာဖြင့် လေထုထဲတွင် ခြေလှမ်းများ ရပ်တန့်လိုက်သည်။
ထိုအခါမှ ကြည့်နေသောမျက်လုံးများ ပြန်လည်ဆုတ်ခွာသွားပြီး အရာအားလုံး ငြိမ်သက်သွားခဲ့သည်။
မည်သည့်စကားမှမဆိုဘဲ လုန်ရွှယ်ကျီး ခြေတစ်လှမ်းလှမ်းကာ ဆက်လျှောက်သွားသည်။
ရန်ကျောက်ကဲက တိတ်ဆိတ်ငြိမ်သက်စွာဖြင့် သူ့နောက်မှ လိုက်သွားပြီး ပြုံးလိုက်၏။
အပြာရောင်ခရီးရှည်ကောင်ကင်ဘုံက သာမန်လူများ မှန်းဆမရနိုင်အောင် ကျယ်ပြောသော ကမ္ဘာကြီးတစ်ခု ဖြစ်သည်။ ဤနေရာတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် သာမန်လူများ နေထိုင်ကြသည်။
သို့သော် တိချင်းလျန် ယခင်က နေထိုင်ခဲ့သည့်နေရာကတော့ ‘ချင်းဖိန်တောင်’ မှာပင် တည်ရှိသည်။
ဤ ချင်းဖိန်နတ်ဘုရားတောင်က အထက်ဘုံကမ္ဘာမှ ခွန်လွန်တောင်ကဲ့သို့ပင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ ပင်မသော့ချက်နေရာ ဖြစ်၏။
ချင်းဖိန်တောင် ၊ တန်းရှတောင်ထွတ်က ရန်ကျောက်ကဲ၏အဘွား ၊ ဓားဧကရီ ‘တိချင်းလျန်’ တစ်ချိန်က နေထိုင်ခဲ့ဖူးသောနေရာ ဖြစ်လေသည်။
လုန်ရွှယ်ကျီး ခေါ်ဆောင်ရာသို့ လိုက်ပါလာသော ရန်ကျောက်ကဲမှာ ‘တန်းရှ’ တောင်ထွတ်သို့ ရောက်ရှိလာပြီးနောက် သူ ပထမဆုံး တွေ့မြင်လိုက်ရသည်က “ကြာပန်းရေကန်တစ်ကန်” ဖြစ်လေသည်။