← Chapters

နောက်သို့ လှည့်မကြည့်ရဲပါသော

Vol. 81 Ch. 1121

နောက်သို့ လှည့်မကြည့်ရဲပါသော

Vol. 81 Ch. 1121

ဝမ်ပေါင်လဲ့ သူ၏ စိတ်ထဲ၌ တာအိုဂါထာတော်အား ရွတ်ဖတ်လိုက်ချိန်တွင် ကျုံးရိကျစ်၏ စာလိပ်ထဲရှိ ရုပ်ပုံထဲမှ လူကြီးမှာ နောက်သို့ တစ်ဝက်တိတိ လှည့်လာပြီဖြစ်သည်။ ထို့ကြောင့် သူ၏ မျက်နှာတစ်ခြမ်းကို မြင်လိုက်ရ၏။

ထိုလူကြီးမှာ နှာတံမြင့်ပြီး မျက်ခုံးမွေးအရှည်ကြီးများကို ပိုင်ဆိုင်ထားသည့် သက်လတ်ပိုင်းလူကြီးတစ်ယောက် ဖြစ်၏။ ရှဲ့ဟေးရန်နှင့် အခြားသူများမှာ ထိုလူကြီးအား တစ်ချက်မျှသာ လှမ်းကြည့်နိုင်ခဲ့ပြီးနောက် ပါးစပ်ထဲမှ သွေးများ ထပ်၍ အန်ထွက်လာကြပြန်သည်။ သူတို့၏ အသိစိတ်များမှလည်း အပြင်းအထန် တုန်ရီသွားကြ၏။

စာလိပ်ထဲမှ သက်လတ်ပိုင်းလူကြီးမှာ သူ၏ မျက်ဝန်းများထဲ၌ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပင် တုန်ရီသွားစေနိုင်သည့် စွမ်းအားတစ်မျိုး ပိုင်ဆိုင်ထားသည့်ပုံပင်။ ထို့ကြောင့် စာလိပ်အပြင်ဘက်ရှိ အာကာသကောင်းကင်ကြီးထဲ၌ ထစ်ချုန်းသံများ အဆက်မပြတ် ထွက်ပေါ်လာရ၏။

တစ်ချိန်တည်းမှာပင် ပို၍ပင်အားကောင်းသည့် ဖိနှိပ်ချုပ်တည်းမှု စွမ်းအားတစ်မျိုးမှာ အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်ပေါ်လာသည်။ ထို စွမ်းအားများမှာ မျက်လုံးဖြင့် မမြင်နိုင်ပါသော်လည်း လှိုင်းတွန့်များအဖြစ် ပြောင်းလဲသွားသည့်ပုံပင်။ ထို လှိုင်းတွန့်များ ပျံ့နှံ့သွားချိန်တွင် ကြေမွပျက်စီးနေပြီဖြစ်သည့် အာကာသကောင်းကင်ကြီးမှာ ထပ်၍ ပျက်စီးသွားရ၏။

ယခုတွင် အာကာသကောင်းကင်ကြီးမှာ တစ်စစီကြေမွနေသည့် ကြေးမုံတစ်ချပ်နှင့် တူနေပြီဖြစ်သည်။ ၎င်းမှာ အစိတ်စိတ်အမွှာမွှာဖြစ်ကာ နောက်သို့ လွင့်စင်သွားကြ၏။ ထို့နောက် ထစ်ချုန်းသံများထွက်ပေါ်လာပြီး ရှဲ့ဟေးရန်နှင့် အခြားသူများ ရှိနေခဲ့သည့် စစ်သင်္ဘောကြီးမှာလည်း ချက်ချင်း ပျက်စီးသွားသည်။ ကံကောင်းစွာဖြင့် သူတို့မှာ ဝမ်ပေါင်လဲ့နှင့် ချုံးရိကျစ် စတင်တိုက်ခိုက်ခဲ့သည့် အချိန်ကတည်းက နောက်သို့ အဆက်မပြတ် ဆုတ်ခွာနေခဲ့ကြသည် မဟုတ်ပါလော။ ထို့ကြောင့် ထို စစ်သင်္ဘောကြီး ပျက်စီးသွားချိန်တွင် သူတို့မှာ ပါးစပ်ထဲမှ သွေးများအန်ထွက်လာပါသော်လည်း ဒဏ်ရာအပြင်းအထန် ရသွားခဲ့ခြင်းတော့မရှိပေ။ တစ်ချိန်တည်းမှာပင် သူတို့မှာ သူတို့၏ ဝှက်ဖဲများကို အသုံးပြုကာ နောက်သို့ အလျင်အမြန် ထွက်ပြေးဆုတ်ခွာသွားကြ၏။

သူတို့မှာ အဝေးကြီးသို့ ရောက်သွားသောအခါမှ ရပ်တန့်သွားကြသည်။ သူတို့၏ မျက်နှာအမူအရာများမှာမူ မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ တုန်လှုပ်ချောက်ချားနေကြသည့်ပုံ ပေါက်နေ၏။

ဝမ်ပေါင်လဲ့မှာမူ ထိုစာလိပ်နှင့် အနီးဆုံးတွင် ရှိနေသောကြောင့် ပြင်းအားအများဆုံး ခံစားလိုက်ရ၏။ မျက်လုံးဖြင့်မမြင်နိုင်သည့် ဖိနှိပ်ချုပ်တည်းမှု စွမ်းအင်လှိုင်းများ ရောက်ရှိလာသောအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ရီသွားရသည်။ သူ၏ နောက်တွင်ရှိနေသည့် တာအိုထာဝရကြယ်ကြီးမှာ ထို စွမအင်လှိုင်းများကို ခုခံတွန်းလှန်နေသည့်အလား အနက်ရောင်အလင်းရောင်များ ထုတ်လွှတ်ပေးနေ၏။ သူ၏ ခန္ဓာကိုယ်မှာလည်း အနက်ရောင်သစ်သားပျဥ်ပြားလေးကြောင့် တောင့်ခံနိုင်စွမ်း ရှိနေသည့်တိုင်အောင် သူ၏ ဝိညာဉ်မှာ စကြဝဠာအဆင့် ကျင့်ကြံသူတစ်ယောက်ဆီမှ ထွက်ပေါ်လာနေသည့် ဖိနှိပ်အားများကို တောင့်ခံနိုင်စွမ်းမရှိတော့ပေ။

၎င်းမှာ စကြဝဠာအဆင့် ကျင့်ကြံသူတစ်ယောက်၏ ပုံရိပ်တစ်ခုသာ ဖြစ်သည့်တိုင်အောင် ဝမ်ပေါင်လဲ့အတွက်မူ မိုးကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ဖြစ်နေဆဲပင်။

တာအိုဂါထာတော်၏ စွမ်းအားမှာ ချက်ချင်း ထွက်ပေါ်လာမည်မဟုတ်ဘဲ နှောင့်နှေးကြန့်ကြာမှု အနည်းငယ်ခန့် ရှိပေသည်။ သူသည် အချိန်အကြာကြီး စောင့်စရာမလိုသည့်တိုင်အောင် ယခုတွင်မူ သေရေးရှင်ရေး အခိုက်အတန့်သို့ ရောက်နေပြီမဟုတ်ပါလော။

ချုံးရိကျစ် အသုံးပြုလိုက်သည့် နတ်ဘုရားပညာရပ်မှာ ထာဝရကြယ်အဆင့်ထက်ပင် သာလွန်နေပြီဟု သတ်မှတ်နိုင်ပေသည်။ ကြယ်နယ်မြေအဆင့်တွင် ရှိနေသည့် အစွမ်းထက်ပုဂ္ဂိုလ်ကြီးများပင်လျှင် ထိုပညာရပ်၏ ပြင်းအားများကို ခံစားလိုက်ရမည်သာဖြစ်သည်။ သို့သော် ၎င်းအား အသုံးပြုနိုင်ရန် ချုံးရိကျစ်တစ်ယောက် အများကြီး ပေးဆပ်ခဲ့ရကြောင်း သိနိုင်ပေသည်။

ထိုပညာရပ်အား ထာဝရကြယ်အဆင့် ကျင့်ကြံသူအားလုံးကို သတ်ဖြတ်နိုင်သည့် ပညာရပ်တစ်ခုအဖြစ် သတ်မှတ်လိုက်လျှင်တောင် ပုံကြီးချဲ့ရာ ကျနေမည်မဟုတ်ပေ။

သို့သော် ဝမ်ပေါင်လဲ့မှာ ထာဝရကြယ်အဆင့် ကျင့်ကြံသူအားလုံးနှင့် မတူပေ။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ရီနေသလို သူ၏ ဝိညာဥ်မှာလည်း တုန်ခါမှုလှိုင်းများကြောင့် ပျက်စီးသွားတော့မည့်ပုံ ပေါက်နေ၏။ သို့သော် သူ၏ မျက်ဝန်းများထဲတွင်မူ တိုက်ခိုက်လိုစိတ်များ အံ့သြတုန်လှုပ်ဖွယ်ရာကောင်းလောက်အောင် ပြည့်နှက်နေဆဲပင်။

ချုံးရိကျစ် နောက်ဆုံးထုတ်သုံးခဲ့သည့် ပညာရပ်မှာ ဝမ်ပေါင်လဲ့ ထင်မှတ်ထားသည်ထက် ပို၍ အစွမ်းထက်နေပါသော်လည်း သူ့ဆီတွင် ဝှက်ဖဲများ ကျန်ရှိနေသေးသည် မဟုတ်ပါသော။ တာအိုဂါထာတော်အပြင်... သူ သူ၏ အတိတ်ဘဝထဲ၌ လေ့လာတတ်မြောက်ခဲ့သည့် မှော်ပညာရပ်အစစ်တစ်ခု ရှိနေသေးသည်။

" လဆုတ်ပညာရပ် " စာလိပ်ထဲရှိ လူကြီး နောက်သို့လှည့်လာပြီး သူ၏ အံ့ဩမှင်တက်ဖွယ်ရာ ဖိနှိပ်အားများကို ထုတ်လွှတ်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ ခပ်အောအောလေသံကြီးဖြင့် အော်ပြောလိုက်သည်။

ထို့နောက် သူသည် သူ၏ လက်ကို မြှောက်ကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီးနောက် ထိုစာလိပ်အား လက်ညှိုးထိုးလိုက်၏။

သူ ထိုသို့ လက်ညှိုးထိုးလိုက်သည်နှင့် ပြိုလဲပျက်စီးနေသည့် အာကာသကောင်းကင်ကြီးမှာ တုန်ရီသွားပြီး ထူးဆန်းသောစွမ်းအားတစ်မျိုး ထွက်ပေါ်လာ၏။ ၎င်းတို့မှာ စကြာဝဠာကြီးထဲရှိ အဆုံးမရှိသော သဘာဝစည်းမျဉ်းဥပဒေသများကို စုစည်းကာ အချိန်မှော်ပညာရပ်အား အသုံးပြုလိုက်သည့် အလားပင်။

ထိုသို့ဖြင့် အချိန်စွမ်းအားများ ပေါ်ပေါက်လာ၏။

အချိန်အား အသက်ရှူကြိမ် အကြိမ်နှစ်ဆယ်တိတိ နောက်သို့ပြန်ရစ်နိုင်သည့် စွမ်းအားများ ဖြစ်ပေသည်။

အကယ်၍ သူ၏ ပြိုင်ဘက်မှာ စကြဝဠာအဆင့် ကျင့်ကြံသူအစစ်တစ်ယောက် ဖြစ်နေမည်ဆိုပါက ဝမ်ပေါင်လဲ့မှာ လဆုတ်ပညာရပ်အား အပြည့်အဝ တတ်မြောက်ထားလျှင်တောင် ထိုပညာရပ်မှာ ထိုကဲ့သို့သော ကျင့်ကြံသူပေါ်၌ အကျိုးသက်ရောက်မှု ရှိနေမည်မဟုတ်ပေ။ ထို့အပြင် ထို ကျင့်ကြံသူကြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏ ပညာရပ်မှာ ပျက်စီးသွားရမည်ဖြစ်သလို သူသည်လည်း ဇီဝိန်ချုပ်သွားရမည်သာဖြစ်သည်။

သို့သော် ယခုတွင် သူသည် ပုံရိပ်ယောင်တစ်ခုနှင့်သာ ရင်ဆိုင်နေရသည်မဟုတ်ပါလော... သို့ဖြစ်ရာ သူသည် လဆုတ်ပညာအရပ်၏ စွမ်းအားအတိုင်း အသက်ရှူကြိမ် အကြိမ်နှစ်ဆယ်တိတိ အချိန်နောက်ပြန်ရစ်နိုင်စွမ်း မရှိလျှင်တောင် အနည်းဆုံး အသက်ရှုကြိမ်သုံးကြိမ်မှ ငါးကြိမ်အထိ ပြန်ရစ်နိုင်စွမ်း ရှိနေမည် ဖြစ်သည်။

ထို့ကြောင့် လဆုတ်ပညာရပ် ထွက်ပေါ်လာသည်နှင့် သူတို့၏ ပတ်ပတ်လည်ရှိ ကြေမွပျက်စီးနေသော အာကာသကောင်းကင်ကြီး၏ အစိတ်အပိုင်းများမှာ အဝေးသို့ လွင့်ထွက်သွားနေရာမှာ ချက်ချင်းဆိုသလိုပင် ၎င်းတို့၏ နဂိုမူလနေရာများသို့ ပြန်ရောက်သွားကြပြီး အကောင်းပတိအတိုင်း ပြန်ဖြစ်သွားတော့မည့်ပုံပင်။ ခပ်လှမ်းလှမ်းတွင် ရှိနေကြသည့် ရှဲ့ဟေးရန်နှင့် အခြားသူများ၏ ပါးစပ်ထဲမှ ပန်းထွက်လာခဲ့သော သွေးများမှာလည်း သူတို့၏ ပါးစပ်များထဲသို့ ပြန်ဝင်သွား၏။ သူတို့၏ ခန္ဓာကိုယ်များမှာလည်း အထိန်းအကွပ််မဲ့စွာ လှုပ်ရှားသွားကြသည်။

ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ပို၍ အံ့သြစရာကောင်းသည့် အချက်မှာ ဝမ်ပေါင်လဲ့၏ နတ်ဘုရားဝိညာဉ်အား ဖျက်ဆီးတော့မည့်ဆဲဆဲ အနေအထားသို့ရောက်နေသည့် ဖိနှိပ်ချုပ်တည်းအားများမှာလည်း သူ၏ရှေ့၌ နောက်သို့ မျောလွင့်သွားခြင်းပင်။ ၎င်းတို့မှာ ဖြန့်ထားသည့်စာလိပ်ထဲရှိ ရုပ်ပုံထဲသို့ အလျင်အမြန် ပြန်လည်မျောလွင့်သွား၏။ ထို ရုပ်ပုံထဲရှိ နောက်သို့ လှည့်လာနေသော လူကြီးမှာမူ အနည်းငယ် တုန်ရီသွားသည်။

သို့သော် ပေါင်လဲ့၏ လဆုတ်ပညာရပ်မှာ ထိုမျှလောက်သာ စွမ်းဆောင်ပေးနိုင်ပေသည်။ ၎င်းမှာ ဘေးနားတစ်ဝိုက်ရှိ အာကာသကောင်းကင်ကြီး၊ အရပ်မျက်နှာအနှံ့ရှိ လူများနှင့် ဖိနှိပ်ချုပ်တည်းအား အပါအဝင် သဘာဝစည်းမျဥ်းဥပဒေသများအပေါ် အကျိုးသက်ရောက်နိုင်စွမ်းရှိနေ၏။ သို့သော်လည်း... ၎င်းမှာ စာလိပ်ထဲမှ လူရိပ်ကြီးအပေါ် အကျိုးသက်ရောက်နိုင်စွမ်းမရှိပေ။

သူသည် ထာဝရကြယ်အဆင့်တွင်သာ ရှိနေသေးသည်ဖြစ်ပြီး စာလိပ်ထဲမှ လူကြီးမှာ စကြဝဠာအဆင့် ကျင့်ကြံသူတစ်ယောက်၏ ပုံရိပ်တစ်ခု ဖြစ်နေသည်မဟုတ်ပါလော။ မည်သို့ပင်ဆိုစေကာမူ အကယ်၍ အစွမ်းထက်ကျင့်ကြံသူ တစ်ယောက်ယောက်သာ ထိုမြင်ကွင်းအား မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရမည်ဆိုပါက နှလုံးသားတစ်ခုလုံး အပြင်းအထန် တုန်ရီသွားပြီး ကြောက်စိတ်များကြောင့် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရမည်သာဖြစ်သည်။

အဘယ်ကြောင့်ဆိုသော... ထိုကဲ့သို့သော ဖြစ်ရပ်မျိုးမှာ အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးထဲ၌ တစ်ခါမှ မဖြစ်ခဲ့ဖူးသောကြောင့်ပင်။ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ စကြဝဠာအဆင့် ပုံရိပ်ယောင်တစ်ခုအား တုန်ရီသွားအောင် ပြုလုပ်နိုင်စွမ်း ရှိနေသည်မဟုတ်ပါလော။ ၎င်းမှာ အနည်းငယ်မျှသာ တုန်ရီသွားခဲ့ခြင်းဖြစ်ပါသော်လည်း အံ့ဩမှင်တက်ဖွယ်ရာ ကိစ္စရပ်ကြီးတစ်ခု ဖြစ်နေဆဲပင်။

သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ထုတ်လွှတ်ခဲ့သည့် ပညာရပ်မှာ စကြဝဠာအဆင့် ကျင့်ကြံသူတစ်ယောက်၏ နတ်ဘုရားစွမ်းရည်တစ်ခုထက် ပို၍သာလွန် နေသည်ကို သိနိုင်ပေသည်။

သေချာချာ စဉ်းစားတွေးတော့ကြည့်လိုက်မည်ဆိုပါက ထိုအချက်မှာ အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာ ကောင်းနေမည် ဖြစ်သည်။

ထစ်ချုန်းသံများကြားတွင် စာလိပ်ထဲရှိ လူရိပ်ကြီးမှာ ရှေ့သို့ ပြန်လှည့်သွားခြင်း မရှိပေ။ သို့သော်လည်း ၎င်းမှာ ပင့်သက်ရှိုက်မိသွားပြီး ဝမ်ပေါင်လဲ့အား လှမ်းကြည့်ချင်နေသည့် အမူအရာဖြင့် နောက်သို့ ချက်ချင်း လှည့်လာ၏။

သို့သော်... ၎င်းမှာ အနည်းငယ် နောက်ကျသွားပြီဖြစ်သည်။ ဝမ်ပေါင်လဲ့၏ လဆုတ်ပညာရပ်မှာ အချိန်အား နောက်ပြန်ရစ်နိုင်စွမ်းရှိပါသော်လည်း စကြဝဠာကြီး တစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှုမရှိပေ။ သူရှိနေသည့် အနီးတစ်ဝိုက်ရှိ နယ်မြေအပိုင်းအခြားတစ်ခုပေါ်တွင်သာ အကျိုးသက်ရောက်မှုရှိပေသည်။ ထို့ကြောင့် ထိုနယ်မြေ၏ အပြင်ဘက်တွင်မူ အချိန်စီးဆင်းမှုမှာ သာမန်အတိုင်း ဖြစ်နေဆဲပင်။ ထို့ကြောင့် စာလိပ်ထဲရှိ လူရိပ်ကြီး နောက်သို့ တစ်ကိုယ်လုံးလှည့်လာတော့မည်အချိန်တွင် တာအိုဂါထာတော်၏ စွမ်းအားများမှာ ရုတ်တရက်ဆိုသလို ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ထိုအခါ ဤ အာကာသကောင်းကင်ကြီးနှင့် စကြဝဠာကြီးတို့နှင့် သက်ဆိုင်မှု မရှိသော အငွေ့အသက်ကြီးတစ်ခုမှာ ခပ်လှမ်းလှမ်းရှိ အာကာသကောင်းကင်ကြီးထဲမှ ရုတ်တရက်ဆိုသလို ဆင်းသက်လာ၏။ သို့ဖြစ်ရာ အိပ်ပျော်နေသည့် နတ်ဘုရားတစ်ပါးမှာ ရုတ်တရက်ဆိုသလိုမျက်လုံးများပွင့်လာပြီး အဆုံးမဲ့တာအိုနယ်မြေအား လှမ်းကြည့်လိုက်သကဲ့သို့ပင်။ သူသည် ထို စစ်မြေပြင်ကြီးထဲရှိ ချုံးရိကျစ် ဖန်တီးထားသော စာလိပ်ထဲမှ နောက်သို့ လှည့်ကြည့်ရန် ပြင်နေသည့် လူရိပ်ကြီးအား လှမ်းကြည့်လိုက်ခြင်းဖြစ်သည်။

ထိုအခါ အာကာသကောင်းကင်ကြီးမှာ ထစ်ချုန်းသံများ နှင့်အတူ အရပ်မျက်နှာအနှံ့တွင် တုန်ရီသွား၏။ စစ်မြေပြင်ကြီး တစ်ခုလုံးမှာလည်း ထိုအခိုက်အတန့်တွင် ရပ်တန့်သွားသည့်အလားပင်။ ရှဲ့ဟေးရန်နှင့် အခြားသူများမှာ သတိလစ်သွားကြပြီး စာလိပ်ထဲရှိ လူရိပ်ကြီးမှာမူ ရုတ်တရက်ဆိုသလို ရပ်တန့်သွား၏။

၎င်းမှာ နောက်သို့ ဆက်မလှည့်ရဲတော့ပေ။

၎င်းမှာ တစ်စုံတစ်ခု၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသည့်အလား တုန်လှုပ်ချောက်ချားသွားရ၏။ ထို့အပြင် ၎င်းမှာ အသက်အန္တရာယ်ကြီးတစ်ခုနှင့် ကြုံတွေ့နေရသကဲ့သို့ ခံစားလိုက်ရသဖြင့် နောက်သို့ ဆက်လှည့်လိုက်ပါက မလွဲမသွေ အသက်ပျောက်သွားလိမ့်မည်ဟု ယုံကြည်နေသည်။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ စိုးရိမ်တုန်လှုပ်နေခဲ့ရာမှ စိတ်လှုပ်တရှား ဖြစ်သွား၏။ ထို့နောက် သူသည် မျက်ဝန်းများ ထူးဆန်းစွာတောက်ပသွားပြီး စာလိပ်ထဲရှိ ဘေးကျပ်နံကျပ် ဖြစ်နေသည့်ပုံပေါ်သော လူရိပ်ကြီးအား စိုက်ကြည့်နေလိုက်တော့သည်။

ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ စာလိပ်ထဲရှိ ထိုလူရိပ်ကြီး အသက်ရှူကြိမ် အနည်းငယ်ခန့် နှုတ်ဆိတ်သွားသည်ကို မြင်လိုက်ရ၏။ ထို့နောက် ၎င်းမှာ ဖြည်းဖြည်းချင်း ရှေ့သို့ ပြန်လှည့်သွားသည်။

" အဲလို လုပ်လို့ရတယ်လား " ဝမ်ပေါင်လဲ့မှာ စာလိပ်ထဲရှိ ရုပ်ပုံထဲမှ လူရိပ်ကြီး ပြင်ပကမ္ဘာကြီးအား ကျောပေးလိုက်သည်ကို ကြည့်ရင်း မျက်စိ ပေကလတ်ပေကလတ် ဖြစ်သွား၏။ ထို လူရိပ်ကြီးမှာမူ ရပ်တန့်သွားခြင်းမရှိဘဲ အဝေးသို့ ဆက်လက်လျှောက်လှမ်းသွားပြီး ထို ရုပ်ပုံ၏ အဆုံးသို့ ရောက်ရှိသွားသည်။ ထို့နောက် ၎င်းမှာ လုံးဝပျောက်ကွယ်သွားတော့သည်။

" ထွက်ပြေးသွားတာလားဟ "

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရ၏။ ထို့နောက် သူသည် ရုပ်ပုံတစ်ခုမှ မရှိတော့သည့် စာလိပ်လေး တန်ပြန်စွမ်းအားတစ်မျိုးအား ခံစားလိုက်ရကဲ့သို့ ဖြစ်သွားသည်ကို ချက်ချင်း သတိထားမိလိုက်သည်။ ၎င်းမှာ ချက်ချင်းဆိုသလိုပင် ပျက်စီးသွားပြီး အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွား၏။ ၎င်း ပျက်စီးသွားချိန်တွင် စူးရှကျယ်လောင်သော အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်လာသည်။ ၎င်းတို့မှာ နတ်ဘုရားဝိညာဉ်ထဲမှ ထွက်ပေါ်လာသည့်ပုံပင်။

ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ ချုံးရိကျစ်၏ နတ်ဘုရားဝိညာဉ်အား မြင်လိုက်ရ၏။

ထို နတ်ဘုရားဝိညာဉ်မှာ ကိုးဆယ်ရာခိုင်နှုန်းတိတိ အရွယ်အစား သေးငယ်သွားပြီဖြစ်ပြီး အလွန်အင်မတန်မှ အားအင်ချည့်နဲ့နေ၏။ ၎င်းမှာ ထိုကဲ့သို့ ပြန်လည်ပေါ်ပေါက်လာပြီးနောက် နိုးနိုးကြားကြား နေနိုင်စွမ်းမရှိတော့သဖြင့် အော်ဟစ်မြည်တမ်းလိုက်ပြီး သတိလစ်သွားတော့သည်။ ထိုအခါ ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်ကို မြှောက်ကာ ၎င်းအား လှမ်း၍ ဖမ်းဆုပ်လိုက်၏။

သူသည် ၎င်းအား သူ၏ သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်ပြီးနောက် အသက်ရှူသံများ လေးလံလာစဉ်မှာပင် တာအိုဂါထာတော်၏ စွမ်းအားများ တဖြည်းဖြည်း ပျောက်ကွယ်သွားနေသည်ကို အာရုံခံမိလိုက်၏။ ထို့နောက် သူသည် သူတို့၏ တိုက်ပွဲကြီးမှာ ဤ အနီးအနားတစ်ဝိုက်ရှိ အငွေ့အသက်အချို့အား အာရုံဖမ်းစားနိုင်ခဲ့သည်ဖြစ်ကြောင်း သိလိုက်ရသည်။ ၎င်းတို့မှာ သူရှိနေသည့်နေရာအား အကဲခတ်စောင့်ကြည့်နေကြသည်ပုံပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်စိ ပေကလတ်ပေကလတ် ဖြစ်သွားရ၏။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို အာကာသကောင်းကင်ကြီးအား မော့ကြည့်ကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဦးညွှတ် အရိုအသေပေးလိုက်တော့သည်။

" ကျေးဇူးအများကြီးတင်ပါတယ်။ ယောက္ခမကြီးခင်ဗျား "

သူ၏ စကားသံမှာ အရပ်မျက်နှာအနှံ့၌ ပဲ့တင်ထပ်သွားသဖြင့် တဖြည်းဖြည်းနှင့် သတိပြန်ရလာနေကြပြီဖြစ်သော ရှဲ့ဟေးရန်နှင့် အခြားသူများမှာ ၎င်းအား ကြားလိုက်ရ၏။ ထို့ကြောင့် သူတို့မှာ တစ်ခဏမျှ ဆွံ့အမှင်တက်သွားကြပြီးနောက် မျက်နှာအမူအရာများ ပြောင်းလဲသွားတော့သည်။

ဝမ်ပေါင်လဲ့မှာမူ အခြားသူများကို ဂရုမစိုက်သည့် အမူအရာဖြင့် သူ၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လုပ်လိုက်ပြီး ဆေးလုံးအချို့အား မည်သူမှ မမြင်အောင် တိတ်တိတ်ကလေး ခိုး၍သောက်သုံးလိုက်၏။ ထို့နောက် သူသည် ယခင်တုန်းကအတိုင်း ခေါင်းမော့ရင်ကော့၍ နောက်သို့လှည့်ကာ သူတို့ဆီသို့ လျှောက်လှမ်းသွားလိုက်တော့သည်။ သူသည် ခြေလှမ်းသုံးလှမ်းလှမ်းလိုက်ရုံနှင့် ရှဲ့ဟေးရန်၊ ချန်ဟန်းနှင့် ထာဝရကြယ်အဆင့် တာအိုအစောင့်အရှောက်များ၏ ရှေ့သို့ ပြန်လည်ရောက်ရှိသွား၏။ ထို့နောက် သူသည် ခေါင်းငုံ့ကာ သူတို့အား တစ်ချက် လှမ်းကြည့်လိုက်သည်။

" ငါ့ရဲ့ ယောက္ခမကြီးအကြောင်း တခြားဘယ်သူ့ကိုမှ မပြောပြနဲ့နော်။ ကဲ။ မီးတောက်ကြယ်စင်စုဆီ ပြန်ကြစို့ " ဝမ်ပေါင်လဲ့မှာ ထိုသို့ ဆိုလိုက်ပြီးနောက် သူ၏ နှစ်ဖက်ကို နောက်ပစ်ကာ ရှေ့သို့ လျှောက်လှမ်းသွားလိုက်တော့သည်။

ရှဲ့ဟေးရန်နှင့် ချန်ဟန်းတို့မှာမူ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။ သူတို့မှာ မျက်ဝန်းများထဲ၌ အံ့ဩတုန်လှုပ်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေကြပြီး ဝမ်ပေါင်လဲ့၏ နောက်မှ ချက်ချင်းလိုက်သွားကြသည်။ တာအိုအစောင့်အရှောက်များမှာလည်း ထိုနည်းတူပင်။ သူတို့မှာ ဝမ်ပေါင်လဲ့အား လေးစားကြည်ညိုသည့် မျက်ဝန်းများဖြင့် ကြည့်နေကြပြီး သူ၏ နောက်မှ လိုက်သွားကြသည်။

အပြန်လမ်းတွင် ချန်ဟန်းမှာ အခြားတစ်ဖက်သို့ လှည့်ကြည့်ကာ အံ့သြတုန်လှုပ်နေဆဲဖြစ်သည့် ရှဲ့ဟေးရန်အား လှမ်းကြည့်၍ သူ့ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်၏။

" ပြောပါဦး... ငါ့အဖေရဲ့ ယောက္ခမကြီးကို ဘယ်လိုခေါ်ရင်ကောင်းမလဲ “

All Chapters