← Chapters

သေမင်းခံတွင်းဝသို့ ရောက်နေသည့် လခြမ်းဧကရာဇ်ကြီး

Vol. 81 Ch. 1122

သေမင်းခံတွင်းဝသို့ ရောက်နေသည့် လခြမ်းဧကရာဇ်ကြီး

Vol. 81 Ch. 1122

ရှဲ့ဟေးရန်မှာ ဆွံ့အနေပြီး ထိုမေးခွန်းအား ပြန်မဖြေနိုင်ဘဲ ဖြစ်နေ၏။ ချန်ဟန်းမှာလည်း အတွေးများထဲ၌ နစ်မျောနေသည်။ ထိုသို့ဖြင့် သူတို့အဖွဲ့ ထိုနေရာမှ ထွက်ခွာသွားစဉ် ထို စစ်မြေပြင်ကြီး၏ ပတ်ပတ်လည်ရှိ အာကာသကောင်းကင်ကြီးထဲမှ အငွေ့အသက်များ ဆင်းသက်လာကြတော့သည်။

အကယ်၍ ဝမ်ပေါင်လဲ့နှင့် ချုံးရိကျစ်တို့၏ တိုက်ပွဲကြီးမှာ အလျင်အမြန် ပြီးဆုံးသွားခဲ့ပါက အခြားလူများမှာ ၎င်းအား သတိထားမိခဲ့ကြမည်မဟုတ်ပေ။ သို့သော် သူတို့နှစ်ယောက်မှာ အချိန်အကြာကြီး တိုက်ခိုက်ခဲ့ကြသည့်အပြင် နောက်ဆုံးတွင် သူတို့အသုံးပြုခဲ့ကြသည့် နတ်ဘုရားစွမ်းရည်များမှာလည်း အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းလွန်းနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ အစွမ်းထက်ပုဂ္ဂိုလ်ကြီးအချို့ ထိုတိုက်ပွဲအား သတိထားမိသွားကြသည်မှာ မထူးဆန်းပေ။

ချုံးရိကျစ် တိုက်ခိုက်နိုင်ရန် ကျိယွဲ့မှာ ကံကြမ္မာစွမ်းအားများကို နှောင့်ယှက်ပေးထားသည့်တိုင်အောင် ၎င်းမှာ အရာအားလုံးအပေါ် အကျိုးသက်ရောက်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် ထိုအငွေ့အသက်များမှာ ဆင်းသက်လာကြသည်နှင့် စစ်မြေပြင်ကြီးတစ်ခုလုံးအား ဖုံးလွှမ်းသွားကြ၏။

သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် စကားပြောနေကြခြင်းတော့မရှိပေ။ သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့ ထွက်ခွာသွားသည့် အရပ်မျက်နှာဘက်သို့သာ ကြောက်ရွံ့တုန်လှုပ်နေသည့် မျက်ဝန်းများဖြင့် လှမ်းကြည့်နေကြသည်။

သူတို့ ကြောက်ရွံ့နေကြသည့်အရာများမှာ ဝမ်ပေါင်လဲ့ အချိန်ကို နောက်ပြန်ရစ်ရာ၌ အသုံးပြုခဲ့သည့် ထူးဆန်းသောပညာရပ်ကြီးနှင့် အာကာသကောင်းကင်ကြီး၏ အတွင်းပိုင်းထဲမှ ရောက်လာသည့် စိတ်ဆန္ဒကြီးတို့ ဖြစ်ပေသည်။ ထို့အပြင် ထို စိတ်ဆန္ဒကြီးမှာ အဆုံးမဲ့တာအိုနယ်မြေနှင့် လုံးဝ သက်ဆိုင်မှုမရှိသည့်ပုံပင်။

၎င်း၏ ပိုင်ရှင်မှာ စကြဝဠာအဆင့် ပုံရိပ်ယောင်ကြီးတစ်ခုကိုပင် နှုတ်ဆိတ်သွားပြီး နောက်သို့ လှည့်မကြည့်ရဲအောင် ဖိအားပေးနိုင်ခဲ့၏။ ထို့အပြင် သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့တစ်ယောက် ထို စိတ်ဆန္ဒကြီး၏ ပိုင်ရှင်အား ယောက္ခမကြီးဟု ခေါ်လိုက်သည့် စကားသံကိုလည်း ကြားခဲ့ရသေးသည်။

ထို့ကြောင့် ထိုနေရာသို့ ဆင်းသက်လာကြသည့် အငွေ့အသက်များမှာ တစ်ခဏမျှ နှုတ်ဆိတ်သွားကြပြီးနောက် တဖြည်းဖြည်းနှင့် လွင့်ပါးပျောက်ကွယ်သွားကြ၏။ သို့သော် ဝမ်ပေါင်လဲ့နှင့် ချုံးရိကျစ်တို့၏ ကြားမှ တိုက်ပွဲကြီးနှင့် ပတ်သက်သည့် သတင်းများမှာ အလျင်အမြန် ပျံ့နှံ့သွားပြီဖြစ်သည်။

ထိုတိုက်ပွဲကြီးမှာ အံ့သြမှင်တက်ဖွယ်ရာ ကောင်းလွန်းနေသည်ဖြစ်ရာ ထိုသတင်းများ အလျင်အမြန် ပျံ့နှံ့သွားသည်မှာ မထူးဆန်းပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့နှင့် သူ၏ အပေါင်းအပါများ မီးတောက်ကြယ်စင်စုဆီသို့ ပြန်သွားနေကြဆဲဖြစ်ပြီး ခုနစ်ရက် ရှစ်ရက်ခန့်သာ ကုန်ဆုံးသွားသေးသည့်တိုင်အောင် မဟာလက်ဝဲတာအိုနယ်မြေထဲမှ အင်အားကြီးမိသားစုများနှင့် မျိုးနွယ်စုများအားလုံးနီးပါးမှာ ထိုအကြောင်း ကြားသိပြီးသွားကြပြီ ဖြစ်သည်။

ထို့ကြောင့် မဟာလက်ဝဲတာအိုနယ်မြေထဲရှိ နယ်မြေအသီးသီးတွင် တအံ့တသြဖြစ်နေကြသည့် စကားသံများ အဆက်မပြတ် ပေါ်ထွက်လာကြတော့သည်။

" ဝမ်ပေါင်လဲ့က လမ်းကိုးသွယ်တာအိုဂိုဏ်းရဲ့ ဒုတိယအဆင့်တာအိုဂိုဏ်းသား ချုံးရိကျစ်ကို အနိုင်ယူပြီး အရှင်ဖမ်းသွားခဲ့တာ ဟုတ်လား "

" ဝမ်ပေါင်လဲ့က ထာဝရကြယ်အဆင့်ကို တက်လှမ်းနိုင်သွားပြီဆိုပဲ "

" အဲဒီတိုက်ပွဲထဲမှာ စကြဝဠာအဆင့် ပုံရိပ်ယောင်ကြီးတစ်ခုနဲ့ ပြင်ပကမ္ဘာထဲက စွမ်းအားကြီးတစ်ခုပါ ပေါ်ပေါက်လာခဲ့တယ်လို့ ငါကြားထားတယ် "

ဝမ်ပေါင်လဲ့မှာ တာအိုဂြိုဟ်အား ရရှိပိုင်ဆိုင်ခဲ့သည့် ကိစ္စနှင့် ကံကြမ္မာဂြိုဟ်ပေါ်၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် မဟာလက်ဝဲတာအိုနယ်မြေထဲမှ အင်အားကြီးအဖွဲ့အစည်း အများစု၏ အာရုံများကို ဖမ်းစားနိုင်ခဲ့ပြီးသားဖြစ်သည်။ ထို့အပြင် ယခုတွင် ဤကိစ္စကြီး ထပ်မံပေါ်ပေါက်လာသည်ဖြစ်ရာ သူ၏ နာမည်မှာ မဟာလက်ဝဲတာအိုနယ်မြေတစ်ခုလုံးထဲ၌ ဟိုးလေးတကျော် ဖြစ်သွားတော့သည်။

တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့နှင့် အခြားသူများ မီးတောက်ကြယ်စင်စုဆီသို့ ပြန်နေကြစဥ် သူနှင့် ချုံးရိကျစ်၏ ကြားမှ တိုက်ပွဲကြီးနှင့် ပတ်သတ်သည့် သတင်းများမှာ တောမီးလိုပျံ့နှံ့သွားကြသဖြင့် အဆုံးမဲ့ဗဟိုနယ်မြေနှင့် မဟာဒိဋ္ဌိနယ်မြေတို့ပင်လျှင် ထိုအကြောင်း ကြားသိသွားကြပြီ ဖြစ်သည်။ ထိုအချိန်တွင် မဟာလက်ဝဲတာအိုနယ်မြေကြီး တစ်ခုလုံးအား တုန်ရီသွားစေသည့် နောက်ထပ် ဖြစ်ရပ်ကြီးတစ်ခု ပေါ်ပေါက်လာ၏။

မီးတောက် ခေါင်းဆောင်ကြီးမှာ နတ်နွားကြီး၏ ကျောကုန်းပေါ်၌ တက်စီးကာ မဟာလက်ဝဲတာအိုနယ်မြေ၏ နံပါတ်တစ်ဂိုဏ်းဖြစ်သော လမ်းကိုးသွယ်တာအိုဂိုဏ်းထဲသို့ ရောက်ရှိလာခြင်းဖြစ်သည်။

သူသည် ရောက်ရှိလာသည်နှင့် စကားတစ်ခွန်းသာ အရင်ဆုံး ပြောလိုက်၏။

" လမ်းကိုးသွယ်တာအိုဂိုဏ်း။ မင်းတို့တွေ ငါ့ရဲ့ တပည့်ကို တိုက်ခိုက်ရဲတယ်ပေါ့။ မင်းတို့တွေ... တရားလွန်သွားပြီကွ " သူသည် ထိုသို့ ဆိုလိုက်ပြီးနောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို ထုတ်လွှတ်ကာ လမ်းကိုးသွယ်တာအိုဂိုဏ်းမှ ခေါင်းဆောင်ကြီးအချို့အား မီးကုန်ယမ်းကုန် တိုက်ခိုက်လိုက်၏။ သူသည် သူတစ်ယောက်တည်း၏ စွမ်းအားများဖြင့် လမ်းကိုးသွယ်တာအိုဂိုဏ်းမှ ခေါင်းဆောင်ကြီးလေးယောက်အား ဖိနှိပ်ချုပ်တည်းနိုင်ခဲ့သည်။

ထို ခေါင်းဆောင်ကြီးလေးယောက်စလုံးမှာ ကြယ်နယ်မြေအဆင့်တွင် ရှိနေကြသည့် အစွမ်းထက်ပုဂ္ဂိုလ်ကြီးများ ဖြစ်ပါသော်လည်း မီးတောက်ခေါင်းဆောင်ကြီးကြောင့် ဒဏ်ရာရသွားကြဆဲပင်။ သူတို့မှာ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည့်တိုင်အောင် မီးတောက်ခေါင်းဆောင်ကြီးအား မယှဉ်နိုင်ခဲ့ပေ။ မီးတောက်ခေါင်းဆောင်ကြီးမှာ လက်ဝါးချက်တစ်ချက်တည်းနှင့် လမ်းကိုးသွယ်တာအိုဂိုဏ်း၏ တောင်ဝင်ပေါက်အား ဖျက်ဆီးပစ်ခဲ့၏။

နောက်ဆုံးတွင် တစ်နှစ်ပတ်လုံး တံခါးပိတ်ကာ ကျင့်ကြံခြင်း လေ့ကျင့်နေခဲ့သည့် လမ်းကိုးသွယ်တာအိုဂိုဏ်းထဲမှ တစ်ဦးတည်းသော စကြဝဠာအဆင့် ခေါင်းဆောင်ကြီးကိုယ်တိုင် ပေါ်ပေါက်လာပြီး မီးတောက်ခေါင်းဆောင်ကြီးအား လက်ညှိုးထိုးကာ သူ့အား ထွက်ပြေးသွားအောင် ဖိအားပေးလိုက်၏။

သို့သော် မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုကဲ့သို့ ဖိအားပေးခံလိုက်ရသည့်တိုင်အောင် လမ်းကိုးသွယ်တာအိုဂိုဏ်း၏ တောင်ဝင်ပေါက်အထက်၌ မီးတောက်များအဖြစ် ပြောင်းလဲသွားပြီး သူ၏ ကျိန်စာစွမ်းအားများကို ထုတ်လွှတ်လိုက်၏။ သူသည် ကြောက်ရွံ့နေခြင်းမရှိဘဲ အသိစိတ်ပျောက်သွားသည့်အလား အသံကုန်အော်ဟစ်လိုက်သည်။

" လမ်းကိုးသွယ်အဘိုးကြီး။ ခင်ဗျား သတ္တိရှိရင် ကျုပ်ကို နောက်တစ်ခေါက် ထပ်ထိကြည့်လိုက်စမ်းပါ "

" ခင်ဗျားကို တခြားသူတွေ ကြောက်ရင်ကြောက်မယ်။ ကျုပ်ကတော့ မကြောက်ဘူ။ ခင်ဗျား ကျုပ်ကို နောက်တစ်ခေါက် ထိတာနဲ့ ခင်ဗျားကို ကျိန်စာတိုက်ပစ်မယ်။ ကျုပ် ဒီကျိန်စာကို ထုတ်မသုံးမိအောင် ထိန်းထားတာ နှစ်ပေါင်းထောင်နဲ့ချီနေပြီ။ ခင်ဗျား မြည်စမ်းကြည့်ချင်လို့လား "

မီးတောက်ခေါင်းဆောင်ကြီး၏ စကားများကြောင့် လမ်းကိုးသွယ်တာအိုဂိုဏ်းမှ ခေါင်းဆောင်ကြီးမှာ နှုတ်ဆိတ်သွားရ၏။ သူသည် စိတ်ထဲတွင်ကျိတ်၍ ကျိန်ဆဲနေပါသော်လည်း ကြံရာမရ ဖြစ်နေပြီဖြစ်သည်.... မိမိအား သူနှင့်အတူ သေရွာသို့ ခေါ်သွားနိုင်စွမ်းရှိသော အရူးတစ်ယောက်နှင့် ရင်ဆိုင်ရပါက မည်သူမဆို ခေါင်းခဲသွားရမည် မဟုတ်ပါလော။

မီးတောက်ခေါင်းဆောင်ကြီး၏ ကျိန်စာမှာ အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးထဲ၌ ဂုဏ်သတင်းကျော်စော၏။ အကယ်၍ သူသာ ဘေးကျပ်နံကျပ်အနေအထားသို့ ရောက်သွားသဖြင့် ထိုကျိန်စာအား အသုံးပြုလိုက်ပါက လမ်းကိုးသွယ်တာအိုဂိုဏ်းမှာ စိတ်ကူးနှင့် မမှန်းဆနိုင်လောက်အောင် ထိခိုက်ပျက်စီးသွားရမည်သာ ဖြစ်သည်။

ထို့ကြောင့် နောက်ဆုံးတွင် လမ်းကိုးသွယ်တာအိုဂိုဏ်းမှ ခေါင်းဆောင်ကြီးမှာ ကြောက်ရွံ့တုန်လှုပ်သွားပြီး မီးတောက်ခေါင်းဆောင်ကြီးအား ဒဏ်ရာရအောင် မလုပ်ခဲ့ပေ။ သူ့အား အဝေးသို့ ထွက်ပြေးသွားရန်သာ ဖိအားပေးလိုက်၏။ မီးတောက်ခေါင်းဆောင်ကြီး ယခုလို အမျက်ချောင်းချောင်းထွက်နေရသည်မှာ အပြစ်မဆိုသာပေ။ ချုံးရိကျစ်မှာ အရင်ဆုံး တိုက်ခိုက်ခဲ့သည့်သူ ဖြစ်ပြီး သူ၏ တပည့်ဖြစ်သူအား သတ်ဖြတ်နိုင်ရန် ကြိုးစားခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ချုံးရိကျစ်အား အရှင်လတ်လတ် ဖမ်းဆီးခဲ့သည့်တိုင်အောင် သူ၏ ဆရာဖြစ်သူအနေနှင့် လမ်းကိုးသွယ်တာအိုဂိုဏ်းဆီမှ ဖြေရှင်းချက်လာတောင်းသည်မှာ မထူးဆန်းပေ။

ထို ဖြစ်ရပ်ကြီးမှာ မဟာလက်ဝဲတာအိုနယ်မြေထဲ၌ ဟိုလေးတကျော် ဖြစ်သွားခဲ့၏။ လူတိုင်းမှာလည်း မီးတောက်ခေါင်းဆောင်ကြီးမှာ သူ၏ တပည့်များအား ရင်အုပ်မကွာ စောင့်ရှောက်တတ်သည့် လူတစ်ယောက်ဖြစ်ကြောင်း နားလည်သွားကြသည်။ ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့အား အန္တရာယ်ပြုလိုသည့် အတွေးများကို မေ့ပျောက်ထားလိုက်ရ၏။ အကယ်၍ သူ့အား အန္တရာယ်ပြုမိမည်ဆိုပါက စကြဝဠာအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် သူနှင့်အတူ သေရွာသို့ ခေါ်သွားနိုင်စွမ်းရှိသော မီးတောက်ခေါင်းဆောင်ကြီး၏ လက်စားချေခြင်းကို ခံရမည်မဟုတ်ပါလော။

ထို့ကြောင့်လည်း လမ်းကိုးသွယ်တာအိုဂိုဏ်းမှာ သည်းခံရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။ ထို့အပြင် သူတို့မှာ သူတို့၏ ဒုတိယအဆင့် တာအိုဂိုဏ်းသား၏ ဝိညာဉ်ကိုလည်း လိုက်မရှာတော့ရန် ဆုံးဖြတ်လိုက်၏။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့နှင့် ချုံးရိကျစ်တို့၏ ပဋိပက္ခကြီးမှာ အဆုံးသတ်သွားတော့သည်။

မီးတောက်ခေါင်းဆောင်ကြီးမှာလည်း အခြေအနေ အချိန်အခါအား နားလည်သူတစ်ယောက်ဖြစ်ရာ သူတို့အား ဆက်၍ နှောင့်ယှက်နေခြင်းမရှိတော့ပေ။ သူသည် သူ၏ စွမ်းအားများကို ထုတ်ပြခဲ့ပြီးနောက် ချက်ချင်းပြန်လာခဲ့၏။ သို့သော် ထိုနှစ်မှာ မဟာလက်ဝဲတာအိုနယ်မြေတစ်ခုလုံးအတွက် ထူးခြားဖြစ်ရပ်များဖြင့် ပြည့်နှက်နေသည့် စိတ်ဝင်စားစရာ နှစ်တစ်နှစ် ဖြစ်နေသည့်ပုံပင်။ ဝမ်ပေါင်လဲ့တစ်ယောက် ချုံးရိကျစ်အား အနိုင်ယူကာ မီးတောက်ခေါင်းဆောင်ကြီး လမ်းကိုးသွယ်တာအိုဂိုဏ်းထဲ၌ သောင်ကျမ်းပြီး သိပ်မကြာခင်မှာပင် တတိယဖြစ်ရပ်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။

ထို ဖြစ်ရပ်ကြီးမှာ ဝမ်ပေါင်လဲ့နှင့် ချုံးရိကျစ်တို့၏ ပဋိပက္ခထက်သာမက မီးတောက်ခေါင်းဆောင်ကြီး လမ်းကိုးသွယ်တာအိုဂိုဏ်းထဲ၌ သောင်းကျန်းခဲ့သည့် ဖြစ်ရပ်ထက်ပါ ပို၍ ကြီးမားပေးသည်။ ၎င်းမှာ မဟာလက်ဝဲတာအိုနယ်မြေ တစ်ခုတည်းကိုသာမက ဤ စကြဝဠာကြီးထဲရှိ ထိပ်သီးအဆင့် အင်အားစုဖြစ်သော အဆုံးမဲ့မျိုးနွယ်စုကိုပါ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။

ထိုဖြစ်ရပ်ကြီးမှာ... ချန်ရှင်းတစ်ယောက် အချုပ်အနှောင်ထဲမှ ပြန်ထွက်လာခြင်းပင်။

လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်တုန်းက အဆုံးမဲ့မျိုးနွယ်စု၏ နတ်ဧကရာဇ်တစ်ယောက်ဖြစ်သော လခြမ်းဧကရာဇ်ကြီးမှာ အကွက်ကျကျစီစဉ်၍ ချန်ရှင်းအား တိုက်ခိုက်ခဲ့၏။ သူသည် ဒယ်အိုးရှစ်လုံးနတ်ဘုရားမီးဖိုအား မန္တန်အစီအရင် ဗဟိုချက်အဖြစ် အသုံးပြုကာ ကြယ်စင်စု သန်းပေါင်းများစွာ၏ စွမ်းအားများကို စုစည်း၍ မန္တန်အစီအရင်ကြီးတစ်ခု ဖန်တီးခဲ့ပြီးနောက် ၎င်းထဲ၌ ချန်ရှင်းအား ဖိနှိပ်ချုပ်တည်းခဲ့ခြင်းဖြစ်သည်။

ထို ဖြစ်ရပ်ကြီးမှာ သူတို့နှစ်ယောက်၏ ကြားမှ ပုဂ္ဂိုလ်ရေး ရန်ငြိုးများကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ တစ်ချိန်ထဲမှာပင် အဆုံးမဲ့မျိုးနွယ်စု၏ တော်ဝင်မိသားစုထဲမှ အချို့အဝက်မှာ သူ့အား ကူညီထောက်ပံ့ပေးထားသေးသည်။ သို့သော် လခြမ်းဧကရာဇ်ကြီးမှာ အချိန်အတော်အတန်ကြာအောင် ပြင်ဆင်ထားခဲ့သည့်တိုင်အောင် ချန်ရှင်းတစ်ယောက် ထိုကဲ့သို့သော ဘေးကျပ်နံကျပ် အခြေအနေမျိုးထဲမှ ဖောက်ထွက်သွားနိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူသည် အမှောင်ဂိုဏ်း၏ မိုးကောင်ကင်တာအိုအား စုစည်းကာ မန္တန်အစီအရင်ကြီးထဲမှ ထွက်ခွာလာခဲ့၏။ သို့သော် သူသည် ထိုနေရာမှ ထွက်ခွာသွားခြင်းမရှိဘဲ မန္တန်အစီအရင်ကြီးအား ပြောင်းပြန်ဖြစ်အောင်လုပ်ကာ လခြမ်းဧကရာဇ်ကြီးနှင့် သူ၏ လက်အောက်ငယ်သားများအား ပြန်လည်ချုပ်နှောင်ခဲ့သည်။

ထို့နောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ စတင်သွား၏။ ထိုနေ့မှစ၍ လခြမ်းဧကရာဇ်ကြီး၏ လက်အောက်ငယ်သားများစွာမှာ သက်ရှိများအားလုံး၏ မှတ်ဉာဏ်များထဲမှ ပျောက်ကွယ်သွားကြသည်သာ ဖြစ်သည်။ ယင်းမှာ သူတို့ အမှောင်ဂိုဏ်း၏ သုတ်သင်ရှင်းလင်းခြင်းကို ခံလိုက်ရသည့် လက္ခဏာဖြစ်ပေသည်။ ထို့ကြောင့်လည်း အဆုံးမဲ့မျိုးနွယ်စုနှင့် အခြား အင်အားကြီးအဖွဲ့အစည်းများမှာ ထိုတိုက်ပွဲကြီးအား အလေးထား၍ စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

သို့သော် အဆုံးမဲ့မျိုးနွယ်စုနှင့် အခြား အင်အားကြီးအဖွဲ့အစည်းများသည် ထို တိုက်ပွဲကြီးမှာ အချိန်တိုလေးအတွင်း ပြီးဆုံးသွားလိမ့်မည်မဟုတ်ဟု မှတ်ယူထားကြ၏။ ထို့အပြင် လခြမ်းဧကရာဇ်ကြီးမှာ စကြဝဠာအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် သူ့ဘက်မှ အရေးနိမ့်နေလျှင်တောင် တိုက်ပွဲကြီးထဲ၌ အခြားပြောင်းလဲမှုများ ပေါ်ပေါက်လာနိုင်ပေသည်။ သို့ဖြစ်ရာ အဖွဲ့အစည်းအားလုံးမှာ ပြင်ဆင်ချိန် အလုံအလောက် ရလိမ့်မည်ဟု ထင်မှတ်ထားကြသည်။

သို့သော် မီးတောက်ခေါင်းဆောင်ကြီး မဟာလက်ဝဲတာအိုနယ်မြေထဲ၌ သောင်းကျမ်းပြီးသွားချိန်တွင် မည်သူမှ ထင်မှတ်မထားသည့် ဖြစ်ရပ်ကြီးတစ်ခု ပေါ်ပေါက်လာ၏။

အဆုံးမဲ့မျိုးနွယ်စုထဲရှိ လခြမ်းဧကရာဇ်ကြီး၏ အသက်မီးအိမ်မှာ မှေးမှိန်စပြုလာပြီး ငြိမ်းသွားတော့မည့် လက္ခဏာများ ပြလာခြင်း ဖြစ်သည်။ ထို့အပြင် လူပေါင်းမြောက်မြားစွာ၏ မှတ်ဉာဏ်များထဲတွင် လခြမ်းဧကရာဇ်ကြီးမှာ စတင်ပျောက်ကွယ်စပြုလာ၏။

၎င်းမှာ အပြီးတိုင်ပျောက်ကွယ်သွားခြင်း မရှိပါသော်လည်း လခြမ်းဧကရာဇ်ကြီးမှာ သေမင်းခံတွင်းဝသို့ ရောက်နေပြီဖြစ်ကြောင်း သိနိုင်ပေသည်။ ထို့ကြောင့် အဆုံးမဲ့မျိုးနွယ်စုမှာ အပြည့်အဝ ပြင်ဆင်ထားခြင်း မရှိသေးသည့်အပြင် တော်ဝင်မိသားစုဝင်များမှာလည်း သဘောထားများ ကွဲလွဲနေကြသည့်တိုင်အောင် သူတို့မှာ အစီအစဉ်တစ်ခု အလျင်အမြန်ရေးဆွဲရုံမှတစ်ပါး အခြား ရွေးချယ်စရာမရှိတော့ပေ။

တစ်ချိန်ထဲမှာပင် အဆုံးမဲ့တာအိုနယ်မြေထဲရှိ အင်အားကြီး အဖွဲ့အစည်းများအားလုံးမှာ ချန်ရှင်းနှင့် လခြမ်းဧကရာဇ်ကြီးတို့၏ တိုက်ပွဲပေါ်သို့ အာရုံရောက်သွားကြ၏။ ထိုမျှသာမက ထိုအဖွဲ့အစည်းများမှာ ၎င်းတို့၏ သက်ဆိုင်ရာ ပါရမီရှင်များကို ထို တိုက်ပွဲကြီးဖြစ်ပွားနေသည့် စစ်မြေပြင်ကြီး၏ အစွန်အဖျားပိုင်းများဆီသို့ စေလွှတ်လိုက်ကြသေးသည်။

အဘယ်ကြောင့်ဆိုသော် လခြမ်းဧကရာဇ်ကြီး သေဆုံးသွားသည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ တာအိုစိတ်ဆန္ဒများနှင့် စည်မျဉ်းဥပဒေသစွမ်းအားများသာမက ကြောက်မက်ဖွယ်ရာ ဝိညာဉ်ချီစွမ်းအင်လှိုင်းများပါ စိတ်ကူးနှင့် မှန်းဆ၍ မရလောက်အောင် ပေါက်ကွဲထွက်ပေါ်လာမည် ဖြစ်သောကြောင့်ပင်။ သူ သက်ရှိထင်ရှား ရှိနေခဲ့စဉ်တုန်းက သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အလွန်အင်မတန်မှ မြင့်မားနေသည် မဟုတ်ပါလော။

သို့ဖြစ်ရာ ထိုဖြစ်ရပ်ကြီးမှာ.... ကျင့်ကြံသူများအားလုံးအတွက် အထူးအခွင့်အရေးကြီးတစ်ခု ဖြစ်ပေသည်။ မိမိ၏ ပါရမီအဆင့်အတန်း ပို၍ မြင့်မားလေလေ မိမိ ရရှိပိုင်ဆိုင်နိုင်မည့် အကျိုးကျေးဇူးများမှာ ပို၍ ကြီးမားလေလေ ဖြစ်နေမည်ဖြစ်သည်။

ထို့အပြင် လခြမ်းဧကရာဇ်ကြီးသာမက သူ၏ လက်အောက်တွင် ရှိနေကြသည့် နတ်ဗိုလ်ချုပ်ကြီးများကိုလည်း အဆင့်မြင့် အားဆေးများအဖြစ် သတ်မှတ်၍ရပေသည်။ အဆုံးမဲ့မျိုးနွယ်စုမှာ ထိုအခြေအနေသို့ မရောက်လိုပါသော်လည်း အခြား အင်အားကြီးအဖွဲ့အစည်းများ၏ လောဘများကို တားဆီးနိုင်မည်တော့မဟုတ်ပေ။

ထိုတိုက်ပွဲကြီးနှင့် ယှဉ်လိုက်ပါက ဝမ်ပေါင်လဲ့နှင့် ချုံးရိကျစ်တို့၏ တိုက်ပွဲမှာ စာမဖွဲ့လောက်ပေ။ ထို့ကြောင့်လည်း မည်သူကမှ ၎င်းအား စိတ်ဝင်စားနေခြင်း မရှိတော့ချေ။ လူတိုင်းမှာ... ချန်ရှင်းနှင့် လခြမ်းဧကရာဇ်ကြီးတို့၏ တိုက်ပွဲကြီးကိုသာ အာရုံအပြည့် စိုက်ထားကြပြီဖြစ်သည်။

All Chapters