တစ်ညတာ
Vol. 8 Ch. 31
ဥစာကီက မိရိုင်ရဲ့လက်ကို ဆုပ်ကိုင်ထားတယ်။ အခုသူတို့နှစ်ယောက်လုံးက လူမရှိတော့တဲ့ ပန်းခြံတစ်ခုထဲမှာပါ။ သူတို့နှစ်ယောက် အတူရှိမနေခဲ့တာ အချိန်တစ်ခုကြာခဲ့ပြီ။ အခုလိုတစ်ယောက်ကိုတစ်ယောက် ပြန်တွေ့ရတော့ အရင်တုန်းက အဖြစ်အပျက်တွေကို ပြန်တွေးပြီး နှစ်ယောက်လုံးပြုံးလိုက်မိကြပါတယ်။
“နောက်ဆုံးတော့၊ မမကို တွေ့ခွင့်ရခဲ့ပြီပဲ။” မိရိုင်က သူ့ကိုမလွတ်တန်းဖက်ထားလို့ ဥစာကီအခက်တွေ့နေခဲ့တယ်။ သူတို့နှစ်ယောက် ခုံတန်းတစ်ခုနားကို ရောက်လာချိန်မှာ အတူဝင်ထိုင်လိုက်ကြတယ်။
“အစ်မက ဟိုးအရင်ကတည်းက ဟီးရိုးကိစ္စတွေနဲ့ အမြဲအလုပ်ရှုပ်နေခဲ့တာမလို့ သမီးကိုဂရုစိုက်မပေးနိုင်ခဲ့ပေမဲ့ ဒီလိုနေ့မျိုးဆိုရင် အမြဲတမ်းအတူအပြင်နေကြလေ။”
ဥစာကီက အရင်တုန်းက ကိစ္စတွေကို ပြန်စဥ်းစားကြည့်လိုက်တယ်။ အတိတ်က ကိစ္စတွေက သူ့အတွက်ဝေဝါးလွန်းနေပြီး ဘာကိုမှသူမမှတ်မိဘူး။ ဒါပေမဲ့ ပြန်စဥ်းစားကြည့်လိုက်ချိန်မှာတော့ အရင်တုန်းကဝေဝါးလှတဲ့ အမှတ်တရတချို့ကို သူပြန်စဥ်းစားမိလိုက်တယ်။
ပေါက်...
ပူနွေးတဲ့ အရည်တချို့က သူ့လက်ခုံပေါ်ကို ကျဆင်းလာတဲ့အတွက် ငုံကြည့်လိုက်တော့ မိရိုင်ရဲ့မျက်ရည်တွေဖြစ်နေတာ တွေ့လိုက်ရတယ်။ မိရိုင်က ငိုကြွေးနေတာဖြစ်ပြီး ငိုသံထွက်မလာအောင် ကြိုးစားနေပေမဲ့ မျက်ရည်တွေကိုတော့ ထိန်းချုပ်မထားနိုင်တော့ဘူးရယ်။
“အစ်မကြီးက သမီးစာမေးပွဲပြီးတဲ့နေ့တိုင်း သမီးကို အနားက ပန်းခြံကိုလိုက်ပို့ပေးနေကျလေ။ အစ်မကြီးမမှတ်မိတော့ဘူးမဟုတ်လား။”
ဥစာကီက မိရိုင်ရဲ့စကားကြောင့် မိရိုင်ရဲ့မျက်နှာကို သူ့လက်ဖဝါးနဲ့ထိကိုင်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ခေါင်းထဲကို ဟိုးအရင်က အမှတ်တတွေ ပြန်စီးဝင်လာခဲ့တယ်။
သူတို့အမေဆုံးသွားပြီးကတည်းက အဖိုးဖြစ်သူရဲ့ဖိအားပေးမှုကြောင့် ဥစာကီက အမြဲလိုလိုလေ့ကျင့်ရေးဆင်းနေခဲ့ရတာ။ သိပ်ကိုငယ်လွန်းတဲ့ အချိန်တွေမှာကတည်းက ဟီးရိုးမစ်ရှင်တွေလုပ်ဖို့ ဖိအားပေးခံခဲ့ရပြီး သူ့ရဲ့တစ်ဦးတည်းသောညီမလေးကို ဂရုစိုက်မပေးနိုင်ခဲ့ဘူး။ ယာမာဂုချီမိသားစုရဲ့ရည်မှန်းချက် အနှောင်အဖွဲ့တွေထဲမှာပဲ သူပိတ်မိနေခဲ့တာ။
‘အခုလည်း ဘာထူးလို့လဲ၊ ယာမာဂုချီမိသားစုအစား ပိုးကောင်တော်ဝင်မိသားစုပဲ ဖြစ်သွားတာ။ ဒါက ငါ့ရဲ့ကံကြမ္မာလား။’ ဥစာကီက တွေးလိုက်မိတယ်။
အချိန်တွေက တဖြည်းဖြည်းကုန်ဆုံးလာခဲ့တယ်။ မိရိုင်ကတော့ ငိုကြွေးနေရင်းနဲ့ အားအင်ကုန်ခမ်းသွားဟန်နဲ့ ဥစာကီရဲ့လက်မောင်းကိုမှီရင်း အိပ်ပျော်သွားတော့တယ်။ ဥစာကီက သူ့ကိုယ်ပေါ်မှာအိပ်ပျော်နေတဲ့ မိန်းမငယ်လေးရဲ့ဆံစတွေကို ပွတ်သပ်လိုက်ရင်း အပြုံးတစ်ပွင့်က ပွင့်လန်းလာခဲ့တယ်။ ဒါပေမဲ့ ခဏနေတော့ အဲဒီအပြုံးက အေးခဲသွားပြီး သူ့ခါးမှာချိတ်ထားတဲ့ မိစ္ဆာသတ်ဓားဆီကို လက်ကရောက်သွားပါတယ်။
“ကိုယ်နဲ့မဆိုင်တဲ့ သံယောဇဥ်ကြိုးကို ဖြတ်တောက်ပစ်လိုက်။ သံယောဇဥ်တွေရဲ့နှောင်ဖွဲ့ခြင်းကို မခံရစေနဲ့။” သူ့ခေါင်းထဲကနေ အသံတစ်သံထွက်ပေါ်လာတယ်။ ဥစာကီက အဲဒီအသံကို ပြင်ပကစိတ်ကူးတစ်ခုလို့ မတွေးမိဘူး။ ဒါက သူ့ရဲ့အတွင်းစိတ် သူ့ရဲ့သရုပ်မှန်ပါ။
ချွှင်...
သူဓားကို ဖြည်းဖြည်းချင်းဆွဲထုတ်လိုက်ပြီး မိရိုင်ကို ခုတ်ဖို့အတွက်ရွယ်လိုက်တယ်။ ဒါပေမဲ့ မိရိုင်ရဲ့အပြစ်ကင်းစင်တဲ့မျက်နှာကို နောက်တစ်ခါထပ်မြင်လိုက်ရချိန်မှာတော့ ဓားကိုပစ်ချလိုက်ပြီး သူ့မျက်နှာကိုသူ လက်ဝါးနဲ့ရိုက်လိုက်မိတယ်။
“ငါမလုပ်နိုင်ဘူး။ ဒီလိုလုပ်လိုက်ရင် ငါ့ထက်ဆိုးဝါးတဲ့ မိန်းမရှိပါတော့မလား။” သူ့လက်ချောင်းတွေကြားကနေ မျက်ရည်တွေစီးကျလာခဲ့တယ်။ သူဒီကလေးမလေးကိုသတ်လိုက်ရင် သူနေ့တိုင်းရုန်းကန်နေရတဲ့ စိတ်ပိုင်းဆိုင်ရာအကြပ်အတည်းနဲ့ကနေ လွတ်မြောက်သွားနိုင်တယ်။ ဒါပေမဲ့၊ အဲဒီလိုလုပ်ဖို့က တကယ်ရောတန်ရဲ့လား။ သူ့ရဲ့ကျန်ရှိနေသေးတဲ့ လူသားဆန်တဲ့အစိတ်အပိုင်းက အဲဒါကိုဆန့်ကျင်နေပါတယ်။
“အစ်မ...” မိရိုင်က မျက်လုံးဖွင့်ကြည့်လိုက်တယ်။ သူ့ပခုံးပေါ်ကို ဥစာကီရဲ့မျက်ရည်တွေ ကျဆင်းလာခဲ့တာကြောင့် နိုးလာခဲ့တာပါ။ ဥစာကီက အသက်ကို ပြင်းပြင်းရှုလိုက်ပြီး
“ကောင်မလေး၊ ငါက နင့်အစ်မမဟုတ်တော့တာ သိတယ်မဟုတ်လား။” ဥစာကီက ရှေ့တည့်တည့်က ဗလာလေထုကို ခံစားချက်မဲ့စွာနဲ့ စိုက်ကြည့်နေခဲ့တယ်။ မိရိုင်ကတော့ အဲဒီစကားကြောင့် အေးခဲနေတဲ့ ကန်ရေပြင်ထဲကို ကျဆင်းသွားသလိုမျိုး ခံစားလိုက်ရလေရဲ့။ သူက ဥစာကီရဲ့အဝတ်အစားတွေကို ဆုပ်ကိုင်လိုက်ပြီး အတင်းအကြပ်ဖက်ထားလိုက်ပါတယ်။
“ဒါပေမဲ့၊ အစ်မကြီးက အခုကျွန်မဘေးမှာရှိနေတာလေ။”
“ဥစာကီက သေသွားခဲ့ပြီ။” ဥစာကီက ကြမ်းပြင်ကို ငုံကြည့်လိုက်တယ်။ မိရိုင်ဆီကနေ ဘာစကားမှထွက်မလာဘူး။ ဥစာကီရဲ့နှုတ်ခမ်းတွေကတော့ တုန်ခါနေပြီး နောက်စကားတွေကို ပြောဖို့အတွက် အားယူနေရပုံပဲ။
“ငါက နင့်အစ်မရဲ့မှတ်ဉာဏ်တွေရှိနေတဲ့ ပိုးကောင်တစ်ကောင်ပါပဲ။”
ဥစာကီက ခုံကနေ ထသွားဖို့လုပ်တယ်။ ကောင်းကင်မှာ အလင်းရောင်ပြေးလေးတစ်ခုရှိနေတာ တွေ့ရပါတယ်။ မိုးသောက်ယံရောက်ပြီဖြစ်ပြီး မကြာခင်နေထွက်လာတော့မှာပါ။
“အစ်မ...”
“မနက်မိုးလင်းတော့မယ်၊ ငါတို့အပေးအယူက ဒီလောက်ပဲ။” ဥစာကီက မိရိုင်ကိုကျောခိုင်းပြီးတော့ ဒီနေရာကနေ ထွက်သွားဖို့လုပ်တယ်။ ဒါပေမဲ့ မီးလျှံစက်ဝန်းတစ်ခုက သူတို့နှစ်ယောက်လုံးကို လွှမ်းခြုံလိုက်တဲ့အတွက် ဥစာကီရဲ့နှလုံးသားက အနည်းငယ်လှုပ်ရှားသွားတယ်။ သူနောက်ကိုလှည့်ကြည့်လိုက်တော့ မိရိုင်က စွမ်းအားတွေကိုထုတ်ဖော်ထားပြီး သူ့ကိုကြည့်နေပါတယ်။
“အစ်မကြီးကို ကျွန်မအနားကနေ ထွက်သွားခွင့်မပေးနိုင်ဘူး။”
“ရူးမိုက်တာပဲ။” ဥစာကီက မီးတောက်နံရံကို လက်ချောင်းလေးတစ်ချောင်းတည်းနဲ့ ဖျက်ဆီးလိုက်တယ်။ မိရိုင််က အဲဒီဖိအားကြောင့် နောက်ကိုလွင့်ထွက်သွားပြီး ထိုင်ခုံပေါ်ကို ပြန်ပြုတ်ကျသွားတယ်။ မိရိုင်က S rank ဆိုပေမဲ့ ဥစာကီရဲ့စွမ်းအားနဲ့ဆိုရင် ကလေးနဲ့လူကြီးလိုကို ကွာနေတာပါ။
“ငါနင့်ကို မသတ်တာသာ ကျေးဇူးတင်စမ်းပါ။ နင်နဲ့ငါက ဘာမှမဆိုင်တော့ဘူး။” ဥစာကီက နောက်ထပ် ခြေလှမ်းကို လှမ်းလိုက်ပေမဲ့ ပိုကြီးမားတဲ့ မီးလျှံဒိုင်းက ထွက်ပေါ်လာပြီး ဥစာကီကို တားဆီးလိုက်ပြန်ပါတယ်။
“ဒါဆိုရင် ပြိုင်ပွဲတစ်လျှောက်လုံး ဘာဖြစ်လို့ ကျွန်မကိုအမြဲတမ်းနောက်ကနေ လိုက်ကြည့်နေခဲ့တာလဲ။ အစ်မကြီးက သမီးကိုစိတ်ပူနေတာမဟုတ်ဘူးလား။ ပြီးတော့ သမီးကိုမသတ်ခဲ့ဘူး။”
မိရိုင်က ကြမ်းပြင်ပေါ်မှာပြုတ်ကျနေတဲ့ ဓားကိုကြည့်ပြီး ပြောလိုက်တယ်။ အဲဒီနောက် “ကျေးဇူးပြုပြီးတော့ ပြန်လာခဲ့ပါ။ အစ်မကြီး အဲဒီလိုလုပ်နေလို့မရဘူးလေ။”
မိရိုင်ရဲ့မီးလျှံဒိုင်းက ပိုပြီးအင်အားပြင်းထန်လာပါတယ်။ ဥစာကီကတော့ တစ်ကိုယ်လုံးတုန်ရင်နေပြီး လက်ကိုဖြန့်လိုက်တယ်။ ဓားက မြေပြင်ကနေကြွတက်လာပြီး သူ့လက်ထဲကိုရောက်လာတယ်။ အဲဒီနောက် မီးလျှံဒိုင်းကို ဓားနဲ့ခုတ်ပြီး ဖျက်ဆီးပစ်လိုက်တော့တယ်။
“တော်လိုက်တော့ ကောင်မလေး။ နင့်မှာငါ့ကိုတားဆီးနိုင်မယ့် စွမ်းအားမျိုးရှိမနေဘူး။”
“အစ်မကြီး ထွက်မသွားရဘူး။” မိရိုင်က အော်ဟစ်လိုက်တယ်။ မိရိုင်က ခေါင်းမာနေဆဲပါ။ မိရိုင်ရဲ့ခန္ဓာကိုယ်တစ်လုံးကို မီးတောက်တွေ ဖုံးလွှမ်းသွားပြီး ပန်းခြံတစ်ခုလုံးမှာ ကြယ်မှုန်တွေနဲ့ပြည့်နှက်လာပါတယ်။ သူ့လက်ထဲမှာတော့ ကြယ်နှင်တံတစ်ခုပေါ်လာပြီး ဥစာကီကို ထိုးချိန်လိုက်တယ်။ ကြယ်မီးတောက်တွေက လက်တစ်ခုအဖြစ်ကို ဖွဲ့စည်းသွားပြီး ဥစာကီကို ဖမ်းချုပ်ထားလိုက်တယ်။ မီးတောက်တွေက ဥစာကီအတွက် အလွယ်တကူရုန်းထွက်နိုင်တဲ့ ပမာဏမှာပဲရှိနေပေမဲ့ မိရိုင်ရဲ့ပြင်းထန်တဲ့စိတ်ဆန္ဒကို မြင်နိုင်ပါတယ်။
“ဒီကမ္ဘာမှာ ကျွန်မကိုဂရုစိုက်ပေးနိုင်တဲ့ မိသားစုဝင်ဆိုလို့ အစ်မကြီးတစ်ယောက်ပဲရှိခဲ့တာ။ အခုလည်း အစ်မကြီးကို ဂရုစိုက်ပေးမယ့်သူဆိုလို့ ကျွန်မတစ်ယောက်ပဲရှိတယ်။ အစ်မကြီးကျွန်မကို ကျောခိုင်းသွားလို့မရဘူး။ လုံးဝခွင့်မပြုနိုင်ဘူး။”
ပန်းခြံပတ်ပတ်လည်က မိရိုင်ရဲ့ကြယ်မီးလျှံနယ်မြေအဖြစ်ပြောင်းလဲလာတယ်။ ဧရာမမီးလျှံလက်တွေကဥစာကီကို ထာဝရဖမ်းချုပ်ထားဖို့ကြိုးစားနေတယ်။ အတော်ကြာတဲ့အထိ ဥစာကီက မလှုပ်ရှားဘဲ မိရိုင်ပြုလုပ်နေတဲ့အရာမှန်သမျှကို စိုက်ကြည့်နေမိတယ်။ သူတကယ်ပဲ ထွက်မသွားချင်ပါဘူး။ ဒါပေမဲ့ ထွက်သွားမှရမယ်။ သူပြုံးလိုက်တယ်။ အဲဒီနောက် သူ့လက်ကို ရှေ့ဆန့်ထုတ်လိုက်တယ်။
“တောင်းပန်ပါတယ်။” ဥစာကီက လက်ဖျောက်တီးလိုက်တယ်။
ဖျောက်....
ဥစာကီရဲ့မိစ္ဆာသတ်ဓားက မျက်လုံးပွင့်လာပြီး အနက်ရောင်ချိန်းကြိုးတွေက နေရာအနှံကိုပြန့်နှံသွားတယ်။
မိရိုင်ရဲ့အင်အားကြီးပါတယ်ဆိုတဲ့ မီးလျှံနယ်မြေက ဥစာကီရဲ့လက်ဖျောက်တီးသံအောက်မှာပဲ မွေးနေ့ပွဲက ဖယောင်းတိုင်လိုပဲ ငြှိမ်းသက်ခံလိုက်ရတယ်။ ဥစာကီရဲ့စွမ်းအားကန့်သတ်နယ်မြေအောက်မှာ မိရိုင်ရဲ့မီးလျှံနယ်မြေက ဘာမှမဟုတ်တဲ့ဖြစ်တည်မှုတစ်ခုပါ။ မိရိုင်ကိုယ်တိုင်ကတော့ ဒူးထောက်ကျသွားပြီး စတင်ငိုကြွေးတော့တယ်။ သူ့အနေနဲ့ သူ့အစ်မကြီးကို သူ့အနားမှာပဲ ချုပ်နှောင်ထားဖို့ ခွန်အားမရှိခဲ့ဘူးမဟုတ်လား။
“နင့်မှာ ငါဆိုတဲ့အစ်မတစ်ယောက် ရှိခဲ့တဲ့အကြောင်းမေ့ပစ်လိုက်ပါတော့။ ဒါက ငါတို့နှစ်ယောက်လုံးအတွက် ပိုကောင်းတယ်။”
ဥစာကီရဲ့စကားသံက မိရိုင်နဲ့တဖြည်းဖြည်းပိုပြီးဝေးသွားတယ်။ ဥစာကီက အတောင်ပံကိုဖြန့်လိုက်ပြီး ကောင်းကင်ပေါ်ကို ပျံတက်လိုက်ပါတယ်။ မိရိုင်ကတော့ ဆက်လက်ငိုကြွေးနေဆဲဖြစ်ပြီး တစ်နေရာမှာ သူ့ကိုစောင့်ရှောက်ပေးဖို့ပုန်းနေတဲ့ ကိုင်းတိုက ထွက်လာပါတယ်။
“မိရိုင်၊ ငါတို့သွားကြရအောင်။” ကိုင်းတိုက မိရိုင်ရဲ့ပခုံးကိုပုတ်ပြီး တစ်နေရာကိုကြည့်လိုက်တယ်။ အဲဒီနေရာမှာ ဘာရွန်ရပ်နေပြီး သူတို့ကိုလက်ပိုက်ကြည့်နေပါတယ်။ ဥစာကီကိုသာ မိရိုင်က ဆက်နှောင့်ယှက်နေရင် ကိုယ်တိုင်ဝင်ပါတော့မယ့်ပုံစံပါပဲ။
...
ဥစာကီတို့အုပ်စု ထွက်သွားပြီးတဲ့နောက်တော့ မက်ဒါနာတို့အုပ်စုကလည်း သင်္ဘောပျံနဲ့ကျောင်းကိုပြန်ခဲ့တယ်။ မကြာခင်မှာပဲ ဖရာလီတာနဲ့ဆိုဖီယာတို့လည်း ပြန်ရောက်လာပြီးတော့ တိုက်ပွဲသတင်းအကြောင်း ပြောပြပါတယ်။
“သတင်းကောင်းတစ်ခုကတော့ မနက်နေထွက်လာတာနဲ့ ပိုးကောင်စစ်တပ်က ရှေ့တက်မလာတော့ဘဲ တိုက်ခိုက်တာရပ်သွားတာပဲ။” ဆိုဖီယာက ကောင်းကင်မှာရှိနေတဲ့ နေလုံးကြီးကို ကြည့်လိုက်ပြီး မက်ဒါနာကို ပြောလိုက်ပါတယ်။ ဖရာလီတာကတော့ သက်ပြင်းချလိုက်ပြီး
“သတင်းဆိုးကတော့ အမေရိကန်မြောက်ပိုင်းပြည်နယ်တွေကို ငါတို့မကာကွယ်နိုင်ခဲ့ဘူး။ အရှေ့ဘက်ကနေစရေရင် အိုဟိုင်းယိုးကနေ မွန်တန်နာပြည်နယ်အထိ သူတို့ရသွားတယ်။ အရှေ့နဲ့အနောက်ကမ်းရိုးတမ်းပြည်နယ်တွေကိုတော့ ငါတို့ထိန်းထားနိုင်ခဲ့တယ်။ ကန်းဆက်ပြည်နယ်နဲ့တစ်ပြေးတည်းရှိနေတဲ့ ပြည်နယ်တွေမှာ မဟာမိတ်တပ်ဖို့က ခံစစ်ပြင်ထားတယ်။”
မက်ဒါနာက သတင်းအချက်အလက်တွေကို နားထောင်နေရင်းကနေ မက္ကဆီကိုနယ်စပ်ကို ထောက်ပြလိုက်တယ်။ “ပိုးကောင်တပ်တွေက မက္ကဆီကိုမှာလည်း ရှိနေသေးတယ်မဟုတ်လား။ သူတို့ကရော ငါတို့ကိုဝင်မတိုက်ဘူးလား။”
ဖရာလီတာက ခေါင်းညိတ်လိုက်ပြီး “အစကတော့ အစီအစဥ်ရှိတဲ့ပုံပဲ။ ဒါပေမဲ့ နဂါးပြာတစ်ကောင်ပေါ်လာပြီး တက္ကဆက်ထဲဝင်ဖို့လုပ်နေတဲ့ ပိုးကောင်စစ်တပ်ကြီးပြာဖြစ်သွားတယ်။”
“ဒီတော့ လီဆာလက်ချက်ပေါ့။” လီဆာတစ်ယောက်ကျန်းကျန်းမာမာရှိနေသေးတယ်ကြားမှ မက်ဒါနာ သက်ပြင်းချလိုက်မိတော့တယ်။ ကြောင်နက်လည်း ပြန်လာပြီ။ သူက စားပွဲဝိုင်းမှာဝင်မထိုင်ပေမဲ့ နံရံတစ်ခုမှာ မှီပြီးရပ်နေလိုက်ပါတယ်။ သူ့ကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်တွေနဲ့အပြည့်ရှိနေတာကို တွေ့ရပါတယ်။
“ပန်ဆာဗေးနီးယားဘက်မှာ ယင်ကောင်လေးတစ်ကောင်နဲ့တွေ့လာသေးတယ်။ တော်တော်လေးကြိုးစားခဲ့ပေမဲ့ သူငါ့ကိုမနိုင်လိုက်ဘူးလေ။ နေလည်းထွက်လာရော အမိန့်တစ်ခုခုရတဲ့ပုံစံနဲ့ ပြန်ဆုတ်သွားရော။”
ကြောင်နက်စကားကိုကြားတော့ မက်ဒါနာက ဥစာကီကို ပြန်တွေးလိုက်မိတယ်။ ကြည့်ရတာ ဥစာကီက
မိရိုင်နဲ့တွေ့ပြီးတဲ့နောက် ပိုးကောင်တပ်တွေကို ပြန်ခေါ်ဖို့ ဆုံးဖြတ်လိုက်တဲ့ပုံပဲ။
“မိရိုင်ကြောင့် ဥစာကီစိတ်ပြောင်းသွားတယ်လို့ပြောဖို့က နည်းနည်းတော့ခက်တယ်။ လောလောဆယ် ပိုးကောင်စစ်တပ်မှာက ဗိုလ်ချုပ်နှစ်ယောက်ပဲရှိတာ။ ငါတို့က အရေအတွက်ပိုင်းမှာပိုအားသာနေတယ်။ ဘာရွန်ကလည်း ဖရက်ကြောင့်အားနည်းသွားတော့ စွန့်စားပြီး စစ်ပွဲအရှည်ကြီးမတိုက်ချင်ဘူးနေမှာ။”
မက်ဒါနာက ကောက်ချက်ချလိုက်တယ်။ ဒါပေမဲ့ တစ်ချိန်တည်းဆိုသလိုပဲ စိုးရိမ်ပူပန်မိနေပြန်ပါတယ်။ “ဒါပေမဲ့ အဲဒီမှာနေနေတဲ့ ပြည်သူတွေကရော။”
ဖရာလီတာက မက်ဒါနာရဲ့စကားကြောင့် ခေါင်းကိုခါယမ်းလိုက်ပါတယ်။ “ငါတို့တွေ တတ်နိုင်သမျှဆုတ်မိန့်ထုတ်ထားပေမဲ့ အမေရိကန်ဆိုတာက နယ်မြေကျယ်ပြီးလေ။ သတင်းမရောက်တဲ့နေရာတွေ၊ အမိန့်မနာခံတဲ့သူတွေနဲ့ ခံစစ်ရှိတဲ့နေရာတွေကို လာဖို့လုပ်နေရင်း အချိန်မမီလိုက်တဲ့သူတွေ အများကြီးရှိမှာပဲ။ အဲဒီပြည်နယ်တွေက လူနေနည်းတယ်ဆိုပေမဲ့ လူဦးရေ သန်းငါးဆယ်လောက် အန္တရာယ်နယ်မြေထဲမှာရှိနေတာ။ သူတို့ထဲက တချို့ကတောင် ပိုးကောင်အဖြစ် ပြောင်းလဲခံရလောက်ပြီးပြီ။”
အားလုံးရင်ထဲမှာ ခဲဆွဲထားသလိုမျိုး လေးလံသွားကြတယ်။ တစ်ညတာဖြစ်ခဲ့တဲ့ တိုက်ပွဲတစ်ခုကတင် ကမ္ဘာစစ်တစ်ခုစာလောက်ဆိုးခဲ့တယ်။ မက်ဒါနာကတော့ သက်ပြင်းချလိုက်မိလေရဲ့။
“ဒီလိုမှန်းသိရင် ဘာရွန်ကို ဖီးနစ်ဖွင့်ပြီး သတ်ပါတယ်။” ဒါပေမဲ့ တခြားသူတွေကတော့ ဝိုင်းဆန့်ကျင်ကြတယ်။ အထူးသဖြင့်တော့ ဆိုဖီယာပါ။
“ဒီညတိုက်ပွဲမှာ ဘာရွန်က သိပ်မစွမ်းဘူးလို့ထင်ရပေမဲ့ အဲဒါက သူ့မာနကြောင့် စိန်ခေါ်ပွဲမှာ ဖရက်ကို ထိန်းချုပ်ထားတဲ့အင်အားနဲ့ အနိုင်ယူဖို့ကြိုးစားခဲ့ပုံပဲ။ သူက ဖီးနစ်ကို သေချာပေါက်ရင်ဆိုင်နိုင်စွမ်းရှိတယ်။”
“တစ်နည်းအားဖြင့် နင့်သက်တမ်းကို အလကားပေးဆပ်ရမှာ။” ဖရာလီတာကလည်း ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ်။ ဖီးနစ်က အစွမ်းထက်ပေမဲ့ ပြိုင်ဖက်ကင်းတော့ မဟုတ်ပါဘူး။
“ဒီတော့ နောက်ထပ်စောင့်ရှောက်သူသားရဲတွေရဲ့စွမ်းအားကို ငါရယူဖို့လိုနေသေးတာပေါ့။” မက်ဒါနာက ပြောလိုက်တယ်။ အဲဒီအချိန်မှ ကြောင်နက်က ပြုံးလာပြီး ရှေ့ကိုထွက်လာပါတယ်။
“ဟေး၊ ကောင်မလေး။ မင်းအတွက် ငါ့တပည့်ကြီးက အသက်ပေးဆပ်ပြီး တိုက်ခိုက်ခဲ့တယ်ဆို။”
မက်ဒါနာက ကြောင်နက်ကို မော့ကြည့်လိုက်တယ်။ ကြောင်နက်ကလည်း စောင့်ရှောက်သူတစ်ယောက်ပါ။ ပြောရရင် မက်ဒါနာလိုအပ်နေတဲ့ စွမ်းအားတွေရှိနေသူတစ်ယောက်ပေါ့။
“ရိုးရိုးရှင်းရှင်းပြောရရင် မင်းရဲ့ဆုံးဖြတ်ချက်တွေကို ငါမကြိုက်ဘူး။” ကြောင်နက်က မက်ဒါနာကို တည့်ဝေဖန်လိုက်တယ်။ မက်ဒါနာနဲ့အပေါင်းအဖော်တွေက ကြောင်နက်ကိုကြည့်လိုက်တယ်။ နှစ်ဖွဲ့ကြားက တင်းမာမှုတွေက အခုအချိန်မှာ ပိုပြီးဆိုးဝါးလာသလိုပဲ။
“ပထမတစ်ခါက ကလေးမလေးတစ်ယောက်ကို မင်းမသတ်ရက်တဲ့အတွက် မင်းတို့ထဲကတစ်ယောက် သေခဲ့ရတယ်။”
ကြောင်နက်က ဖလေရာကို စေ့စေ့ကြည့်ပြီးပြောလိုက်တယ်။ အဲဒီနောက်တော့ ကြောင်နက်က မက်ဒါနာကို ပြန်ကြည့်လိုက်ပြီး ထပ်ပြောပါတယ်။
“အခုတစ်ခါကျ ကလေးမလေးတစ်ယောက် သူ့အစ်မနဲ့တွေ့ခွင့်ရဖို့အတွက်နဲ့ လူသားသန်းပေါင်းများစွာရဲ့အသက်ကို အန္တရာယ်အဖြစ်ခံခဲ့တယ်။”
မက်ဒါနာက ကြောင်နက်ရဲ့စကားတွေကိုနားထောင်နေရင်းကနေ ကျောချမ်းလာတယ်။ ဟုတ်တယ်၊ သူလုပ်ခဲ့တဲ့အရာတွေအားလုံးက အမှားတွေလို့ယူဆနိုင်တယ်။ ဟီးရိုးတစ်ယောက်အနေနဲ့ မလုပ်ခဲ့သင့်တဲ့အရာတွေပါ။
“မိုက်ရူးရဲဆန်တယ်၊ အကျိုးအကြောင်းမသင့်ဘူး၊ ကောင်းတယ် သိပ်ကောင်းတယ်။ ဒါကြောင့်လည်း ငါ့တပည့်လေးက မင်းကိုသစ္စာရှိနေတာပဲ။”
မက်ဒါနာက မျက်မှောင်ကြုတ်လိုက်တယ်။ ဒီကြောင်က သူ့ကိုချီးကျုးနေတာလား၊ ဝေဖန်နေတာလား။ ကြောင်နက်က သူ့ရဲ့ဝေခွဲမရတဲ့အပြုအမူကိုကြည့်ရင်း သွားအောင်ပြုံးလိုက်ပြန်တယ်။
“ငါမင်းလိုလူမျိုးကို သဘောကျတယ်။ သေချာစဥ်းစားကြည့်စမ်း၊ လူသားတစ်ယောက်ကိုတောင်မကယ်နိုင်ဘဲနဲ့ လူသန်းပေါင်းများစွာကို ဘယ်လိုကယ်မှာလဲ။ ပြီးတော့ အဲဒီကလေးမလေးကို ဥစာကီနဲ့တွေ့ခွင့်ပေးခဲ့တာ မင်းမှာအကြောင်းအရင်းရှိကိုရှိရမယ်။”
ကြောင်နက်က ထွင်းဖောက်မြင်နိုင်စွမ်းအပြည့်နဲ့ မက်ဒါနာကို ကြည့်လိုက်တယ်။ မက်ဒါနာကတော့ အဲဒီအကြည့်တွေကြောင့် မယုံခြုံမှုကို စတင်ခံစားလာရတယ်။
ဟုတ်တယ်၊ မက်ဒါနာက ကိစ္စတစ်ခုကို ကြိုတွေးခဲ့မိလို့ မိရိုင်ကို ဥစာကီနဲ့တွေ့ခွင့်ပေးခဲ့တာပါ။ သူ့အတွေးထဲမှာ မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ကျောပြင်ကို မြင်ယောင်လာပြီး သူပြုံးလိုက်မိတယ်။ တစ်နေ့မှာ သူစိုက်ပျိုးခဲ့တဲ့အစေ့က သီးနှံတွေသီးလာမှာပါ။ ဒါပေမဲ့ ဒီနေ့တော့မဟုတ်ဘူး။
ဆွတ်....
အားလုံးရဲ့မျက်လုံးရှေ့မှာပဲ ကြောင်နက်က သူ့နှလုံးသားကို ထိုးခွဲလိုက်တယ်။ ငွေဖြူရောင်သွေးတွေက သူ့ဒဏ်ရာကနေ စီးကျလာတယ်။ ကြောင်နက်က ငွေရောင်သလင်းကျောက်တစ်ခုကို သူ့နှလုံးကနေ ဆွဲထုတ်လိုက်ပြီးတော့ မက်ဒါနာကိုပစ်ပေးလိုက်တယ်။
“ဒါက ငါ့ရဲ့စွမ်းအင်ရင်းမြစ်ပဲ။ မင်းနဲ့ဒါက ထိုက်တန်သွားပြီလို့ ငါဆုံးဖြတ်လိုက်တယ်။”
မက်ဒါနာက သူ့လက်ထဲရောက်နေတဲ့ ငွေရောင်သလင်းကျောက်ကို ငုံကြည့်လိုက်တယ်။ စွမ်းအားကြီးမားလွန်းလို့ သလင်းကျောက်နားကို ကပ်နေရုံနဲ့တင် သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံးတစ်ဆတ်ဆတ်တုန်လာတယ်။
“ပြီးတော့.... “ ကြောင်နက်က မက်ဒါနာကိုကြည့်ပြီး ထပ်ပြောလိုက်တယ်။ “ရန်သူ့နယ်မြေထဲရောက်သွားတယ်ဆိုတိုင်း သာမန်ပြည်သူတွေ ပိုးကောင်ဖြစ်သွားပြီလို့မှ ပြောလို့မရတာ။ အခုငါ့ရဲ့စွမ်းအားကိုသုံးပြီး သူတို့ကို လိုက်ကယ်ပေတော့။”
မက်ဒါနာရဲ့စိတ်ထဲမှာ ပျော်ရွှင်မှုတစ်ခုက အစားထိုးဝင်ရောက်လာတယ်။ ‘ဟုတ်တယ်၊ အခုက စိတ်ဓာတ်ကျနေရမယ့် အချိန်မှမဟုတ်တာ။’ ဒါပေမဲ့ ဒီစွမ်းအားတွေမှာ ဆိုးကြိုးရှိတာကို သူပြန်တွေးမိတော့ သူကြောင်နက်ကို မော့ကြည့်လိုက်တယ်။ ကြောင်နက်ကတော့ သူမေးမဲ့မေးခွန်းကို သိပြီးတဲ့ပုံစံနဲ့
“ငါ့စွမ်းအားရဲ့ဆိုးကျိုးက ဖီးနစ်ထက်စာရင်တော့ အများကြီးပိုသက်သာပါတယ်ကွ။ တစ်ခါသုံးတိုင်း မင်းကိုယ်မင်း ယုံကြည်မှုတွေအများကြီး ပိုရှိလာရုံလေးပါကွ။”
‘သုံးတိုင်း မိမိကိုယ်ကိုယ်ယုံကြည်မှု တိုးလာမယ်။ ဒါက ဆိုးကျိုးရောဟုတ်ရဲ့လား။’ လို့ မက်ဒါနာတွေးလိုက်မိတယ်။