← Chapters

မီးတောက်ကြယ်စင်စုဆီသို့ ပြန်ရောက်လာခြင်း

Vol. 81 Ch. 1123

မီးတောက်ကြယ်စင်စုဆီသို့ ပြန်ရောက်လာခြင်း

Vol. 81 Ch. 1123

ချန်ရှင်းနှင့် လခြမ်းဧကရာဇ်ကြီးတို့၏ တိုက်ပွဲကြီး နောက်ဆုံးအဆင့်သို့ ရောက်ရှိလာပြီး အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံး၏ အာရုံကို ဖမ်းစားထားစဉ် ဝမ်ပေါင်လဲ့မှာ သူ၏နောက်မှ လိုက်လာကြသည့် အခြားသူများနှင့်အတူ မီးတောက်ကြယ်စင်စု၏ အစွန်အဖျားပိုင်းသို့ ရောက်ရှိလာ၏။

သူ၏ အိမ်ပြန်ခရီးစဉ်မှာ ချောမွေ့နေခဲ့ပြီး မည်သည့် မည်သည့်အန္တရာယ်မှ ပေါ်ပေါက်လာခဲ့ခြင်းမရှိပေ။ တစ်ချိန်တည်းမှာပင် ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်နှင့် ချန်ဟန်းတို့ နှစ်ယောက်ဆီမှတစ်ဆင့် မဟာလက်ဝဲတာအိုနယ်မြေထဲ၌ ဖြစ်ပျက်ခဲ့သည့်အရာများကို လေ့လာသိရှိထားပြီး ဖြစ်သည်။

သူသည် သူ၏ဆရာ မီးတောက်ခေါင်းဆောင်ကြီး လမ်းကိုးသွယ်တာအိုဂိုဏ်းဆီသို့သွားကာ ခေါင်းဆောင်ကြီးလေးယောက်အား ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြောင်း သိရှိထား၏။ သူသည် သူ့အတွက် ဖြေရှင်းချက်တောင်းခဲ့ပြီး အနာဂတ်တွင် ပေါ်ပေါက်လာနိုင်သည့် ပဋိပက္ခများကို ဖြေရှင်းပေးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်နှလုံး လှုပ်ရှားသွားရ၏။ သူသည် သူ၏ ဆရာဖြစ်သူအား ရင်ထဲအသည်းထဲမှနေ၍ ကျေးဇူးတင်နေမိတော့သည်။

ထို့အပြင် သူသည် ချန်ရှင်းနှင့် လခြမ်းဧကရာဇ်ကြီး၏ ကြားမှ တိုက်ပွဲအကြောင်းကိုလည်း သိရှိထားသေးသည်။ ထို့ကြောင့် သူ၏ အသိစိတ်ထဲ၌ အတွေးမျိုးစုံပေါ်ပေါက်လာရ၏။ သူတို့အားလုံး မီးတောက်ကြယ်စင်စု၏ အစွန်းသို့ ရောက်သွားချိန်တွင် ချန်ဟန်းမှာ ဝမ်ပေါင်လဲ့အား နှုတ်ဆက်စကားဆိုလိုက်သည်။

သူသည် ဝမ်ပေါင်လဲ့၏ ဘေးမှ ထွက်မသွားချင်ပါသော်လည်း အပြန်လမ်းတစ်လျှောက်တွင် ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းမှာ အမိန့်များ တစ်ခုပြီးတစ်ခုထုတ်ပြန်၍ သူ့အား ဂိုဏ်းဆီသို့ ချက်ချင်းပြန်လာရန် အမိန့်ပေးခဲ့၏။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့နှင့်အတူ မီးတောက်ကြယ်စင်စု၏ အစွန်အဖျားပိုင်းဆီသို့ ရောက်လာသောအခါ ဝမ်ပေါင်လဲ့၏ ခြေထောက်အား ပြေးဖက်လိုက်၏။ ထို့နောက် သူသည် စိတ်မပါလက်မပါ အမူအရာနှင့် ဆိုလိုက်သည်။

" အဖေ။ သား ဂိုဏ်းဆီကို ပြန်ရတော့မယ်။ သား အဖေ့ရဲ့ဘေးမှာ မရှိတဲ့အချိန် အဖေ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်။ သားကိုလည်း မေ့မသွားနဲ့ဦး။ ပြီးတော့ ရှဲ့ဟေးရန်ဆိုတဲ့ကောင်က စိတ်ဓာတ်မကောင်းမှန်း သိသာတယ်။ အဖေ၊ သတိကြီးကြီးထားမှဖြစ်မယ် "

" ပြီးတော့ အဖေ နောက်ပိုင်း ဘိုးဘိုးနဲ့ တွေ့တဲ့အချိန်ကျရင်လည်း သား သူ့ကို ဂါရဝပြုပါတယ်လို့ ပြောပေးဦး။ သား ဒီထက်ပိုပြီး အစွမ်းထက်လာတဲ့အချိန်ကျရင် အဖေ့ကို သားကိုယ်တိုင် ကာကွယ်စောင့်ရှောက်ပေးပြီးတော့ ဘိုးဘိုးကိုလည်း သားကိုယ်တိုင် ဂါရဝပြုပါ့မယ် " ချန်ဟန်းမှာ ထိုသို့ဆိုလိုက်ပြီးနောက် မျက်နှာအမူအရာ သုန်မှုန်နေသည့် ရှဲ့ဟေးရန်အား တစ်ချက်ပင် မကြည့်ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား ရှိခိုးဦးချလိုက်၏။ ထို့နောက် သူသည် နောက်သို့လှည့်သွားပြီး ဝမ်ပေါင်လဲ့၏ ရှေ့၌ အဝေးသို့ ထွက်ခွာသွားတော့သည်။

" ဦးလေးဆရာ။ အဲဒီ ချန်ဟန်းဆိုတဲ့ကောင်က ဉာဏ်နီဉာဏ်နက် အရမ်းများတာနော်။ သူက ပါရမီရှင်တစ်ယောက် ဖြစ်နေတာတောင် သူ့ရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးမထားဘူး။ အဲဒီလို လူစားမျိုးက ဦးလေးဆရာကို ဒီကမ္ဘာကြီးထဲမှာ အရေးကြီးဆုံးပုဂ္ဂိုလ်တစ်ယောက်လို သဘောထားဆက်ဆံနေတာ တကယ်ဟုတ်ရင်ဟုတ်၊ မဟုတ်လို့ကတော့... သူက နောက်ကျောကို ဓားနဲ့ထိုးဖို့ကြံနေတဲ့ လူယုတ်မာတစ်ယောက်ပဲ ဖြစ်ရမယ် " ရှဲ့ဟေးရန်မှာ ချန်ဟန်း ထွက်ခွာသွားသည်ကို ကြည့်ရင်း စိတ်ထဲ၌ နှာမှုတ်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား လေသံတိုးတိုးဖြင့် ပြောလိုက်၏။

သူသည် ချန်ဟန်းမှာ သူ့အား သဘောမကျကြောင်း သိထားပြီးသားဖြစ်သည်။ အလားတူပင် သူသည်လည်း ချန်ဟန်းအား မနှစ်မြို့ပေ။ ရှဲ့ဟေးရန်၏ အမြင်တွင် သူ၏ ဦးလေးဆရာ၏ နှလုံးသားထဲရှိ သူ၏ နေရာအား လုယူနိုင်ရန် ကြိုးစားသမျှလူတိုင်းမှာ သူ့အတွက် ရန်သူများသာဖြစ်သည်။ အထူးသဖြင့် ယခုတွင် ချန်ရှင်းနှင့် လခြမ်းဧကရာဇ်ကြီးတို့၏ ကြားမှ တိုက်ပွဲကြီးမှာ ပြီးဆုံးသွားတော့မည်ဖြစ်ရာ ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့အတွက် အလွန်အင်မတန်မှ စိုးရိမ်နေ၏။

ဝမ်ပေါင်လဲ့မှာမူ ချောင်းဟန့်ကာ ချန်ဟန်း ထွက်ခွာသွားသည့်ဘက်သို့ လှမ်းကြည့်နေလိုက်၏။ ထို့နောက် သူသည် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်သည်။

" ကလေးတစ်ယောက် အရွယ်ရောက်လာပြီး တောင်ပံစုံတဲ့အချိန်မှာ သူတစ်ယောက်တည်း ပျံသန်းရမှာပါပဲလေ " ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ ထိုသို့ဆိုလိုက်ပြီးနောက် မုတ်ဆိတ်မွေးမရှိသော သူ၏ မေးစေ့အား ပွတ်နေလိုက်၏။ ထို့နောက် သူသည် ရှဲ့ဟေးရန်အား ကြည့်ကာ အားပေးစကားအချို့ ပြောလိုက်သည်။ နောက်ဆုံးတွင် သူသည် သူ၏ အဖွဲ့နှင့်အတူ မီးတောက်ကြယ်စင်စုထဲသို့ ဝင်ရောက်သွားတော့သည်။

လေထုထဲတွင် အပူဓာတ်များဖြင့် ပြည့်နှက်နေပြီး အာကာသကောင်းကင်ကြီးမှာလည်း ယခင်တုန်းကအတိုင်းပင်။ ဝမ်ပေါင်လဲ့မှာ အနည်းငယ် ရီဝေဝေဖြစ်သွားရ၏။ သူ မီးတောက်ကြယ်စင်စုထဲမှ ထွက်ခွာလာခဲ့သည်မှာ သိပ်မကြာသေးပါသော်လည်း သူ့အတွက်မူ နှစ်ပေါင်းမြောက်မြားစွာ ကုန်ဆုံးသွားခဲ့သည့်အလားပင်။

သူသည် ထွက်ခွာမလာခင်တုန်းက ဂြိုဟ်အဆင့်တွင် ရှိနေခဲ့ပါသော်လည်း ယခုလို ပြန်ရောက်လာချိန်တွင် ထာဝရကြယ်အဆင့်၌ ရှိနေပြီဖြစ်သည်။

ထို့အပြင် သူသည် ယခင်တုန်းက သူ၏ အကြောင်းကိုသာ နားလည်ထားခဲ့ပါသော်လည်း ယခုတွင်မူ သူ၏ အတိတ်ဘဝများနှင့် ပတ်သက်သည့် အကြောင်းအရာအားလုံးကိုသာမက သူ၏ မူလဇာစ်မြစ်ကိုပါ နားလည်သွားပြီဖြစ်သည်

သို့ဖြစ်ရာ ထိုခရီးစဉ်မှာ သူ့အား အများကြီးပြောင်းလဲပေးခဲ့ကြောင်း သိသာထင်ရှားပေသည်။ သူတို့အဖွဲ့ မီးတောက်ကြယ်စင်စု၏ ပင်မဂြိုဟ်ပေါ်သို့ ရောက်သွားပြီး ခပ်လှမ်းလှမ်းရှိ နတ်နွားကြီးအား မြင်လိုက်ရသောအခါမှ သူသည် စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားသည်။ ထို့နောက် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ တရိုတသေဦးညွှတ်လိုက်၏။

" မင်္ဂလာပါ ဂိုဏ်းတူအစ်ကို မီးတောက်သုည "

ထိုအခါ နတ်နွားကြီးမှာ သမ်းဝေလိုက်ပြီး ဝမ်ပေါင်လဲ့အား လှမ်းကြည့်ကာ ရယ်မော၍ ဆိုလိုက်သည်။

" မင်း အများကြီး ပြောင်းလဲသွားပြီပဲ။ မင်း အခုလို ပြန်ရောက်လာတာကို မြင်ရတာ ဝမ်းသာပါတယ် "

ဝမ်ပေါင်လဲ့မှာလည်း မသိမသာ ပြန်ပြုံးပြလိုက်၏။ ထို့နောက် သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် လူတစ်ယောက်မှာ အဝေးမှနေ၍ သူ့ဆီသို့ ပြေးလာ၏။ သူ ဝမ်ပေါင်လဲ့၏ ရှေ့သို့ မရောက်လာခင်မှာပင် စကားသံတစ်သံမှာ အရင်ဆုံးထွက်ပေါ်လာသည်။

" နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး။ နောက်ဆုံးတော့ မင်းပြန်ရောက်လာပြီပဲ။ ငါ မင်းကို လွမ်းနေတာကွ " ထို စကားသံပိုင်ရှင်မှာ ပဲပင်ပေါက်တစ်ပင်နှင့်တူသော နံပါတ်ဆယ့်ငါးဂိုဏ်းတူအစ်ကိုကြီး ဖြစ်ပေသည်။

" မင်္ဂလာပါ နံပါတ်ဆယ့်ငါးဂိုဏ်းတူအစ်ကိုကြီး " ဝမ်ပေါင်လဲ့မှာလည်း ပြုံးကာ ပြန်၍နှုတ်ဆက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်သဖြင့် နံပါတ်ဆယ့်ငါးဂိုဏ်းတူအစ်ကိုကြီး၏ နောက်၌ အခြား ဂိုဏ်းတူအစ်ကိုအစ်မများ ရှိနေသည်ကိုပါမြင်လိုက်ရသည်။

သူတို့ထဲတွင် နံပါတ်တစ် ဂိုဏ်းတူအစ်မကြီး မပါပါသော်လည်း အခြားသူများအားလုံး ရှိနေကြ၏။ သူတို့၏ အပြုံးများထဲ၌ စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသည်ကို အထင်းသား မြင်နေရသောကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားထဲ၌ နွေးခနဲ ဖြစ်သွားရသည်။ သူသည် သူတို့အားလုံးအား နှုတ်ဆက်လိုက်ပြီး ရယ်ရယ်မောမောနှင့် မီးတောက်ကြယ်စင်စုထဲသို့ ဝင်ရောက်သွားလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ ဂိုဏ်းတူအစ်ကိုအစ်မများနှင့် ရှေးဟောင်းနှောင်းဖြစ်များအကြောင်း အပြန်အလှန်ပြောဆိုလိုက်ကြပြီးနောက် သူတို့အား နှုတ်ဆက်စကားဆိုလိုက်၏။ ထို့နောက် သူသည် သူ၏ နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးဆီသို့ သွားရောက်လည်ပတ်လိုက်သည်။ ဝမ်ပေါင်လဲ့မှာ ရိုသေလေးစားမှု အပြည့်ရှိသော အမူအရာဖြင့် သူမ၏ နတ်ဝိဇ္ဇာဂူထဲသို့ ဝင်သွားလိုက်သည်။ နံပါတ်တစ်ဂိုဏ်းတူအစ်မကြီးမှာလည်း သူ့အား မြင်လိုက်ရသည်နှင့် ပြုံးပြကာ ထာဝရကြယ်အဆင့်နှင့် ပတ်သက်သည့် အကြံဉာဏ်အချို့ ပေးလိုက်၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ သူမဆီမှ ထွက်ခွာလာပြီး သူ၏ နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးဆီသို့ သွားလိုက်ပြန်သည်။

ကံမကောင်းစွာဖြင့် အမွှေးတိုင်တာအိုအား လေ့ကျင့်ထားသည့် သူ၏ နံပါတ်နှစ်ဂိုဏ်းတူအစ်ကိုကြီးမှာ အိပ်ပျော်နေသည့်ပုံပင်။ ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဝိဇ္ဇာဂူအပြင်ဘက်၌ တစ်ခဏမျှ စောင့်ဆိုင်းပြီးသွားသည့်တိုင်အောင် စကားတစ်ခွန်းမှ ပြန်မကြားရသဖြင့် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ အရိုအသေပေးလိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။ နောက်ဆုံးတွင် သူသည် မီးတောက်ခေါင်းဆောင်ကြီးအား အရိုအသေပေးရန် သူ့ဆီသို့ သွားလိုက်၏။

မီးတောက်ကြယ်စင်စု၏ ပင်မမျှော်စင်ကြီးထဲတွင် ဝမ်ပေါင်လဲ့မှာ မီးတောက်များ၏ ကြား၌ တင်ပျဉ်ခွေထိုင်နေသော မီးတောက်ခေါင်းဆောင်ကြီးအား မြင်လိုက်ရ၏။ သူ၏ စွမ်းအင်များမှာ ကြယ်စင်စုကြီးတစ်ခုလုံးအား လွှမ်းခြုံထားသကဲ့သို့ပင်။ ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ သူ၏ ဝတ်ရုံအား အသာအယာ မ,လိုက်ပြီး ဒူးထောက်ကာ ရှိခိုးဦးချလိုက်၏။

" တပည့် ဂါရဝပြုပါတယ် ဆရာ "

ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် တင်ပျဉ်ခွေထိုင်နေသည့် မီးတောက်ခေါင်းဆောင်ကြီးမှာ ဖြည်းဖြည်းချင်း မျက်လုံးများပွင့်လာ၏။ ထိုအခါ နတ်ဘုရားတစ်ပါး မျက်လုံးများပွင့်လာသည့်အလား မီးတောက်ကြယ်စင်စုတစ်ခုလုံးထဲ၌ ထစ်ချုန်းသံများ ထွက်ပေါ်လာသည်။

" မင်း တာအိုထာဝရကြယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာပဲ။ ဘယ်ဆိုးလို့လဲ ပေါင်လဲ့။ မင်းကြောင့် ဆရာ စိတ်မပျက်ရဘူးပဲ။ တော်တယ်ကွာ " သူ၏ စကားသံကြီးမှာ မိုးခြိမ်းသံကဲ့သို့ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွား၏။ ထို့ကြောင့် သူ၏ အသိစိတ်မှာ တုန်ရီသွားရပြီး သူ ချုံးရိကျစ်နှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲကြီးထဲမှ ရရှိခဲ့သော ဒဏ်ရာများမှာ ချက်ချင်း ပျောက်ကင်းသက်သာသွားသည်။

တစ်ချိန်တည်းမှာပင် သူသည် တစ်ကိုယ်လုံး တုန်ရီသွားပြီး အက်ကွဲသံများ ထွက်ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်ထဲမှလည်း ခရမ်းရောင် အခိုးအငွေ့များ ထွက်ပေါ်လာသည်။ ၎င်းတို့မှာ ချုံးရိကျစ် အသုံးပြုခဲ့သော ကျိန်စာ၏ အကြွင်းအကျန်များ ဖြစ်ပေသည်။ ယခုတွင် မီးတောက်ခေါင်းဆောင်ကြီး၏ စကားသံကြောင့် ၎င်းတို့အားလုံးမှာ လွင့်ပါးပျောက်ကွယ်သွားရ၏။

အကယ်၍ သူ့ဘက်မှ ကူညီပေးခြင်း မရှိလျှင်တောင် ဝမ်ပေါင်လဲ့မှာ သူ့နည်းသူ့ဟန်ဖြင့် ပြန်လည်သက်သာလာမည်ဖြစ်ပါသော်လည်း အချိန်ပိုပေးရမည်ဖြစ်သည်။ ယခုတွင် သူ၏ ဒဏ်ရာများအားလုံးမှာ ပျောက်ကွယ်သွားပြီဖြစ်ရာ သူ၏ ခန္ဓာကိုယ်ထဲ၌ ကြည်လင်ပြတ်သားသည့် ခံစားချက်တစ်ခု ပြည့်နှက်သွား၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှုကာ စကားဆက်ပြောလိုက်သည်။

" ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။ ဆရာ... လမ်းကိုးသွယ်တာအိုဂိုဏ်းက... "

" ဘာမှ မပူနဲ့။ လမ်းကိုးသွယ်တာအိုဂိုဏ်းက မင်းကို ပြဿနာထပ်ရှာရဲမှာ မဟုတ်တော့ဘူး။ မင်း လုပ်ခဲ့တဲ့လုပ်ရပ်က မှန်တယ်။ နောက်ကျရင် မင်းကို ပြဿနာလာရှာတဲ့လူတွေကို သတ်သာသတ်ပစ်လိုက်။ ဆရာ့ရဲ့ မီးတောက်မျိုးနွယ်စုက ဘယ်အရာကိုမှ မကြောက်ဘူးကွ။ ဆရာ့ရဲ့ ကျိန်စာက ဆရာ့ရဲ့ လက်ထဲမှာ အမြဲတမ်းရှိနေတာ။ ဘယ်စကြဝဠာကြီးထဲက နတ်ဧကရာဇ်က ဆရာနဲ့ သူသေကိုယ်သေ တိုက်ခိုက်ရဲမလဲဆိုတာ ကြည့်ကြတာပေါ့ " မီးတောက်ခေါင်းဆောင်ကြီးမှာ မောက်မာဝင့်ကြွားမှု အရိပ်အယောင်များ ရောယှက်နေသည့် မျက်နှာအမူအရာဖြင့် တည်ကြည်စွာ ဆိုလိုက်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ နောက်တွင် ကျောထောက်နောက်ခံတစ်ခု ရှိနေသည်ဆိုသည့် ခံစားချက်ကြောင့် နှလုံးသားထဲ၌ နွေးခနဲ ဖြစ်သွား၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်အား ဝှေ့ယမ်းကာ ချုံးရိကျစ်၏ ဝိညာဉ်အကြွင်းအကျန်အား ထုတ်ယူလိုက်သည်။

" ဆရာ၊ ဒီဝိညာဉ်က... "

" ဘာမှ ရေးကြီးခွင်ကျယ် မဟုတ်ပါဘူး။ မင်း လုပ်ချင်တာ လုပ်ပစ်လို့ရတယ် " မီးတောက်ခေါင်းဆောင်ကြီးမှာ ၎င်းအား အထူးတလည် အာရုံစိုက်နေခြင်းမရှိပေ။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် အဓိပ္ပါယ်လေးနက်သည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား ကြည့်လိုက်၏။

" မင်း မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းအကြောင်း ကြားပြီးသွားပြီမလား။ အဲတော့ ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ "

ထိုအခါ ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်သွား၏။ သူသည် အပြန်လမ်းတွင် သူ၏ ဂိုဏ်းတူအစ်ကိုကြီးအကြောင်း ကြားခဲ့ရစဉ်ကတည်းက အကြံတစ်ခု ပေါ်လာခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် သူသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီး ခေါင်းမော့ကာ ပြန်ဖြေလိုက်သည်။

" တပည့် ဂိုဏ်းတူအစ်ကိုကြီးနဲ့ လခြမ်းဧကရာဇ်ကြီး တိုက်ခိုက်နေတဲ့ စစ်မြေပြင်ဆီကိုသွားဖို့ တွေးထားပါတယ် "

" မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးကို သွားတွေ့ဖို့လား " မီးတောက်ခေါင်းဆောင်ကြီးမှာ မျက်ခုံးပင့်ကာ ပြန်မေးလိုက်သည်။

" ဂိုဏ်းတူအစ်ကိုကြီးနဲ့ သွားတွေ့ဖို့တစ်ခုပဲ မဟုတ်ပါဘူး။ အဲဒီနေရာမှာ အတွေ့အကြုံအသစ်တွေ သွားယူပြီးတော့ ကျင့်ကြံခြင်းအဆင့် ထပ်ပြီးတော့ ဖောက်ထွက်နိုင်အောင် ကြိုးစားဖို့ပါ "

" မင်း ဖောက်ထွက်ထားတာမှ မကြာသေးဘူးလေ... ဘာလို့ လောနေရတာလဲ " မီးတောက်ခေါင်းဆောင်ကြီးမှာ တစ်ခဏမျှ အတွေးများထဲ၌ နစ်မျောသွားပြီး ပြန်မေးလိုက်သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူ၍ လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏ " ဆရာ... ကျွန်တော့်ရဲ့ အတိတ်ဘဝထဲမှာ မြင်ခဲ့ရတဲ့ အရာတွေကြောင့်... ကျွန်တော် အမြန်ဆုံး အစွမ်းထက်လာအောင် လုပ်ဖို့လိုတယ် "

မီးတောက်ခေါင်းဆောင်ကြီးမူ တစ်ခဏမျှ ငြိမ်ကျသွား၏။ ထို့နောက် သူသည် သက်ပြင်းချကာဆိုလိုက်သည်။

" ချန်ရှင်းနဲ့ လခြမ်းဧကရာဇ်ကြီးရဲ့ ကြားက တိုက်ပွဲထဲမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ အများကြီးရှိတယ်ကွ။ အဆုံးမဲ့မျိုးနွယ်စုရဲ့ တော်ဝင်မိသားစုက ဘုံသဘောတူညီချက်တစ်ခု မရသေးပေမဲ့ သူတို့က လခြမ်းဧကရာဇ်ကြီးကို ဒီအတိုင်း အသေခံနိုင်မှာတော့မဟုတ်ဘူး "

" ပိုပြီး တိတိကျကျဆိုရမယ်ဆိုရင်... သူတို့က သူ့ကို အလကား အသေခံမှာမဟုတ်ဘူး "

" အဆုံးမဲ့မျိုးနွယ်စုထဲက တချို့က လခြမ်းဧကရာဇ်ကြီး သေသွားတာကို လိုချင်ကြသလို တချို့က သူ အသက်ရှင်ကျန်ရစ်ခဲ့တာကို လိုချင်ကြတာ... ဒါပေမဲ့ အများစုကတော့ သူနဲ့ မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းတို့နှစ်ယောက်စလုံး အတူတူ ဇီဝိန်ချုပ်သွားဖို့ မျှော်လင့်နေကြတာ "

" ပြီးတော့ နှစ်တွေအများကြီး ပုန်းကွယ်နေခဲ့တဲ့ အမှောင်ဂိုဏ်းကလည်း လက်ပိုက်ပြီး ကြည့်နေမှာမဟုတ်ဘူး "

" အဲတော့ အဲဒီ စစ်မြေပြင်ကြီးထဲမှာ အထူးအခွင့်အရေးတွေ ရှိနေမှာ မှန်ပေမဲ့ အရမ်းလည်း အန္တရာယ်များမှာကွ။ အင်အားကြီး အဖွဲ့အစည်းတွေက သူတို့ရဲ့ ပါရမီရှင်တွေကို အဲဒီနေရာဆီ စေလွှတ်ကြမှာဆိုပေမဲ့ အဲဒီ ပါရမီရှင်တွေက သူတို့ အဖွဲ့အစည်းတွေထဲက တန်ဖိုးအထားရဆုံး ပါရမီရှင်တွေ မဟုတ်ဘူး "

" အဲတာမလို့... အထူးအခွင့်အရေးကြီးတွေလည်း ရှိသလို အသက်ဆုံးရှုံးရနိုင်တဲ့ အန္တရာယ်လည်း ရှိတယ်။ ပေါင်လဲ့ မင်း သွားချင်တာ သေချာလား “

All Chapters