မီးတောက်ခေါင်းဆောင်ကြီး၏ စိုးရိမ်မှုများ
Vol. 81 Ch. 1124
ဝမ်ပေါင်လဲ့မှာ ထိုမေးခွန်းအား ချက်ချင်း ပြန်ဖြေခဲ့ခြင်းမရှိပေ။ တစ်အောင့်ခန့်ကြာမှ သူသည် မတ်တတ်ထလာပြီး ရေရွတ်လိုက်၏။ သူသည် လက်နှစ်ဖက်ကိုနောက်ပစ်ထားပြီး အမူအရာ တည်ကြည်မှုအပြည့်ရှိနေသဖြင့် အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ယောက်နှင့် တူနေသည်။
" လောကကြီးထဲမှာ တစ်ခုခုကို လိုချင်ရင် တစ်ခုခုကို ပြန်ပြီးတော့ ပေးဆပ်ရမှာပဲ။ သေရေးရှင်ရေး အန္တရာယ်တွေနဲ့ အခွင့်အရေးတွေဆိုတာ ဒွန်တွဲနေတဲ့ အရာတွေပဲလေ "
ထိုအခါ မီးတောက်ခေါင်းဆောင်ကြီးမှာ မျက်စိပေကလတ်ပေကလတ် ဖြစ်သွားပြီး ဝမ်ပေါင်လဲ့အား ကြည့်လိုက်၏။ သူသည် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ သူသည် သူ၏ ဆရာဖြစ်သူ၏ ရှေ့တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ အစွမ်းထက်ပုဂ္ဂိုလ်ကြီး တစ်ယောက်ကဲ့သို့ ဟန်ဆောင်နေသည်မဟုတ်ပါလော။
ထို့ကြောင့် မီးတောက်ခေါင်းဆောင်ကြီးမှာ နှာမှုတ်ကာ သင်ခန်းစာပေးရန်ပြင်လိုက်၏။ ထိုအခါ သူ၏ နောက်တွင် မီးတောက်များ တောက်လောင်လာပြီး မီးတောက်ကြယ်စင်စုတစ်ခုလုံးအား ဖုံးလွှမ်းသွား၏။ တစ်ချိန်တည်းမှာပင် သူ၏ အငွေ့အသက်များမှာလည်း ပြောင်းလဲသွားသည်။ သူသည် ရှေးဟောင်းသားရဲကြီးတစ်ကောင်ကဲ့သို့ ဝမ်ပေါင်လဲ့၏ အငွေ့အသက်များကို ဖိနှိပ်ချုပ်တည်းလိုက်၏။
" စကားကို ကောင်းကောင်းပြောစမ်း "
ထိုအခါ ဝမ်ပေါင်လဲ့မှာ အမူအရာများ ချက်ချင်းပြောင်းလဲသွားသည်။ သူ၏ နဖူးပေါ်တွင်လည်း ချွေးများပြန်လာ၏။ သူသည် အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ယောက်အဖြစ် ဟန်ဆောင်နေရသည်ကို အကျင့်ပါသွားခြင်းဖြစ်သည်။ ထို့ကြောင့် ယခုတွင် သူသည် သူ၏ ခံစားချက်များကို ချက်ချင်း ပြန်လည်ထိန်းချုပ်လိုက်ပြီး မျက်နှာချိုသွေးသည့် အပြုံးဖြင့် တိုးတိုးလေးပြောလိုက်၏။
" ဆရာ၊ အမှန်အတိုင်းပြောရရင်... အဲတာ ကျွန်တော့်ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်း အချက်ပြလိုက်တာ ထင်တယ်ဗျ "
" အချက်ပြတာ ဟုတ်လား " မီးတောက်ခေါင်းဆောင်ကြီးမှာ မျက်လုံးများမှေးသွားပြီး ရှေ့သို့ အနည်းငယ်ခန့် ခါးကိုင်းသွား၏။ သို့သော် သူသည် ဝမ်ပေါင်လဲ့၏ ကိုယ်နေဟန်ထားကို ချက်ချင်းပြန်၍ သတိရသွားသဖြင့် ခါးမတ်မတ် ပြန်နေလိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ အငွေ့အသက်များမှာ ပို၍အားကောင်းလာပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အလင်းရောင်များ ထွက်ပေါ်လာသဖြင့် သူသည် အလွန်အင်မတန်မှ မြင့်မြတ်ပြီး ဂုဏ််ကျက်သရေအပြည့်ရှိသည့်ပုံ ပေါက်နေတော့သည်။
ဝမ်ပေါင်လဲ့မှာမူ မျက်စိကျိန်းလာသောကြောင့် သူ၏ မျက်လုံးများကို လက်ဖြင့်ပွတ်လိုက်ရ၏။
" ဟုတ်တယ်ဗျ။ အချက်ပြတာ။ ကျွန်တော် သေသေချာချာတော့ မသိပေမဲ့ တကယ်လို့ ကျွန်တော့်ရဲ့ ဂိုဏ်းတူအစ်ကိုကြီး လခြမ်းဧကရာဇ်ကြီးကို တကယ်သတ်နိုင်ခဲ့မယ်ဆိုရင် သူက အဲဒီအကြောင်းကို ပြင်ပကမ္ဘာကြီး သတိမထားမိနိုင်အောင် လုပ်ထားမှာ သေချာတယ်။ ပြီးတော့ လခြမ်းဧကရာဇ်ကြီး သေသွားတဲ့အချိန်ကျရင် သူ့ရဲ့ ဘေးနားတစ်ဝိုက်မှာ ရှိနေတဲ့လူတွေက အခွင့်အရေးကောင်းတွေကို ပိုင်ဆိုင်ရမှာလေ။ အဲဒါမလို့ ကျွန်တော့်ရဲ့ ဂိုဏ်းတူအစ်ကိုကြီးက ကျွန်တော့်ကို အဲဒီနေရာဆီသွားဖို့ အရိပ်အမြွက်ပြနေတာများ ဖြစ်နေမလားဆိုပြီး တွေးနေတာ "
" တကယ်လို့ အရိပ်အမြွက်ပြတာ မဟုတ်ဘူးဆိုရင်တောင် ကျွန်တော် အဲဒီကိုသွားလည်း အန္တရာယ်ကြီးမားမားနဲ့ ကြုံရမှာတော့မဟုတ်ပါဘူး။ ဆရာရှိနေမှတော့ ကျွန်တော့်ကို ရန်စရဲတဲ့သူ အများကြီးမရှိမှာ သေချာတယ်။ ပြီးတော့ ဂိုဏ်းတူအစ်ကိုကြီးလည်း ကျွန်တော်တို့ဘက်ကပဲလေ "
" အဲဒါကြောင့်မလို့ ဒီ အခွင့်အရေးကြီးက ကျွန်တော့်အတွက် သီးသန့် ပြင်ဆင်ပေးထားတဲ့ ရွှေတွင်းကြီးတစ်တွင်းလိုပါပဲ " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားသုံးသပ်လိုက်ပြီးနောက် သူ၏ အတွေးများကို ထုတ်ပြောလိုက်၏။
သူ့ဆီတွင် အမှောင်မီးတောက်နှင့် အမှောင်အဆောင်ပစ္စည်း ရှိနေဆဲပင်။ ထို့အပြင် သူသည် အမှောင်ကလေးငယ်တစ်ယောက်လည်း ဖြစ်ရာ အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုကြောင့် အားအင်များ ဆုတ်ယုတ်သွားမည်မဟုတ်ဘဲ ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ ဖြစ်သွားမည်သာ ဖြစ်သည်။ အမှောင်ဂိုဏ်း ရောက်ရှိလာလျှင်တောင် သူ ဘေးကင်းလုံခြုံနေမည်မှာ သေချာသလောက် ရှိပေသည်။
ဝမ်ပေါင်လဲ့မှာ ထို အကြောင်းများကို ထုတ်မပြောပါသော်လည်း မီးတောက်ခေါင်းဆောင်ကြီးမှာ ခန့်မှန်းမိပေသည်။ ထို့ကြောင့် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ထိုကဲ့သို့ပင် ဖြစ်ရမည်ဟု စိတ်ထဲ၌ မှတ်ယူလိုက်၏။
" ဒီနည်းလမ်းနဲ့ ငါ့ရဲ့အဖိုးတန်တပည့်လေးကို လှမ်းခေါ်နေတာပေါ့ "
" ချန်ရှင်းက တော်တော် ဉာဏ်များတဲ့ကောင်ပဲ။ ငါ့ရဲ့ တပည့်ကို ခိုးယူဖို့ကြံနေတာ။ ငါ သူ့ကို သိပ်မကြာသေးခင်တုန်းကမှ ကံကြမ္မာဂြိုဟ်ရဲ့ အထူးအခွင့်အရေးကြီးတစ်ခု ပေးထားတာကို သူက အခုလိုဖြစ်နေပြီ။ မဖြစ်သေးဘူး... တစ်ခုခုစဉ်းစားမှရမယ်။ အမှောင်ဂိုဏ်း ငါ့ရဲ့ တပည့်ကို ခိုးယူသွားတာကို ဒီအတိုင်း လက်ပိုက်ကြည့်နေလို့မဖြစ်ဘူး " မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုသို့တွေးမိသွားသည်နှင့် မျက်လုံးများမှေးသွားပြီး ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်၏။
" ပေါင်လဲ့။ အဲတာ မင်းရဲ့ ခန့်မှန်းချက်အဆင့်မှာပဲ ရှိသေးတယ်လေ။ အဲဒီအတိုင်း တကယ်ဖြစ်လာရင် ကိစ္စမရှိပေမဲ့ တကယ်ဖြစ်မလာခဲ့ရင် အရမ်းကိုအန္တရာယ်များမှာ "
" ငါ့အထင်ပြောရရင် ချန်ရှင်းနဲ့ လခြမ်းဧကရာဇ်ကြီး တိုက်ခိုက်နေတဲ့နေရာမှာ အဆုံးမဲ့မျိုးနွယ်စုက ယဇ်ပူဇော်ပွဲတစ်ပွဲ စီစဉ်ထားလောက်တယ်။ သူတို့က လခြမ်းဧကရာဇ်ကြီးကို တခြားသူတွေမသိအောင် တိတ်တိတ်ကလေး ကူညီရင်ကူညီ ဒါမှမဟုတ် တခြားနည်းလမ်းတွေသုံးပြီး သူ့ကို ချုပ်နှောင်ရင် ချုပ်နှောင်ထားမှာ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့တို့ဆီမှာ အစီအစဥ်တစ်ခု ရှိနေမှာသေချာတယ် "
" သူတို့တွေဘက်က တခြား အင်အားကြီးအဖွဲ့အစည်းတွေရဲ့ ပါရမီရှင်တွေ အဲဒီနေရာဆီ သွားမှာကို မလိုလားတဲ့ပုံ ပေါက်နေပေမဲ့ ငါ့ရဲ့ အမြင်မှာတော့ သူတို့က ဟန်ဆောင်နေတာပဲ။ တကယ်လို့ အဲဒီ ပါရမီရှင်တွေ မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီး လက်ချက်ကြောင့် သေသွားမယ်ဆိုရင် မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးက... အင်အားကြီး အဖွဲ့စည်းတွေအကုန်လုံးရဲ့ ဘုံရန်သူကြီးတစ်ယောက် ဖြစ်သွားမှာလေ "
" အဲတာမလို့ အခုလောလောဆယ် မင်း အဲဒီနေရာကို မသွားသင့်သေးဘူး " မီးတောက်ခေါင်းဆောင်ကြီးမှာ ဖြည်းဖြည်းချင်း ရှင်းပြလိုက်၏။ သူ ပြောသည့်စကားများမှာ အဓိပ္ပါယ်ရှိပေသည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ထိုစကားများကို နားထောင်လိုက်ရသည့်တိုင်အောင် စိတ်ပိုင်းဖြတ်ပြီးသွားသည့်ပုံပင်။ ထို့ကြောင့် သူသည် စကားပြောရန်ပြင်လိုက်၏။ သို့သော် သူ ပါးစပ်မဟနိုင်ခင်မှာပင် မီးတောက်ခေါင်းဆောင်ကြီးမှာ သူ၏ အတွေးများကို အာရုံခံမိလိုက်သဖြင့် ချောင်းဟန့်ကာ စကားဆက်ပြောလိုက်၏။
" ငါတို့လို ကျင့်ကြံသူတွေအတွက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်လာလေလေ၊ ကျင့်ကြံခြင်းအဆင့် တိုးတက်မှုနှုန်းက ပိုပြီးတော့ နှေးလာလေလေဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ပေါင်လဲ့။ မင်း မင်းရဲ့ကျင့်ကြံခြင်းအဆင့် တိုးတက်မှုနှုန်းကို မြှင့်တင်ချင်တယ်ဆိုရင် နတ်ဧကရာဇ်ကြီး သေသွားတဲ့နေရာကို သွားစရာမလိုပါဘူး။ တခြားနည်းလမ်းတွေလည်း ရှိပါသေးတယ်။ ဥပမာပြရရင် မင်းရဲ့ ဇာတိမြေဖြစ်တဲ့ ပြည်ထောင်စုကြီးရဲ့ လူမှုအဖွဲ့အစည်းအဆင့်အတန်း တိုးတက်လာတဲ့အချိန်ကျရင် မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း တိုးတက်လာမှာပဲလေ ".
" မင်း အစောပိုင်း ဂြိုဟ်အဆင့်ကနေ အလယ်အလတ် ဂြိုဟ်အဆင့်ကို ဖောက်ထွက်သွားနိုင်ခဲ့တာကလည်း နေအဖွဲ့အစည်း ပြည်ထောင်စုကြီးရဲ့ တိုးတက်မှုကြောင့်ပဲ မဟုတ်ဘူးလား " မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုသို့ဆိုကာ ပြုံးလိုက်၏။ ထိုအခါ သူသည် ဝမ်ပေါင်လဲ့တစ်ယောက် အတွေးများထဲ၌ နစ်မျောသွားသည်ကို မြင်လိုက်ရသဖြင့် မျက်စိ ပေကလတ်ပေကလတ်လုပ်ကာ ဆက်ပြောလိုက်သည်။
" ငါက မီးတောက်ကြယ်စင်စုကို သန့်စင်ပြီးသွားပြီဆိုတော့ နေအဖွဲ့အစည်းထဲကို လွှဲပြောင်းပေးနိုင်တော့မှာမဟုတ်ဘူး။ ဒါပေမဲ့ အဆုံးမဲ့တာအိုနယ်မြေက အကြီးကြီးပါ။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် နေအဖွဲ့အစည်းအတွက် ထာဝရကြယ်တွေ ထပ်ရှာပြီးတော့ မင်းရဲ့ ဇာတိမြေရဲ့ လူမှုအဖွဲ့အစည်းအဆင့်အတန်းကို မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းတွေ အများကြီးပါပဲ "
ဝမ်ပေါင်လဲ့မှာ အတွေးများ ယောက်ယက်ခတ်နေပြီဖြစ်သည်။ မီးတောက်ခေါင်းဆောင်ကြီး ပြောသည့်အတိုင်း လုပ်၍လည်း ရနေသည်ဖြစ်ရာ သူသည် ချက်ချင်းမေးမြန်းလိုက်၏။
" ဆရာ။ ကျွန်တော့်ဇာတိမြေရဲ့ လူမှု့အဖွဲ့အစည်းအဆင့်အတန်းကို အကန့်အသတ်မရှိ မြှင့်တင်လို့ရလား။ ဒါမှမဟုတ် တားမြစ်ချက်တွေ ရှိသေးလား "
မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုမေးခွန်းကို ကြားလိုက်ရသောအခါ တစ်ခဏမျှ ချီတုံချတုံဖြစ်သွားပြီး ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်၏ " အကန့်အသတ်မရှိဘူးလို့ ပြောလို့ရသလို ရှိတယ်လို့လည်း ပြောလို့ရတယ်။ တခြားထာဝရကြယ်တွေနဲ့ ပေါင်းစည်းနိုင်ဖို့က အချိန်ပေးဖို့လိုတယ်လေ။ အဲဒီလို ပေါင်စည်းပြီးသွားရင် ပိုပြီးတော့ အရွယ်အစားကြီးမားတဲ့ ကြယ်စင်စုတစ်ခုအဖြစ် ပြောင်းလဲသွားမှာ။ နောက်ဆုံး ကြယ်နယ်မြေအဆင့်အထိ ရောက်သွားအောင် ပြောင်းလဲနိုင်ဖို့ကလည်း အချိန်ပေးဖို့လိုအပ်တယ်။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း အဲဒီ ပြောင်းလဲမှုတွေအပေါ် မူတည်ပြီး ဖောက်ထွက်သွားမှာ "
" ဆရာ။ အဲဒီ အမြန်နှုန်းကိုရော အရှိန်မြှင့်တင်နိုင်မယ့် နည်းလမ်း ရှိလား " ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်ကာ မီးတောက်ခေါင်းဆောင်ကြီးအား ကြည့်၍ ထပ်မေးလိုက်၏။
မီးတောက်ခေါင်းဆောင်ကြီးမှာမူ နှုတ်ဆိတ်သွားရပြီဖြစ်သည်။ တစ်အောင့်ခန့် အကြာမှ သူသည် သက်ပြင်းချကာဆိုလိုက်၏။
" မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းကိုပဲ သွားရှာလိုက်တော့။ ကြယ်စင်စုတစ်ခုကို ကြယ်နယ်မြေတစ်ခု ဖြစ်လာအောင် ပြောင်းလဲတဲ့ လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ပေးနိုင်တဲ့နည်းလမ်း မရှိတာတော့မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို လုပ်ချင်ရင် မိုးကောင်းကင်တာအိုရဲ့ ကောင်းချီးပေးမှုကို လိုအပ်တယ်။ အဆုံးမဲ့တာအိုမျိုးနွယ်စုရဲ့ မိုးကောင်ကင်တာအိုကတော့ မင်းကို ကောင်းချီးပေးမှာ မဟုတ်ဘူး။ အဲတာမလို့ အမှောင်ဂိုဏ်းရဲ့ မိုးကောင်းကင်တာအိုကပဲ မင်းကို ကောင်းချီးပေးနိုင်မှာ " မီးတောက်ခေါင်းဆောင်ကြီးမှာ ကြံရာမရ ဖြစ်နေပြီဖြစ်သည်။ သူသည် ချန်ရှင်းထက် တစ်ဆင့်ပိုနိမ့်နေသည့်အလား ခံစားလိုက်ရ၏။
ထို ခံစားချက်ကြီးကြောင့် သူသည် စိတ်ထဲ၌ နေမထိထိုင်မသာ ဖြစ်သွားရသည်။ ထို့ကြောင့်လည်း သူသည် မျက်စိ ပေကလတ်ပေကလက် လုပ်လိုက်ပြီးနောက် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ဟင်းလင်းပြင်ကြီးအား ဖမ်းဆုပ်လိုက်သည်။ ထိုအခါ အလင်းစက်လုံးတစ်လုံးမှာ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။
ထို အလင်းစက်လုံးထဲတွင် သစ်ရွက်တစ်ရွက် ရှိနေသည်။
ထိုသစ်ရွက်မှာ အစိမ်းရောင်ဖြစ်ပြီး အနက်ရောင်သစ်ကြောများဖြင့် ပြည့်နှက်နေ၏။ ၎င်းမှာ တမူထူးခြားသည့်ပုံ မပေါ်ဘဲ ဝမ်ပေါင်လဲ့၏ ရှေ့၌ ရစ်ဝဲနေသည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ၎င်းအား စိုက်ကြည့်လိုက်ချိန်တွင် အသိစိတ်တစ်ခုလုံး တုန်ရီသွားရ၏။ ထို့နောက် သူသည် အသက်အန္တရာယ်ကြီးတစ်ခုအား အာရုံခံမိလိုက်သကဲ့သို့ ဖြစ်သွားပြီး အကယ်၍ ထို သစ်ရွက်သာ ပေါက်ကွဲသွားပါက သူ၏ ဝိညာဉ် ချက်ချင်း ပျက်စီးသွားမည့်အလား ခံစားလိုက်ရတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သေသေချာချာ ကြည့်ရှုလိုက်သည်။ သူသည် ထို သစ်ရွက်ပေါ်ရှိ အနက်ရောင် အငွေ့အသက်တစ်မျိုးအား မသဲမကွဲ အာရုံခံမိနေသလို သွေးရူးသွေးတမ်း အော်ဟစ်နေကြသည့် အသံများကိုလည်း ကြားလိုက်ရ၏။ ထိုအခြင်းအရာများကြောင့် သူသည် ဤ သစ်ရွက်မှာ မည်သည့်အရာဖြစ်ကြောင်း နားလည်သွားတော့သည်။
၎င်းမှာ... ကျိန်စာတစ်ခုဖြစ်၏။
မီးတောက်ခေါင်းဆောင်ကြီး ဖန်တီးထားသည့် မီးတောက်ဝိညာဉ်ကျိန်စာနှင့် မူလဇာစ်မြစ်တူသည့် ကျိန်စာတစ်ခုဖြစ်ပါသော်လည်း ၎င်းမှာ အများကြီး အဆင့်ပိုမြင့်သည်။ သို့ဖြစ်ရာ ၎င်းမှာ မီးတောက်ခေါင်းဆောင်ကြီး၏ ကျင့်ကြံခြင်းစွမ်းအားများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ရပေမည်။ သို့မဟုတ် သူ နှစ်ထောင်ပေါင်းများစွာ ထုတ်မသုံးဘဲ ထိန်းသိမ်းထားခဲ့သည့် နတ်ဧကရာဇ်ကြီးများကိုပင် သူနှင့်အတူ သေရွာသို့ ခေါ်သွားနိုင်သည်ဟုဆိုသော သူ ကျိန်စာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ရပေမည်။
" ဆရာ... " ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာရပြီး မီးတောက်ခေါင်းဆောင်ကြီးအား ကြည့်မိလိုက်၏။
" မင်းက အဲဒီ အန္တရာယ်တောကြီးထဲကို မဖြစ်မနေ သွားချင်နေမှတော့ မင်းကို လိုက်ပို့ပြီး မင်းပြန်လာမယ့်အချိန်ကို စောင့်နေရုံကလွဲရင် မင်းကိုယ်မင်း ကာကွယ်နိုင်ဖို့ပစ္စည်းတစ်ခုကို လက်ဆောင်ပေးလိုက်ရုံလောက်ပဲ ဆရာ့ဘက်က တတ်နိုင်မှာ "
" ဒီ သစ်ရွက်ထဲမှာ ဆရာ့ရဲ့ ကျိန်စာပါတယ်။ ကြယ်နယ်မြေအဆင့်မှာရှိတဲ့ အစွမ်းထက်ပုဂ္ဂိုလ်ကြီးတွေ အကုန်လုံးကို သတ်ဖြတ်ပစ်နိုင်တဲ့ ကျိန်စာပေါ့။ ပုံမှန်အတိုင်းဆိုရင် ဆရာ မင်းကို အဲဒီလို သစ်ရွက်တွေ အရွက်တစ်ရာ၊ အရွက်တစ်ထောင်လောက်အထိ ထုတ်ပေးလို့ရတယ်။ ဒါပေမဲ့ မင်း ဂုဏ်မောက်ပြီး တခြားသူတွေကို ပြဿနာရှာလိုက်မှာစိုးလို့ အဲလောက် အများကြီး ထုတ်မပေးဘဲ တစ်ရွက်ပဲ ပေးလိုက်တာ။ ဆရာပြောတာကို သေချာမှတ်ထား။ အဲဒီ သစ်ရွက်ကို တကယ် အသုံးမပြုဘဲ ဟန်ပြသက်သက် ထုတ်ပြထားတာက မင်းအတွက် ပိုပြီးတော့ အသုံးဝင်လိမ့်မယ် " မီးတောက်ခေါင်းဆောင်ကြီးမှာ အမူအရာပြောင်းလဲသွားခြင်းမရှိဘဲ တည်ကြည်မှုအပြည့်ဖြင့် ဆိုလိုက်၏။ သို့ဖြစ်ရာ သူသည် အမှန်အတိုင်း ပြောနေသည့်ပုံပင်....
ဝမ်ပေါင်လဲ့မှာ သူ၏ ဆရာ ထိုကဲ့သို့သော ကျင့်ကြံခြင်း စွမ်းအားမျိုးကို ပိုင်ဆိုင်ထားကြောင်း သိလိုက်ရသည်နှင့် နှလုံးသားတစ်ခုလုံး တုန်ရီသွားရ၏။ ထို့ကြောင့် သူသည် ထိုသစ်ရွက်အား လှမ်းယူကာ မီးတောက်ခေါင်းဆောင်ကြီးအား ဦးညွှတ်အရိုအသေပေးလိုက်သည်။
" ကျေးဇူးအများကြီးတင်ပါတယ် ဆရာ "
" သွား။ အနားယူလိုက်အုံး။ နောက်သုံးရက်နေရင် ဆရာ မင်းကို ခေါ်သွားပေးမယ် " မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုသို့ ဆိုလိုက်ပြီးနောက် သူ၏ လက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ နူးညံ့သိမ်မွေ့သော စွမ်းအားတစ်မျိုးမှာ ဝမ်ပေါင်လဲ့အား ခန်းမကြီးအပြင်ဘက်သို့ ရောက်သွားအောင် ပို့ဆောင်ပေးလိုက်သည်။ ဝမ်ပေါင်လဲ့ ထွက်ခွာသွားသောအခါမှ မီးတောက်ခေါင်းဆောင်ကြီးမှာ ပင့်သက်ရှိုက်ကာ ရှုံ့မဲ့နေသည့် မျက်နှာမူအရာဖြင့် သူ၏ နတ်ဘုရားဝိညာဉ်ထဲသို့ လှမ်းကြည့်လိုက်၏။ သူ၏ နတ်ဘုရားဝိညာဉ်ထဲတွင် အနက်ရောင် အပင်တစ်ပင် ရှိနေသည်။ ယခင်တုန်းက ထိုအပင်ပေါ်၌ သစ်ရွက်ဆယ်ရွက် ရှိနေခဲ့ပါသော်လည်း ယခုတွင်မူ ကိုးရွက်သာ ကျန်တော့သည်။
" နှစ်တစ်ထောင်ကျိန်စာ သစ်ရွက်တစ်ရွက်... ဆရာတစ်ယောက်အနေနဲ့ ငါ ငါ့ရဲ့တပည့်အတွက် အများကြီး ပေးဆပ်ထားပြီးပြီ " မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုသို့ ရေရွတ်လိုက်ပြီးနောက် သက်ပြင်းချလိုက်၏။ သို့သော် ခဏအကြာတွင် သူ၏ မျက်နှာပေါ်၌ မယုံသင်္ကာဖြစ်နေသည့် အမူအရာတစ်ခု ပေါ်ပေါက်လာ၏။
" တစ်ခုခုတော့ လွဲနေပြီ " သူသည် ဤ ဖြစ်ရပ်များအားလုံးမှာ တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်ကြောင်း ရုတ်တရက် ခံစားလိုက်ရခြင်း ဖြစ်သည်။ သူ၏ တပည့် ဖောက်ထွက်သွားပြီး သိပ်မကြာခင်မှာပင် ချန်ရှင်းမှာ လခြမ်းဧကရာဇ်ကြီးအား သတ်ဖြတ်တော့မည်ဆဲဆဲ အနေအထားသို့ ရောက်သွားပြီး ကြယ်စင်စုတစ်ခု၏ တိုးတက်ပြောင်းလဲမှုနှုန်းအား အရှိန်မြှင့်တင်ပေးနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည့် မိုးကောင်းကင်တာအို၏ ကောင်ချီးပေးမှုအား ရရှိပိုင်ဆိုင်သွားခဲ့သည် မဟုတ်ပါလော။
" မဖြစ်နိုင်တာ။ ချန်ရှင်းက နတ်ဧကရာဇ်တွေကို သတ်ဖြတ်နိုင်စွမ်း ရှိနေရင်တောင် အနာဂတ်ကို ဒီလောက်အထိ ကြိုတွက်ထားနိုင်စရာအကြောင်း မရှိပါဘူး... ပြီးတော့ သူက လခြမ်းဧကရာဇ်ကြီးနဲ့ တိုက်ခိုက်နေရသေးတာလေ " မီးတောက်ခေါင်းဆောင်ကြီးမှာ တစ်ခုခုလွဲနေကြောင်း ခံစားနေရသဖြင့် ခေါင်းတကုတ်ကုတ် ဖြစ်နေ၏။
" ဒီကောင်... ငါ့ရဲ့တပည့်ကို မကောင်းကြံနေတာတော့ မဟုတ်လောက်ဘူးမလား " အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် မီးတောက်ခေါင်းဆောင်ကြီးမှာ ရုတ်တရက် ခေါင်းမော့လာ၏။ ထိုအချိန်တွင် သူ၏ မျက်ဝန်းများထဲမှ မီးတောက်ကြယ်စင်စုကြီးတစ်ခုလုံးကို တုန်ရီသွားစေသည့် မျက်စိကျိန်းစရာကောင်းသော အလင်းရောင်များ ထွက်ပေါ်လာသည်။
" ငါ အတွေးလွန်နေတာပဲ ဖြစ်ပါစေ... အဲလိုမှ မဟုတ်ရင်တော့ ငါက အမှောင်ဂိုဏ်းကိုလည်း ဂရုစိုက်နေမှာမဟုတ်ဘူး။ ငါ့ရဲ့ တပည့်ကို လက်ဖျားနဲ့ ထိရဲထိကြည့်။ မင်းက ချန်ရှင်းဆိုတဲ့ကောင် ဖြစ်နေရင်တောင် ငါ့ဘက်က နှစ်ထောင်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့တဲ့ ကျိန်စာကို ထုတ်သုံးပြီး မင်း အသက်ပျောက်သွားတဲ့အထိ ကျိန်စာတိုက်ပစ်မယ် “