မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်
Vol. 49 Ch. 659
“ဒီအကြံ သိပ်ကောင်းတယ်... ငါ တစ်ယောက်မကျန် စားလိုက်ရင် ဒီမှာ လူတွေ ရှိခဲ့မှန်း အမေ သိမှာမဟုတ်တော့ဘူး... ဒါဆို ငါ့ကို မကောင်းတာတွေ လုပ်လို့ စိတ်ဆိုးမှာလည်း မဟုတ်တော့ဘူး”
ကလေးကြီး စိတ်လှုပ်ရှားစွာ အကြံထုတ်နေစဉ် ရွှမ်ခုံးကမ္ဘာ၏ နတ်ဘုရားများစွာ ရောက်လာကြသည်။ သူတို့က ပဲ့ရွဲ့နေသော အထွတ်အမြတ်တောင်ထိပ်ကို မြင်လျှင် ထိတ်လန့်ဒေါသထွက်ကုန်ကြပြီး ကလေးကြီးအား အပြင်းအထန် တိုက်ခိုက်ကြ၏။
ရွှမ်ခုံးကမ္ဘာတွင် နတ်ဘုရားများစွာ ရှိသည်။ သို့သော် သူတို့ ရန်သူနှင့် မရင်ဆိုင်ခဲ့ရသည်မှာ နှစ်ငါးသောင်းတိုင် ကြာမြင့်ခဲ့ပြီဖြစ်၍ ရွှမ်ခုံးကမ္ဘာသား ကောင်းကင်နတ်သိုင်းပညာရှင်တို့၏ သိုင်းအခြေခံမှာ တိုးတက်နှုန်း နှေးခဲ့၏။ အပြိုင်အဆိုင်များ၊ တိုက်ပွဲများ ပြည့်နှက်နေသော အပြင်လောကနှင့် သူတို့ မယှဉ်နိုင်ပေ။ အကောင်းဘက်မှ တွေးကြည့်လျှင်မူ နှစ်ငါးသောင်းအတွင်း နတ်ဘုရားများစွာ ပေါ်ထွက်လာခဲ့သည်။
ချိမင်ခေတ်မှ ကျန်ရစ်ခဲ့သော နတ်ဘုရားများအပြင် နတ်ဘုရားအရေအတွက်သည် တစ်သောင်းနားကပ်၏။ ထို့ကြောင့် နတ်ဘုရားများ ရောက်ချလာသည့် မြင်ကွင်းကား တုန်လှုပ်ချောက်ချားဖွယ် ကောင်းပြီး နတ်ဘုရားတို့၏ စစ်ပွဲကြီးပမာ ခမ်းနားကြီးကျယ်နေသည်။
နတ်ဘုရားတချို့က မြို့ထဲရှိ ပြည်သူများအား လျင်မြန်စွာ ကယ်ထုတ်၍ ကာကွယ်ရင်း တိုက်ပွဲနှင့် ကင်းလွတ်ရာသို့ ပို့ဆောင်ပေးနေကြသည်။
ချိမင်ခေတ်သည် ရုပ်ခန္ဓာဖန်ဆင်းပညာကို ကျင့်စဉ်တစ်ခုအဖြစ် အသုံးပြု၏။ သူတို့၏ရုပ်ခန္ဓာများက တောင့်တင်းသန်မာပြီး ထိုသို့တောင့်တင်းသန်မာခြင်းကြောင့် သူတို့၏ရုပ်ခန္ဓာ ကောင်းကင်နတ်သိုင်းများက အတိုင်းထက်အလွန် အဆင့်မြင့်မားချေသည်။ သိုင်းကွက်အသားပေးကျင့်စဉ်များကို အရေးထား ကျင့်ကြံကြ၍ အနီးကပ်တိုက်ပွဲတွင် သိုင်းကွက်လေးတစ်ကွက်တည်းနှင့် မှော်အစီအရင်တစ်သောင်းနီးပါး ဖျက်စီးနိုင်၏။ သူတို့၏သိုင်းကွက်များက ထိုမျှ ကြမ်းတမ်းပြင်းထန်သည်။
အထွတ်အမြတ်တောင်ပေါ်သို့ နတ်ဘုရားတစ်သောင်းခန့် ရောက်လာခဲ့ကြပြီး ကောင်းကင်ထက်တွင် ဝင်္ကပါတစ်ခု အလျင်အမြန် ဖော်ဆောင်နေရာယူလိုက်ကြသည်။ သူတို့အရှေ့၌ တစ်ကိုယ်လုံး စုတ်ပြတ်နေသော ချိမင်နတ်ဘုရားသားတော် ပျံဝဲနေသည်။ သူကိုယ်တိုင် ဝင်္ကပါကို ကြီးမှူးရင်း အော်ဟစ်လိုက်၏။ “သူ့ကို ကောင်းကင်ထဲ မျှားခေါ်၊ ချိဧကရာဇ်ရဲ့ မျက်လုံးတွေနဲ့ တိုက်ခိုက်ကြမယ်”
ကလေးကြီးက စုပြုံနေသော နတ်ဘုရားများကို မြင်လျှင် အလွန်တရာ စိတ်လှုပ်ရှားနေသည်။ သူက တရှိန်ထိုး ပြေးသွားပြီး ပြောလိုက်၏။ “ဒီကောင်တွေက ယိုတုတုန်းကထက် အများကြီးနည်းတယ်... ဒါပေမဲ့ ဆော့ဖို့တော့ လုံလောက်ပါတယ်”
***
ချင်စာလုံးကမ္ဘာထဲတွင် ကောင်းကင်နယ်စားမင်း၊ ချိဧကရာဇ်နှင့် ချင်မူတို့ မလှုပ်မယှက် ထိုင်နေကြသည်။ သူတို့၏မျက်နှာအားလုံး လေးနက်နေကြ၏။
ကောင်းကင်နယ်စားမင်းက ချိဧကရာဇ်၏ မေးခွန်းကို ဖြေသည်။ “သူ ဘယ်လောက်သန်မာလဲ ဟုတ်လား... သူက ယိုတုမှာ အမိဝမ်းကနေ ပထမဆုံး မွေးလာတဲ့ သတ္တဝါဖြစ်လို့ ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခံခဲ့ရတယ်... ယိုတုထဲက ပူဆွေးသောကအားလုံး၊ စိတ်ယုတ်စိတ်ညစ်အားလုံးနဲ့ မိစ္ဆာသဘာဝတွေကိုလည်း မွေးကတည်းက စုပ်ယူခဲ့တယ်... မြေအောက်ဘုံအရှင်သခင်တောင် မကိုင်တွယ်နိုင်တဲ့ အငွေ့အသက်တွေကိုလည်း စုပ်ယူနိုင်ခဲ့တယ်.... ဒါကြောင့် သူ့မှာ သိုင်းအဆင့်မရှိဘူး... သူက ငါနဲ့ မြေအောက်ဘုံအရှင်သခင်လိုပဲ.... ငါတို့မှာလည်း သိုင်းအဆင့်မရှိကြဘူး”
ချိဧကရာဇ် မျက်မှောင်ကြုတ်သွားသည်။ “အကယ်လို့ သူ့အစွမ်းအစတွေကို အဆင့်တွေနဲ့ တိုင်းတာမယ်ဆို ဘယ်အဆင့်လောက် ဖြစ်မလဲ”
ကောင်းကင်နယ်စားမင်းက တတွတ်တွတ် ရေရွတ်နေသည်။ “နတ်ကောင်းကင်ခန်းမနဲ့ ညီလောက်ပေမယ့် —“ သူက မျက်မှောင်ကြုတ်သွားပြီး ဆက်မပြောတော့ပေ။
ချိဧကရာဇ်မှာ စောင့်နေသော်လည်း မနေနိုင်တော့ဘဲ မေးလိုက်မိ၏။ “တာအိုနောင်တော်၊ ဘာလို့လဲ... ဘာလို့ဆက်မပြောတော့တာလဲ”
ကောင်းကင်နယ်စားမင်းက သက်ပြင်းချကာ ရှင်းပြသည်။ “လွန်ခဲ့တဲ့ ဆယ့်ကိုးနှစ်.... မဟုတ်သေးဘူး လွန်ခဲ့နှစ်နှစ်ဆယ်တုန်းက သူ မွေးဖွားလာပြီး ယိုတုမှာ သောင်းကျန်းခဲ့တယ်... ငါလည်း စပ်စုချင်တာနဲ့ အသိစိတ်အလျဉ်တစ်မျှင် ခွဲထုတ်ပြီး ယိုတုထဲ ဝင်ခဲ့ဖူးတယ်... အဲဒီတုန်းက ရှေးဟောင်းဖြစ်တည်မှုတွေအများကြီး ငါ့လိုပဲ ဝင်လာခဲ့ကြတယ်... ယိုတုက တော်တော်လေးကို ဖရိုဖရဲ ဖြစ်နေတာ... ပထမဆုံး ကောင်းကင်နတ်ဘုံက သူ့ကို ဝိုင်းထားတယ်... ဒါပေမဲ့ ကောင်းကင်စစ်သည်တော်တွေနဲ့ သရဲစစ်သည်တော်တွေ ထောင်သောင်းချီ သူ စားတာ ခံခဲ့ရတယ်... သူ စားလေလေ၊ ယိုတုထဲမှာ ကောင်းကင်နတ်ဘုံ တာဝန်ချထားတဲ့လူတွေလည်း သူ့ကို မနိုင်တော့ဘူး... သူက ယိုတုထဲက ရှေးဟောင်းဖြစ်တည်မှုတချို့ရဲ့ အကျိုးစီးပွားတွေကိုလည်း ဖျက်စီးပစ်တော့ အဲဒီအာဏာပိုင်တွေ ငြိမ်ငြိမ်မထိုင်နိုင်တော့ဘူး.... ချိဧကရာဇ်အနေနဲ့ ရှေးဟောင်းဖြစ်တည်မှုတစ်ယောက်၊ နှစ်ယောက်တော့ သိလောက်ပါတယ်”
ချိဧကရာဇ် ခေါင်းယမ်းလိုက်၏။ “ကျုပ်က ယိုတုကို သွားခဲတော့ သိပ်မသိပါဘူး”
ကောင်းကင်နယ်စားမင်း အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ကောင်းကင်နတ်ဘုံအပြင် ယိုတုမှာ ရပ်တည်နိုင်တဲ့သူတွေက သေဆုံးသွားတဲ့ ဧကရာဇ်ပလ္လင်အဆင့် သိုင်းသမားတွေပဲ... ကောင်းကင်နတ်ဘုံက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေယူထားသလို၊ ဧကရာဇ်ပလ္လင်အဆင့် သိုင်းသမားတွေကလည်း သေသွားပြီးနောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတွေတည်ထောင်တတ်ကြတယ်.... မြေအောက်ဘုံအရှင်သခင်ကလည်း ဝင်မပါဘူး ... အဲဒီလို သိုင်းပညာရှင်တွေမှာ မူလဝိညာဉ်ပဲ ကျန်တော့တဲ့အပြင် ရုပ်ခန္ဓာလည်း မရှိတော့ အစွမ်းအစတွေက အရင်လိုမဟုတ်တော့ဘူး... ကောင်းကင်နတ်ဘုံ ယိုတုမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ တည်ထောင်ထားတဲ့ အကြောင်းရင်းက အဲဒီသိုင်းသမားတွေကို စောင့်ကြည့်ထားဖို့ပဲ... ဒါကြောင့် ယိုတုထဲက အင်အားစုတွေက သိပ်ရှုပ်ထွေးတယ်... ရွှမ်တုထက်တောင် အများကြီးရှုပ်ထွေးတယ်.... ချိဧကရာဇ်၊ ခင်ဗျားလည်း အပြင်မှာသာ သေခဲ့ရင် ယိုတုရဲ့ အာဏာပိုင်တစ်ယောက် ဖြစ်လာမှာ... ခင်ဗျားအာဏာက ပေါ့ပေါ့သေးသေး ဖြစ်မှာ မဟုတ်ဘူး”
ချိဧကရာဇ် မှင်သက်သွားသည်။ “ဒါဆို ဒီမိစ္ဆာနတ်ဆိုးလေးက ဧကရာဇ်ပလ္လင်အဆင့် သိုင်းသမားတွေနဲ့ တိုက်ခိုက်ခဲ့တာလား”
ကောင်းကင်နယ်စားမင်းက ခေါင်းညိတ်ကာ သက်ပြင်းချသည်။ “ဟုတ်တယ်... အာဏာပိုင်တွေက သေပြီးတဲ့နောက်ပိုင်းတောင် အမြဲ မျက်နှာသာရချင်နေတာလေ.... ဒါကြောင့် သူ့ကို တစ်ပြိုင်တည်း ဝိုင်းတိုက်မယ့်အစား တစ်ယောက်-တစ်ယောက်ချင်း စိန်ခေါ်ခဲ့တယ်.... အဲဒီနောက်ပိုင်း အဲဒီမိစ္ဆာနတ်ဆိုးလေး ကြီးထွားတာ သိပ်မြန်လာတော့တာပဲ.... သူက လပိုင်းလေးနဲ့ ယိုတုမိစ္ဆာနတ်ဘုရားနဲ့ မကောင်းဆိုးဝါးတွေကို တစ်ပုံကြီး စားပစ်ခဲ့တာ....”
ချိဧကရာဇ်မှာ ကြောက်လန့်လာတော့သည်။ “သူ အဲဒီလောက် အင်အားကြီးလို့ မဖြစ်ဘူး”
ကောင်းကင်နယ်စားမင်း ပြောလိုက်သည်။ “ယိုတုမှာတုန်းကတော့ အဲဒီလောက်အင်အားကြီးတယ်... သူက ယိုတုမှာ မွေးလာတဲ့ နတ်ဘုရား၊ နတ်ဆိုးဘုရင်ဆိုတော့ ယိုတုမှာ ပြိုင်ဘက်ကင်းတာ ပုံမှန်ပါပဲ... မြေအောက်ဘုံအရှင်သခင်ပဲ သူ့ကို ဖိနှိပ်နိုင်တယ်... ဒါပေမဲ့ ယိုတုအပြင်မှာတော့ အဲဒီလောက် အင်အားကြီးမှာ မဟုတ်ဘူး”
ချိဧကရာဇ် စိတ်အေးသွား၏။ “ရွှမ်ခုံးကမ္ဘာက ယိုတုမှမဟုတ်တာ... စကြဝဠာအသေးစားလေးတစ်ခုပါပဲ... ကျုပ်ရဲ့ ရုပ်ခန္ဓာနဲ့ ဒီသုခဘုံကို တည်ဆောက်ခဲ့တာ မဟုတ်လား”
ကောင်းကင်နယ်စားမင်းက သက်ပြင်းချသည်။ “ယိုတုသားတော်မှာ တခြားကမ္ဘာနဲ့ တခြားသုခဘုံတွေကို ယိုတုအဖြစ် ပြောင်းလဲနိုင်စွမ်းရှိတယ်... အဲဒါ အရေးအကြီးဆုံးအချက်ပဲ... ယိုတုအဖြစ် ပြောင်းလဲပြီးသွားရင် သူ့အစွမ်းအစတွေက ကြောက်စရာကောင်းလောက်အောင် မြင့်တက်လာလိမ့်မယ်”
ချိဧကရာဇ် မျက်လုံးအပြူးသားဖြင့် သူ့ကို စိုက်ကြည့်မိသည်။ တခဏကြာသော် သူ့မှာ ခပ်တိုးတိုးသာ ရေရွတ်နိုင်၏။ “အရှက်မရှိချက်... အရှက်မရှိချက်ပဲ”
ကောင်းကင်နယ်စားမင်းက ပြောသည်။ “ဒါပေမဲ့ ယိုတုအဖြစ် ပြောင်းလဲသွားရင် မြေအောက်ဘုံအရှင်သခင်လည်း ဒီကိုလာနိုင်တယ်.... သူ့အစွမ်းအစတွေနဲ့ ဒီက အခြေအနေကို သေချာပေါက် သတိထားမိမှာပါ... သူ လွတ်လာတာ သိရင် မြေအောက်ဘုံအရှင်သခင်က သူ့ကို နောက်တစ်ကြိမ် ဖမ်းချုပ်လိမ့်မယ်”
ဤစကားကြားပြီးနောက် ချိဧကရာဇ်၏ ရင်ထဲတွင် မျှော်လင့်ချက်တို့ အသစ်ပြန်ဖြစ်ပေါ်လာသည်။ သို့သော် ကောင်းကင်နယ်စားမင်းက ဆက်ပြော၏။ “အဲဒီအချိန်ကျလာရင် ရွှမ်ခုံးကမ္ဘာက ယိုတုဖြစ်နေပြီ... အသက်ရှင်ကျန်သူလည်း ရှိတော့မှာမဟုတ်ဘူး.... မြေအောက်ဘုံအရှင်သခင်ကတော့ ရောက်လာလို့ ငါ ဒီမှာ ပိတ်မိနေတာ မြင်ရင် သိပ်ကို ဝမ်းသာသွားလိမ့်မယ်.... အပေါ်ယံမှာတော့ သိသာမှာမဟုတ်ဘူး.... ဒါပေမဲ့ သူ့မျက်ခွက်ကို ငါ မေ့လို့ကို မရတာ”
ချိဧကရာဇ်၏အမူအရာ ပြောင်းလဲသွားပြီး သူက စိတ်ပျက်နေသောအသံဖြင့် မေးလေသည်။ “ရွှမ်ခုံးကမ္ဘာသားတွေက ကျုပ်ရဲ့ နောက်ဆုံးလက်ကျန်မျိုးနွယ်တွေပါ... ဒီနေရာပျက်စီးသွားရင် ကျုပ်လူတွေ မျိုးတုံးသွားလိမ့်မယ်... တာအိုနောင်တော် ကောင်းကင်နယ်စားမင်း၊ နောင်တော်က သိပ်အင်အားကြီးတဲ့လူပါ... မြေအောက်ဘုံအရှင်သခင် ရောက်မလာခင် ရွှမ်ခုံးကမ္ဘာကို လာလို့ရမလား”
ကောင်းကင်နယ်စားမင်းက ခေါင်းယမ်း၏။ “ရွှမ်ခုံးကမ္ဘာက ကျုပ်တရားစီရင်မှုအောက်မှာ မရှိတဲ့ တခြားစကြဝဠာငယ်ထဲ ရောက်နေတာပဲ... ကျုပ် ဝင်လာလို့မရဘူး... ကျုပ်က ကောင်းကင်နယ်စားမင်းဆိုပေမယ့် နေရာတိုင်းဝင်လို့ရတဲ့လူ မဟုတ်ဘူး... ဥပမာ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆို ကြယ်အစစ်တစ်လုံးမှတောင် မရှိတဲ့အပြင် သူတို့ရဲ့နက္ခတ်ကလည်း အတုတွေဖြစ်နေလို့ ကျုပ်သွားလို့ မရဘူး... ဒါပေမဲ့ တခြားနည်းလမ်းတစ်ခုတော့ ရှိတယ်...”
သူက ချင်မူ့ကို ကြည့်၍ အလေးအနက် ပြောသည်။ “လက်ရှိအခြေအနေက ထွက်နိုင်မယ့် နည်းလမ်းက မိတ်ဆွေလေးချင်အပေါ် မူတည်နေတုန်းပဲ”
ချင်မူမှာ သူတို့စကားကို နားထောင်ရင်း ငေးကြောင်နေခဲ့၏။ ယခုပြောလိုက်သည်ကို ကြားသည့်အခါ အလျင်အမြန် မေးလိုက်သည်။ “ကျွန်တော့်မှာ အဲဒီလိုအစွမ်းအစမျိုး ဘယ်ရှိမှာလဲဗျာ... ကျွန်တော် ထွက်လည်းမပြေးနိုင်ဘူး... ဆရာကြီးတို့လို ဖိနှိပ်ခံထားရမှတော့ ထွက်ပြေးနိုင်ရင်တောင်မှ ဖိနှိပ်ခံရပြီး ဒီထဲ ပြန်ပို့ခံရဦးမှာပဲ”
ကောင်းကင်နယ်စားမင်းက အပြုံးတစ်ခုဖြင့် ပြောသည်။ “မင်းတို့နှစ်ယောက်လုံး ခန္ဓာတစ်ခုတည်း အတူသုံးကြတယ် .... အဲဒါတင်မကသေးဘူး... ဝိညာဉ်လည်း တူတယ်... ဒီတော့ သူ ယိုတုရဲ့ မိစ္ဆာသဘာဝနဲ့ မိစ္ဆာချီတွေကို လှုပ်ရှားနိုင်ရင် မင်းလည်း လုပ်နိုင်မှာပဲ... မင်း အရင်တုန်းက ဘာကြောင့် ကောင်းကင်အလိုတော်မုခ်ဝကို ဖွင့်နိုင်လဲ တွေးကြည့်ခဲ့ဖူးလား”
“ကျွန်တော်က လောကသခင်ခန္ဓာမလို့ပေါ့” ချင်မူက တွေးမနေဘဲ ပြန်ဖြေလိုက်၏။
“လောကသခင်ခန္ဓာ ဟုတ်လား”
ချိဧကရာဇ် ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။ သူ လေးစားသွားသလို၊ စိတ်လည်း ပျက်သွား၏။ ‘နှမြောစရာပဲ သူ့အသိစိတ်အလျဉ်ကို ငါ မယူနိုင်ခဲ့ဘူး... ယူနိုင်ခဲ့လို့ကတော့ သူက ငါနောက်တစ်ယောက် ဖြစ်လာမှာ... လောကသခင်ခန္ဓာနဲ့ဆို ငါ့အတွက် ဦးပြန်မော့ဖို့ မဖြစ်နိုင်တာ မဟုတ်တော့ဘူး...’
ကောင်းကင်နယ်စားမင်းက ရှင်းပြ၏။ “မင်းက လောကသခင်ခန္ဓာ ဖြစ်နေလို့ မဟုတ်ဘူး... နှစ်ယောက်လုံး ခန္ဓာကိုယ်တစ်ခုတည်း၊ ဝိညာဉ်တစ်ခုတည်းကို ဝေမျှထားတာမလို့... ဒါပေမဲ့ မြေအောက်အရှင်သခင်က သူ့ကို သူ့ရဲ့မိစ္ဆာစရိုက်နဲ့ မိစ္ဆာချီနဲ့အတူ ချိတ်ပိတ်ခဲ့တယ်... ဘယ်လိုပဲဖြစ်ဖြစ် အဆုံးသတ်မှာ မင်းကလည်း သူပဲလေ... အသိစိတ်အလျဉ် ကွာတာပဲ ရှိတယ်... ဒါကြောင့် မင်းလည်း သူ့စွမ်းအားကို သုံးနိုင်တယ်”
ချင်မူ အံ့ဩဝမ်းသာသွားသည်။ ထိုမျှကြီးမားသော စွမ်းအင်ပမာဏကိုသာ သူ လှုံ့ဆော်နိုင်လျှင် ချင်ဖုန်းကျင့်နှင့် အစွမ်းအစချင်း မတူသွားဘူးလား။
သို့သော် မည်သို့လှုံ့ဆော်ရမည်နည်း။
“မင်း ဒီစွမ်းအားကို လှုံ့ဆော်ချင်ရင်တော့ မင်းတစ်ယောက်တည်းနဲ့ မဖြစ်နိုင်သေးဘူး”
ကောင်းကင်နယ်စားမင်းက ပြောသည်။ “ချိဧကရာဇ်နဲ့ ငါ့ကို မင်း လိုအပ်လိမ့်မယ်... ချိဧကရာဇ်ရဲ့ အသိစိတ်အလျဉ်က သိပ်သန်မာအားကောင်းတယ်... သူက မူလဝိညာဉ်သုံးမျိုးဖွဲ့တည်နိုင်တဲ့ မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရား အသိစိတ်အလျဉ်ကို ကျင့်ကြံထားတာ... သူ့ဝိညာဉ် ပြိုကွဲသွားရင်တောင်မှ သူ့အသိစိတ်အလျဉ် ကျန်နေသေးတုန်းပဲ... ဒါပေမဲ့ ချင်ဖုန်းကျင့်ရဲ့ မိစ္ဆာစရိုက်က လွန်ကဲလွန်းတော့ သူ ချင်ဖုန်းကျင့်ရဲ့ မိစ္ဆာစရိုက်ကို မတိုက်ဖျက်နိုင်ဘူး.... ဒါကြောင့် ချိဧကရာဇ် သူ့ကို ဖယ်ရှားဖို့ ကြိုးစားတုန်းက သူ့ကိုယ်ထဲကနေ ရိုက်ထုတ်ခံခဲ့ရတာ.... ချိဧကရာဇ်၊ ခင်ဗျားရဲ့ မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို ချင်မူ့ဆီ သင်ပေးလိုက်ပါ”
ချိဧကရာဇ် တွန့်ဆုတ်သွားသော်လည်း ပြောလိုက်သည်။ “သင်ပေးရမှာပေါ့လေ.... ဒါပေမဲ့ ကျုပ်က အသိစိတ်အလျဉ်လေးတစ်ခုပဲ ဆိုတော့ မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို မိတ်ဆွေလေးချင်ဆီ သင်ပေးပြီးရင် မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်နဲ့ ပတ်သက်တဲ့ ကျုပ်ရဲ့ မှတ်ဉာဏ်တွေ ပျောက်သွားလိမ့်မယ် ... မိတ်ဆွေလေးချင်အနေနဲ့ ဒီကျင့်စဉ်ကို ကျုပ်မျိုးနွယ်တွေဆီ ပြန်သင်ပေးလို့ရလား... အဲဒီတုန်းက ကိုယ့်ဘာသာကိုယ် ကျင့်နေခဲ့လို့ ကျုပ်လူတွေကို မပေးခဲ့မိဘူး.. ကျုပ် သေသွားတော့ ဒီကျင့်စဉ်လည်း ပျောက်ကွယ်သွားတယ်”
ချင်မူ အလေးအနက် ပြောလိုက်သည်။ “ချိဧကရာဇ်၊ မပူပါနဲ့... ကျွန်တော် ဒီကျင့်စဉ်ကို သေချာပေါက် လက်ဆင့်ကမ်းပေးလိုက်ပါ့မယ်”
ထိုအခါမှ ချိဧကရာဇ် စိတ်ချလက်ချဖြစ်သွားသည်။ သူက သူ၏အသိစိတ်အလျဉ်ထဲမှ အစိတ်အပိုင်းတစ်ခု ဖဲ့လိုက်ပြီး တခဏကြာသော် အသိစိတ်အလျဉ်သည် သူ၏ခေါင်းထဲမှ စီးမျောထွက်လာကာ ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ဝင်ရောက်သွား၏။
ဤသည်မှာ မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ် ပါရှိသော အသိစိတ်အလျဉ် ဖြစ်သည်။ သူ၏ကျင့်စဉ်သာကမ ကျင့်ကြံစဉ်က ရရှိထားသည့် အရာအားလုံးလည်း ပါဝင်၏။ ဧကရာဇ်ပလ္လင်အတွေ့အကြုံကို လှီး၍ ချင်မူ့အသိစိတ်အလျဉ်ထဲ ထည့်ပေးနေသည်နှင့် ညီမျှလေသည်။
သူ၏ရည်ရွယ်ချက်က ချင်မူ၏ ရုပ်ခန္ဓာကို သိမ်းပိုက်၍ ပြန်လည်မွေးဖွားလာရန် ဖြစ်ခဲ့သော်လည်း ကောင်းကင်နယ်စားမင်း ဘေးတွင် ရှိနေသောကြောင့် လှည့်စားမရပေ။
မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို လက်ခံပြီးနောက် ကျင့်ကြံပုံကျင့်ကြံနည်းနှင့် အတွေ့အကြုံတို့က ချင်မူ့စိတ်ထဲ၌ တမုဟုတ်ချင်း ပေါ်လာပြီး သူ၏အသိအမြင်က ကြောက်ခမန်းလိလိ မြင့်တက်သွားတော့သည်။ ယခုတွင် ဧကရာဇ်ပလ္လင်အဆင့် သိုင်းသမားတစ်ယောက်၏ အမြင်ဖြင့် ဤကျင့်စဉ်ကို မြင်နေရချေပြီ။ သူ့ရင်ထဲရှိ ဝမ်းမြောက်နေမှုအား စကားလုံးများဖြင့် ဖော်ပြ၍ပင်မရပေ။
ကောင်းကင်နယ်စားမင်းက ပြောသည်။ “မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်က မင်းရဲ့ အသိစိတ်အလျဉ်ကို ခိုင်မာစေတယ်... ဒါပေမဲ့ မင်းရဲ့အသိစိတ်အလျဉ်က ချင်ဖုန်းကျင့်နဲ့ မယှဉ်နိုင်သေးဘူး... ဒီနေရာမှာ မင်းဝိညာဉ် ခိုင်မာတောင့်တင်းနေစေဖို့ ငါတို့အကူအညီကို လိုတယ်”
သူက ပြုံးလျက် ဆက်ရှင်းပြ၏။ “ငါက အသိစိတ်အလျဉ်တစ်မျှင်ဆီက ဖွဲ့တည်လာတဲ့ ကိုယ်ပွား ဖြစ်နေလို့ ချင်ဖုန်းကျင့်ကို မယှဉ်နိုင်ပေမယ့် ငါတို့ သူ့ကို လှည့်စားပြီး မင်းရုပ်ခန္ဓာကို ပြန်ယူလို့ရသေးတယ်... မင်း ရုပ်ခန္ဓာကို ပြန်ရလို့ ရွှမ်ခုံးကမ္ဘာကနေ အပြန် ရွှမ်တုဆီ ရောက်လာရင် ငါ အတားအဆီးအစီအရင်တစ်ခု ထပ်ပေါင်းထည့်ပေးမယ်.... အဲဒါနဲ့ဆို ချင်ဖုန်းကျင့် ထပ်ထွက်ပြေးနိုင်မှာ မဟုတ်တော့ဘူး”
ချင်မူက စိတ်လှုပ်ရှား မေးလိုက်သည်။ “ကျွန်တော့်ခန္ဓာကိုယ်ကို ပြန်ရရင် သူ့လို အင်အားကြီးလာမှာလား”
ကောင်းကင်နယ်စားမင်းက ပြုံးလိုက်၏။ “အဲဒါကတော့ ယိုတုစွမ်းအားကို မင်း ထိန်းချုပ်နိုင်မလားအပေါ် မူတည်တယ်.... အရင်ဆုံး မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို ကျင့်လိုက်ပါဦး... အောင်မြင်သွားရင် ငါတို့ လှုပ်ရှားကြမယ်... ချင်ဖုန်းကျင့်ကို ပြန်ဆွဲချပြီး ချုပ်ထားရမယ်... အဲဒီအချိန်ဆိုရင်တော့ ငါတို့ ဒီနေရာကနေ ထွက်သွားနိုင်ပြီ... အဲဒီအချိန်မတိုင်ခင် သူ့ကြောင့် ရွှမ်ခုံးကမ္ဘာ မဖျက်စီးဖို့ပဲ မျှော်လင့်ပါတယ်”
ချင်မူ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တမုဟုတ်ချင်း စတင်ကျင့်ကြံတော့သည်။
ချိဧကရာဇ်က ကောင်းကင်နယ်စားမင်းကို ကြည့်၍ ခပ်တိုးတိုး ပြောလေသည်။ “ခင်ဗျား သူ့ကို လိမ်လိုက်တာပဲ... သူ ယိုတုစွမ်းအားကို လုံးဝမထိန်းချုပ်နိုင်ဘူး... အဲဒီစွမ်းအားကို ရသွားတာနဲ့ ယိုတုရဲ့မိစ္ဆာစရိုက်က သူ့အပေါ် စိုးမိုးသွားပြီး ချင်ဖုန်းကျင့်နောက်တစ်ယောက် ဖြစ်လာလိမ့်မယ်... ပိုလို့တောင် ဆိုးနိုင်သေးတယ်”
ကောင်းကင်နယ်စားမင်း၏ မျက်ဝန်းများ လှုပ်ခတ်သွား၏။ သူက ခေါင်းညိတ်လိုက်သည်။ “ပိုလို့တောင် ဆိုးနိုင်သေးတယ်တဲ့လား... ချင်ဖုန်းကျင့်က ဆိုးတာ မှန်ပေမယ့် ကလေးပဲ ရှိသေးတာမဟုတ်လား.... ခွန်အားနဲ့ပဲ ဖြေရှင်းတတ်ပြီး ကောင်းကင်နတ်သိုင်းပညာရှင်တွေကို ကြက်ငှက်ကလေးလို သတ်တတ်တယ်.... ဒီကောင်လေး ချင်မူကတော့...”
သူ၏မျက်ခုံးဖြူဖြူများနှင့် မုတ်ဆိတ်ဖြူဖြူများက လွင့်မျောနေသည်။ “ရက်စက်တယ်၊ ဉာဏ်များတယ်၊ လည်တယ်... သင်ယူနိုင်စွမ်းနဲ့ အမြန်နှုန်းကလည်း ချင်ဖုန်းကျင့်ကို ရင်ဆိုင်ရတာထက် အဆတစ်ရာ၊ အဆတစ်ထောင်ထိ ယှဉ်ဖို့ ခက်တယ်.... ချင်ဖုန်းကျင့်က ရက်ပဲ ရက်စက်ပေမယ့် ဒီကောင်လေးကတော့ ဉာဏ်များတယ်... ဉာဏ်များတဲ့စရိုက်နဲ့ မိစ္ဆာစရိုက် ဆုံသွားရင် သူ ဉာဏ်များတဲ့ မိစ္ဆာနတ်ဆိုးတစ်ကောင် ဖြစ်လာလိမ့်မယ်... ယိုတုကောင်းကင်နတ်သိုင်းတွေ သုံးရင်တော့....”
သူ တုန်လှုပ်သွားပြီး တိုးညင်းစွာ ရေရွတ်လိုက်၏။ “အဲဒီအချိန်ကျလာရင် ကျုပ် ကောင်းကင်နတ်ဘုံနဲ့ ပူးပေါင်းပြီး သူ့ကို ရှင်းပစ်မယ်... ကံကောင်းလို့ မြေအောက်ဘုံအရှင်သခင်နဲ့ ဗြဟ္မဗုဒ္ဓ ချုပ်နှောင်ပေးထားတာ တော်သေးတယ်... ချင်ဖုန်းကျင့်ကို ပြန်ဆွဲခေါ်နိုင်သရွေ့ သူ မလွတ်ပါဘူး”
ချိဧကရာဇ်က သက်ပြင်းချလိုက် ပြောလိုက်သည်။ “အသက်ကြီးလေ၊ အမြော်အမြင်ရှိလေပါပဲ... မြေအောက်ဘုံအရှင်သခင်နဲ့ ဗုဒ္ဓအိုကြီးက ယိုတုရဲ့ မိစ္ဆာသဘာဝနဲ့ မိစ္ဆာချီကို ချုပ်နှောင်ထားတော့ ချင်ဖုန်းကျင့် အတားအဆီးအစီအရင်ထဲ ပြန်ရောက်လာတာနဲ့ မိစ္ဆာသဘာဝနဲ့ မိစ္ဆာချီလည်း ဖိနှိပ်ခံရလိမ့်မယ်... အဲဒီအချိန်ကျလာရင် ကျုပ်တို့နှစ်ယောက် အခြေအနေကို အခွင့်ကောင်းယူပြီး ထွက်သွားလို့ရပြီ”
ကောင်းကင်နယ်စားမင်း ပြုံးလိုက်၏။ “ရည်ရွယ်ချက်က အဲဒါပဲ... ကျုပ်တို့ ဒီမှာ ပိတ်မိနေရင် အဲဒီမိစ္ဆာနတ်ဆိုး ရိုက်ပုတ်တာ ခံရမှာမဟုတ်လား... ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်သလိုပေါ့... ဒါပေမဲ့ ဒါက ခင်ဗျားအမှားဖြစ်နေတုန်းပဲ... ခင်ဗျားသာ သူ့အသိစိတ်အလျဉ်ကို ပူးကပ်ဖို့ မကြိုးစားခဲ့ရင် အခုလိုတွေ ဖြစ်လာမှာမဟုတ်ဘူး”
ချိဧကရာဇ် သက်ပြင်းချလိုက်၏။ “ကျုပ်လည်း ဒီလိုဖြစ်လာမယ် ဘယ်ထင်ပါ့မလဲ... ဒါ့အပြင် ဦးနှောက်ဆီ သူ့ကို ခေါ်လာတာ ကျုပ် မဟုတ်ဘူး... ဟိုခွေးကောင်၊ ချိမင်နတ်ဘုရားသားတော်... သူက ကျုပ်ကို အသုံးချပြီး သူ့ကို အသိစိတ်အလျဉ်ချောက်ထဲ ကျစေချင်ခဲ့တာလေ...”
...
ချင်မူ မဆုတ်မနစ် ကျင့်ကြံနေစဉ် အပြင်ကမ္ဘာတွင်
ချိမင်နတ်ဘုရားသားတော်မှာ နတ်ဘုရားများစွာ စတေး၍ ချင်ဖုန်းကျင့်ကို ကောင်းကင်ထက်သို့ မျှားခေါ်နိုင်လိုက်၏။ နတ်ဘုရားများက ချိဧကရာဇ်၏ မျက်လုံးများဖြစ်သော နေများနှင့် လများအထဲ၌ ဝင်္ကပါများ ဖွဲ့တည်လိုက်ကြသည်။
ထွမ်
စူးရှသောအလင်းတန်းများ စုစည်းသွားပြီး အားလုံးက မည်းမည်းမြင်ရာ သတ်ဖြတ်နေသော ကလေးကြီးဆီသို့ ချိန်လိုက်ကြသည်။
ကောင်းကင်မှာ တမုဟုတ်ချင်း မှိန်ကျသွား၏။ နေအလင်းတန်းများ၊ လအလင်းတန်းများက ဤအလင်းတန်းထဲတွင် စုဆုံသွားကြသဖြင့် တဖြည်းဖြည်း အရာအားလုံး အမှောင်ဖုံးလာသည်။
ဘုန်း
ကြောက်မက်ဖွယ်ရာလှိုင်းဂယက်များ ဖြာဆင်းလာကာ ကလေးကြီးကို တိုက်ထုတ်လိုက်၏။ ကလေးကြီးမှာ မြေကြီးပေါ် ကျသွားပြီး လိမ့်ထွက်သွားသဖြင့် တောင်များ အဆက်မပြတ် ပြိုကျကုန်သည်။
“နိုင်ပြီ...”
ကောင်းကင်ထက်ရှိ နတ်ဘုရားများမှာ တစ်ယောက်ကိုတစ်ယောက် စိတ်လှုပ်တရှား ကြည့်လိုက်ကြသည်။ ကလေးကြီး ပြုတ်ကျသွားသည့်နေရာဆီသို့ လှမ်းကြည့်ကြသည့်အခါ မြစ်တစ်စင်းဘေး၌ လဲကျနေသော ကလေးကြီးကို မြင်လိုက်ရ၏။ သူ့ခေါင်းက ရေထဲသို့ စိုက်ဝင်နေပြီး တင်ပါးက ထောင်နေသည်။ ကလေးကြီးသည် မလှုပ်တော့ပေ။
“နိုင်ပြီဟေး” ကောင်းကင်ထက်မှ ကြွေးကြော်သံများ ထွက်လာကာ မရေမတွက်နိုင်သော နတ်ဘုရားများ အောင်ပွဲခံနေကြသည်။ သူတို့မှာ တစ်ယောက်ကိုတစ်ယောက် ဖက်ရင်း မျက်ရည်များပင် ဝဲနေကြ၏။
“ပျော်စရာကြီး”
ကလေးကြီးက မြစ်ထဲမှ ခေါင်းဆွဲထုတ်ကာ မြေကြီးပေါ်၌ ထိုင်ချလိုက်သည်။ သူက တခစ်ခစ် ရယ်နေ၏။ “ပျော်စရာကြီး... ထပ်ကစားရအောင်”
နတ်ဘုရားများ ငိုင်ကျသွားသည်။ ကြောက်စိတ်က သူတို့ကို တဖြည်းဖြည်း တိုက်စားလာကာ မျှော်လင့်ချက်တို့ ကုန်ခမ်းလာသည်။ ထိုစဉ် ချိမင်နတ်ဘုရားသားတော်က အလျင်အမြန် အော်လိုက်၏။ “ချိဧကရာဇ်ရဲ့ မျက်လုံးတွေကို အသက်သွင်း ၊ သူ့ကို ပစ်ချ”
နေသုံးစင်းနှင့် လသုံးစင်းမှ အလင်းတန်းများ စုဝေးသွားပြီး ကောင်းကင်မှာ မည်းမှောင်သွားပြန်သည်။
ဝှမ်
ကြယ်ခြောက်လုံးက တုန်ခါကာ ကလေးကြီးဆီသို့ ပစ်ချလိုက်၏။ အခြားတစ်ဖက်တွင် ကလေးကြီးက စိတ်လှုပ်ရှားနေပြီး လက်သီးတင်းတင်းဆုပ်၍ သူ့မျက်လုံးဆီမှ အနက်ရောင်အလင်းတန်းနှစ်တန်း ပစ်လွှတ်လိုက်သည်။ အလင်းတန်းများက နေ၊လ ကောင်းကင်အလင်းတန်းများကို ဝင်တိုက်သွား၏။
တုန်လှုပ်ချောက်ချားဖွယ်ရာ လှိုင်းဂယက်များ ပျံ့နှံ့သွားပြီး ကမ္ဘာမြေတုန်ဟုန်းစေသော ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။ နေတစ်စင်းမှာ အပေါက်ကြီးပေါက်သွားပြီး လတစ်စင်းလည်း ထိုးဖောက်ခံလိုက်ရသည်။ နှစ်လုံးစလုံး မုန့်လက်ကောက်ကွင်းများလို ဖြစ်သွား၏။
“နောက်တစ်ခေါက်” ကလေးကြီးက မျှော်လင့်ချက်အပြည့်ဖြင့် အော်ဟစ်နေသည်။