← Chapters

ဒါက ငါ့ရဲ့ ဖက်တီးနဂါး မဟုတ်ဘူး

Vol. 49 Ch. 661

ဒါက ငါ့ရဲ့ ဖက်တီးနဂါး မဟုတ်ဘူး

Vol. 49 Ch. 661

ချင်မူက ဖော်ရွေပျူငှာသော အမူအရာဖြင့် သူ့ကို ထူပေးရန် ကြိုးစားသည်။ အမှန်တွင် သူ မထူပေးနိုင်ပေ။ မကောင်းတတ်၍ ဟန်လုပ်နေခြင်းဖြစ်သည်။ ချိမင်နတ်ဘုရားသားတော်က အလျင်အမြန် ပြောလိုက်သည်။ “ငါ့ကို မထိနဲ့... ငါ့အရိုးတွေ ကျိုး‌နေတယ်”

ချင်မူ သူ့ကို လွှတ်ပေးလိုက်ပြီး ရိုးသားဖြူစင်စွာ ပြောလိုက်သည်။ “ကျွန်တော်တို့ နားလည်မှုလေး လွဲသွားတာပါ... ကျွန်တော်က နတ်ဘုရားသားတော် ကျွန်တော့်ကို သတ်ချင်တယ်လို့ အထင်မှားတယ်.... နတ်ဘုရားသားတော်ကကျ ကျွန်တော့်မှာ ရွှမ်ခုံးကမ္ဘာအပေါ် အန္တရာယ်ပြုချင်တဲ့စိတ်တွေ ရှိနေတယ် ထင်တယ်... အဲဒါနဲ့ ဒီလိုဖြစ်သွားတာပါ... ကောင်းကင်ဘုံက ကျွန်တော်တို့ကို သက်ညှာပေးခဲ့လို့ အခု နားလည်မှုလွဲတာတွေ အကုန်ပြေလည်သွားပါပြီ... ပျက်စီးဆုံးရှုံးမှုတွေ မဖြစ်ခဲ့တာ ကံကောင်းတယ်”

ချိမင်နတ်ဘုရားသားတော်၏ မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ ‘ပျက်စီးဆုံးရှုံးမှုတွေ မဖြစ်ခဲ့ဘူးတဲ့လား.... မင်း မျက်လုံးကန်းနေလားကွ... ငါ မင်းရှေ့မှာ ဒူးထောက်နေရတာ မမြင်ဘူးလား... သေသွားတဲ့ ချိမင်သူရဲကောင်းတွေကို မမြင်ဘူးလား’

အထွတ်အမြတ်တောင်ထိပ်ပင် ပဲ့နေပြီး အထွတ်အမြတ်ခန်းမလည်း အစအနမကျန် ပျက်စီးသွားခဲ့ပြီမဟုတ်ပါ၏လော။

ချင်မူက စကားပြောရင်း ဟိုကြည့်သည်ကြည့် ကြည့်လိုက်သည်။ ထို့နောက် ဆင်းမလာရဲသော နတ်ဘုရားများနှင့် ချိမင်ဧကရာဇ်ဆီသို့ ပြောလိုက်၏။ “ကျွန်တော် စောစောက ချိဧကရာဇ်နဲ့ တွေ့ခဲ့ရတယ်... သူက ကျွန်တော့်ရဲ့ သူမတူတဲ့ တွေးခေါ်နိုင်စွမ်းကို မြင်သွားပြီး ကျွန်တော့်ပါရမီ၊ အစွမ်းအစတွေကို နှမြောသွားခဲ့တယ်... ဒါကြောင့် ကျွန်တော့်ကို မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ် ပေးအပ်ခဲ့တယ်”

ဤစကားကို ကြားသည့်အခါ ကောင်းကင်ထက်မှ ပူပူညံညံ အသံများ ထွက်လာသည်။ ချိမင်နတ်ဘုရားသားတော်လည်း မှင်သက်သွား၏။

ချိဧကရာဇ်က မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို ဖန်တီးခဲ့သော်လည်း သူ သေဆုံးသွားသည့်အခါ ထိုကျင့်စဉ်လည်း ပျောက်ကွယ်သွားခဲ့သည်။ မင်ဧကရာဇ်ပင် သူ၏ကျင့်စဉ်ကို မကျင့်ကြံခဲ့ရ၍ ကိုယ်ပိုင်ကျင့်စဉ်အသစ် ဖြစ်သော အန္တရဝဖန်ဆင်းကျမ်းစာကို ဖန်တီးခဲ့ရဿည်။

ပန်ကုန်းစုန် ကျင့်ကြံနေသော အန္တရဝသိုင်းနတ်ဘုရားကျင့်စဉ်က အန္တရဝဖန်ဆင်းကျမ်းစာမှ ဖြစ်၏။

မင်ဧကရာဇ်မှာ မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို ပြန်လည်ဖန်တီးရန် ကြိုးစားခဲ့သော်လည်း မရခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ချိမင်ခေတ်၏ ဧကရာဇ်တို့သည် မိမိနှင့် သက်ဆိုင်ရာ နယ်ပယ်တွင်သာ ကျွမ်းကျင်ကြ၏။ ချိဧကရာဇ်က မူလဝိညာဉ်ဖန်ဆင်းပညာတွင် ကျွမ်းကျင်သော်လည်း ရုပ်ခန္ဓာအပိုင်း၌ အသိအမြင်မနှံ့စပ်ပေ။ အခြားတစ်ဖက်တွင် မင်ဧကရာဇ်သည် ရုပ်ခန္ဓာဖန်ဆင်းပညာတွင် ကျွမ်းကျင်သော်လည်း မူလဝိညာဉ်ဖန်ဆင်းပညာကို မတတ်မြောက်ပေ။

ထို့ကြောင့် ချိဧကရာဇ်လက်ထက်တွင် ကောင်းကင်နတ်သိုင်းပညာရှင်များသည် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် မူလဝိညာဉ်များကြောင့် ကျော်ကြားခဲ့ပြီး မင်ဧကရာဇ်လက်ထက်၌မူ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရုပ်ခန္ဓာများကြောင့် ထင်ရှား၏။ တစ်ယောက်က မူလဝိညာဉ်၌ သန်မာအားကောင်းသည့်အပြင် အခြားတစ်ယောက်က ရုပ်ခန္ဓာ၌ သန်မာအားကောင်းသည်။ နှစ်ယောက်လုံးတွင် အားသာချက်ကိုယ်စီ ရှိကြသော်လည်း အားနည်းချက်များလည်း ရှိကြသည်။

ချိဧကရာဇ်၏ မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကိုသာ ရရှိလျှင် ချိမင်ခေတ်၏ ကျင့်စဉ်ကို ‌နောက်တစ်ဆင့်သို့ တွန်းပို့နိုင်လိမ့်မည်ဟု မင်ဧကရာဇ် တစ်ခါ ပြောခဲ့ဖူး၏။ သို့သော် ချိဧကရာဇ်က ပျောက်ချင်းမလှ ပျောက်သွားခဲ့သည်။

ချိမင်နတ်ဘုရားသားတော် အထွတ်အမြတ်ခန်းမသို့ မကြာခဏ သွားရောက်တတ်သည့် အကြောင်းရင်းမှာ ချိဧကရာဇ်နှင့် ဘိုးဘေးများကို ဂါဝရပြုရန်အပြင် ချိဧကရာဇ်၏ ဦးနှောက်ဆီမှ မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကိုလည်း ရရှိချင်၍ ဖြစ်သည်။

သို့သော် အဘယ်သို့ပြု၍ ချိဧကရာဇ်က သူ နှစ်ငါးသောင်းတိုင်တိုင် တောင်းဆိုခဲ့သော ဤကျင့်စဉ်ကို အပြင်လူတစ်ယောက်ဆီ ပေးအပ်ခဲ့သနည်း။

ချိဧကရာဇ်က အမြင်ကျယ်ပြီး သဘောထားကြီးလွန်း၍ မျိုးနွယ်ချင်း ခွဲခြားဆက်ဆံခြင်းမျိုး မရှိခြင်းလော။

“မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်က ချိမင်ခေတ်ရဲ့ ကျင့်စဉ်ဖြစ်တဲ့အတွက် ချိမင်ပြည်သူတွေလက်ထဲ ထည့်ပေးဖို့ ချိဧကရာဇ်က ကျွန်တော့်ကို မှာခဲ့တယ်”

ချင်မူက အပြုံးပန်းများ ဝေဆာနေသောမျက်နှာဖြင့် ရှင်းလင်းပြတ်သားစွာ ပြောနေသည်။ “ရွှမ်ခုံးကမ္ဘာထဲက မျိုးဆက်တွေက အရှက်ရစရာကောင်းတယ်လို့လည်း ကျွန်တော့်ကို ပြောခဲ့သေးတယ်... ခင်ဗျားတို့တွေက အော်ဖို့ပဲ သိတဲ့ သိုးတွေလို တိုက်ခိုက်လိုစိတ် မရှိတော့ဘူးတဲ့... ဒါကြောင့် ချိဧကရာဇ်က ခင်ဗျားတို့ကို ဖိအားပေးဖို့ ကျွန်တော့်ကို မှာခဲ့တယ်... ကျွန်တော် ခင်ဗျားတို့ကို အဲဒီလိုဖိအားပေးနိုင်အောင် နတ်ဘုရားသားတော်အနေနဲ့လည်း မင်ဧကရာဇ်ရဲ့ ကျင့်စဉ်ကို ကျွန်တော့်ဆီ သင်ပေးလိုက်ပါတဲ့.... နတ်ဘုရားသားတော် ကျွန်တော့်ကို အဆင့်တူမှာ အနိုင်ယူနိုင်မှ သူက ခင်ဗျားတို့တွေကို အသိအမှတ်ပြုမယ်တဲ့”

ချင်မမူ၏တတိယမျက်လုံးထဲတွင် ကလေးကြီး၊ ကောင်းကင်နယ်စားမင်းနှင့် ချိဧကရာဇ်တို့အားလုံး ကောင်းကင်ထက်မှ လာနေသော စကားသံများကို ကြားနေရသည်။ ချိဧကရာဇ်မှာ အင့်ခနဲ နည်းပြီး သူ့ကိုယ်သူ အလျင်အမြန် ကာကွယ်ပြောဆို၏။ “ငါ မပြောခဲ့ဘူး... လုံးဝမပြောခဲ့ဘူး... ဒီကျင့်စဉ်ကို ငါ့မျိုးနွယ်ဆီ မဖြစ်ဖြစ်အောင် လက်ဆင့်ကမ်းပေးဖို့ပဲ ပြောခဲ့တာ... သူကလည်း ပေးမယ်ပြောခဲ့တယ်... အခုလို ခြိမ်းခြောက်မယ် မထင်ထားခဲ့ဘူး...”

ဤစကားများက ချင်မူ့စကားမှန်း ချိမင်နတ်ဘုရားသားတော် အသေအချာ သိပါသော်လည်း ချိဧကရာဇ်၏ စကား ဟုတ်မဟုတ် သက်သေပြစရာမရှိပေ။

သူ အရှုံးအမြတ် ချိန်ကြည့်လိုက်သည်။ ချိဧကရာဇ်၏ ကျင့်စဉ်ကို မည်သို့ပင်ဖြစ်စေ ရအောင် ယူရလိမ့်မည်။ သေချာပေါက် အတင်းအကြပ် ယူ၍မရချေရာ ယခုတွင် တစ်ခုတည်းသော နည်းလမ်းမှာ မင်ဧကရာဇ်၏ ကျင့်စဉ်နှင့် လဲလှယ်ရန် ဖြစ်လိမ့်မည်။

ဤဆုံးဖြတ်ချက်က ချင်မူ၏အင်အားကို များစွာမြင့်တက်သွားစေနိုင်သော်လည်း ရွှမ်ခုံးကမ္ဘာ၏ ပြည်သူများအနေဖြင့်  ပြည့်စုံ‌သော ကျင့်စဉ်တစ်ခုကို ရရှိလိမ့်မည်။ သူတို့၏မူလဝိညာဉ်နှင့် ရုပ်ခန္ဓာနှစ်ခုလုံး ပြိုင်တူတိုးတက်လာနိုင်သည်။

ခြုံကြည့်လျှင် အမြတ်က အရှုံးထက် ပိုသည်။

“ကောင်းပြီ” နတ်ဘုရားသားတော်က ပြုံးကာ သဘောတူလိုက်၏။

ဆယ်ရက်ကြာသည့်အခါ လေသင်္ဘောဆယ်စင်းကျော်သည် ရွှမ်ခုံးကမ္ဘာမှ စီတန်းထွက်လာကြ၏။ ရွှမ်ခုံးကမ္ဘာက လူဦးရေတစ်ဝက်ကျော်ကို တစ်ခါတည်း ပြောင်းရွှေ့ခဲ့သောကြောင့် ရွှမ်ခုံးကမ္ဘာ၌ တစ်ဝက်သာ ကျန်ခဲ့သည်။ ဥများကို ခြင်းတစ်ခြင်းတည်း၌ ထည့်မရပေ။ ဤသည်မှာ ချိမင်နတ်ဘုရားသားတော်၏ စကားပင် ဖြစ်၏။

ချင်မူက လင်ယွိရှို့၊ ပထမလူသားဧကရာဇ်နှင့်အတူ သင်္ဘောတစ်စင်း၌ နေသည်။ လေသင်္ဘောတစ်စင်းစီသည် တောင်တန်းများ၊ မြစ်ပြင်များနှင့် မြေပြင်ကျယ်များရှိသော အသေးစားကမ္ဘာငယ်လေးသဖွယ် လူတစ်သိန်းခန့် သယ်ဆောင်နိုင်၏။

လေသင်္ဘောပင် ဆယ်စင်း ကျော်သည်ဖြစ်ချေရာ၊ လူအင်အား တစ်သန်းဝန်းကျင် ရှိသည်။ ကျန်တစ်သန်းခန့်က ရွှမ်ခုံးကမ္ဘာ၌ ကျန်ခဲ့၏။ ရွှမ်ခုံးကမ္ဘာတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကဲ့သို့ လူဦးရေများစွာ မရှိပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လူဦးရေက သန်းပေါင်းများစွာ ရှိသည်။

ချင်မူက လေသင်္ဘောထဲ၌ လျှောက်သွားရင်း အပြင်အဆင်များ၊ ဖွဲ့စည်းပုံများကို လေ့လာနေသည်။ တောင်တန်းများ၏ အမြင့်၊ မြစ်ထဲ၌ စီးဆင်းနေသော ရေ၏ အလျဉ်၊ လူလုပ်နေ မှ ဖြာကျနေသော ကောင်းကင်အလင်းတန်း အရေအတွက်တို့ကို တွက်ချက်နေ၏။ ထို့နောက် သူက စုတ်တံတစ်လက်နှင့် စာရွက်တစ်ရွက် ထုတ်၍ မြေပုံ‌ဆွဲကာ တွက်ချက်ပြန်သည်။

သင်္ဘော၏တည်ဆောက်ပုံသည်  အလွန်သေသပ်တိကျပြီး လူသောင်းနှင့်ချီ အန္တရာယ်ကင်းအောင် ကာကွယ်ပေးနိုင်၏။ ချိမင်ခေတ်၏ ပန်းပဲဆရာများကား သင်္ချာစွမ်းရည် အတိုင်းထက်အလွန် မြင့်မားခဲ့မည့်ပုံပေါ်သည်။

“အဲဒီခေတ်မှာလည်း တာအိုဂိုဏ်း ရှိခဲ့တာများလား” ချင်မူ မှင်သက်သွားမိသည်။

သူက သင်္ဘော၏ထောင့်တိုင်း၊ နေရာတိုင်းကို တိုင်းတာ၍ ပုံကြမ်းရေးဆွဲလိုက်သည်။ သူ ပြန်လာသည့်အခါ ပထမလူသားဧကရာဇ်ကို ပြုစုပေးနေသော လင်ယွိရှို့အား တွေ့ရ၏။ သူတို့ဘေးတွင် မျက်လုံးမိစ္ဆာနှစ်ကောင်က လက်ဖက်ရည်ငှဲ့ကာ ဆေးရည်ကျိုနေကြသည်။

ပထမလူသားဧကရာဇ်က နေပူဆာလှုံရင်း ချင်မူ သင်ပြပေးခဲ့သည့် အန္တရဝဖန်ဆင်းကျမ်းစာကို ကျင့်ကြံကာ ကျိုးနေသောအရိုးများ ပြန်ထွက်လာအောင် ကြိုးစားနေ၏။ ချင်မူ့ကို မြင်လျှင် သူ့မျက်နှာမည်းမှောင်သွားသည်။

ချင်မူက အပြုံးတစ်ခုဖြင့် အလျင်အမြန် တောင်းပန်သည်။ “ပထမဘိုးဘေးကြီး၊ ခင်ဗျားကို ရိုက်ခဲ့တာ ကျွန်တော် မဟုတ်ဘူးနော်... ကျွန်တော့်အစ်ကိုကြီး ရိုက်ခဲ့တာ... ကျွန်တော် ရှင်းပြပြီးတာလည်း အကြိမ်ပေါင်းမနည်းတော့ပါဘူး... ကျွန်တော် ဘိုးဘေးကြီးကို အငြှိုးမထားပါဘူး... တမင်တကာ ရိုက်နှက်ခဲ့တာလည်း မဟုတ်ဘူး”

ပထမလူသားဧကရာဇ်က နှာခေါင်းရှုံ့၍ တစ်ဖက်သို့ ခေါင်းလှည့်ကာ သူ့ကို မကြည့်ပေ။

ချင်မူ မတတ်နိုင်တော့ပေ။ သူက သူ့ရုပ်ခန္ဓာပေါ်ရှိ ဒဏ်ရာဒဏ်ချက်များကို စစ်ဆေးကြည့်ပြီး ကျိုးနေသည့် အရိုးစများကို အပြင်ထွက်သွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ အရိုးအသစ်များ ပြန်ထွက်လာနေသော်လည်း သိပ်မမြန်ပေ။

သူ ဝမ်းသာသွား၏။ “ဘိုးဘိုးရွာလူကြီး နောက်ဆုံးတော့ ခြေလက်တွေ ပြန်ပေါက်လာနိုင်ပြီ”

ပထမလူသားဧကရာဇ် ဒေါကန်သွားသည်။ “မင်းက ငါ့ကို စမ်းသပ်ဖို့လေးအတွက် အရိုးချိုးခဲ့တာပေါ့လေ... မင်းရဲ့ ဘိုးဘိုးရွာလူကြီးကို ကုပေးဖို့ပေါ့လေ... မင့်မျိုးရိုးက ချင်ဆိုတာလည်း မမေ့နဲ့ဦး... မင်းရဲ့ အဲဒီဘိုးဘိုးက စုမျိုးရိုးကွ.... ငါတို့ကမှ တစ်မိသားစုတည်းလေ... မင်းက မင်းရဲ့အမျိုးထက် အပြင်လူကို ပိုခင်တွယ် —“

“ကျွန်တော် မဟုတ်ပါဘူး... ကျွန်တော့်အစ်ကိုကြီးပါဆို” ချင်မူ ကပျာကယာ ပြောလိုက်သည်။

ပထမလူသားဧကရာဇ်က မေး၏။ “သန်းခေါင်စာရင်းမှာ မင်းနာမည်က ချင်ဖုန်းကျင့်မဟုတ်လား”

ချင်မူ ခေါင်းညိတ်လိုက်သည်။

ပထမလူသားဧကရာဇ်က ဆက်မေးသည်။ “မင်းအစ်ကိုကြီးကရော... သူလည်း ချင်ဖုန်းကျင့်လို့ ခေါ်တာပဲလား”

ချင်မူ တွန့်ဆုတ်သွား၏။ ပထမလူသားဧကရာဇ်က သူ့အမူအရာကို မြင်လျှင် ခါးသီးစွာ ပြောလိုက်သည်။ “ဒါတောင် မင်းမဟုတ်ပါဘူးလို့ ပြောနေတုန်းပေါ့... မင်းမဟုတ်လို့ ဘယ်သူဖြစ်မလဲ”

ချင်မူက ဆေးညွှန်းရေးရင်း အားမရှိသောအသံဖြင့် ပြောလိုက်သည်။ “ကြိုက်သလိုသာ ပြောပါတော့ဗျာ”

“မင်းသမီးရှို့၊ ကြားတယ်မလား... သူ ဝန်ခံလိုက်ပြီ၊ သူ ဝန်ခံလိုက်ပြီ”

ပထမလူသားဧကရာဇ်မှာ ညှိုးငယ်စွာဖြင့် လင်ယွိရှို့အား ညည်းပြတော့သည်။ “မင်းသမီးလေးရေ... သူက ငါ့ရဲ့တစ်ယောက်တည်းသော အမျိုးပဲ... ဒါပေမဲ့ ငါ့အရိုးတွေကို ချိုးပြီး သူ့ရဲ့ သွေးမတော်သားမစပ် ဘိုးဘိုးအတွက် စမ်းသပ်နေတယ်တဲ့လေ....”

ချင်မူ သူ့ကို ဘေးမဲ့ပေးထားပြီး ဆေးဖော်နေသည်။ ဆေးတိုက်ပြီးနောက် ပထမလူသားဧကရာဇ်အား အန္တရဝဖန်ဆင်းကျမ်းစာကို ကျင့်ကြံခိုင်း၏။ နှစ်မျိုးပေါင်းလိုက်လျှင် သူ၏ဒဏ်ရာများ လျင်မြန်စွာ သက်သာလိမ့်မည်။

ပထမလူသားဧကရာဇ်က ဆေးသောက်ပြီးသည့်အခါ လန်းဆန်းလာသော်လည်း လင်ယွိရှို့အား ညည်းညူပြနေသေးသည်။ ထိုစဉ် လူတစ်ယောက် ထအော်သည်။ “ရွှမ်တုဆီ ရောက်လာပြီ”

“ရွှမ်တု ဟုတ်လား”

ချင်မူ ကပျာကယာ မော့ကြည့်လိုက်ပြီး အလင်းတန်းများ ဖြာထွက်နေသည်ကို မြင်လိုက်ရသည်။ ရွှမ်တုတွင် အလင်းရောင်သာ တောက်ပနေသည်။ အရိပ်မရှိပေ။

‘ရွှမ်တုက ကောင်းကင်နယ်စားမင်းရဲ့ ပိုင်နက်ပဲ... ကောင်းကင်နယ်စားမင်းရဲ့ ကိုယ်ပွားက ငါ့အစ်ကိုကြီး ထွက်မလာနိုင်အောင် အတားအဆီးအစီအရင်တစ်ခု ထပ်ထည့်ပေးမယ် ပြောခဲ့ဖူးတယ်... ကောင်းကင်နယ်စားမင်းရဲ့ မူလကိုယ်က ဒီအကြောင်း သိလား မသိဘူး”

လေသင်္ဘောကြီးများသည် ရွှမ်တု၏အလင်းရောင်ထဲ ဝင်ရောက်သွားသည်နှင့် တစ်စုတစ်ဝေးတည်း မသွားတော့ဘဲ လမ်းကြောင်းခွဲသွားကြ၏။ ဤနည်းဖြင့် ကောင်းကင်နတ်ဘုံ လိုက်မဖမ်းအောင် ရှောင်တိမ်းနိုင်မည်။

မဟာနေဧကရာဇ်၏ ဒဏ်ရာများ မည်မျှပြင်းထန်မှန်း သူတို့မသိသော်လည်း အလစ်ဝင်တိုက်ခိုက်နိုင်သည့် အခြေအနေကို ကြိုတွေး၍ သတိကပ်ထားရန် လိုအပ်သည်။ သူသာ တိုက်ခိုက်လျှင် ရွှမ်ခုံးကမ္ဘာသားတို့အတွက် အဆုံးအရှုံးများလိမ့်မည်။ ထို့ကြောင့် သူတို့အားလုံး စိတ်ပူနေကြ၏။

တခဏကြာသော် လေသင်္ဘောများ လမ်းကြောင်းကိုယ်စီဖြင့် ထွက်သွားကြပြီး အလင်းရောင်ထဲ၌ ပျောက်ကွယ်သွားသည်။ ချင်မူတို့၏ သင်္ဘောသည်လည်း တိတ်ဆိတ်စွာ လွင့်မျောနေပြီး ဆယ်ရယ်ကြာသည့်အခါ ကောင်းကင်နယ်စားမင်း၏မျက်လုံးများကို နောက်တစ်ကြိမ် မြင်တွေ့ရလေသည်။

ရက်အနည်းငယ်ကြာလျှင် ကောင်းကင်နယ်စားမင်း၏ မျက်လုံးများကို မမြင်ရတော့ပေ။ လက်ဖြင့် ထိတွေ့ကြည့်နိုင်သည့်အလား သိပ်သည်းနေသော အလင်းတန်းများကိုသာ မြင်ရတော့သည်။

ချင်မူမှာ ကောင်းကင်နယ်စားမင်း အတားအဆီးအစီအရင် စီရင်ပေးမည်ကို စောင့်နေခဲ့သော်လည်း ရွှမ်တုထဲ၌ တစ်လနီးပါး ရွက်လွှင့်ပြီးနောက်တွင်ပင် ထူးထူးခြားခြား မပြောင်းလဲသွားပေ။ နောက်ဆုံးတော့ သင်္ဘောသည် ရွှမ်တုထဲမှ ထွက်လာပြီး မှောင်မည်းနေသော ကြယ်တာရာကောင်းကင်ကို ဖြတ်ကာ လော့ဖူကောင်းကင်ဘုံသို့ ခရီးဆက်၏။

‘ထူးဆန်းတယ်... ကောင်းကင်နယ်စားမင်းက ဘာလို့ အတားအဆီးအစီအရင် ထည့်ပေးပြီး သူ့ကိုယ်ပွားကို ပြန်မယူခဲ့တာလဲ”

ချင်မူ တွေးရင်း ဇဝေဇဝါ ဖြစ်နေမိသည်။ သူက ပထမလူသားဧကရာဇ်၏ ဒဏ်ရာများကို စစ်ဆေးကြည့်နေ၏။ ပထမလူသားဧကရာဇ်၏ ကိုယ်ထဲရှိ အရိုးစအကုန် ထွက်သွား၍ အရိုးအသစ်များ ထွက်လာခဲ့ပြီဖြစ်သည်။ သို့သော် အရိုးအသစ်များမှာ အနည်းငယ် ပျော့နေပြီး သူ့ခန္ဓာကိုယ်၏ အလေးချိန်ကို မခံနိုင်ပေ။

သူက နတ်ဘုရားစီရင်ရာစင်မြင့်အဆင့် နတ်ဘုရားတစ်ပါးမဟုတ်ပါ၏လော။ သူ့အလေးချိန်က ကြီးမားလွန်းသဖြင့် သာမန်နတ်ဘုရား၏အရိုးများပင် သူ့အလေးချိန်ကို တောင့်မခံနိုင်ပေ။

ချင်မူ မျက်လုံးမိစ္ဆာနှစ်ကောင်ကို ပထမလူသားဧကရာဇ်၏ ကောင်းကင်နတ်ဘုံကို ဆေးထပ်ပို့ခိုင်းလိုက်သည်။ သူတို့၏စွမ်းအားကို ငှား၍ ကောင်းကင်နတ်ဘုံနှင့် မူလဝိညာဉ်၏အခြေအနေကိုလည်း စစ်‌ဆေးလိုက်၏။ “သိပ်ကြီးကြီးမားမား ပြဿနာတော့ မရှိတော့ဘူး... အချိန်တစ်ခုအထိ ကျင့်ကြံလိုက်ရင် အရိုးအသစ်တွေ မူလအရိုးတွေလို ခိုင်မာလာပါလိမ့်မယ်... ပြီးတော့ ခင်ဗျားက အန္တရဝဖန်ဆင်းကျမ်းစာကို ကျင့်ထားပြီဆိုတော့ ရုပ်ခန္ဓာက အရင်ထက် အများကြီး သန်မာလာလိမ့်မယ်”

ပထမလူသားဧကရာဇ်က ခက်ခက်ခဲခဲ ထ၍ ကောက်ကာငင်ကာ မေးသည်။ “မူအာ၊ မင်းရဲ့ မျက်ခုံးနှစ်ဖက်ကြားက ဘာဖြစ်သွားတာလဲ”

ချင်မူ ဇဝေဇဝါ မေးလိုက်မိ၏။ “ဘာဖြစ်နေလို့လဲ”

“မင်းရဲ့ မျက်ခုံးနှစ်ဖက်ကြားက ရွှေရောင်မိုးမခသစ်ရွက် ပြောင်းလဲသွားပြီ”

ချင်မူ ကပျာကယာ မှန်ထုတ်၍ ကြည့်လိုက်သည်။ ရွှေရောင်မိုးမခသစ်ရွက်၏ အရောင်မှာ ပြောင်းနေချေသည်။ ရွှေအသည် ဤမိုးမခသစ်ရွက်ကို ဦးစွာသွန်းလုပ်ခဲ့ပြီး ဒုက္ခိတဘိုးဘွားကျေးရွာ၏ အဘိုးအဘွားများအားလုံး အတူတူ အတားအဆီးအစီအရင်တစ်ခု ထည့်သွင်းပေးခဲ့ခြင်းဖြစ်၏။ ဗြဟ္မဗုဒ္ဓကလည်း မြေအောက်ဘုံအရှင်သခင်၏ ကျောက်စိမ်းလည်ဆွဲ အတားအဆီးအစီအရင်နှင့် လိုက်ဖက်ညီသော သူ၏ကိုယ်ပိုင်အတားအဆီးအစီအရင်ကို ထည့်သွင်းပေးပြီးနောက် ဤမိုးမခသစ်ရွက်ကို ပြန်ပေးခဲ့သည်။

ဤအချိန်တွင် မိုးမခသစ်ရွက်က ရွှေရောင်မဟုတ်တော့ပေ။ ရောင်စုံအလင်းတန်းများဖြင့် ဖွဲ့တည်ထားသကဲ့သို့ အရောင်မျိုးစုံ ပြောင်းလဲနေ၏။ အလွန်ဆန်းကြယ်လှပေသည်။

ချင်မူ အံ့အားသင့်သွားသည်။ သူ ဆက်လက်လေ့လာရန် မိုးမခသစ်ရွက်ကို ခွာတော့မည့်အချိန် ပထမလူသားဧကရာဇ်က အထိတ်တလန့် ပြောသည်။ “မခွာနဲ့... မင်း ဂြိုဟ်မွှေချင်သေးလို့လား... မင်းအစ်ကိုကြီး ထွက်လာရင် ဘယ့်နှယ်လုပ်မတုံး... ဒီသင်္ဘောက မင်း ဒုက္ခပေးတာကို မခံနိုင်ဘူး... မစပ်စုပါနဲ့ ဟုတ်ပြီလား”

ချင်မူ့ရုပ်က ပြုံးစစ ဖြစ်နေသည်။ “ပထမဘိုးဘေးကြီး၊ ကျွန်တော့်မှာ အစ်ကိုကြီးရှိတာ မယုံဘူးလို့ ပြောခဲ့သလားလို့”

ပထမလူသားဧကရာဇ်၏ မျက်နှာ အနည်းငယ် နီမြန်းသွားသည်။

‘ကောင်းကင်နယ်စားမင်း တိတ်တိတ်လေး အစီအရင်တစ်ခု ထည့်ပေးလိုက်တာများလား... ဘယ်တုန်းက အဲဒီလို လုပ်လိုက်တာပါလိမ့်... ငါ ဘာလို့ ဘာမှမခံစားခဲ့ရတာလဲ”

ချင်မူမှာ မိုးမခသစ်ရွက်ကို ခွာကြည့်ချင်သော်လည်း သူ့အစ်ကိုကြီး ထွက်လာမှာကိုလည်း ကြောက်၏။ ထို့ကြောင့် သိချင်စိတ်ကို မြိုသိပ်ထားရလေသည်။

လအနည်းငယ်ကြာသော် ပထမလူသားဧကရာဇ် အကောင်းအတိုင်း ပြန်ဖြစ်လာသည်။ သိုင်းစွမ်းအားလည်း မူလအခြေအနေသို့ ပြန်ရောက်သွား၏။ ထို့အပြင် သူတို့ လော့ဖူကောင်းကင်ဘုံသို့ ရောက်လာကြချေပြီ။ ချင်မူ နားမလည်သည်မှာ ဤတစ်ခေါက်တွင် နောက်မှလိုက်လာကြသူ မရှိခြင်းပင်။ ကောင်းကင်နတ်ဘုံ၏ အရိပ်အယောင်ကိုပင် မမြင်ခဲ့ရပေ။

“ကောင်းကင်နတ်ဘုံက အကုန်လုံးကို တစ်ပြိုင်တည်း ဖမ်းနိုင်မယ့် အခွင့်အရေးကို စောင့်နေတာ”

ပထမလူသားဧကရာဇ်က လေးနက်သောအသံဖြင့် ပြောသည်။ “ချိမင်နိုင်ငံတော်နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ နှစ်ခုလုံးကို သူတို့ ဖျက်စီးပစ်လိမ့်မယ်”

ချင်မူ့ရင်ထဲ၌ ကြောက်စိတ်တို့ ပေါက်ဖွားလာသည်။

လော့ဖူကောင်းကင်ဘုံသို့ ရောက်သည်နှင့် နတ်ဘုရားချိရှိက သင်္ဘောကို ဆန်းကြယ်ကြယ်ဆီသို့ စေစားလိုက်သည်။ “ပါမောက္ခချုပ်ချင်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ အရင်ပြန်နှင့်ပါ... ငါ ကျန်တဲ့မျိုးနွယ်တွေကို စောင့်လိုက်ဦးမယ်... သူတို့ လပိုင်းလောက်နေရင် ရောက်လာပါလိမ့်မယ်”

ချင်မူ ခေါင်းညိတ်၍ ပထမလူသားဧကရာဇ်နှင့် လင်ယွိရှို့နှင့်အတူ ဆန်းကြယ်ကြယ်ဆီမှ ထွက်လာကြကာ လော့ဖူကောင်းကင်ဘုံသို့ ဆင်းသက်လိုက်ကြသည်။ ချင်မူ ခေါင်းမော့ကြည့်လိုက်သည့်အခါ ကြယ်လမ်းကြောင်း တဖြည်းဖြည်း ပြောင်းလဲနေသည်ကို မြင်လိုက်ရသည်။ ချိရှီနှင့် နတ်ဘုရားများ ဝင်္ကပါစွမ်းရည်ဖြင့် ကြယ်ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီသို့ ပြောင်းရွှေ့နေကြောင်း ထင်ရှား၏။

သူတို့ အောင်မြင်သွားလျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်ထက်တွင် ကြယ်အစစ်တစ်လုံး ရှိလာလိမ့်မည်။

“ဒီတစ်ခေါက် ဝာာဝန်ပြီးဆုံးသွားပြီ.... တန်ခိုးရှင်သစ်ခုတ်သမားကို အရင်ဆုံး သွားတွေ့ကြရအောင်”

သူတို့ တန်ခိုးရှင်သစ်ခုတ်သမား ရှိသင့်သော ယဇ်ပလ္လင်ဆီသို့ သွားရောက်ကြသော်လည်း သူ့ကို မတွေ့ရပေ။ ထို့ကြောင့် ချင်မူတို့အားလုံး ထိုက်ဧကရာဇ်ကောင်းကင်ဘုံသို့သာ ပြန်သွားလိုက်ရသည်။ လီမြို့သို့  ပြန်ရောက်သည့်အချိန်မှ ချင်မူမှာ စိတ်ဒုန်းဒုန်းချနိုင်၏။ သူက ပြုံးလျက် ပြောလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ပြန်ရောက်ရင် ဧကရာဇ်ဆီ သတင်းကောင်း လျှောက်တင်လို့ရပြီ... ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်နှစ်ခုကိုလည်း ဖြန့်ဝေပေးနိုင်ပြီ.... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေတော့ အကြီးအကျယ် တိုးတက်လာကြတော့မယ်.... ပထမဘိုး‌ဘေးကြီး၊ ယွိရှို့.... ကျွန်တော့်မှာ သိကြားဗုဒ္ဓရဲ့ ကျမ်းစာ ရှိနေသေးတယ်... ဘိုးဘိုးမာဆီ ပေးဖို့ အရင်ဆုံး ဘုန်းကြီးကျောင်းဆီ သွားကြတာပေါ့”

လီမြို့ထဲတွင် ချင်မူတို့ အဘိုးကြီးမာ၏ ဘုန်းကြီးကျောင်းထဲ ဝင်သွားကြပြီး ဧည့်ကြိုရဟန်းက သူတို့ကို ပြုံးပြုံးရွှင်ရွှင် ဖိတ်ခေါ်သည်။ “ဒကာတို့၊ ဒကာဆေးဆရာနဲ့ ကျန်တဲ့သူတွေလည်း ရောက်နေကြပါတယ်... တထာဂတဘုရားရှင်နဲ့ အားလုံး စကားပြောနေကြတယ်”

ချင်မူ အံ့ဩဝမ်းသာသွားသည်။ “ရွာလူကြီးနဲ့ ကျန်တဲ့လူတွေလည်း ဒီရောက်နေတာလား”

ဤအခိုက်အတန့်တွင် ဆေးဆရာက ဆေးအိုးကြီးတစ်အိုး သယ်၍ ထွက်လာသည်။ သူက အော်လိုက်၏။ “ဖက်တီးကြီး၊ ထွက်လာပြီး စားတော့”

ချင်မူ ပြုံးလိုက်သည်။ “ဖက်တီးကြီးတဲ့လား... ဖက်တီးနဂါးပဲ ဖြစ်မယ်... ဖက်တီးနဂါးနဲ့ မတွေ့ရတာတောင် ကြာပြီ... သူ အဆီတွေ ကျသွားပြီလားမသိဘူး”

သူ ဤသို့ပြောနေစဉ် အဝေးမှ ဧရာမအသားလုံးကြီး လိမ့်လာသည်ကို မြင်လိုက်ရသည်။ ထိုအသားလုံးကြီး၏ ခြေထောက်များမှာ မြေပြင်ကို မနည်းထိရင်း တရွေ့ရွေ့ လာနေ၏။ နဂါးအမြီးကြီးမှာလည်း လုံးတစ်နေသည်။ သို့သော် ဝတုတ်ပြဲနေသော ကိုယ်လုံးကြီးနှင့် ယှဉ်လျှင် သေးငယ်နေပြီး သူ၏တင်ပါးနောက်၌ လှုပ်ယမ်း‌နေ၏။

လည်ပင်းလည်း မရှိ‌တော့ပေ။ ခေါင်းကပင် အကြေးခွံများ၊ အမွှေးများ ဖုံးနေသော ဧရာမဖက်ထုပ်ကြီးတစ်ထုပ်လို ဖြစ်နေသည်။ နဂါးချိုများကိုလည်း မြင်သည်ဆိုရုံလေးသာ မြင်ရတော့၏။

အသားလုံးကြီးက ဝမ်းသာအားရ ပြောသည်။ “ဒါက နေ့လည်စာလား.... ဘိုးဘိုးဆေးဆရာ၊ အစာပမာဏက ပြည့်ရဲ့လား... ကျွန်တော့်ကို မနက်စာအပြည့် မကျွေးခဲ့ဘူးနော်”

ဆေးဆရာက အလိုမကျစွာ ပြောသည်။ “မင်းဘာသာမင်း ကြည့်” ထိုသို့ပြောပြီးနောက် သူက လှည့်ထွက်သွားသည်။

အသားလုံးကြီးသည် အင်မတန် ကြိုးစားအားထုတ်၍ အိုးဘေးသို့ ရောက်လာ၏။ ဆေးလုံးများကို ရေချင်သော်လည်း ခြေထောက်များ မခိုင်တော့သဖြင့် အိုးထဲ ဦးစိုက်ကျွမ်းပြန် ကျသွားတော့သည်။

အိုးထဲမှ ခပ်အုပ်အုပ်အသံတစ်သံ ထွက်လာသည်။ “ကြည့်ရတာ ရေလို့မရတော့ဘူးပဲ... ဗိုက်လည်း ဆာနေပြီ.. အရင်ဆုံး စားတာပေါ့...”

ဂလုဂလုမြည်သံများ အိုးထဲမှ ကြားလိုက်ရ၏။

ချင်မူ ကျောက်ရုပ်သဖွယ် ဖြစ်နေသည်။ အတန်ကြာမှ သူ အသိစိတ်ပြန်ဝင်သွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ “မဟုတ်ဘူး... ဒါ ငါ့ရဲ့ နဂါးချီလင်မဟုတ်ဘူး... လုံးဝမဟုတ်နိုင်ဘူး... ဘိုးဘိုးဆေးဆရာ၊ ကျွန်တော့်နဂါးချီလင်ကို မြင်မိသေးလား”

All Chapters