← Chapters

ချင်မူ ကျင့်စဉ်သင်ကြားပို့ချပေးနေခြင်း

Vol. 49 Ch. 662

ချင်မူ ကျင့်စဉ်သင်ကြားပို့ချပေးနေခြင်း

Vol. 49 Ch. 662

“မူအာ ပြန်လာပြီလား”

ဆေးဆရာက လှည့်လာပြီး ချင်မူ့ကို မြင်လျှင် ပြုံးပျော်သွားတော့သည်။ “ငါ မင်းရဲ့ ဒီနဂါးချီလင်ကို ကောင်းကောင်းမွန်မွန် ကျွေးမွေးထားတယ်... သူ အခုဆို အများကြီး သန်မာလာပြီ”

ချင်မူ ထုံထိုင်းသွား၏။ “သန်မာလာပြီတဲ့လား...”

အသားလုံးကြီးက အိုးထဲမှ ခေါင်းထွက်လာသည်။ ချင်မူ့ကို မြင်လျှင် အကြီးအကျယ် ဝမ်းသာသွားပြီး ပုတိုတိုခြေထောက်များဖြင့် ကပျာကယာ ပြေးလာသော်လည်း ခြေထောက်များက မြေပြင်ကို သေသေချာချာ မထိနိုင်သောကြောင့် ဟပ်ထိုးလဲကျပြီး လိမ့်သွား၏။ သူက အော်ဟစ်ရင်း ချင်မူ့ဆီသို့ လှိမ့်လာသည်။ “ဂိုဏ်းသခင်၊ ကျွန်တော် အဆင်ပြေတယ်... နှစ်ပတ်လောက် လှိမ့်ပြီးရင် ပြန်ထလို့ရတယ်”

ချင်မူက သူ့ကို အလျင်အမြန် ရှောင်၍ ခါးသီးစွာ ပြောလိုက်သည်။ “ဘိုးဘိုးဆေးဆရာ၊ ဒါကြီးက သန်မာတာ ဟုတ်မလားဗျာ... လင်းအာ ဘယ်မှာလဲ... လင်းအာရေ လင်းအာ နင် ဘာလို့ ဖက်တီးနဂါးကို ဒီလောက်အများကြီး စားပြီး ဒီလောက် ဝအောင် လွှတ်ထားတာလဲ”

ဆေးဆရာ ပြောလိုက်သည်။ “လင်းအာ ဒီမှာ မရှိဘူး... မြေခွေးနတ်မင်းနဲ့ အတူ ကျင့်ကြံဖို့ ထွက်သွားတယ်... ဖက်တီးနဂါးက တစ်နေ့သုံးနပ် စားရမှာမဟုတ်ဘူးလား.. တစ်နပ်ကို စွမ်းအင်ဆေးလုံးတစ်အိုးလေ”

ချင်မူ မှင်သက်သွားသည်။

နဂါးချီလင်က လိမ့်မနေတော့ပေ။ သူ၏ခြေလက်လေးချောင်းလုံး မိုးပေါ် ထောင်နေ၏။ သူက ယက်ကန်ယက်ကန် လှုပ်နေ‌သော်လည်း ပြန်လှန်မရပေ။ သူ၏လုံးလုံးတစ်တစ် အမြီးကြီးက သူ့ကိုယ်လုံးကြီးကို တွန်းတင်ပေးနေသည့်တိုင် မထနိုင်သေးပေ။

နဂါးချီလင် အသက်ရှူသံများ မြန်လာသည်။ “ဂိုဏ်းသခင် ကူပါဦး... ဂိုဏ်းသခင် ဂိုဏ်းသခင် ထွက်မသွားပါနဲ့ ... ဘယ်သူ ကျွန်တော့်ကို လှန်ပေးတော့မှာလဲ”

ပထမလူသားဧကရာဇ်မှာ မကြည့်ရက်တော့၍ သူ့ကို တွန်းပေးသည်။ နဂါးချီလင် လန်သွားပြီး လေးဖက်ထောက်လိုက်၏။ သူက ပထမလူသားဧကရာဇ်ကို မြင်လျှင် အလျင်အမြန်‌ ကျေးဇူးတင်သည်။ “ကျွန်တော့်ကို ကူညီပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် ဆရာကြီး ... နေ့လည်စာ စားလို့မပြီးသေးဘူး” ဤသို့ပြောပြီးနောက် သူက အိုးကြီးဆီသို့ ပုတိုတိုခြေထောက်များဖြင့် လျှောက်သွားပြန်သည်။

ပထမလူသားဧကရာဇ် မနေနိုင်တော့ဘဲ ဆူမိတော့သည်။ “စားနေတုန်းလား... မင့်သခင် ဒေါသထွက်နေတယ်... သူ မင်းကို မကြာခင် နဂါးကင် လုပ်ပစ်လိမ့်မယ်”

နဂါးချီလင် အလန့်တကြား ထခုန်ပြီး ကပျာကယာ ရပ်လိုက်သည်။ သူက အတန်ငယ် တွေးပြီးနောက် ပြန်စားပြီး ပလုပ်ပလောင်းဖြင့် ပြန်ဖြေ၏။ “ဗိုက်ဝဝစားပြီး သေရတာ ကောင်းပါတယ်...”

“မင်းတော့ ကယ်မရတော့ဘူး” ပထမလူသားဧကရာဇ်က ခေါင်းတယမ်းယမ်းဖြင့် ချင်မူ့နောက် လိုက်သွားသည်။

ဘုန်းကြီးကျောင်းထဲ၌ ရွာလူကြီးသည် အဘိုးကြီးမာနှင့် စကားပြောနေ၏။ ချင်မူ့အသံကို ကြားလျှင် သူ အလျင်အမြန် ပျံတက်ပြီး နောက်လှည့်လိုက်သည့်အခါ ချင်မူ့ကို မြင်လိုက်ရသည်။ ကျန်ရွာသားများလည်း အခန်းများထဲ ထွက်လာပြီး ချင်မူ့ကို မြင်လျှင် ဆူဆူညံညံ ဖြစ်လာကြသည်။

ချင်မူမှာ ရွာလူကြီးကို အသက်ရှင်လျက် မြင်သည်နှင့် မျက်ရည်များကျလာ၏။ ရွာလူကြီးက ပြုံးလျက် ပြောသည်။ “ကလေးကြီး လုပ်မနေနဲ့တော့... မင်းက လူသားဧကရာဇ်၊ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်၊ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ဖြစ်နေပြီလေ ... ဘာလို့ အငိုလွယ်နေတာတုန်း... ငါ အသက်ရှင်နေပါပြီ ဟုတ်ပြီလား”

ထိုသို့ပြောနေသည့်တိုင် သူ့မျက်လုံးများလည်း နီရဲနေသည်။ ဤအချိန်တွင် ပထမလူသားဧကရာဇ်ကို မြင်လိုက်ရ၍ အလျင်အမြန် ကြမ်းပြင်ပေါ် ဆင်းလိုက်၏။ “တပည့် စုမူကျဲ ပထမဘိုးဘေးကြီး လူသားဧကရာဇ်ကို ဂါဝရပြုပါတယ်”

ပထမလူသားဧကရာဇ်က သူ့ကို မ၍ ထမ်းစင်အပေါ် တင်ပေးသည်။ “ထတော့ ... မင်း ငါ့ကို ပထမဆုံး တွေ့ဖူးတာလည်း မဟုတ်ဘူး”

ရွာလူကြီးမှာ အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေပြီး ပထမလူသားဧကရာဇ်ဆီသို့ ပြောလိုက်သည်။ “ဒါက ကျွန်တော့်တပည့်ပါ... လက်ရှိလူသားဧကရာဇ်... သဘာဝအတိုင်း မွေးဖွားလာတဲ့ လောကသခင်ခန္ဓာပေါ့... မူအာ၊ မူအာ လာ ... မင်းရဲ့ ပထမဘိုးဘေးကြီးကို ဂါဝရပြုချည်... ဒူးထောက်ပြီး ဦးချ”

ချင်မူ ခေါင်းယမ်းပြလိုက်သည်။ “ဘာလို့ ဒူးထောက်ရမှာလဲ... သူမှ ကျွန်တော့်ကို မနိုင်တာ.... ကျွန်တော် ရိုက်လိုက်တုန်းက လူသားဧကရာဇ်ခန်းမထဲမှာ ငိုတောင် ငိုခဲ့သေးတယ်”

ရွာလူကြီးက ဆူသည်။ “ရိုင်းပျလိုက်တာ... ကိုယ့်ရဲ့ဘိုးဘေးကြီးကို ဘယ်လိုလုပ် ရိုက်ပုတ်နိုင်တာလဲ... ပထမဘိုးဘေးကြီးမှာ သူမတူတဲ့ အစွမ်းအစတွေ ရှိတယ်... သူ့အစွမ်းအစအားလုံးက ခိုင်ဧကရာဇ်ခေတ်ကပဲ... သူ မင်းကို တစ်ကွက်၊ နှစ်ကွက် သင်ပေးရင် မင်း အမြတ် —“

ချင်မူ ပြောလိုက်၏။ “ရွာလူကြီး သူ ကျွန်တော့်ကို သူ့ရဲ့ကျင့်စဉ်နဲ့ မုဒြာသိုင်းတွေ သင်ပေးပြီးပြီ”

“သင်ပေးပြီးပြီတဲ့လား”

ရွာလူကြီး၏အမူအရာ ပြောင်းလဲသွားပြီး ပထမလူသားဧကရာဇ်ကို စိတ်မဝင်စားတော့ပေ။ “ပထမဘိုးဘေးကြီး ကျေးဇူးပြုပြီး ထိုင်ပါ... ထပြီး မဧည့်ခံနိုင်တဲ့အတွက် ဒုက္ခိတကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”

ပထမလူသားဧကရာဇ်က ခုံတစ်ခုံတွင် ဝင်ထိုင်လိုက်၏။

ချင်မူ အားတက်သရော ပြောလိုက်သည်။ “ရွာလူကြီး၊ ကျွန်တော် ရုပ်ခန္ဓာဖန်ဆင်းပညာကျင့်စဉ်တစ်ခု ရှာတွေ့ထားတယ်.... အဲဒါက ချိမင်ခေတ်ရဲ့ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်ပဲ... ကျိုးနေတဲ့အရိုးမှန်သမျှ ပြန်ထွက်လာအောင် လုပ်ပေးနိုင်တဲ့ ကျင့်စဉ်မျိုးပေါ့.... ပထမဘိုးဘေးကြီးလည်း အရိုးကျိုးပြီး ဒုက္ခိတဖြစ်ခဲ့သေးတယ်.... ကျွန်တော် အဲဒီကျင့်စဉ် သင်ပေးလိုက်တော့မှ သူ့ကို မသေအောင် ကယ်နိုင်ခဲ့တာ”

ရွာလူကြီးမှာ အံ့အားသင့်သွားပြီး ဝမ်းသာသွားသည်။ သူက တုန်ရီနေသောအသံဖြင့် မေးသည်။ “ငါ့ခြေလက်တွေလည်း ပြန်ထွက်လာနိုင်လား”

“ထွက်လာနိုင်တယ်”

ဆေးဆရာကလည်း ဝင်မေး၏။ “ဒါဆို ငါ့မျက်နှာလည်း အကောင်းတိုင်း ပြန်ဖြစ်နိုင်လား”

ချင်မူ အခက်တွေ့သွားသည်။ “ကျွန်တော် မစမ်းကြည့်ဖူးဘူး... ပထမလူသားဧကရာဇ် မေးစေ့ကြေသွားတုန်းကတော့ အသစ်ပြန်ထွက်လာတယ်... မျက်နှာ ထွက်လာနိုင်လားတော့ မသေချာဘူး”

ဆေးဆရာက ပြုံးလျက် ပြော၏။ “အစတုန်းကတော့ ငါ့မျက်နှာကို လှီးပြီး ပတ်သက်မှုတွေ ဖြတ်တောက်နိုင်ခဲ့မယ် ထင်ခဲ့တာ... မဟာမြို့ပျက်အပြင် ရောက်တာနဲ့ အဆက်ဟောင်းတွေ ပြန်နွှယ်မိဦးမယ် မထင်ခဲ့ဘူး... ငါ့မျက်နှာကို လွမ်းနေပြီ... ငါ့ရန်သူတွေလည်း ငါ့နောက် ဆက်မလိုက်ရဲတော့ဘူး ... မျက်နှာလေးသာ ပြန်ရရင် ကောင်းမှာပဲ... ဘာပဲဖြစ်ဖြစ် ပြန်မကောင်းလည်း ရပါတယ်... ကျင့်သားရနေပြီ... နားကန်းရဲ့ နားရွက်တွေနဲ့ ရွှေအရဲ့ လျှာရော ပြန်ထွက်လာနိုင်လား”

နားကန်းက နှာခေါင်းရှုံ့ပြီး လှည့်ထွက်သွားသည်။ “ငါ မကျင့်ဘူး... နားတွေလည်း မလိုချင်ဘူး”

ဆေးဆရာ တခွိခွိ ရယ်လိုက်၏။ “ဒီအဘိုးကြီးကတော့... သူ့ကို စိတ်ထဲ ထည့်မနေနဲ့... သေချာတွေးပြီးရင် သူ ကျင့်မှာပါ”

ချင်မူက မင်ဧကရာဇ်၏ အန္တရဝဖန်ဆင်းကျမ်းစာကို တစ်လုံးချင်း သင်ပြသော်လည်း အဘိုးကြီးမာက ရုတ်တရက် သူ့ကို တားသည်။ “ကျင့်စဉ်မပေါက်ကြားအောင် ရဟန်းတွေကို ပြန်လွှတ်လိုက်ဦးမယ်”

ချင်မူ ခေါင်းယမ်းလိုက်၏။ “မလိုပါဘူး... ကျွန်တော် ဒီဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်ကို ဧကရာဇ်ယန်ဖုန်းကနေတစ်ဆင့် ကမ္ဘာလောကကြီးဆီ ဖြန့်ပေးဖို့ စီစဉ်ထားတယ်... ချိမင်နတ်ဘုရားသားတော်က ဒီကျင့်စဉ်ကို သူ့မျိုးနွယ်ဆီ သေချာပေါက် ဖြန့်ဝေပေးမှာပဲ... ကျွန်တော် တစ်ယောက်တည်း သိမ်းထားရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေနဲ့ ချိမင်နတ်ဘုရားတွေကို ယှဉ်နိုင်မှာမဟုတ်တော့ဘူး... အဲဒီလိုဖြစ်လာရင် ပြဿနာအများကြီး တက်လိမ့်မယ်”

တထာဂတမာက တွေးကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ “ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်ဆိုတာလည်း အင်မတန် နားလည်ဖို့ ခက်တဲ့ ကျင့်စဉ်ပဲ.... ဖြန့်ဝေပေးရင်တောင်မှ ကောင်းကင်နတ်သိုင်းပညာရှင်တွေ ကျင့်ကြံလိမ့်မယ်... အောင်မြင်မယ့်သူကလည်း အနည်းစုပဲ ရှိလိမ့်မည်။

သူ့စကားသည် မှန်၏။ ကျင့်စဉ်တစ်ခု၏ အရည်အသွေး မြင့်မားလေလေ၊ တွေးခေါ်နိုင်စွမ်း၊ အထုံပါရမီနှင့် ဉာဏ်ပညာတို့ကို လိုအပ်လိမ့်မည်။ ထိုကျင့်စဉ်ကို ကျင့်ကြံရန်လည်း ခက်ခဲလိမ့်မည်။

ဥပမာ မိစ္ဆာမျောက်ဝံကျန်းခုံးနှင့် မင်ရှင်းကိုယ်‌တော်သည် ဗြဟ္မဗုဒ္ဓဆီမှ ဧကရာဇ်ပလ္လင်အဆင့် ကျမ်းစာအစစ်ကို လေ့လာခဲ့ရသော်လည်း ဗြဟ္မဗုဒ္ဓက ချင်မူ့ကို တစ်လုံးမှ မသင်ပေးခဲ့ပေ။ သူက သူ့ကိုယ်သူ ဗုဒ္ဓတစ်ပါးအသွင် ဖွဲ့တည်၍ ချင်စာလုံးမြေပြင်ထက်ရှိ ကောင်းကင်ကို ဖိနှိပ်ပေးခဲ့သည်။ ကျင့်စဉ်က ထိုဗုဒ္ဓအတွင်း၌ ကိန်းဝပ်နေပြီး ချင်မူ့ကို သူ့ဘာသာ တွေးခေါ်သုံးသပ်ခွင့်ပေးခဲ့၏။

ယခုထက်ထိ ချင်မူ နားကန်းတစ်လုံးမျှ မတွေးကြည့်ရသေးပေ။

မိစ္ဆာမျောက်ဝံနှင့် မင်ရှင်းနှစ်ယောက်လုံးကမူ ဗုဒ္ဓသဘာဝကို ပိုင်ဆိုင်ထားသည့်အပြင် ဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီး ဉာဏ်ပညာကြီးမားကြ၏။ ထို့ကြောင့် နှစ်ယောက်လုံး ဗြဟ္မဗုဒ္ဓ၏ ကျမ်းစာကို သင်ယူနိုင်ခဲ့ကြသည်။ ကျန်ရဟန်းများမှာမူ လေ့လာနိုင်သူ နည်းပါးသည်သာမက သဘောတရားကို မဖမ်းဆုပ်နိုင်ကြပေ။

ဥပမာ တာအိုဂိုဏ်း၏ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများသည် သင်္ချာအပေါ် အခြေခံ၍ သင်္ချာစွမ်းရည် မြင့်မားရန် လိုအပ်၏။

အန္တရဝဖန်ဆင်းကျမ်းစာအတွက် လိုအပ်ချက်များကလည်း အလွန်များပြားသည်။ သင်္ချာစွမ်းရည်၊ သင်္ကေတအမှတ်အသားနှင့်ပတ်သက်ပြီး သိမြင်နားလည်မှု၊ ဖန်ဆင်းပညာအပေါ် နားလည်မှု၊ ရုပ်ခန္ဓာတည်ဆောက်ပုံအပေါ် ရင်းနှီးမှုအစရှိသဖြင့် ပါဝင်သည်။

ပထမလူသားဧကရာဇ်နှင့် ချင်မူက ဤကဏ္ဍအသီးသီးကို လေ့လာဖူး၍ ကျင့်စဉ်အား တတ်မြောက်ကြခြင်းဖြစ်၏။

အခြားတစ်ယောက်သာဆိုလျှင် ဤအရာများကို လေ့လာပြီး အတိုင်းအတာတစ်ခုအထိ နားလည်ရန်အတွက်ပင် နှစ်တစ်ရာအနည်းဆုံး ကြာလိမ့်မည်။ ထိုအချိန်တွင် သူတို့၏ကျင့်စဉ်ကို အခြေခံအဆင့်ဟုသာ သတ်မှတ်နိုင်လိမ့်မည်။

ထိုမျှသာမက ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်အတွက် ဉာဏ်ပညာကြီးမားရန်၊ အထုံပါရမီထက်သန်ရန်နှင့် တွေးခေါ်နိုင်စွမ်းမြင့်မားရန်လည်း လိုအပ်သေး၏။ ချင်မူ ကျင့်စဉ်ကို အနယ်နယ်အရပ်ရပ်သို့ ဖြန့်ဝေပေးလျှင်ပင် အန္တရဝဖန်ဆင်းကျမ်းစာကို ကျင့်ကြံနိုင်မည့် ကောင်းကင်နတ်သိုင်းပညာရှင် များများစားစား မရှိပေ။ အောင်မြင်နိုင်သည့်သူများကတော့ ပို၍ပင် ရှားပါးလိမ့်မည်။

ချင်မူက အန္တရဝဖန်ဆင်းကျမ်းစာကို သင်ကြားပို့ချပေးနေသည်။ အားလုံး နားလည်အောင် အဓိပ္ပါယ်များကို ရိုးရိုးရှင်းရှင်း စာလုံးများဖြင့် ဖွင့်ဆိုပြ၏။ သို့သော် ဒုက္ခိတဘိုးဘွားကျေးရွာ၏ ရွာသားများတွင် ကျွမ်းကျင်သည့် နယ်ပယ်အသီးသီး ရှိ၍ အဆုံးသတ်တွင် ပထမဆုံး နားလည်သွားသူမှာ အဘွားစစ် ဖြစ်ချေသည်။

အဘွားစစ်က မဟာဉာဏ်အလင်းပွင့်ကောင်းကင်နတ်ဆိုးကျမ်းစာကို ကျင့်ကြံထားသည့်အပြင် ဖန်ဆင်းပညာခုနစ်ခန်းကို အရေးထားကျင့်ကြံခဲ့သူ ဖြစ်၏။ ထို့ကြောင့် သူမ၏သိမြင်နားလည်မှုက ကျန်ရှိသူများထက် သာလေသည်။

ချင်မူသည် အလွန်စိတ်ရှည်ပြီး မေးခွန်းများကို ဖြေကြားရင်း ထပ်ခါတလဲလဲ ရှင်းပြနေ၏။

အန္တရဝဖန်ဆင်းကျမ်းစာအတွက် အသိအမြင်ဗဟုသုတ များစွာလိုအပ်သဖြင့် ချင်မူပင် မေးခွန်းများ၏အဖြေကို ရှာရခက်လာသည်။ ကံကောင်းစွာနှင့် ချိဧကရာဇ်က မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို ပေးခဲ့၏။ ဤကျင့်စဉ်ကမူ မူလဝိညာဉ်ဖန်ဆင်းပညာနှင့်ပတ်သက်သော ကျင့်စဉ်ဖြစ်၍ အန္တရဝဖန်ဆင်းကျမ်းစာနှင့် နှိုင်းယှဉ်ပြနိုင်သည်။

ပထမလူသားဧကရာဇ်လည်း သူ့ဘေးတွင် ရှိနေပြီး ဤကျင့်စဉ်ကို ကိုယ်ပိုင်အသိအမြင်ဖြင့် ကျင့်ကြံထားသူဖြစ်သည်။ ချင်မူ မဖြေနိုင်သော မေးခွန်းများအား သူ ဖြေပေး၏။

များစွာမကြာလိုက်ဘဲ နားကန်း ပြန်ရောက်လာပြီး ထိုင်နားထောင်နေသည်။

ချင်မူ နေ့စဉ်ညဆက် ပြောနေရ၍ အသံပင် ဝင်လာတော့သည်။ ကျင့်စဉ်ကို နားလည်သွားသည့် ဒုတိယတစ်ယောက်မှာ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် နားကန်းဖြစ်၏။ ရွာလူကြီး၊ ‌ဆေးဆရာ၊ အဘိုးကြီးမာ၊ ထော့ကျိုး၊ ရွှေအနှင့် မျက်ကန်းတို့ တစ်ယောက်မှ မတတ်မြောက်ကြသေးပေ။

ချင်မူ ခေါင်းကိုက်လာပြီး ရုတ်တရက် အကြံတစ်ခု ရလိုက်၏။ သူက ပြုံး၍ ပြောလိုက်သည်။ “ကျွန်တော့်မှာ ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ် နောက်တစ်ခု ရှိသေးတယ်... မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ် လို့ ခေါ်တယ်... ဒါကလည်း ချိမင်ခေတ်ရဲ့ ကျင့်စဉ်တစ်ခုပဲ... ကျွန်တော် သင်ပေးမယ်”

ရွာလူကြီး မျက်မှောင်ကြုတ်နေပြီး ပြောလိုက်သည်။ “ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်တစ်ခုနဲ့တင် ငါတို့အတွက် ခက်နေပြီ .... နောက်တစ်ခုနဲ့သာဆို တစ်သက်လုံး တွေးခေါ်နေရလိမ့်မယ်.. မူအာ၊ စားနိုင်တာထက် ပိုမစားဘဲ နေရအောင်”

ချင်မူက ပြုံးရယ်ကာ ပြောလိုက်၏။ “အဲဒါ ကျွန်တော်တို့ လုပ်ရမယ့် အရာပဲ... အန္တရဝဖန်ဆင်းကျမ်းစာက ရုပ်ခန္ဓာကို ကျင့်ပေးတယ်... ဒီကျင့်စဉ်ကတော့ မူလဝိညာဉ်ကို ကျင့်ပေးတယ်... နှစ်ခုပေါင်းလိုက်မှ ဟာကွက်မရှိမှာ... ဆင်တူတဲ့ သဘောတရားတွေလည်း ပါသေးတယ်... ဘိုးဘိုးတို့ ဒီကျင့်စဉ်နှစ်ခုကို တွဲကျင့်ရင် အလွယ်တကူ တတ်သွားလိမ့်မယ်”

သူက မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို စတင်ရှင်းပြသည်။ အားလုံး နားထောင်ရင်း အံ့အားသင့်လာကြ၏။

ချင်မူ စောစောက ရှင်းပြခဲ့သော အန္တရဝဖန်ဆင်းကျင့်စဉ်တွင် သူတို့ မသိသော နေရာများစွာ ရှိသည်။ ချင်မူကိုယ်တိုင်လည်း အပြည့်အဝ နားမလည်သေးကြောင်း ထင်ရှား၏။ သို့တိုင်အောင် မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို ရှင်းပြသည့်အခါ သူကား ဤကျင့်စဉ်၏ ဖန်ဆင်းရှင်အလား ထင်ရပေသည်။

သူသည် သက်ရှိထင်ရှား ချိဧကရာဇ်ပမာ အားလုံးကို သင်ကြားပို့ချပေးနေ၏။

ချင်မူက ရှင်းပြနေသောလူဖြစ်ပါသော်လည်း အမှန်တွင် ချိဧကာဇ်ပေးခဲ့သော အသိစိတ်အလျဉ်ထဲမှ ချိဧကရာဇ်၏ အသိအမြင်၊ နားလည်မှုများကို ပြန်ပြောနေခြင်းဖြစ်သည်။

ချိဧကရာဇ်ကိုယ်တိုင် သင်ကြားပို့ချနေသကဲ့သို့ ခံစားရခြင်းမှာ‌ ‌တော်ရုံတန်ရုံမဟုတ်ပေ။

ချင်မူ ရှင်းပြနေစဉ် ကျင့်စဉ်နှစ်ခုသည် တစ်ခုနှင့်တစ်ခု ဆက်စပ်လာ၏။ ရွာလူကြီးနှင့် ကျန်ရှိသူများ နားမလည်သော အပိုင်းများ ရှင်းလင်းသွားကြ၍ အားလုံး ခေါင်းတညိတ်ညိတ် ဖြစ်နေကြသည်။

“မူအာကို နှစ်ပေါင်းများစွာ သင်ကြားပေးခဲ့ပြီးတော့ ငါတို့က အခု သူ့ရဲ့တပည့်တွေ ဖြစ်လာရမယ် မထင်ထားခဲ့ဘူး” ဆေးဆရာက သက်ပြင်းချကာ ပြုံးလိုက်သည်။

ချင်မူ ရှင်းပြနေသည်နှင့်အမျှ အန္တရဝဖန်ဆင်းကျမ်းစာအပေါ် သူ၏နားလည်မှုသည်လည်း မြင့်တက်လာ၏။ တွေးခေါ်စရာပင် မလိုဘဲ ကျင့်စဉ်များကို နားလည်လာသလို၊ ကျင့်ကြံစရာမလိုဘဲ ကောင်းကင်နတ်သိုင်းများကို တတ်မြောက်လာသည်။

သူ့နှလုံးသားသည် ဖန်ဆင်းကျမ်းစာထဲရှိ ဆန်းကြယ်သဘောတရားအားလုံးကို ထင်ဟပ်ပြသနေသော မှန်သားပြင်ပမာ ကြယ်လင်နေ၏။

ချင်မူ မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို ရှင်းပြပြီးသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါလာပြီး သူက အော်လိုက်သည်။ “ဘာလို့ မင်ဧကရာဇ် ရှုံးနိမ့်ခဲ့တာလဲ... ချိမင်ဧကရာဇ်ခေတ် ဖျက်စီးခံခဲ့ရတာလဲ ငါ သိပြီ... အန္တရဝဖန်ဆင်းကျမ်းစာမှာ ထာဝရနတ်ဘုရားအသိစိတ်အလျဉ် ကင်းမဲ့နေတာကြောင့်ပဲ ... အဲဒါက ဟာကွက်ကြီး ဖြစ်နေတာ”

ရွာလူကြီးသည် အတွေးအခေါ်မြင့်မား၍ ပါရမီထက်သန်သူပီပီ တမုဟုတ်ချင်း သဘောပေါက်သွား၏။ “မင်ဧကရာဇ်ရဲ့ မူလဝိညာဉ်က နောက်ခေါင်းနှစ်လုံးနဲ့ လက်လေးဖက် ထွက်လာအောင် မကျင့်ကြံနိုင်ခဲ့တော့ သူ့ကို သတ်ခဲ့တဲ့လူက သူ့ရုပ်ခန္ဓာရဲ့ ခေါင်းနှစ်လုံးနဲ့ လက်လေးဖက်ကို အရင်ဆုံး ဖြတ်ပစ်ခဲ့တာ ဖြစ်မယ်... ဒီမင်ဧကရာဇ် မရှုမလှ သေခဲ့ရတာပဲ”

All Chapters