ရီရန်နှင့် ချန်းလိုင်၏ နောက်ခံ
Vol. 42 Ch. 578
ရီရန်နှင့် ချန်းလိုင်၏ နောက်ခံမှာ မည်သူဖြစ်ကြောင်း မသိသော်လည်း ထိုလူက စစ်ဧကရာဇ်များ၏အတွင်းရေးကို သိထားသဖြင့် ယဲ့ချန် အံ့သြသွားခဲ့သည်။ ဤကိစ္စကို လျှို့ဝှက်စီမံရန် ယဲ့ချန်က လင်ယုကို ညွှန်ကြားထားသော်လည်း တစ်ဖက်လူက သိရှိနေသည်။ ရီရန်နှင့် ချန်းလိုင်အပြင် နောက်ထပ်သိရှိနေသူများလည်း ရှိနိုင်သည်။ ရီရန်သည် ချန်းယွင်မြို့တော်၏ မြို့ဝန်ဖြစ်သောကြောင့် တစ်မြို့လုံး၌ ဖြစ်ပျက်သမျှကို သိရှိနေခြင်းက သဘာဝကျပေသည်။
"ဟုတ်ပါတယ်။ ကျုပ်ရဲ့မျိုးနွယ်ဝင်အချို့က ပါရမီကောင်းမွန်တော့ လင်ယုကို အကူအညီတောင်းပြီး စစ်ဧကရာဇ်တွေဆီ ပို့ပေးလိုက်တာပါပဲ"
ယဲ့ချန်က ခပ်အေးအေးမျက်နှာထားဖြင့် ဖြေလိုက်သည်။ တစ်ဖက်၏သဘောထားကို မသိရခင် အချိန်အထိ သူက အရာအားလုံးကို ထုတ်မပြောဘဲ ဖုံးကွယ်ထားရပေလိမ့်မည်။
"အချို့တဲ့လား"
ရီရန်နှင့် ချန်းလိုင်သည် ယဲ့မျိုးနွယ်ဝင်ဆယ်ယောက်ကျော်အထိ စစ်ဧကရာဇ်များ၏ တပည့်ဖြစ်လာကြောင်း သိထားကြသည်။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းငါးဆယ်အထက် ပါရမီရှင်ဆယ်ချီ ပိုင်ဆိုင်ထားသော မျိုးနွယ်က ကောင်းကင်ကို ဆန့်ကျင်နိုင်လောက်အောင် အစွမ်းထက်နေသည်။ လင်ယုက ယဲ့ချန်၏ ဘက်တော်သားဖြစ်လာခြင်းမှာ အဆန်းမဟုတ်တော့ပေ။
"ဒီလိုဆိုမှတော့ ငါ ပွင့်ပွင့်လင်းလင်း ပြောမယ်။ ငါတို့ရဲ့ခေါင်းဆောင်က တပည့်လိုချင်နေတဲ့ စစ်ဧကရာဇ်တွေနဲ့ သိထားတယ်။ သူတို့ရဲ့ပေါင်းစပ်နှုန်းက ငါးဆယ်အထက်ဆိုရင် ချက်ချင်းလက်ခံလိမ့်မယ်။ ယဲ့မျိုးနွယ်မှာ နောက်ထပ်ပါရမီရှင်တွေ ရှိနေသေးလား"
ချန်းလိုင်က ယဲ့ချန်ကို တစ်ချက်စိုက်ကြည့်၍ မေးလိုက်ခြင်းဖြစ်သည်။ သူ၏စကားကြောင့် ယဲ့ချန်သည် ချန်းလိုင်နှင့် ရီရန်မှာ အစွမ်းထက်ခေါင်းဆောင်တစ်ယောက် ဦးစီးသော ဧရာမအဖွဲ့အစည်းကြီးတစ်ခု၏ အဖွဲ့ဝင်များဖြစ်ကြောင်း နားလည်လိုက်သည်။ ထိုအဖွဲ့က ပါရမီရှင်များ လိုအပ်နေသော်လည်း စစ်ဧကရာဇ်အလောင်းအလျာများကို သိုင်းဒေသကြီးများနှင့် တာအိုအိမ်တော်မှ ပိုင်ဆိုင်သွားတတ်သဖြင့် ရှာဖွေရန် ခက်ခဲနေသည်။ သူတို့က ပါရမီရှင်များစွာ ပိုင်ဆိုင်ထားသော ယဲ့မျိုးနွယ်အကြောင်း ကြားလိုက်ရသောအခါ အဖွဲ့အစည်းအတွက် ပါရမီရှင်များကို လိုအပ်သဖြင့် ယဲ့ချန်ထံ တောင်းဆိုလာကြသည်။ သူက မျက်မှောင်ကြုတ်၍ အလေးအနက်စဥ်းစားနေပြီး တစ်ဖက်မှနောက်ခံကို မသိရသေးသဖြင့် အလျင်စလို မဆုံးဖြတ်ရဲပေ။ အကယ်၍ ထိုအဖွဲ့အစည်းကသာ အနာဂတ်၌ ပြဿနာတက်လျှင် ယဲ့မျိုးနွယ်ဝင်များ ဒုက္ခရောက်သွားပေလိမ့်မည်။
"မစိုးရိမ်ပါနဲ့ မိတ်ဆွေလေး။ ငါတို့ရဲ့ခေါင်းဆောင်က တာအိုအိမ်တော်ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး လူမသိသူမသိ မဟုတ်ပါဘူး။ ပြီးတော့ အဖွဲ့အစည်းထဲကိုရောက်လာတဲ့ ပါရမီရှင်တွေကိုလည်း ကောင်းကောင်းဆက်ဆံပါလိမ့်မယ်"
ယဲ့ချန်၏စိုးရိမ်စိတ်ကို ရိပ်စားမိသော ယိရန်က အလျင်အမြန် ကတိပေးလိုက်သည်။
"ဆရာ ဒီနှစ်ယောက်က လိမ်ပြောနေတာလား"
ယဲ့ချန်က ခြင်္သေ့ကြီးနှင့် လျှို့ဝှက်ဆက်သွယ်လိုက်သည်။
"ပြဿနာမရှိဘူး။ သူတို့က လိမ်နေတာ မဟုတ်ဘူး"
ရီရန်နှင့် ချန်းလိုင်၏ စိတ်ခံစားချက်များကို အချိန်တိုင်းစောင့်ကြည့်နေသော ခြင်္သေ့ကြီးက သူတို့၏အလိမ်အညာများကို ချက်ချင်းသိနိုင်နေသည်။ ထို့ကြောင့် ယဲ့ချန်က စိတ်အေးသွားပြီး ပါရမီရှင်ဆယ့်ခြောက်ယောက်ကို လွှဲပြောင်းပေးရန် ဆုံးဖြတ်လိုက်သည်။ သူက စစ်ဧကရာဇ်များနှင့်ဆက်သွယ်၍ ပိုက်ဆံရှာဖွေရန် စဥ်းစားထားသော်လည်း ချန်းလိုင်၏အဖွဲ့အစည်းမှ ပါရမီရှင်များ လိုအပ်နေမည်ဟု ထင်မထားပေ။
"ခင်ဗျားတို့ ဘယ်နှယောက်လိုချင်လဲ"
ယဲ့ချန်က တစ်လုံးချင်းမေးလိုက်သောအခါ ရီရန်ရော ချန်းလိုင်ပါ မင်သက်သွားခဲ့သည်။ သူတို့က စစ်ဧကရာဇ်အလောင်းအလျာတစ်ယောက်ကို ရှာဖွေနိုင်လျှင်ပင် ကျေနပ်ကြမည့်သူများဖြစ်ကြသည်။ အကယ်၍ နှစ်ယောက်အထိ ရှာဖွေနိုင်ခဲ့လျှင် ခေါင်းဆောင်က သေချာပေါက်ချီးမြှင့် မြှောက်စားပေလိမ့်မည်။ သို့သော်လည်း ယဲ့ချန်၏လေသံအရ ပေါင်းစပ်နှုန်းငါးဆယ်ကျော်သည့် ပါရမီရှင်များမှာ ဟင်းရွက်ကန်စွန်းကဲ့သို့ ပေါများနေပုံရသဖြင့် ထူးဆန်းနေကြသည်။
"များလေ ကောင်းလေပေါ့"
ပထမဆုံး သတိပြန်ဝင်လာသော ချန်းလိုင်က ပြောလိုက်ခြင်းဖြစ်သည်။ သူ၏မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး မျက်လုံးများက တောက်ပနေသည်။
"ကျုပ်မှာ အခြေအနေတစ်ခု ရှိတယ်"
ယဲ့ချန်သည် ရီရန်နှင့် ချန်းလိုင်၏မျက်နှာထားကို မြင်သောအခါ တစ်ဖက်လူမှ ပါရမီရှင်များကို အလွန်လိုအပ်နေကြောင်း နားလည်လိုက်သည်။ ထို့ကြောင့် သူ့ဘက်မှ အသာစီးရနေသဖြင့် စီးပွားရေးကို စိတ်ကြိုက်ညှိုနှိုင်းရန် ဆုံးဖြတ်လိုက်သည်။ သူ့ကိုယ်သူ လူကုန်ကူးသူတစ်ယောက်အဖြစ် ခံစားနေရသော်လည်း ကျွန်အဖြစ် ရောင်းချခြင်းမဟုတ်ဘဲ တပည့်များအဖြစ်သာ ရောင်းချခြင်းဖြစ်၏။
"ဘာအခြေအနေလဲ"
ချန်းလိုင်က အလောတကြီး မေးလိုက်သည်။ သူက ပါးနပ်ထက်မြက်သော စီးပွားရေးသမားတစ်ယောက်ဖြစ်သော်လည်း ဤတစ်ကြိမ်တွင် စည်းမျဥ်းများကို မေ့လျော့သွားကာ စိတ်ဆန္ဒကို မဖုံးကွယ်ထားခဲ့ပေ။
"ရွှေအဆင့်ဂုဏ်ထူးတစ်ခု၊ ဆည်းဆာရွှေဆယ်ဘီလီယံနဲ့ နတ်မူလဆေးကုန်ကြမ်း အစုံတစ်သောင်း"
ယဲ့ချန်က တစ်ချက်ပြုံး၍ စျေးနှုန်းကမ်းလှမ်းလိုက်သည်။
"ဒီစျေးက များလွန်းတယ်။ မဖြစ်နိုင်ဘူး။ ရွှေအဆင့်ဂုဏ်ထူးအတွက် ငွေငါးဘီလီယံနဲ့ ဆေးကုန်ကြမ်းတွေအတွက် သုံးဘီလီယံ ကျသင့်တယ်။ ဒါဆိုရင် စုစုပေါင်း ငွေဆယ့်ရှစ်ဘီလီယံ ဖြစ်သွားမှာပေါ့"
ရီရန်က စိတ်ပျက်လက်ပျက်အမူအရာနှင့် ငြင်းဆန်လိုက်သည်။ ပေါင်းစပ်နှုန်းငါးဆယ်ကျော်သော ပါရမီရှင်တစ်ယောက်က စစ်ဧကရာဇ်ဖြစ်လာရန် အနည်းဆုံး နှစ်ဆယ်ချီကျင့်ကြံရမည်ဖြစ်ပြီး ရာနှုန်းပြည့် သေချာမှု မရှိချေ။ ယဲ့ချန်တောင်းဆိုသော စျေးနှုန်းက ပါရမီရှင်တစ်ယောက်အတွက် အလွန်များနေခဲ့သည်။
"မိတ်ဆွေလေး ခေါင်းဆောင်က တပည့်တွေကို ပြုစုပျိုးထောင်ရာမှာ ရက်ရောပြီး အကောင်းဆုံးလေ့ကျင့်ပေးတယ်။ ဒါပေမယ့် မင်းရဲ့စကားတွေကိုသာ သွားပြောလိုက်ရင် သူ ပေါက်ကွဲသွားလိမ့်မယ်"
ရီရန်၏အမြင်တွင် ယဲ့ချန်က လောဘကြီးလွန်းနေသဖြင့် အကြံပေးလိုက်ခြင်းဖြစ်သည်။
"ဒါပေါ့။ များတယ်ဆိုတာကို ကျုပ် သိပါတယ်။ ခင်ဗျားတို့အတွက် ဒီငွေလောက်က စာမဖွဲ့ဘူး မဟုတ်လား။ ဒါပေမယ့် ခေါင်းဆောင်က တပည့်အဖြစ် လက်ခံရမှာနော်။ ကျွန်တွေ မဟုတ်ဘူး။ ကျုပ်အတွက်လည်း ဒီကိစ္စက လွယ်တာမဟုတ်ဘူး။ အရှေ့ပိုင်းတိုက်ကြီးက မျိုးနွယ်ဝင်တွေကို ကယ်တင်ရမယ့် တာဝန်ရှိမနေရင် စဥ်းတောင်မစဥ်းစားဘူး"
ယဲ့ချန်က သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဒါပေမယ့် ဆယ့်ရှစ်ဘီလီယံကတော့...။ မင်းရဲ့တောင်းဆိုချက်ကို ခေါင်းဆောင်ဆီ တင်ပြပေးမယ်။ သူ လက်ခံလက်မခံကတော့ ငါလည်း မပြောနိုင်ဘူး"
ချန်းလိုင်သည် အတိတ်တွင် စီးပွားရေးကိစ္စများ၌ အထက်စီးမှနေခဲ့ရသူဖြစ်သည်။ လက်ရှိတွင် သူက ယဲ့ချန်၏ ငွေညှစ်ခြင်းခံနေရသောအခါ အခြားလူများ၏ခံစားချက်ကို နားလည်သွားလေသည်။
"ကျုပ်ပြောတဲ့အတိုင်း ခေါင်းဆောင်ကို ပြောပေးပါ။ သူ့အတွက် ပေါင်းစပ်နှုန်းငါးဆယ်ကျော်တဲ့ ပါရမီရှင်နှစ်ယောက်ကို လက်ဆောင်ပေးမယ်။ ဒါက ယဲ့မျိုးနွယ်နဲ့ ခေါင်းဆောင်ကြားမှာ ဆက်ဆံရေးတစ်ခု အစပြုလိုက်တာပါပဲ။ တကယ်လို့ သူကသာ ကျုပ်ပြောတဲ့စျေးကို ပေးမယ်ဆိုရင် ပေါင်းစပ်နှုန်းငါးဆယ်ကျော်တဲ့ ယဲ့မျိုးနွယ်ဝင် ဆယ့်ခြောက်ယောက်က သူ့တပည့် ဖြစ်လာလိမ့်မယ်"
ယဲ့ချန်က လက်ဖက်ရည်ခွက်ကို တစ်ငုံသောက်၍ ပြောလိုက်ခြင်းဖြစ်သည်။ သူ၏ ပေါ့ပေါ့ပါးပါး မျက်နှာထားမှ ထွက်ကျလာသော စကားများကြောင့် ရီရန်ရော ချန်းလိုင်ပါ မိုးကြိုးအပစ်ခံလိုက်ရသကဲ့သို့ တောင့်တင်းသွားကြသည်။
"မိတ်ဆွေလေး နောက်တစ်ခေါက်လောက် ထပ်ပြောပါဦး။ အရေအတွက်က ဘယ်လောက်လဲ"
ရီရန်သည် နားကြားမှားသွားမည်ကို စိုးရိမ်နေသဖြင့် ထပ်မံအတည်ပြုလိုနေခဲ့သည်။
"၁၆ယောက်"
ယဲ့ချန်က တစ်လုံးချင်း ဖြေလိုက်သည်။
"မိတ်ဆွေလေးက လိမ်နေတာတော့ မဟုတ်ဘူးမလား"
ဤတစ်ခေါက်တွင် ပြတ်ပြတ်သားသား ကြည်ကြည်လင်လင် ကြားလိုက်ရသောကြောင့် ရီရန်မှာ မယုံနိုင်ဖြစ်နေခဲ့သည်။
"ခင်ဗျားမယုံရင် ကျုပ်နယ်မြေဆီ လူလွှတ်ပြီး သူတို့ကို ခေါ်လာခိုင်းလိုက်ပါ။ ပြီးရင် ဒီနေရာမှာပဲ စိတ်ကြိုက်စစ်ဆေးပေါ့"
ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ ဆယ့်ခြောက်ယောက်ဆိုသော အရေအတွက်က ထိုနှစ်ယောက်လုံးကို တုန်လှုပ်အံ့သြစေခဲ့သည်။ သူတို့အတွက် စစ်ဧကရာဇ်အလောင်းအလျာ တစ်ယောက် နှစ်ယောက်ရှာနိုင်လျှင်ပင် ကျေနပ်မည်ဖြစ်သော်လည်း ယဲ့မျိုးနွယ်၌ ဆယ့်ခြောက်ယောက်အထိ ရှိနေခဲ့သည်။ ကောင်းကင်မူလတိုက်ကြီး၏ ထိပ်တန်းမျိုးနွယ်များ၌ပင် ပါရမီရှင်အရေအတွက် ဤမျှလောက်မများပေ။ ကောင်းကင်မူလတိုက်ကြီးတွင် ပါရမီရှင်ပေါများရာ၌ ဝမ်မျိုးနွယ်က ထိပ်တန်းဟုဆိုနိုင်သော်လည်း အရေအတွက်ထောင်ချီမှ ပေါင်းစပ်နှုန်းငါးဆယ်ကျော်သော အဖိုးတန်ပါရမီရှင်ငါးယောက်သာ ပိုင်ဆိုင်သည်။ သို့သော်လည်း ဝမ်မျိုးနွယ်၏ မျိုးနွယ်ဝင်အရေအတွက်က ပြဿနာတစ်ခုဖြစ်နေပြီး အထွတ်အထိပ်အခြေအနေ၌ပင် သုံးရာကျော်ပေသည်။ ယဲ့မျိုးနွယ်တွင်ရှိနေသော ပါရမီရှင်အရေအတွက်ကြောင့် ၎င်းကို စစ်ဧကရာဇ်တစ်ယောက်ပင် အထင်သေး၍မရချေ။ ခေါင်းဆောင်ထံ ပေါင်းစပ်နှုန်းငါးဆယ်ကျော်သော ပါရမီရှင်နှစ်ယောက်အပ်နိုင်လျှင် အောင်မြင်မှုကြီးတစ်ခုအဖြစ် သတ်မှတ်ထားသော ရီရန်နှင့် ချန်းလိုင်သည် ဆယ့်ခြောက်ယောက်အထိ ရလိုက်သောအခါ ကောင်းကင်ပေါ်မှ ရွှေတုံးကြီးပြုတ်ကျလာသကဲ့သို့ ခံစားနေရသည်။
"ဒါဆိုရင် ခေါင်းဆောင်ကိုယ်တိုင် ဆုံးဖြတ်စရာ မလိုဘူး။ သဘောတူတယ်လို့ ငါ ဆုံးဖြတ်လိုက်ပြီ။ ပါရမီရှင်တွေကို သွားခေါ်ဖို့အတွက် ချက်ချင်း လူလွှတ်လိုက်မယ်။ စမ်းသပ်စစ်ဆေးပြီးတာနဲ့တပြိုင်နက် ရီရန်က မင်းကို ရွှေအဆင့်သခင်တစ်ယောက်ဖြစ်အောင် လုပ်ပေးလိမ့်မယ်။ ဆည်းဆာရွှေဆယ်ဘီလီယံကို ငါက ချက်ချင်းထုတ်ပေးမယ်။ ဆေးကုန်ကြမ်းတွေအတွက်ကတော့ အချိန်ကြာမယ်ဆိုပေမယ့် သုံးရက်အတွင်း ရောက်လာစေရမယ်"
ချန်းလိုင်သည် ယဲ့ချန်စိတ်ပြောင်းသွားမည်ကို စိုးရိမ်သည့်အလား သဘောတူကြောင်း တရစပ်ပြောချလိုက်သည်။
"သဘောတူတယ်"
ယဲ့ချန်ကလည်း လက်ခံလိုက်သည်။ အချိန်ခဏအကြာတွင် ရီရန်၏လူအနည်းငယ်က ယဲ့ချန်၏နယ်မြေရှိ နောက်ထပ်ယဲ့ချန်တစ်ယောက်ကို ဆက်သွယ်ကာ ယဲ့မျိုးနွယ်နှင့် ကြယ်ခန်းမမှ ပါရမီရှင်များကို ခေါ်ဆောင်လာခဲ့သည်။ သူတို့က ကြယ်ဝိညာဥ်ပုလဲများထုတ်ယူ၍ စစ်ဆေးလိုက်သောအခါ ဆယ့်ခြောက်ယောက်လုံး၏ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက ငါးဆယ်ကျော်နေသဖြင့် အလွန်အံ့သြနေကြသည်။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း သုညပိုင်ရှင် ယဲ့ချန်၏မျိုးနွယ်တွင် ပါရမီရှင်များစွာ မယုံနိုင်စရာကောင်းလောက်အောင် ရှိနေသဖြင့် ရီရန်သည် ယဲ့ချန်ကို တစ်ချက်လှမ်းကြည့်ရင်း အတွေးများနေသည်။ ဤမျိုးနွယ်အကြောင်းသာ လူသိရှင်ကြားထွက်ပေါ်လာလျှင် ကောင်းကင်မူလတိုက်ကြီး မည်မျှလှုပ်ခတ်သွားမည်ကို သူကိုယ်တိုင်ပင် မတွေးတတ်ချေ။ သို့သော်လည်း ယဲ့ချန်က လျှို့ဝှက်ထားပေးရန် တောင်းဆိုလိုက်သောကြောင့် ရီရန်ရော ချန်းလိုင်ပါ ယဲ့မျိုးနွယ်အကြောင်း တစ်ခွန်းမျှမဟရန် ကတိပေးလိုက်သည်။
အချိန်ခဏအကြာတွင် ချန်းလိုင်သည် ငွေဆယ်ဘီလီယံထုတ်ယူ၍ ရီရန်က ယဲ့ချန်ကို ရွှေအဆင့် အထက်တန်းစားဘွဲ့ပေးရန် စီစဥ်လိုက်လေသည်။