လင်မျိုးနွယ်ဆီသို့
Vol. 42 Ch. 579
ယဲ့မျိုးနွယ် ပိုင်ဆိုင်ထားသော ပါရမီရှင်အရေအတွက်ကြောင့် ရီရန်နှင့် ချန်းလိုင်မှာ အတွေးနက်နေကြသည်။ ဤပါရမီရှင်များသာ ကြီးပြင်းလာပြီး စစ်ဧကရာဇ်များဖြစ်သွားကြလျှင် ကောင်းကင်မူလတိုက်ကြီး၌ ယဲ့မျိုးနွယ် တန်ခိုးထွားလာပြီး သူတို့၏ခေါင်းဆောင်ပင် အထင်သေးဝံ့မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့က ယဲ့မျိုးနွယ်နှင့် ဆက်ဆံရေးကောင်းတစ်ခုဖန်တီးရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည် ယဲ့ချန်၏ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းအကြောင်း တွေးမိသောအခါ ပူပန်သွားကြသည်။ ယဲ့ချန်က ရွှမ်အဆင့်သို့တက်ရန်ပင် မသေချာသောအခါ ယဲ့မျိုးနွယ်ဝင်များ အစွမ်းထက်လာလျှင် ယဲ့မျိုးနွယ်၏ခေါင်းဆောင်နေရာက လှုပ်ခတ်လာနိုင်သည်။ သို့သော်လည်း ဤကား အတွေးတစ်ခုမျှသာဖြစ်ပြီး လက်ရှိတွင် ယဲ့မျိုးနွယ်၏တာဝန်ရှိသူက ယဲ့ချန်ဖြစ်ပြီး အနာဂတ်၌ ဖြစ်ပျက်လာမည်များကို မည်သူမှ အတပ်မပြောနိုင်ချေ။
သူတို့မသိသည်မှာ ယဲ့မျိုးနွယ်နှင့် ကြယ်ခန်းမမှ အဖွဲ့ဝင်များစွာက ယဲ့ချန်အပေါ် အလုံးစုံ သစ္စာရှိခြင်းဖြစ်သည်။ ထို့အပြင် သူတို့၏ပေါင်းစပ်နှုန်း မြင့်နေရသော အကြောင်းအရင်းမှာ ယဲ့ချန်ဖြစ်သည်။ အခြားလူများသည် ယဲ့မျိုးနွယ်ဆိုသော ရေခဲတောင်ကြီး၏ထိပ်ဖျားကိုသာ မြင်နိုင်ကြသည်။ ယဲ့ချန်သည် သူ့လူများစွာကို ကောင်းကင်မူလတိုက်ကြီး၏ အင်အားစုအသီးသီးသို့ ပို့ဆောင်ထားကြောင်း မည်သူမှ ခန့်မှန်းနိုင်မည်မဟုတ်ပေ။ ချန်းလိုင်ထံမှ ငွေဆယ်ဘီလီယံကိုရပြီးနောက် သူက အရှေ့ပိုင်းတိုက်ကြီးတွင် ကျန်ရစ်နေသူများကို ထပ်မံခေါ်ယူလိုက်သည်။ ဤလုပ်ငန်းစဥ်က သူ့အတွက် အရှုံးပေါ်ရမည့်အစား အမြတ်ထွက်နေသည့်အပြင် အခြားအင်အားစုများအတွင်းသို့ စိမ့်ဝင်နိုင်စွမ်း ရှိလာသည်။
ယဲ့ချန်သည် ယဲ့မျိုးနွယ်ဝင်ပါရမီရှင်များကို ဂရုတစိုက်ဆက်ဆံနေသော ချန်းလိုင်နှင့် ရီရန်ကို တစ်ချက်ကြည့်လိုက်သည်။ ပေါင်းစပ်နှုန်းငါးဆယ်ကျော်သော ပါရမီရှင်တစ်ယောက်က အဖွဲ့အစည်း၏ ပျိုးထောင်ပေးခြင်းခံလိုက်ရလျှင် အနာဂတ်၌ သူတို့ထက် ပို၍အစွမ်းထက်လာနိုင်သောကြောင့် မပေါ့ဆရဲကြပေ။ ထိုအဖွဲ့အစည်းအကြောင်း သူက များစွာမသိသော်လည်း ကြွယ်ဝမှုနှင့် သတင်းအချက်အလက်အရာတွင် သူမတူသောကြောင့် ချန်းလိုင်နှင့် ရီရန်၏ခေါင်းဆောင်မှာ ရိုးရှင်းသူမဟုတ်ကြောင်း ခန့်မှန်းနိုင်ခဲ့သည်။ ဆည်းဆာရွှေဆယ်ဘီလီယံ ရလိုက်သည့်အပြင် နောက်နှစ်ပေါင်းရာချီလျှင် ချန်းလိုင်၏အဖွဲ့အစည်းအတွင်း ယဲ့မျိုးနွယ်၏ အာဏာစက် ကျယ်ပြန့်လာနိုင်သောကြောင့် သူက သေချာပေါက် အမြတ်ထွက်ခဲ့၏။ ပေါင်းစပ်နှုန်းငါးဆယ်ကျော်သော ပါရမီရှင်ဆယ့်ခြောက်ယောက်သည် အဖွဲ့အစည်းအတွင်း၌ နေရာတစ်ခုကို အပိုင်သိမ်းနိုင်စွမ်း ရှိနေသည်။
မြို့ဝန်အိမ်တော်၏ ဧည့်ခန်းဆောင်အတွင်း ဧကရာဇ်လင်းသည် လက်အောက်ငယ်သားများထံမှ သတင်းများကို နားထောင်နေသည်။ တစ်နာရီအကြာတွင် သူက ယဲ့ချန်၏အကြောင်းကို စုံစုံလင်လင် သိရှိသွားခဲ့သည်။
"ဒီကောင့်မှာ နယ်မြေတစ်ခု ရှိမနေဘူးဆိုရင် အပြစ်ပေးဖို့ လွယ်ကူလိမ့်မယ်။ ဒါပေမယ့် သူက နယ်မြေတစ်ခုကို ဝယ်ထားတယ်ဆိုတော့ ငါက ကျူးကျော်ခွင့်မရှိဘူး။ အပြစ်ပေးချင်ရင် သူ အပြင်ထွက်လာတာကို စောင့်ရမယ့်ပုံပဲ။ ဒါပေမယ့် ဒီကောင့်မှာ ကိုယ်ပွားရှိနေတဲ့အပြင် တော်တော်သတိကြီးတယ်။ သာမန်အခြေအနေမှာဆိုရင် ကိုယ်ပွားနှစ်ယောက်လုံးက နယ်မြေအပြင်ဘက်ကို တစ်ချိန်တည်း ထွက်လာဖို့ မဖြစ်နိုင်ဘူး"
ဧကရာဇ်လင်းက မျက်မှောင်ကြုတ်၍ သုံးသပ်လိုက်သည်။
"ဒါဆိုရင် သူ့ကို အပြစ်ပေးစရာ နည်းလမ်း မရှိတော့ဘူးလား"
ယိရန်က စိတ်ထဲတွင် မကျေမနပ်ဖြစ်နေခဲ့သည်။ သူက ယဲ့ချန်ကြောင့် အကြိမ်များစွာ ထိခိုက်ခဲ့ရသော်လည်း တစ်ကြိမ်ပင် လက်စားပြန်မချေနိုင်သောကြောင့် ရူးသွပ်လုနီးပါး ခံစားနေရ၏။
"ငါ့မှာ နည်းလမ်းတစ်ခု ရှိပါတယ်။ နယ်မြေအပြင်ဘက်ကို ဒီကောင်ကိုယ်တိုင် ထွက်လာစေရမယ်"
ဧကရာဇ်လင်းက တစ်ချက်ရယ်မော၍ အေးစက်စက်ပြောလိုက်သည်။ ထိုအချိန်တွင် သူ၏တပည့်တစ်ဦးဖြစ်သော ယိရွှမ်က အလောတကြီး ဝင်ရောက်လာခဲ့သည်။
"ဆရာ ရန်ယွင်မြို့ရုံးက ကြေညာချက်တစ်စောင် ထုတ်ပြန်လာတယ်။ ယဲ့ချန်က ရီရန်ဆီကို ဆည်းဆာရွှေငါးဘီလီယံပေးအပ်ပြီး ရွှေအဆင့်သခင်တစ်ယောက် ဖြစ်လာတယ်။ ရီရန်ကလည်း ဒီကိစ္စကို တာအိုအိမ်တော်ဆီ တင်ပြပြီးဖြစ်လို့ တာအိုအိမ်တော်ဘက်က လက်ခံလိုက်တာနဲ့တပြိုင်နက် သူက ရွှေအဆင့် အထက်တန်းစားတစ်ယောက် ဖြစ်လာတော့မယ်"
ယိရွှမ်က ဧကရာဇ်လင်းကို အရိုအသေပေးလိုက်ပြီး အရေးကြီးသတင်းကို တင်ပြလိုက်သည်။
"ဘာ"
ဧကရာဇ်လင်းမှာ ဒေါသတကြီးဖြစ်သွားပြီး အနီးရှိစားပွဲကို လက်ဝါးဖြင့်ရိုက်ကာ ဖျက်ဆီးပစ်လိုက်သည်။
"ဒီကောင်က ငွေငါးဘီလီယံကို ဘယ်ကရလာတာလဲ"
ရွှေအဆင့်ဖြစ်လာရန် လိုအပ်သောပမာဏက ပေါ့သေးသေးမဟုတ်သောကြောင့် ယိရန်မှာ ကြောင်အသွားခဲ့သည်။
"တာအိုအိမ်တော်က အသိအမှတ်ပြုပြီးသွားရင် သူ့ကို ငါ့စိတ်တိုင်းကျ အပြစ်ပေးလို့မရတော့ဘူး။ တိုက်ခိုက်ဖို့အတွက် တာအိုအိမ်တော်ကို ခွင့်ပြုချက်တောင်းနိုင်တယ်ဆိုပေမယ့် သူတို့က သေချာပေါက် ငြင်းမှာပဲ။ ဒီကောင်တွေက သူတို့အတွက် ပိုက်ဆံပေးနိုင်တဲ့ လူစားမျိုးကို သေချာပေါက် ကာကွယ်ပေးလိမ့်မယ်"
စစ်ဧကရာဇ်တစ်ယောက်ဖြစ်သော်လည်း ချီပင်လယ်အဆင့်တစ်ယောက်ကို မတိုက်ခိုက်နိုင်သောကြောင့် ဧကရာဇ်လင်းမှာ ယမ်းပုံမီးကျ ဒေါသထွက်နေသည်။
"လောလောဆယ် တာအိုအိမ်တော်က အသိအမှတ်မပြုရသေးဘူးမလား။ ကျွန်တော်တို့မှာ အခွင့်အရေး ရှိပါသေးတယ်"
ယိရန်က စောဒကတက်လိုက်၏။
"နောက်ကျသွားပြီ။ ရီရန်က သတင်းပို့ပြီးပြီဆိုတော့ တာအိုအိမ်တော်က အများဆုံး နာရီဝက်ပဲ အချိန်ယူလိမ့်မယ်။ ငါတို့သတင်းရတဲ့အချိန်က နာရီဝက်ကျော်သွားမယ်ဆိုရင် လှုပ်ရှားဖို့အတွက် အရမ်းနောက်ကျနေပြီ။ တကယ်လို့သာ ခွေးကောင်ရီရန်က တာအိုအိမ်တော်ဆီ သတင်းမပို့ခင် ငါတို့ကို အရင်ပြောခဲ့ရင်တော့ အခွင့်အရေးရှိတယ်"
ဧကရာဇ်လင်း၏မျက်နှာက အေးစက်တင်းမာနေသည်။ ရန်ယွင်မြို့တော်သို့ သူရောက်ချိန်မှစတင်၍ အမြဲတမ်းလေးစားရိုကျိုးခဲ့သော ရီရန်မှာ ယဲ့ချန်နှင့် တစ်ဖက်တည်းဖြစ်နေခဲ့သည်။ သူ့ကို ရီရန်က အရူးလုပ်သွားခြင်းဖြစ်ပြီး တစ်ဖက်တည်းမဟုတ်လျှင် ယဲ့ချန်ကို ကာကွယ်ပေးစရာ အကြောင်းမရှိပေ။
"ရီရန်ကလည်း ယဲ့ချန်ရဲ့ လူတစ်ယောက်လား။ သူက ဘယ်သူလဲ။ ကောင်းကင်မူလတိုက်ကို အရှေ့ပိုင်းတိုက်ကြီးကရောက်လာတဲ့ သာမန်လူတစ်ယောက် မဟုတ်ဘူးလား။ လင်ယုနဲ့ ရီရန်က သူ့ကို ဘာကြောင့် ကူညီပေးနေကြတာလဲ"
ယိရန်၏မျက်လုံးအတွင်း၌ သံသယအတွေးများ ရှုပ်ထွေးနေသည်။
"ဖြစ်နိုင်တယ်"
ဧကရာဇ်လင်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူ့ကို ကျင့်ကြံဆင့်နိမ့်သူတစ်စုက အရူးလုပ်သွားသောအခါ အလွန်တရာစိတ်ဆိုးနေသည်။ နှစ်ပေါင်းများစွာအတွင်း သူက ဤသို့အရှက်ခွဲခံရခြင်းမျိုး မခံစားခဲ့ရဖူးပေ။
"ရီရန်က မြို့ဝန် ဆက်မဖြစ်ချင်တော့ဘူးလား"
ဧကရာဇ်လင်းသာ ရှိမနေလျှင် ယိရန်က အော်ဟစ်ပေါက်ကွဲနေပြီဖြစ်သည်။
"ရီရန်ကို ငါ ထိလို့မရဘူး။ သူက ငွေသခင်တစ်ယောက်ဖြစ်နေတဲ့အပြင် နောက်ခံကောင်းကောင်းရှိတယ်။ ငါ သူ့နောက်ခံကို မစော်ကားရဲဘူး။ ယိရန် မင်း မြို့တော်ဝန်ရီရန်နောက်ကွယ်ကလူကို စော်ကားခဲ့တာများလား"
ဧကရာဇ်လင်းက သက်ပြင်းတစ်ချက်ချ၍ ခေါင်းယမ်းလိုက်၏။ လင်ယုရော ရီရန်ပါ သူ့ကိုဂရုမစိုက်ဘဲ တစ်ယောက်ပြီးတစ်ယောက် ဆန့်ကျင်နေသောကြောင့် ထူးဆန်းကြောင်း ခံစားနေရသည်။ သူတို့ကို နောက်ကွယ်မှထောက်ပံ့ပေးနေသော အစွမ်းထက်အင်အားစုတစ်ခုရှိနိုင်ပြီး ယဲ့ချန်ကဲ့သို့ သာမန်လူတစ်ယောက်က ဤကိစ္စများ၏လက်သည်မဟုတ်ဟု ယုံကြည်နေသည်။
"မဖြစ်နိုင်ဘူး။ ကျွန်တော်က အဲ့ဒီလူဘယ်သူဆိုတာကိုတောင် မသိဘူး။ ကျွန်တော်က ရန်ယွင်မြို့မှာ တစ်ချိန်လုံးနေထိုင်ခဲ့ပြီး အရေးကြီးပုဂ္ဂိုလ်တစ်ယောက်မှ ဒီကို မလာခဲ့ဖူးပါဘူး"
ယိရန်က မျက်မှောင်ကြုတ်၍ စဥ်းစားကာငြင်းဆန်လိုက်သည်။
"ကြည့်ရတာ ယဲ့ချန်ကိုအပြစ်ပေးနိုင်ဖို့ အနာဂတ်မှာ အခွင့်အရေးတစ်ခုကို စောင့်ရလိမ့်မယ်။ အခု ငါတတ်နိုင်တာကတော့ လင်ယုလုယူသွားတဲ့ နယ်မြေနဲ့ လျော်ကြေးကို မင်းဆီပြန်ပေးတာ ဖြစ်တယ်။ လောလောဆယ်မှာ ဒီပြဿနာကို ဒီလောက်နဲ့ ကြေအေးပေးရလိမ့်မယ်"
ဧကရာဇ်လင်းက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။ နှစ်ပေါင်းများစွာအတွင်း သူက ဤသို့ကူကယ်ရာမဲ့နေသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ယိရန်သည်လည်း ယဲ့ချန်ကို သင်ခန်းစာပေးမည်ဟု လေကြီးမိုးကြီးပြောခဲ့သော်လည်း အမှန်တကယ်မလုပ်နိုင်ခဲ့သောကြောင့် စိတ်ဓာတ်ကျနေသည်။ သူကိုယ်တိုင်က ကြေးအဆင့်သခင်တစ်ယောက်ဖြစ်သော်လည်း ယဲ့ချန်မှာ ပို၍အဆင့်မြင့်သော ရွှေအဆင့်သခင်တစ်ယောက် ဖြစ်လာခဲ့သည်။ သူ့အနေဖြင့် ယဲ့ချန်ကို စောင့်ကြည့်နေရုံသာတတ်နိုင်ပြီး တော်ဝင်မြို့တော်မှ လင်မျိုးနွယ်၏ သတင်းကိုသာ စောင့်ဆိုင်းရပေလိမ့်မည်။
တာအိုအိမ်တော်မှ အသိအမှတ်ပြုပြီးနောက် ယဲ့ချန်သည် ရွှေအဆင့် သခင်တစ်ယောက်ဖြစ်နေသောကြောင့် လောလောဆယ်တွင် ဧကရာဇ်လင်းက သူ့ကို ရန်ရှာနိုင်မည်မဟုတ်ပေ။ သူ၏လက်ထဲရှိ ဆယ်ဘီလီယံကို ခရီးသွားခအဖြစ်သုံးရန် ရည်ရွယ်ပြီး အရှေ့ပိုင်းတိုက်ကြီးသို့ ကျင့်ကြံသူများ စေလွှတ်လိုက်သည်။ ဤတစ်သုတ်တွင် ယဲ့မျိုးနွယ်နှင့် ကြယ်ခန်းမမှ အဖွဲ့ဝင်အရေအတွက် တစ်ထောင်ကျော် ခေါ်ဆောင်လာနိုင်ပြီး ဝူဇီလည်း လိုက်ပါလာခဲ့သည်။ လင်ယုမရှိသောကြောင့် ယဲ့ချန်မှာ သူတို့၏ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို မစမ်းသပ်နိုင်ခဲ့ပေ။ ထို့နောက် သူတို့ကို သင်ကြားပြသပေးရန်အတွက် ကုဖေးတို့အဖွဲ့ကို ညွှန်ကြားပြီး နေရာထိုင်ခင်း စီစဥ်ပေးလိုက်သည်။
အချိန်တစ်ခုအကြာတွင် ယဲ့ချန်ထံ ယဲ့ဖန်း၊ ယဲ့မူ၊ ကျိလေ့နှင့် အခြားလူများ၏ပြန်စာများ ရောက်ရှိလာကြသည်။ သူတို့၏ဆရာများဖြစ်သော စစ်ဧကရာဇ်များက ယဲ့မျိုးနွယ်အတွက် ရပ်တည်ပေးရန် သဘောတူခဲ့ပြီး ဧကရာဇ်လင်းထံ သူတို့၏ငယ်သားများ စေလွှတ်လိုက်ကြ၏။ သူက စစ်ဧကရာဇ်ခြောက်ယောက်ထံမှ ပြန်စာနှင့် တံဆိပ်ပြားများ ရရှိခဲ့ပြီး သူတို့၏တပည့် တာအိုနတ်အဆင့်ကျင့်ကြံသူများကို ယဲ့ချန်၏နယ်မြေထံ ပို့လွှတ်ပေးခဲ့ကြသည်။ ယဲ့ချန်က သူတို့ကို အလျင်အမြန်ကြိုဆို၍ နေရာချပေးလိုက်ပြီး သူ၏အစီအစဥ်က နောက်ဆုံးတွင် ရလဒ်တစ်ခု ထွက်ပေါ်လာပြီဖြစ်သည်။
ယဲ့ဖန်းတို့အားလုံးသည် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း ငါးဆယ်ကျော်သည့်အပြင် သူတို့၏ပါရမီ၊ ကိုယ်ကျင့်စရိုက်နှင့် ကြိုးစားမှုကို စစ်ဧကရာဇ်များက ကျေနပ်နေကြသည်။ သူတို့က ယဲ့မျိုးနွယ်နှင့် ကြယ်ခန်းမမှ ပါရမီရှင်များကို ဂရုစိုက်ကြသဖြင့် ယဲ့မျိုးနွယ်ဒုက္ခရောက်နေကြောင်း ကြားသောအခါ ဘေးထွက်ရပ်မနေနိုင်ကြပေ။ ကောင်းကင်မူလတိုက်ကြီးတွင် ဆရာတပည့်ဆက်ဆံရေးက မိဘနှင့်ရင်သွေးကြားမှ ဆက်ဆံရေးကဲ့သို့ နက်ရှိုင်းပြီး ဆရာ့ကို တပည့်တစ်ယောက်က သစ္စာဖောက်လျှင် လူတိုင်း၏လိုက်လံသတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။ ဧကရာဇ်လင်းသည် ယိရန်အတွက် ရပ်တည်ပေးသကဲ့သို့ ယဲ့ဖန်း၊ ယဲ့မူ၊ ကျိလေ့စသူတို့အတွက် သူတို့၏ဆရာစစ်ဧကရာဇ်များက သေချာပေါက် ရပ်တည်ပေးခဲ့ကြသည်။ ဤကား ဆရာနှင့်တပည့်ကြားတွင် ဆက်ဆံရေးကောင်းမွန် တိုးတက်စေသော နည်းလမ်းကောင်းတစ်ခုဖြစ်သည်။
လိုအပ်သော အစီအစဥ်များကို ချမှတ်ပြီးနောက် ယဲ့ချန်သည် သူ၏ခြံဝန်းအတွင်း ပြန်လာခဲ့သည်။ သို့သော် သူက ခြံဝန်းအတွင်း ခြေချရုံရှိသေး၊ တန်းဟိုင်သားရဲက အလျင်အမြန် ပြေးထွက်လာခဲ့သည်။
"အစ်ကိုကြီး လင်မျိုးနွယ်ရဲ့ ကြယ်သလင်းကျောက်ကနေ သတင်းတစ်ခုရတယ်။ သူတို့က လင်ယုကို ငါးရက်အတွင်း အပြစ်ပေးကြတော့မယ်"
တန်းဟိုင်က စိုးရိမ်တကြီး အသိပေးလိုက်ခြင်းဖြစ်သည်။
"နှင်းဧကရာဇ်က သူ့ကိုကယ်ဖို့အတွက် ထွက်မလာဘူးလား။ နှင်းဧကရာဇ်ကို လင်မျိုးနွယ်က တစ်ခုခုနဲ့ အကျပ်ကိုင်ထားတာများလား"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ စဥ်းစားနေသည်။
"သွားကြစို့။ ငါ့ကို တော်ဝင်မြို့ကလင်မျိုးနွယ်ဆီ ခေါ်သွားပေး"
ခဏတာစဥ်းစားပြီးနောက် ခြံဝန်းအတွင်း ယဲ့ချန်တစ်ယောက် နေရစ်ခဲ့ပြီး နောက်ယဲ့ချန်တစ်ယောက်က တန်းဟိုင်၏ကျောပေါ်သို့ ခုန်တက်လိုက်သည်။ တန်းဟိုင်က လျှပ်စီးကြောင်းတစ်ခုပမာ အလျင်အမြန် ပြေးထွက်သွားခဲ့သည်။
"တန်းဟိုင် လင်မျိုးနွယ်ရဲ့စည်းကမ်းအရ လင်ယုကို ဘယ်လိုအပြစ်ပေးနိုင်မလဲ"
လမ်းဘေးဝဲယာရှိ မြင်ကွင်းများကို တရိပ်ရိပ်ဖြတ်ကျော် ပြေးလွှားနေသည့် တန်းဟိုင်၏ကျောပေါ်ရှိ ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။
"စည်းမျဥ်းအရဆိုရင် အပြစ်ဒဏ်က ပေါ့မယ်ဆိုရင် ဆက်ခံသူရာထူးက ထုတ်ပယ်ခံရမယ်။ ပြင်းထန်ရင်တော့ မြေအောက်အမှောင်ရေခဲထောင်မှာ သုံးနှစ် အပိတ်ခံရလိမ့်မယ်"
ရေခဲထောင်အကြောင်း တွေးမိလိုက်သောအခါ တန်းဟိုင်၏စိတ်ထဲတွင် ကြောက်စိတ်များ ဖြစ်ပေါ်လာသည်။
"မြေအောက်အမှောင်ရေခဲထောင်က ဘယ်လိုနေရာမျိုးလဲ"
"ဒါက လင်မျိုးနွယ် စတင်တည်ထောင်ကာစမှာ ဆိုးယုတ်တဲ့မျိုးနွယ်ဝင်တွေကို အပြစ်ပေးဖို့ တည်ဆောက်ထားတဲ့ ထောင်တစ်ခုပါ။ အတွင်းမှာ ပိတ်လှောင်ခံလိုက်ရရင် သုံးနှစ်မပြည့်မချင်း ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး။ နှင်းဧကရာဇ်တောင် သူ့ကို ကယ်တင်နိုင်မှာမဟုတ်ဘူး။ ထောင်မှာ အရမ်းအေးလွန်းတော့ ချီကိုလည်ပတ်ပြီး အအေးဓာတ်ကို ခုခံရတယ်။ လင်ယုသာ ဒဏ်ရာတွေကိုမကုသရသေးဘဲ ထောင်ထဲမှာ ချုပ်နှောင်ခံလိုက်ရရင် ပြန်လမ်းရှိမှာမဟုတ်ဘူး။ သခင်လေးတစ်နဲ့ နှစ်က ဒီအခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်ဘူး။ သူတို့က မျိုးနွယ်ခေါင်းဆောင် လင်ရှောင်းကျယ်ကို ဒီလိုလုပ်ဖို့ တောင်းဆိုလာနိုင်တယ်။ သခင်လေးတစ်ကိုယ်တိုင်က လင်ရှောင်းကျယ်ရဲ့သား လင်ချန်းဖြစ်နေတယ်"
တန်းဟိုင်က စိုးရိမ်တကြီး ရှင်းပြလိုက်သည်။ လင်မျိုးနွယ်၏ မျိုးနွယ်တွင်းအခြေအနေများက သေချာပေါက် မရိုးရှင်းပေ။ နတ်တိုင်းပြည်အချို့တွင် စီးပွားရေးလုပ်ငန်းများ ဖြန့်ကျက်ထားနိုင်သည့် လင်မျိုးနွယ်ကဲ့သို့ ကြွယ်ဝသောမျိုးနွယ်တစ်ခု၌ အတွင်းပိုင်းတိုက်ပွဲများက အလွန်ပြင်းထန်လေသည်။