← Chapters

ကျူပင်ခုတ်ကျူငုတ်မကျန်

Vol. 42 Ch. 580

ကျူပင်ခုတ်ကျူငုတ်မကျန်

Vol. 42 Ch. 580

"လင်မျိုးနွယ်လို ချမ်းသာတဲ့ မျိုးနွယ်ရဲ့သခင်လေးတွေက အပျော်အပါးလိုက်စားတဲ့ ကောင်မျိုးတွေဖြစ်တယ်။ သူတို့ကိုကိုင်တွယ်ဖို့က လွယ်ကူပါတယ်။ ဒါပေမယ့် သူတို့ရဲ့မိဘတွေနဲ့ အကြီးအကဲတွေက ပြဿနာပဲ။ နှင်းဧကရာဇ်သာ အချိန်မီမရောက်ရင် လင်ယု ပြဿနာတက်သွားနိုင်တယ်။ သူ့မိဘတွေကိုလည်း လင်မျိုးနွယ်က သတ်ပစ်လိုက်ကြတယ်လေ"

တန်းဟိုင်က စိုးရိမ်တကြီးပြောသည်။

"ဘာ လင်ယုမိဘတွေကို သူ့မျိုးနွယ်ဝင်တွေကပဲ သတ်လိုက်တာလား။ သူ တစ်ခါမှ မပြောဖူးဘူး"

လင်မျိုးနွယ်၏အာဏာလုပွဲအတွင်း လင်ယု၏မိဘများ ဓားစာခံဖြစ်ခဲ့ကြောင်း သိလိုက်ရသောအခါ ယဲ့ချန်က တုန်လှုပ်သွားခဲ့သည်။

"လင်ယုကတော့ သူ့မိဘတွေအကြောင်း ဘယ်သူ့ကိုမှမပြောဘဲ ဖုံးကွယ်ထားပေမယ့် ငါ သူ့အမုန်းတရားတွေကို ခံစားမိတယ်။ မိဘတွေရဲ့အုတ်ဂူရှေ့မှာ လင်ယုငိုနေတာကိုတောင် တွေ့ဖူးတယ်။ သူက လင်မျိုးနွယ်ရဲ့ ခေါင်းဆောင်ဖြစ်ချင်တယ်ဆိုတာက လက်စားချေချင်လို့ပါ။ သူက တစ်ဘဝလုံး မျှော်လင့်ချက်မဲ့နေခဲ့ပေမယ့် အစ်ကိုကြီးပေါ်လာတော့ ပြန်ပြီးအားတက်လာတယ်။ အခွင့်အရေးသာရရင် လင်ယုက သူ့မျိုးနွယ်ဝင်တွေကိုသတ်ပစ်ဖို့ လက်တွန့်နေမှာမဟုတ်ဘူး"

တန်းဟိုင်၏မျက်လုံးများက အေးစက်စက်တောက်ပနေသည်။ ယဲ့ချန်သည်လည်း လင်ယု၏ ရည်ရွယ်ချက်အစစ်အမှန်ကို နားလည်လိုက်ပြီဖြစ်သည်။ လင်မျိုးနွယ်ခေါင်းဆောင်နှင့် ကျစ်ဟွာတိုင်းပြည်ဘုရင်ဆိုသော ပန်းတိုင်များက အပေါ်ယံသာဖြစ်ပြီး ပန်းတိုင်အစစ်အမှန်က မိဘများအတွက် လက်စားချေလိုခြင်းဖြစ်သောကြောင့် လင်ယုမှာ ဖုံးကွယ်ထားခဲ့ရသည်။

ကျစ်ဟွာနတ်တိုင်းပြည် တော်ဝင်မြို့တော်၊ လင်မျိုးနွယ်၏အိမ်တော်အတွင်း မြို့အရှေ့ဘက်မှ ဖြတ်သန်းတည်ရှိနေသော တောင်တန်းကြီးတည်ရှိကာ စမ်းချောင်းလေးများနှင့် သစ်ပင်ပန်းမန်မျိုးစုံ ပေါက်ရောက်နေသည်။ အလွန်လှပသောရှုခင်းကို နောက်ခံထား၍ ကြီးကျယ်ခမ်းနားသော အဆောက်အအုံများ တည်ဆောက်ထားသဖြင့် လူ့ပြည်၏သုခဘုံတစ်ခုပမာ ထင်မှတ်ရသည်။ လင်အိမ်တော်၏ဝင်ပေါက်မှ ဧည့်ခန်းဆောင်သို့ရောက်လိုလျှင် ရှည်လျားလှပသော လမ်းတစ်ခုအတိုင်း နာရီဝက်တိတိ လမ်းလျှောက်ရပေလိမ့်မည်။ မဟူရာတောင်ပတ်ဝန်းကျင်၌ တည်ဆောက်ထားသော စည်းကမ်းထိန်းခန်းမရှေ့ရှိ ရင်ပြင်တွင် လင်မျိုးနွယ်ဝင်ပေါင်း နှစ်ထောင်ကျော် စုဝေးနေကြသည်။ လင်ရှောင်းကျယ်သည် လက်တင်ကုလားထိုင်ပေါ်တွင် နေရာယူထားပြီး ကြမ်းကြုတ်သန်မာသော သူ၏အသွင်အပြင်ကြောင့် ဒေါသထွက်မနေလျှင်ပင် မြင်ရသူအပေါင်းကို တွန့်သွားစေနိုင်သည်။ သူက တာအိုနတ်အဆင့်တစ်ဆယ်ကျင့်ကြံသူဖြစ်ပြီး ဘေးတစ်ဖက်တစ်ချက်တွင် လင်ကုန်းနှင့် အခြားအကြီးအကဲများ နေရာယူထားကြသည်။

သူနှင့်မနီးမဝေးတွင် ထိုင်ခုံသုံးလုံးချထားကာ လူငယ်နှစ်ယောက် ထိုင်နေကြသည်။ နှစ်ယောက်လုံးက ရုပ်ရည်ချောမောပြီး ပိုးထည်ဝတ်စုံကိုယ်စီ ဆင်မြန်းထားသော်လည်း ကောက်ကျစ်မည့်မျက်လုံးမျိုး ပိုင်ဆိုင်ထားကြသည်။ ထိုအချိန်တွင် သူတို့က ရင်ပြင်အလယ်တွင် ဖမ်းချုပ်ခံထားရသော လင်ယုကို လှောင်ပြုံးပြုံးရင်း စိုက်ကြည့်နေကြသည်။ တတိယမြောက်ထိုင်ခုံသည် လင်ယု၏နေရာဖြစ်ပြီး သူက လက်ရှိတွင် အပြစ်သားဖြစ်နေသောကြောင့် ဗလာဖြစ်နေခဲ့သည်။ ထိုလူငယ်နှစ်ယောက်မှာ လင်ချန်းနှင့်လင်ရှုဖြစ်ပြီး လင်မျိုးနွယ်၏ ဆက်ခံသူလောင်းများဖြစ်ကြသည်။ လင်ယု၏အခြေအနေ ဆိုးရွားနေသောအခါ သူတို့က ဝမ်းသာနေကြပြီး အပြစ်ပေးမှုပြီးဆုံးလျှင် ခြိမ်းခြောက်မှုတစ်ခု ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။

ရင်ပြင်၏အလယ်တွင် လင်ယုကို တာအိုနတ်အဆင့် ကျင့်ကြံသူနှစ်ယောက်က ဖိနှိပ်ထားပြီး သူ၏မျက်နှာက သွေးဆုတ်ဖြူရော်နေကာ အဝတ်အစားများစုတ်ပြဲနေပြီး လက်တစ်ဖက်ပြတ်နေသော ဒဏ်ရာက အထင်းသားပေါ်လွင်နေသဖြင့် သနားစရာပုံစံမျိုးဖြစ်နေခဲ့သည်။ လင်မျိုးနွယ်ဝင်ပေါင်းနှစ်ထောင်ကျော်တွင် အချို့က ဝမ်းသာနေသော်လည်း ကိုးဆယ်ရာခိုင်နှုန်းသည် လင်ယုအတွက် ကရုဏာသက်နေကြသည်။ လင်မျိုးနွယ်ဝင်များဖြစ်သောကြောင့် လင်ယုကြီးပြင်းလာသည်ကို သူတို့ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး အတိတ်မှဖြစ်ရပ်များကို သိရှိထားကြသည်။ လင်ယု၏မိဘများ ဆန်းကျယ်စွာ သေဆုံးသွားပြီးနောက် သူက မျိုးနွယ်အတွင်း လျစ်လျူရှုခံခဲ့ရပြီး လင်ယွမ်သာ ကာကွယ်ပေးမထားလျှင် မည်သို့သောဘဝမျိုးရောက်သွားမည်ကို မပြောနိုင်ပေ။ ထို့အပြင် အရွယ်ရောက်လာသောအခါတွင်လည်း တော်ဝင်မြို့တော်မှထွက်သွားရန် ဖိအားပေးခံခဲ့ရပြီး ရန်ယွင်မြို့ကဲ့သို့ အစွန်အဖျားနေရာတစ်ခုသို့ ထွက်သွားခဲ့ရသည်။ လင်ယုက ပြဿနာကို ရှောင်ရှားတတ်သူဖြစ်သော်လည်း ကြီးမားသော အမှားတစ်ခုပြုလုပ်လိုက်ခြင်းကို သူတို့က မတွေးတတ်အောင် ဖြစ်နေကြသည်။

လင်မျိုးနွယ်ဝင်အများစုသည် လင်ချန်းနှင့် လင်ရှုက လင်ယုကိုသတ်ရန် အမြဲတမ်းလိုလားနေကြောင်း သိထားသည်။ သို့သော်လည်း ထိုနှစ်ယောက်က လင်မျိုးနွယ်အတွင်း အင်အားစုတစ်ခုစီပိုင်ဆိုင်ထားသောကြောင့် သူတို့က ပေါ်တင်ထုတ်မပြောရဲပေ။ လင်ချန်း၏ဖခင်ဆိုလျှင် လင်မျိုးနွယ်၏လက်ရှိခေါင်းဆောင် လင်ရှောင်းကျယ်ဖြစ်သည်။

"လင်ယု မင်းအပြစ်ကို မင်း သိလား"

လင်ရှောင်းကျယ်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ငါ့မှာ အပြစ်မရှိဘူး"

လင်ယုသည် ချီပင်လယ်ဖောက်ခွဲခံရပြီး လက်တစ်ဖက်ပြတ်နေသောကြောင့် အားနည်းနေသော်လည်း ခါးမတ်မတ်ရပ်၍ ငကြောက်တစ်ယောက်၏အမူအရာမျိုး ရှိမနေခဲ့ပေ။

"မင်းက ဒီလိုအပြစ်ကြီးကျူးလွန်ထားတာတောင် ခေါင်းမာနေသေးတာလား။ မင်းက ဧကရာဇ်လင်းရဲ့တပည့်ကိုသတ်ရန် ကြံစည်ပြီး ပိုင်ဆိုင်မှုတွေကို လုယူခဲ့တယ်။ မင်းကြောင့် ဧကရာဇ်လင်းကိုယ်တိုင် လင်မျိုးနွယ်ကိုရောက်လာပြီး မေးခွန်းထုတ်ခဲ့တယ်။ မင်းအပြစ်ကို မင်း ဝန်မခံသေးဘူးလား"

လင်ကုန်းက ဝင်ရောက်ငေါက်ငမ်းလိုက်ခြင်းဖြစ်သည်။

"ငါက ယိရန်ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းယူလိုက်ရင်တောင် သူ့ကိုသတ်ချင်နေပါတယ်ဆိုတဲ့ သက်သေ မရှိဘူး။ မင်းတို့မှာ ငါက ယိရန်ကို သတ်ချင်နေပါတယ်ဆိုတဲ့ သက်သေရှိရင်တောင် တစ်ဖက်သတ်ပြောစကားကိုယုံပြီး လင်မျိုးနွယ်ဝင်တစ်ယောက်ကို အပြစ်ပေးမလို့လား။ မင်းက လင်မျိုးနွယ်ခေါင်းဆောင်ဖြစ်နေပေမယ့် စောက်ကြောက်တစ်ယောက်ပဲ။ မင်းက ကိုယ့်မျိုးနွယ်ဝင်တစ်ယောက်ကို မကာကွယ်ပေးတဲ့အပြင် အပြင်လူရဲ့စကားတစ်ခွန်းကြောင့် သက်သေမရှိဘဲ အပြစ်ပေးပြီး လျော်ကြေးပေးချင်တယ်။ အနာဂတ်မှာ ဒီလိုခေါင်းဆောင်မျိုးကြောင့် လင်မျိုးနွယ်က ပြက်လုံးတစ်ခု ဖြစ်လာလိမ့်မယ် ဟား ဟား"

လင်ယုက လင်ရှောင်းကျယ်ကို မျက်လုံးချင်းဆုံကြည့်၍ ဟားတိုက်လှောင်ရယ်လိုက်သည်။ သူ၏စကားကြောင့် လင်မျိုးနွယ်ဝင်များကြားတွင် တီးတိုးဆွေးနွေးသံများ ထွက်ပေါ်လာသည်။ ဤစကားများက အကျိုးအကြောင်းသင့်ပြီး လင်ယုသည် ယိရန်ကိုသတ်ရန် ကြံစည်သည်ဟူသော သက်သေမျိုး မရှိပေ။ ထို့အပြင် ဤကိစ္စကို စုံစမ်းခြင်းလုံးဝမပြုလုပ်ဘဲ တစ်ဖက်သတ်အရေးယူခြင်းဖြစ်၍ လင်မျိုးနွယ်ခေါင်းဆောင်နှင့် စည်းကမ်းထိန်းခန်းမသည် လင်ယုကို အလျင်စလို အပြစ်ပေးချင်နေကြသည်။ သူတို့၏အမြင်တွင် လင်ယုသည် သတိကြီးကြီးထားတတ်သူတစ်ယောက် ဖြစ်သော်လည်း လက်ရှိ၌ သူက အတိတ်မှလင်ယုလောက် ကြောက်လန့်ခြင်းမရှိပေ။ သူက လူတိုင်းအရှေ့တွင် လင်ရှောင်းကျယ်ကို ခွန်းတုံ့ပြန်နေရဲသဖြင့် လူတိုင်း အံ့သြနေကြသည်။

"မောက်မာလှချည်လား"

လင်ရှောင်းကျယ်မှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး မည်းနက်နေသည်။ လင်မျိုးနွယ်၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် အဆင့်အတန်းမြင့်မားပြီး အာဏာစက်ပြင်းထန်ခဲ့သော်လည်း လင်ယုကြောင့် အရှက်ခွဲခံလိုက်ရခြင်းကို သည်းမခံနိုင်ပေ။ အထူးသဖြင့် မျိုးနွယ်ဝင်များစွာစုဝေးနေသော အစည်းအဝေးမျိုးတွင် ဖြစ်သည်။

"လင်ယု မင်းက ဒီအခြေအနေရောက်တာတောင် မောက်မာနေတုန်းလား။ လင်မျိုးနွယ်မှာ စည်းမျဥ်းတွေ မရှိဘူးလား"

လင်ကုန်း၏လေသံကလည်း အလွန်တင်းမာနေသည်။

"မျိုးနွယ်စည်းကမ်းတွေနဲ့ ငါ့ကိုခြိမ်းခြောက်ဖို့ စဥ်းစားမနေနဲ့။ လင်ရှောင်းကျယ်က မျိုးနွယ်ခေါင်းဆောင်ဖြစ်နေလို့ မင်းက သူ့နောက်လိုက်ခွေး ဖြစ်နေတာမလား။ မင်းတို့က ငါ့ကို အမြဲတမ်းအပြစ်ပေးချင်နေတယ်ဆိုတာကို သိတယ်။ ဒါပေမယ့် မင်းက လူတိုင်းအရှေ့မှာ ဆင်ခြေတစ်ခု ပေးချင်နေတယ်။ ငါ့ကို အပြစ်ပေးချင်ရင် သက်သေပြစမ်း"

လင်ယုက အေးစက်စက်ပြောလိုက်သည်။ သူ၏စကားကြောင့် လင်ကုန်းမှာ ဒေါသူပုန်ထသွားလေသည်။

"သက်သေမရှိရင် ငါက မင်းကို ဘာမှလုပ်မရတော့ဘူးလို့ ထင်နေတာလား။ စည်းကမ်းထိန်းအကြီးအကဲတွေ အားလုံးရှိတယ်။ မင်းက ဒီလိုမျိုးရိုင်းပျနေတဲ့အတွက် စည်းကမ်းချိုးဖောက်ရာ ရောက်တယ်"

လင်ရှောင်းကျယ်က နှာခေါင်းရှုံ့လိုက်သည်။

"မျိုးနွယ်စည်းကမ်းချက်အမှတ်၇၁အရ မျိုးနွယ်ခေါင်းဆောင်နဲ့ အကြီးအကဲတွေရှေ့မှာ မောက်မာသူဟာ အပြစ်ပေးခံရတဲ့အနေနဲ့ မျိုးနွယ်ရဲ့လစာကို သုံးနှစ်ကနေဆယ်နှစ်အထိ ဖြတ်တောက်ခံရမယ်။ ဆည်းဆာရွှေနှစ်ဘီလီယံ ပေးဆောင်ပြီးရင် မျိုးနွယ်က ထုတ်ပယ်ခံရမယ်။ ဒီအပြစ်ကို ငါ လက်ခံမယ် ဟား ဟား"

လင်ယုက မျိုးနွယ်စည်းကမ်းကို အလွတ်ရွတ်ဆိုပြလိုက်၏။

"မင်း မင်း မင်း"

လင်ရှောင်းကျယ်သည် လင်ယုကို လက်ညှိုးဖြင့်ထိုးကာ ဒေါသထွက်လွန်း၍ စကားမပြောနိုင်ဖြစ်နေရသည်။ လင်ယုသည် ရေနွေးပူကိုမကြောက်သော ဝက်တစ်ကောင်နှင့် ဆင်တူနေသည်။

"လင်ရှောင်းကျယ် လင်ရှောင်းကျယ် မျိုးနွယ်စည်းကမ်းတွေကို မင်းထက် ငါ ပိုတယ်။ အချက်၃၂၀၀လုံးကို ငါ အခု ရေးပြနိုင်တယ်"

လင်ယုက အေးစက်စက်ပြောလိုက်သော်လည်း လင်ယွမ် ရောက်မလာသေးသဖြင့် စိတ်ထဲ၌ စိုးရိမ်စပြုလာသည်။ ထို့ကြောင့် သူက အချိန်ဆွဲရန် ကြိုးစားနေခြင်းဖြစ်သည်။

"လင်ယု မင်းက ဧကရာဇ်လင်းကိုစော်ကားပြီး လင်မျိုးနွယ်ကို များစွာဆုံးရှုံးစေခဲ့တယ်။ ယိရန်ရဲ့ပိုင်ဆိုင်မှုတွေကိုလည်း အကွက်ချကြံစည်ပြီး သိမ်းပိုက်ချင်ခဲ့တယ်။ ဒီအပြစ်ကို ဝန်ခံလား။ ယိရန်ရဲ့နယ်မြေကို ပြန်ပေးအပ်ပြီး ဆည်းဆာရွှေတစ်ဆယ်ဘီလီယံ လျော်ကြေးပေးဆောင်ဖို့ အမိန့်ချတယ်"

လင်ရှောင်းကျယ်သည် မျိုးနွယ်ခေါင်းဆောင်ဟူသော ရာထူးကို အသုံးချ၍ လင်ယုကို အပြစ်ပေးရန် ဆက်တိုက်ကြိုးစားနေသည်။

"လင်ရှောင်းကျယ် လင်မျိုးနွယ်ဘိုးဘေးတွေ ချမှတ်ထားတဲ့ စည်းကမ်းတစ်ခု ရှိတယ်။ လင်မျိုးနွယ်ဝင်တစ်ယောက်နဲ့ အပြင်လူတစ်ယောက် ပဋိပက္ခဖြစ်ရင် အမှန်တရားမထွက်ပေါ်လာခင်အထိ မျိုးနွယ်ခေါင်းဆောင်က မျိုးနွယ်ဝင်ကို ကာကွယ်ပေးရမယ်။ အပြင်လူရဲ့တစ်ဖက်သတ်စကားကို ယုံကြည်ပြီး ဆုံးဖြတ်ခွင့်မရှိဘူး။ အခုတော့ မင်းက ငါ့ကို အပြင်လူတစ်ယောက်က ဒဏ်ရာရအောင် လုပ်လိုက်တာတောင် မစုံစမ်းဘဲ လျော်ကြေးပေးစေချင်တယ်။ လင်မျိုးနွယ်ခေါင်းဆောင်အဆက်ဆက်မှာ မင်းလိုစောက်ကြောက် တစ်ကောင်မှမရှိဘူး"

လင်ယုက လှောင်ပြုံးပြုံး၍ ပြန်လည်တုံ့ပြန်လိုက်သည်။ သူ၏စကားများက မှန်ကန်နေသဖြင့် လင်မျိုးနွယ်ဝင်များ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ သက်သေမရှိသော်လည်း အပြင်လူ၏စကားကြောင့် လင်ရှောင်းကျယ်နှင့် အကြီးအကဲများသည် လင်ယုကိုအပြစ်ပေးရန် စွဲချက်တင်နေခြင်းက မသင့်လျော်ပေ။ အကယ်၍ လင်ရှောင်းကျယ်သာ လင်ယုကို အပြစ်ပေးလိုက်လျှင် အနာဂတ်၌ လင်မျိုးနွယ်ဝင်များက အပြင်လူများမကောင်းကြံနေမည်ကို ကြောက်လန့်နေရပေလိမ့်မည်။ တီးတိုးဆွေးနွေးသံများ ထွက်ပေါ်လာသော လင်ရှောင်းကျယ်က မကျေမနပ်ဖြစ်နေသည်။ လင်ယုကိုအပြစ်ပေးခြင်းက လွယ်ကူမည်ဟု ထင်နေသော်လည်း အမြဲတမ်း ခေါင်းငုံ့ခံနေတတ်သော လင်ယုက ချက်ကျလက်ကျတုံ့ပြန်ခဲ့သည်။ သူက မည်သို့ဆက်လက်ဆောင်ရွက်ရမည်ကို မစဥ်းစားတတ်တော့ပေ။

အတိတ်တွင် လင်ယုသည် အမြဲတမ်းသတိကြီးကြီးနှင့် လူညံ့တစ်ယောက် ဟန်ဆောင်နေခဲ့သဖြင့် လင်ရှောင်းကျယ်မှာ သက်သေများ စုဆောင်းမထားခဲ့ပေ။ သက်သေမရှိလျှင်ပင် လင်ယုကို အပြစ်ပေးနိုင်မည်ဟု ထင်မြင်ခဲ့သော်လည်း လက်ရှိအချိန်၌ နောက်ကျသွားခဲ့သည်။ လင်ယုက ဤစီရင်မှုတွင် ချေပရာ၌ အသာစီးရနေခဲ့သည်။

"လင်မျိုးနွယ်ရဲ့ သခင်လေးတစ်ယောက်အနေနဲ့ မျိုးနွယ်ခေါင်းဆောင်က တရားမျှတမှုကို မေ့လျော့နေတဲ့အတွက် နှင်းဧကရာဇ်ကိုယ်တိုင် စီရင်ပေးဖို့ တောင်းဆိုတယ်"

လင်ယုက လင်ရှောင်းကျယ်ကို စိုက်ကြည့်၍ အော်ဟစ်လိုက်ခြင်းဖြစ်သည်။ ဤကား သူ၏ရည်ရွယ်ချက်ဖြစ်ပြီး လင်ယွမ် ထွက်ပေါ်လာလျှင် ပြဿနာအားလုံး ဖြေရှင်းပြီးဖြစ်ပေလိမ့်မည်။ သူ့ကိုခေါ်ဆောင်လာခဲ့စဥ် နှင်းဧကရာဇ်သည် အပြစ်ပေးစီရင်မည့်နေ့တွင် အရောက်လာမည်ဟု တစ်စုံတစ်ယောက်စေလွှတ်ကာ သတင်းပေးခဲ့သည်။ လက်ရှိတွင် လင်ယွမ် အချိန်မီမရောက်လာခြင်းမှာ အကြောင်းအရင်းရှိသောကြောင့် ဖြစ်နိုင်သည်။

လင်ယုသည် လင်ယွမ်၏ကူညီမှုကို အတပ်ရမည့်သဘောဖြင့် ယုံကြည်ချက်ပြည့်ဝနေသောကြောင့် လင်ရှောင်းကျယ်က မျက်မှောင်ကြုတ်လိုက်၏။ နှင်းဧကရာဇ်ရောက်လာပါက ပြဿနာအားလုံး ဖြေရှင်းပြီးဖြစ်ပေလိမ့်မည်ဟု လင်ယုက ယုံကြည်နေသောအခါ သူက ဆက်လက်စောင့်ဆိုင်းနေလျှင် ပြဿနာတက်နိုင်ကြောင်း နားလည်လိုက်သည်။ အတိတ်တွင် လင်ယု၏မိဘများကို သူက လျှို့ဝှက်လုပ်ကြံခဲ့သော်လည်း လင်ယုကို လင်ယွမ်သည် ကာကွယ်၍ ကယ်တင်ပေးနိုင်ခဲ့သည်။ ထို့အပြင် လင်ယွမ်သည် လင်ယုအတွက် တန်းဟိုင်ကောင်းကင်သားရဲတစ်ကောင်ကိုပင် ကာကွယ်ရေးနတ်သားရဲအဖြစ် ပေးအပ်ခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ လင်ယု အရွယ်ရောက်လာသောအခါ လင်ရှောင်းကျယ်သည် စိတ်အေးရန်အတွက် အမြဲတမ်းသတ်ချင်နေခဲ့သည်။ သို့သော်လည်း သတ်ရန်အတွက် သင့်လျော်သော အကြောင်းပြချက်မျိုး မရှာနိုင်ခဲ့ပေ။ လက်ရှိတွင် သူက အပိုင်အခွင့်အရေးတစ်ခု ရလာသောအခါ အလွယ်တကူလက်လျှော့ရန် မဖြစ်နိုင်ပေ။ လင်ယုအသက်ရှင်နေသရွေ့ သူ့အတွက် ကပ်ဘေးတစ်ခုဖြစ်လာနိုင်သောကြောင့် ကျူပင်ခုတ်ကျူငုတ်မကျန်အောင် ရှင်းလင်းရပေလိမ့်မည်။ ယနေ့တွင် လင်ရှောင်းကျယ်သည် လင်ယုကို အပြစ်မပေးနိုင်ခဲ့လျှင် လင်မျိုးနွယ်ခေါင်းဆောင်ဟူသော အာဏာက လူအများရယ်ဖွယ် ဖြစ်သွားနိုင်လေသည်။

All Chapters