ကယ်တင်ရှင်
Vol. 42 Ch. 581
"ဘိုးဘေးတွေရဲ့ စည်းမျဥ်းဆိုရင်တောင် လင်မျိုးနွယ်ခေါင်းဆောင်ဖြစ်တဲ့ ငါက စည်းကမ်းထိန်းအကြီးအကဲတွေ ခွင့်ပြုရင် မျိုးနွယ်ဝင်တိုင်းကို အပြစ်ပေးခွင့်ရှိတယ်။ မင်းရဲ့လှည့်ကွက်သေးသေးလေးနဲ့ အပြစ်ပေးမှုကနေ လွတ်မြောက်ဖို့ မစဥ်းစားနဲ့"
လင်ရှောင်းကျယ်က နှာခေါင်းရှုံ့၍ ပြောလိုက်သည်။ သူသည် နှင်းဧကရာဇ်မရောက်မီ အပြစ်ပေးရန် ကြိုးစားနေကြောင်း သိသာသဖြင့် လင်ယုက မျက်မှောင်ကြုတ်လိုက်သည်။ သူ၏မိဘများ ဆိုးရွားစွာ သေဆုံးခဲ့ရသောအဖြစ်ကို ပြန်လည်မြင်ယောင်မိသောအခါ မျက်ဝန်းနှစ်ဖက်၌ ဒေါသမီးဝင်းဝင်းတောက်နေသည်။ သူက မည်မျှအကျိုးအကြောင်းသင့်ပါစေ၊ လင်ရှောင်းကျယ်က သူ၏အာဏာဖြင့် မြေအောက်အမှောင်ရေခဲထောင်အတွင်း ပို့ဆောင်ပေလိမ့်မည်။ လင်မျိုးနွယ်ဝင်များမှာလည်း တီးတိုးပြောဆိုနေကြပြီး လင်ရှောင်းကျယ်ကို ရပ်တန့်နိုင်သူမှာ လင်ယွမ်မှလွဲ၍ တားမြစ်နိုင်သူ မရှိတော့ပေ။
"ခေါင်းဆောင် ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မစုံစမ်းရသေးခင် အလျင်စလို မဆုံးဖြတ်ပါနဲ့။ အနည်းဆုံး နှင်းဧကရာဇ်ကို သတင်းပို့သင့်ပါတယ်"
အဘိုးအိုတစ်ယောက်က လူအုပ်အတွင်းမှ မတ်တပ်ထရပ်၍ တောင်းဆိုလိုက်ခြင်းဖြစ်သည်။ နောက်ထပ်မျိုးနွယ်ဝင်အနည်းငယ်လည်း ရှေ့ထွက်လာကာ နှင်းဧကရာဇ်ဆုံးဖြတ်ပေးခြင်းကို စောင့်ဆိုင်းရန်အတွက် တောင်းဆိုလိုက်ကြသည်။
"မျိုးနွယ်ခေါင်းဆောင်တစ်ယောက်မှာ လင်ယုကို အပြစ်ပေးနိုင်တဲ့အာဏာ မရှိဘူးလား။ ငါ ဆုံးဖြတ်ပြီးပြီ။ ဆန့်ကျင်သူမှန်သမျှကို ဆယ်ရက် ဖမ်းချုပ်ထားမယ်"
လင်ရှောင်းကျယ်က အေးစက်စက်ခြိမ်းခြောက်လိုက်ပြီး လင်ယုအတွက် ရပ်တည်ပေးသူအားလုံးကို မျက်ဝန်းများကျဥ်းမြောင်း၍ စိုက်ကြည့်နေခဲ့သည်။ သူ၏မျက်နှာက အလွန်အရုပ်ဆိုးနေပြီဖြစ်သည်။ သူ၏စကားကြောင့် လင်မျိုးနွယ်ဝင်များမှာ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး မည်သို့ပြောပါစေ၊ အသုံးမဝင်ကြောင်း သဘောပေါက်သွားကြသည်။ လင်ချန်းနှင့် လင်ရှုထက် ပို၍ကိုယ်ကျင့်တရားကောင်းမွန်သော လင်ယုက သူတို့အမြင်၌ သနားစရာဖြစ်နေသည်။
"၃၅ယောက်မြောက် လင်မျိုးနွယ်ခေါင်းဆောင်ဖြစ်တဲ့ ငါက ၃၆ဆက်မြောက် ဆက်ခံသူအလောင်းအလျာ လင်ယုကို လင်မျိုးနွယ်ထိခိုက်စေမှုအတွက် အပြစ်ရှိကြောင်း ကြေညာတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကို သိမ်းယူပြီး မြေအောက်အမှောင်ရေခဲထောင်မှာ သုံးနှစ် အကျဥ်းကျခံစေ။ စည်းကမ်းထိန်းအကြီးအကဲတွေ သဘောတူရဲ့လား"
လင်ရှောင်းကျယ်သည် အချိန်ကြာနေလျှင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေသောကြောင့် အလျင်အမြန် အမိန့်ချမှတ်လိုက်သည်။ ထို့နောက် သူက စည်းကမ်းထိန်းအကြီးအကဲများဘက်လှည့်ကာ မေးမြန်းလိုက်သည်။
"ကန့်ကွက်စရာမရှိပါဘူး ခေါင်းဆောင်"
အကြီးအကဲများက ရိုသေလေးစားစွာ လျှောက်တင်လိုက်ကြ၏။ ကိုးဆယ်ရာခိုင်နှုန်းသော လင်မျိုးနွယ်ဝင်များက မကျေမနပ်ဖြစ်နေကြသည်။ ပိုင်ဆိုင်မှုများကိုသိမ်းယူခြင်းက လက်ခံနိုင်သော်လည်း အကျဥ်းချသည့်အပြစ်ဒဏ်က ရက်စက်လွန်းနေသည်။ လင်ယု၏ချီပင်လယ်ကို ဧကရာဇ်လင်းက ဖျက်ဆီးခဲ့ပြီး လက်တစ်ဖက်ဖြတ်ပစ်လိုက်ချိန်မှစ၍ ယခုအထိ ကုသမှု မခံယူရသေးပေ။ အကယ်၍ သူသာ ရေခဲထောင်အတွင်း အကျဥ်းကျမည်ဆိုလျှင် သေချာပေါက် သေဆုံးသွားနိုင်သည်။ ဧကရာဇ်လင်းသည် လင်မျိုးနွယ်ဝင်တစ်ယောက်အပေါ် လက်လွတ်စပယ်စီရင်ခြင်းကပင် သူတို့ကို ဒေါသထွက်စေခဲ့သည်။ သို့သော်လည်း လင်ရှောင်းကျယ်သည် လင်မျိုးနွယ်ဝင်တစ်ယောက်ဘက်မှ ကာကွယ်ပေးရမည့်အစား လင်ယုကိုသတ်ရန် ကြိုးစားနေသဖြင့် အလွန်အောက်တန်းကျသည့် လုပ်ရပ်ဖြစ်သည်။ သို့သော် သူတို့က မည်မျှမကျေမနပ်ဖြစ်ပါစေ၊ လင်မျိုးနွယ်ခေါင်းဆောင်ရာထူးက အဆင့်အတန်းမြင့်သောကြောင့် မကန့်ကွက်ဝံ့ကြပေ။ မဟုတ်လျှင် လင်ရှောင်းကျယ်က ဤမျှထင်ရာစိုင်းနိုင်နေမည် မဟုတ်ချေ။
"လင်ယု မင်း ဘာပြောချင်သေးလဲ"
လင်ယုက မည်မျှလျှာစောင်းထက်ပါစေ၊ သူ၏အာဏာအောက်တွင် မည်သို့ပြောပြော အသုံးမဝင်သောအခါ လင်ရှောင်းကျယ်အတွက် ကျေနပ်စရာဖြစ်နေခဲ့သည်။
"ဘာမှမပြောချင်ဘူး"
လင်ယုက အံကြိတ်၍ ဒေါသတကြီးဖြစ်နေသော်လည်း တတ်စွမ်းနိုင်သော အရာမရှိချေ။ လင်ယွမ် အချိန်မီရောက်မလာသော အကြောင်းအရင်းကိုလည်း မသိရပေ။ အကယ်၍ သူသာ ရေခဲထောင်အတွင်းရောက်သွားလျှင် စစ်ဧကရာဇ်တစ်ယောက်ပင် မချိုးဖျက်နိုင်သောကြောင့် လင်ယွမ်လည်း ကယ်တင်ပေးရန် အလွန်နောက်ကျသွားပေလိမ့်မည်။
"လင်ယုကို အကျဥ်းချဖို့ ခေါ်သွားကြစမ်း"
လင်ရှောင်းကျယ်က အေးစက်စက်ပြုံး၍ အမိန့်ပေးလိုက်သောအခါ လင်ယု၏ဘေးရှိ အစောင့်များက လင်ယုကို ဖမ်းချုပ်လိုက်ကြသည်။ လင်ချန်းနှင့် လင်ရှုသည်လည်း ခြိမ်းခြောက်မှုတစ်ခုကို ရှင်းလင်းနိုင်ပြီဖြစ်သောကြောင့် ကျေနပ်သော မျက်နှာထားများ ဖြစ်ပေါ်နေကြသည်။
"ရပ်စမ်း"
ထိုအချိန်တွင် တန်းဟိုင်သည် အဝေးမှ ရုတ်တရက်ပျံသန်း ရောက်ရှိလာပြီး အစောင့်များရှေ့တွင်ပိတ်ရပ်ကာ တားဆီးလိုက်၏။ တန်းဟိုင်၏ကျောပေါ်တွင် ယဲ့ချန်ကို လင်ယုက မြင်လိုက်ရသောအခါ သူ့ကိုကယ်တင်ရန် ပထမဆုံးရောက်လာသောကြောင့် အံ့သြသွားခဲ့သည်။ သူ၏စိတ်ထဲတွင် ခံစားချက်များပြင်းထန်လာကာ ယဲ့ချန်ကို အစ်ကိုကြီးအဖြစ် နှလုံးသားထဲမှ ရာနှုန်းပြည့်လက်ခံလိုက်ပြီဖြစ်သည်။ ယဲ့ချန်က လင်ယုကို တစ်ချက်ပြုံးပြကာ တန်းဟိုင်၏ကျောပေါ်မှ ခုန်ဆင်းလိုက်သည်။
"မင်း ဘယ်သူလဲ။ လင်မျိုးနွယ်ရဲ့ စည်းကမ်းထိန်းခန်းမအထိကို ကျူးကျော်လာရဲတယ်ပေါ့။ ဒီကောင့်ကို ဆွဲထုတ်သွားကြစမ်း"
လင်ရှောင်းကျယ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ခေါင်းဆောင် ဒီလူ့မှာ စစ်ဧကရာဇ်တံဆိပ်တွေ ရှိနေတယ်။ ကျုပ်တို့က သူ့ကို ဧည့်ခန်းမှာ စောင့်ခိုင်းခဲ့ပေမယ့် ဒီနေရာအထိ ကျူးကျော်လာခြင်း ဖြစ်ပါတယ်"
ထိုအချိန်၌ လင်မျိုးနွယ်၏အစောင့်များ အလောတကြီးရောက်ရှိလာကာ ဖြစ်ပျက်သမျှကို တင်ပြလိုက်ကြသည်။
"ငါ့မှာ ဧကရာဇ်ချန်း၊ ဧကရာဇ်ချိုးနဲ့ စစ်ဧကရာဇ်ခြောက်ယောက်ရဲ့ တံဆိပ်ပြားတွေရှိတယ်။ စစ်ဧကရာဇ်ခြောက်ယောက်က လင်မျိုးနွယ်ကို သတင်းစကားတစ်ခု ပေးပို့ခိုင်းလိုက်တယ်။ လင်မျိုးနွယ်က လင်ယုကို အပြစ်ပေးရဲရင် သူတို့ရဲ့ဒေါသနဲ့ အကျိုးဆက်ကို ခံစားရဖို့ ပြင်ထားကြစမ်း"
ယဲ့ချန်၏ အေးစက်စက်စကားသံ အဆုံးတွင် တံဆိပ်ပြားခြောက်ခု ထွက်ပေါ်လာကာ ရင်ပြင်တစ်ခုလုံးသို့ အစွမ်းထက်အရှိန်အဝါများ ကျရောက်လာသည်။ ဧကရာဇ်တံဆိပ်ပြားကို သွန်းလုပ်ရန် မလွယ်ကူဘဲ စစ်ဧကရာဇ်တစ်ယောက်၏အမိန့်ကို ကိုယ်စားပြုသည်။ စစ်ဧကရာဇ်များက ၎င်းကို အခြားလူများသို့ အလွယ်တကူထုတ်ပေးခြင်း မရှိပေ။ အကယ်၍ထုတ်ပေးခဲ့လျှင်လည်း လဝက်အကြာ၌ အလိုလိုပျက်စီးသွားပေလိမ့်မည်။ ယဲ့ချန်၏ရောက်ရှိလာမှုက လင်မျိုးနွယ်ဝင်အားလုံးကို မင်သက်သွားစေခဲ့သည်။ စစ်ဧကရာဇ်ခြောက်ယောက်က လင်ယုကို ကာကွယ်ပေးချင်နေပြီး မည်သည့်အကြောင်းအရင်းကြောင့်ဟု စဥ်းစားမရပေ။ စစ်ဧကရာဇ်တစ်ယောက်ချင်းစီက နယ်မြေတိုင်း၏ အုပ်စိုးသူများဖြစ်ကြပြီး ကောင်းကင်မူလတိုက်ကြီး၌ သူတို့၏အမိန့်က အလွန်အရေးပါသည်။ စစ်ဧကရာဇ်ငါးယောက်သာ သဘောတူလျှင် ကျပန်းလူတစ်ယောက်ကို နတ်တိုင်းပြည်၏ပလ္လင်ပေါ်သို့ နန်းတင်ပေးနိုင်စွမ်းရှိသည်။
"ဧကရာဇ်တံဆိပ်ပြားခြောက်ခု ဟုတ်လား။ ရယ်စရာကောင်းလိုက်တာ။ မင်းက စစ်ဧကရာဇ်တွေကို ကိုယ်စားပြုနိုင်မယ် ထင်နေတာလား။ ဒီတံဆိပ်ပြားတွေကို ဘယ်ကရလာမှန်းမသိပေမယ့် ငါ့ကို အရူးလုပ်လို့ရမယ် ထင်နေတာလား။ ဒါတွေကို ဝယ်ဖို့အတွက် ငွေ ဘယ်လောက်သုံးခဲ့တာလဲ"
လင်ရှောင်းကျယ်၏မျက်နှာက မည်းနက်နေပြီး စစ်ဧကရာဇ်ခြောက်ယောက်မှ လင်ယုကို ကာကွယ်ပေးလိုခြင်းအား မယုံပေ။
"လင်ယုကို မြန်မြန်ခေါ်သွားစမ်း။ တာအိုနတ်အဆင့် သားရဲတစ်ကောင်နဲ့ ချီပင်လယ်အဆင့် လူသားတစ်ယောက်က လင်မျိုးနွယ်ရဲ့အရေးကိစ္စမှာ ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူး"
သို့သော် သူ၏စိတ်အတွင်း သံသယအတွေးအချို့ ဖြစ်ပေါ်လာသောကြောင့် လင်ယုကို သတ်ရန်အတွက် ကြိုးပမ်းလိုက်ပြန်သည်။ အကယ်၍ ယဲ့ချန်၏တံဆိပ်ပြားများသာ အစစ်အမှန်ဖြစ်နေလျှင် လင်မျိုးနွယ်မှ လင်ယုကို အပြစ်ပေး၍မရချေ။ လင်ရှောင်းကျယ်သာ ခေါင်းမာစွာပြုမူနေလျှင် လင်မျိုးနွယ် ဒုက္ခရောက်သွားနိုင်သောကြောင့် လင်မျိုးနွယ်ဝင်များက အုံကြွလာကြသည်။ ဧကရာဇ်တံဆိပ်ပြားခြောက်ခုကို မြင်သောအခါ ယဲ့ချန်၏အကြံ အောင်မြင်ကြောင်း လင်ယုက နားလည်လိုက်သည်။ စစ်ဧကရာဇ်ခြောက်ယောက်၏ အထောက်အပံ့သာရလျှင် သူက လင်ရှောင်းကျယ်နှင့် ယှဥ်နိုင်သော အာဏာမျိုး ပိုင်ဆိုင်ပေလိမ့်မည်။ လင်မျိုးနွယ်ဝင်များစွာက တီးတိုးဆွေးနွေးပြီးနောက် အကြီးအကဲများ ရှေ့ထွက်လာကြသည်။
"ကျုပ်တို့က မျိုးနွယ်ခေါင်းဆောင်ရဲ့အမိန့်ကို ပြန်လည်ရုတ်သိမ်းပြီး ဒီကိစ္စကို နှင်းဧကရာဇ်ဆုံးဖြတ်ပေးဖို့ တောင်းဆိုချင်ပါတယ်"
အဘိုးအိုတစ်ယောက်က ပြတ်သားသောမျက်နှာထားဖြင့် မတ်တပ်ရပ်၍ တောင်းဆိုခဲ့သည်။ အကယ်၍ လင်ရှောင်းကျယ်သာ သဘောမတူလျှင် သူတို့က အဆုံးထိ ကန့်ကွက်ရပေလိမ့်မည်။
"မှန်ပါတယ်။ မျိုးနွယ်ခေါင်းဆောင်က အမိန့်ကို ပြန်လည်ရုတ်သိမ်းပြီး နှင်းဧကရာဇ် ဆုံးဖြတ်ပါစေ"
လင်မျိုးနွယ်ဝင်များက တစ်ယောက်ပြီးတစ်ယောက် ရှေ့တက်လာကာ ဆက်တိုက်တောင်းဆိုလိုက်ကြ၏။
"ဒီကိစ္စက အပေါ်ယံမြင်ရတာထက် ပိုပြီးရှုပ်ထွေးနိုင်ပါတယ်။ စစ်ဧကရာဇ်ခြောက်ယောက်တောင် လင်ယုကို ကာကွယ်ပေးနေတော့ သူ့ကို အပြင်လူတွေက အကွက်ချမကောင်းကြံတာ ဖြစ်နိုင်ပါတယ်။ ခေါင်းဆောင် သေချာစဥ်းစားပါ"
"ခေါင်းဆောင် လင်ယုကြောင့်မဟုတ်ရင်တောင် လင်မျိုးနွယ်အတွက် စဥ်းစားပါ။ စစ်ဧကရာဇ်ခြောက်ယောက်က ပေါ့သေးသေးမဟုတ်ပါဘူး"
စစ်ဧကရာဇ်ခြောက်ယောက်အထိ လင်ယုကို ကာကွယ်လိုနေသောအခါ လင်မျိုးနွယ်ဝင်များ၏စိတ်ထဲတွင် သံသယအတွေးများ ဖြစ်ပေါ်လာကြသည်။ အကယ်၍ လင်ရှောင်းကျယ်သာ လင်ယုကို အကျဥ်းချမည်ဆိုလျှင် ထိုခြောက်ယောက်၏ဒေါသကို လင်မျိုးနွယ်က ကြုံတွေ့ရပေလိမ့်မည်။ နှင်းဧကရာဇ်၏အဆုံးအဖြတ်ကို ခံယူခြင်းကသာ မှန်ကန်သင့်လျော်သော နည်းလမ်းဖြစ်သည်။ ထိုအချိန်၌ လင်ရှောင်းကျယ်၏ ဘက်တော်သားများဖြစ်သော လင်ချန်း၊ လင်ကုန်းစသူတို့အားလုံး ရှုပ်ထွေးနေကြပြီး လင်ယုကို စစ်ဧကရာဇ်ခြောက်ယောက်အထိ ထောက်ခံပေးနေကြသော အကြောင်းအရင်းကို စဥ်းစားမရပေ။ အကယ်၍ လင်ယုမှာ ထိုခြောက်ယောက်၏ အထောက်အပံ့ကိုသာရလျှင် လင်ရှောင်းကျယ်အတွက် အကျိုးဆက်များက အလွန်ဆိုးရွားသွားနိုင်သည်။ သူက လင်ယု၏မိဘများကို သတ်ခဲ့သော တရားခံဖြစ်၍ ဤပြဿနာကို အမြစ်မှဆွဲနှုတ်ရန် ကြံစည်နေခြင်းဖြစ်သည်။ တစ်နေ့တွင် လင်ယုသာ စစ်ဧကရာဇ်ခြောက်ယောက်၏အကူအညီဖြင့် အဆင့်မြင့်သူတစ်ယောက်ဖြစ်လာလျှင် သေချာပေါက် လက်စားချေမည်ဖြစ်သောကြောင့် သူက ဒုက္ခအကြီးအကျယ် ရောက်ပေလိမ့်မည်။
"ဒီကောင့်ကို အကျဥ်းချလိုက်စမ်း"
ထို့ကြောင့် သူက လင်မျိုးနွယ်ဝင်များ၏ သဘောထားကို လျစ်လျူရှုကာ လင်ယုကို ပြစ်ဒဏ်ပေးရန် အမိန့်ချလိုက်သည်။ လင်ယုက ခွန်းတုံ့ပြန်နေရဲခြင်းမှာ အစွမ်းထက်နောက်ခံတစ်ခု ရထားသောကြောင့် ဖြစ်နိုင်သည်။ လင်ရှောင်းကျယ်၏ နောက်လိုက်များက လင်ယုကို ဖမ်းချုပ်ခေါ်သွားရန် ပြင်ဆင်လိုက်ကြပြန်သည်။
"အစ်ကိုလင်း ရပ်စမ်း"
သို့သော် အဖိုးတန်အဝတ်အစားများ ဝတ်ဆင်ထားသည့် လူတစ်ယောက် အလျင်စလိုရောက်ရှိလာကာ တားမြစ်လိုက်ပြန်သည်။ သူက တော်ဝင်မြို့တော်ရှိ နောက်ထပ်အစွမ်းထက်မျိုးနွယ်တစ်ခုဖြစ်သော ဟူမျိုးနွယ်၏ခေါင်းဆောင် ဟူရီရှင်းဖြစ်ပြီး လင်ရှောင်းကျယ်၏ မိတ်ဆွေတစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့် သူရောက်လာသောအခါ လင်မျိုးနွယ်၏အစောင့်များက မတားမြစ်ရဲကြပေ။ ဟူရီရှင်းသည် စိုးရိမ်တကြီးပြေးဝင်လာပြီး လင်ယု အဆင်ပြေနေသည်ကို မြင်သောအခါတွင်မှ စိတ်အေးသွားခဲ့သည်။
"အစ်ကိုလင် လင်ယုကို အပြစ်ပေးလို့မရဘူး ။သူ့ကို ကာကွယ်ပေးဖို့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က ညွှန်ကြားထားတယ်"
ဟူရီရှင်းသည် စိတ်သက်သာရာရသွားပြီးနောက် မျိုးနွယ်ခေါင်းဆောင်တစ်ယောက်၏ ဟန်ပန်မျိုး ပြန်လည်ဖြစ်တည်လာကာ လင်ရှောင်းကျယ်ကို သတိပေးလိုက်သည်။
"ဘယ်သူလဲ"
လင်ရှောင်းကျယ်က ရင်ထိတ်သွားပြီး လေးလေးနက်နက် ပြန်မေးလိုက်သည်။
"ငါ ထုတ်ပြောခွင့် မရှိဘူး"
ဟူရီရှင်းက ခေါင်းယမ်းလိုက်သည်။ ထိုလူသည် ချန်းလိုင်၏နောက်ကွယ်မှ ခေါင်းဆောင်ဖြစ်ပြီး သူ့ကို ကြယ်သလင်းကျောက်မှတဆင့် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ စစ်ဧကရာဇ်အလောင်းအလျာ ဆယ့်ခြောက်ယောက်ကို တပည့်အဖြစ်ရလိုက်သောအခါ သူက အလွန်ဝမ်းမြောက်သွားပြီး ယဲ့ချန်အပေါ် အလွန်ကျေးဇူးတင်နေခဲ့သည်။ ယဲ့ချန်က လင်ယုကို ကယ်တင်ရန်အတွက် လင်မျိုးနွယ်ထံ ထွက်ခွာသွားကြောင်း သိရသောအခါ သူက ဟူရီရှင်းကို ယဲ့ချန်အတွက် အကူအညီရစေရန် စေလွှတ်လိုက်သည်။ စစ်ဧကရာဇ်တစ်ယောက်ပင် ပါရမီရှင်အရေအတွက် များလွန်းသော ယဲ့မျိုးနွယ်ကို အထင်မသေးရဲပေ။
လင်ရှောင်းကျယ်သည် လင်ယုကို အသေသတ်ချင်နေသော်လည်း ဆက်တိုက်တားဆီးခံနေရသဖြင့် ရူးသွပ်လုနီးပါးဖြစ်နေသည်။ ယဲ့ချန်က ဧကရာဇ်တံဆိပ်ပြားခြောက်ခုနှင့် ရောက်ရှိလာသည့်အပြင် ဟူရီရှင်းသည်လည်း အစွမ်းထက်သူတစ်ယောက်၏အမိန့်အရ ထွက်ပေါ်လာခဲ့သည်။ စစ်ဧကရာဇ်များက လင်ယုကိုကာကွယ်ပေးချင်နေသော အကြောင်းအရင်းကို လင်ရှောင်းကျယ်က ခေါင်းပေါက်မတတ် စဥ်းစားနေသော်လည်း မခန့်မှန်းတတ်ပေ။ သူက ဘေးကျပ်နံကျပ်ဖြစ်နေပြီး လင်ယုကိုအပြစ်ပေးရန် ဆက်လက်ခေါင်းမာနေလျှင် လင်မျိုးနွယ်၌ အစွမ်းထက်ရန်သူများ ဝိုင်းလာမည့်အပြင် လင်မျိုးနွယ်ဝင်များမှာလည်း သူ့ကို ဆန့်ကျင်လာပေလိမ့်မည်။ သို့သော် သူက လင်ယုကို အခုမသတ်လျှင် အနာဂတ်၌ ပြဿနာအကြီးအကျယ်တက်ပြီး သတ်ရန် ပို၍ခက်ခဲလာပေလိမ့်မည်။ သူကိုယ်တိုင်ပင် လင်ယုလက်ချက်ဖြင့် ဒုက္ခရောက်သွားနိုင်လေသည်။