← Chapters

လင်ယွမ် ရောက်ရှိလာခြင်း

Vol. 42 Ch. 582

လင်ယွမ် ရောက်ရှိလာခြင်း

Vol. 42 Ch. 582

လင်ချန်းနှင့် လင်ရှုသည်လည်း စိတ်ရှုပ်ထွေးနေကြပြီး သူတို့၏ဖိအားပေးမှုကြောင့် ရန်ယွင်မြို့သို့ ထွက်သွားခဲ့ရသော လင်ယုက စစ်ဧကရာဇ်များစွာ၏ ထောက်ပံ့ပေးမှု ရထားသည်ကို မယုံနိုင်ကြပေ။ အကယ်၍ လင်ယုသာ အင်အားကြီးလာလျှင် သူတို့အတွက် လင်မျိုးနွယ်၌ နေရာတစ်နေရာပင် ရှိမည်မဟုတ်ပေ။ လင်ယုသည် လင်ရှောင်းကျယ်ကို စိုက်ကြည့်နေရင်း နှုတ်ခမ်းများထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ လင်ရှောင်းသည် ယနေ့ လင်ယုကို အပြစ်မပေးနိုင်လျှင် လင်မျိုးနွယ်အတွင်း သူ၏ဂုဏ်သိက္ခာ ထိခိုက်သွားနိုင်သောကြောင့် အဆုတ်များကွဲထွက်လုမတတ် ဒေါသထွက်နေသည်။ သို့သော်လည်း သူက လင်ယုကို မထိရဲသောအခါ လူပုံအလယ်တွင် ပါးရိုက်ခံလိုက်ရခြင်းနှင့် မခြားပေ။ သူက နောင်ခါလာနောင်ခါစျေး သဘောထား၍ လင်ယုကို အပြစ်ပေးချင်သော်လည်း လုပ်နိုင်စွမ်းမရှိချေ။

"နှင်းဧကရာဇ် ကြွချီလာပါပြီ"

ထိုအချိန်တွင် လင်မျိုးနွယ်တံခါးထံမှ အော်သံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသော လင်မျိုးနွယ်ဝင်များသည် လင်ယုအတွက် စိတ်အေးသွားကြပြီး အသံထွက်ပေါ်လာရာသို့ လှည့်ကြည့်လိုက်ကြသည်။ ပုံရိပ်သုံးခုက အဝေးမှလမ်းလျှောက်လာနေပြီး ဦးဆောင်လာသူမှာ အဖြူရောင်ဝတ်ရုံကို ဆင်မြန်းထားသော သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်သည်။ သူက ပိန်ပိန်ပါးပါးဖြစ်၍ ဖြောင့်စင်းသော မျက်ခုံးများနှင့် တောက်ပသော မျက်လုံးများ ပိုင်ဆိုင်ထားသည်။ သူ၏ဆံပင်များက ရေခဲကဲ့သို့ကြည်လင်၍ ထွင်းဖောက်မြင်နေရပြီး ရေခဲဓားတစ်လက်၏ အေးစက်စက်အရှိန်အဝါက ထွက်ပေါ်နေသည်။ သူ့ကို မြင်လိုက်ရသူတိုင်း အံ့သြတကြီးဖြင့် ထိုအရှိန်အဝါအောက်တွင် ခေါင်းငုံ့ရမည်ဖြစ်သည်။ သူ၏ခြေလှမ်းတိုင်းတွင် လမ်းပေါ်၌ ရေခဲခြေရာတစ်စုံကျန်ရစ်ခဲ့ပြီး အချိန်ကြာမြင့်သည်အထိ ဖြည်းညှင်းစွာ အရည်ပျော်နေသည်။ ထိုလူ၏နောက်တွင် တည်ကြည်ခန့်ညားသော လုလင်ပျိုတစ်ယောက်နှင့် ကျက်သရေရှိရှိလှပသော မိန်းမပျိုတစ်ယောက် လိုက်ပါလာသည်။ ဤကား လင်ယွမ်၊ ယဲ့မုန့်နှင့် ယဲ့ရွှမ်တို့ဖြစ်ကြသည်။

"နှင်းဧကရာဇ်ကို ကြိုဆိုပါတယ်"

လင်မျိုးနွယ်ဝင်များက အလွန်ရိုသေလေးစားစွာဖြင့် လင်ယွမ်ကို ကြိုဆိုလိုက်ကြသည်။

"အစ်ကိုကြီး"

ယဲ့မုန့်နှင့် ယဲ့ရွှမ်က ယဲ့ချန်ကို မြင်သောအခါ ပျော်ရွှင်စွာဖြင့် ပြေးလာနေကြသည်။

"မင်းတို့ရောက်လာပြီလား"

ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ ညီငယ်နှင့် ညီမငယ်၏ကျင့်ကြံဆင့်က များစွာတိုးတက်ခဲ့ပြီး သူပင် အတိအကျမခန့်မှန်းနိုင်သဖြင့် ကျေနပ်နေခဲ့သည်။ နှင်းဧကရာဇ်က သူတို့ကို ကောင်းကောင်းလေ့ကျင့်ပေးထားခြင်း ဖြစ်ပုံရသည်။

"ဆရာက အပြင်မှာ ရောက်နေတာ တော်တော်ကြာပြီ။ သူဝင်လာကာနီးမှာ အစ်ကိုကြီးရောက်လာတော့ ခဏစောင့်နေလိုက်တာပါ"

ယဲ့မုန့်က ယဲ့ချန်အနားသို့ တိုးကပ်၍ တီးတိုးပြောလိုက်၏။ ထို့ကြောင့် သူမရောက်လာလျှင်လည်း လင်ယွမ်သည် လင်ယုကို အသေခံမည်မဟုတ်ကြောင်း နားလည်လိုက်သည်။ နှင်းဧကရာဇ်ရောက်ရှိနေသည်မှာ အချိန်ကြာပြီဖြစ်သောကြောင့် လင်ယုကို ပစ်ပယ်မထားခြင်း မဖြစ်နိုင်ပေ။ လင်ယွမ်သည် တောက်ပ၍အသက်ဝင်နေသော မျက်လုံးများနှင့် ယဲ့ချန်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုအကြည့်တစ်ချက်တွင် ယဲ့ချန်၏တစ်ကိုယ်လုံး ထိုးဖောက်ခံလိုက်ရပြီး ကျောပြင်ထက်ရှိ ဆေးမင်ကြောင်ကိုပင် မြင်သွားနိုင်သည်ဟု ခံစားလိုက်ရသည်။ လင်ယွမ်၏ကျင့်ကြံဆင့်က ဧကရာဇ်လင်းထက်ပိုမြင့်နေပြီး ခြင်္သေ့ကြီး၏တည်ရှိမှုကို သိသွားနိုင်သဖြင့် ယဲ့ချန်မှာ တိတ်တဆိတ် ထိတ်လန့်သွားခဲ့သည်။ လင်မျိုးနွယ်ဝင်အားလုံး၏ အကြည့်များရှေ့တွင် လင်ယွမ်က လင်ရှောင်းကျယ်ထံ တည့်တည့်မတ်မတ် လျှောက်လှမ်းလာသည်။

လင်ရှောင်းကျယ်သည် လင်ယွမ်ရောက်လာသောအခါ လင်ယုကိုသတ်နိုင်မည့် အခွင့်အရေးမရှိတော့ကြောင်း နားလည်လိုက်သဖြင့် သက်ပြင်းချလိုက်ပြီး သူ့ကိုယ်သူနှိမ့်ချကာ ထိုင်ခုံပေါ်မှ ဖယ်ပေးလိုက်ရသည်။ သူက လင်ယွမ်၏ ဝမ်းကွဲညီအစ်ကိုဖြစ်၍ မျိုးနွယ်ခေါင်းဆောင်ဖြစ်သော်လည်း စစ်ဧကရာဇ်တစ်ယောက်ရှေ့တွင် မောက်မာ၍ မရချေ။ အဆင့်အတန်းအရာတွင် စစ်ဧကရာဇ်တစ်ယောက်ဖြစ်သော လင်ယွမ်သည် လင်ရှောင်းကျယ်ထက် များစွာပိုမြင့်သည်။ လင်မျိုးနွယ် ယခုကဲ့သို့အောင်မြင်နေရခြင်းမှာ လင်ယွမ်၏ကာကွယ်ပေးမှုကြောင့်ဖြစ်ပြီး သူ၏အမိန့်တစ်ချက်ဖြင့် လင်မျိုးနွယ်ခေါင်းဆောင်နေရာကို အပြောင်းအလဲပြုလုပ်နိုင်သည်။ လင်ယွမ်ကိုကြည့်နေသော လင်ယု၏မျက်လုံးများ နီရဲလာကာ စိတ်ထဲတွင် ကျေနပ်နေခဲ့သည်။

"လင်ရှောင်းကျယ် ဖြစ်ပျက်သမျှကို ငါ အကုန်သိပြီးပြီ။ ငါ့ကို ပြောစမ်း။ ဘာကြောင့် ငါ့ကိုမစောင့်ဘဲ လင်ယုကို အပြစ်ပေးချင်နေရတာလဲ"

လင်ရှောင်းကျယ်၏ထိုင်ခုံပေါ်သို့ လင်ယွမ်က ထိုင်ချလိုက်သောအခါ ခုံတစ်ခုလုံး ရေခဲများ ဖုံးအုပ်သွားခဲ့သည်။ ထို့အပြင် သူ၏အသံက ရေခဲကဲ့သို့ အေးစက်တင်းမာနေခဲ့သည်။ လင်ရှောင်းကျယ်က မျက်နှာပျက်သွားပြီး ရှင်းပြချင်သော်လည်း လင်ယွမ်က ပြောခွင့်မပေးဘဲ ဖြတ်ပြောလိုက်၏။

"ဒီနေရာမှာ ငါမရှိရင် လင်မျိုးနွယ်ကို မင်းစိတ်ကြိုက်ခြယ်လှယ်နိုင်ပြီလို့ ထင်နေတာလား။ ငါက မျိုးနွယ်ကိစ္စတွေမှာ ဝင်ပြီးစွက်ဖက်ခဲပေမယ့် ဒီကိစ္စမှာ မင်းက ငါ့ကို စိတ်ပျက်စေခဲ့တယ်။ ဧကရာဇ်လင်းက ဘယ်သူမို့လို့ လင်မျိုးနွယ်ကို အမိန့်ပေးနိုင်နေတာလဲ။ ငါက သူ့ကို ဧကရာဇ်တံဆိပ်ပြားပေးပို့လိုက်တာတောင် လင်ယုရဲ့ချီပင်လယ်ကို ဖျက်ဆီးပြီး လက်တစ်ဖက် ဖြတ်ပစ်လိုက်တယ်။ ဒီကောင်က ငါ့ကို မျက်လုံးထဲမထည့်ထားတာ ရှင်းနေပြီ။ ဒါကိုတောင် လင်မျိုးနွယ်ခေါင်းဆောင်ဖြစ်တဲ့ မင်းက စကားတစ်ခွန်းမှမပြောဘဲ လျော်ကြေးပေးဖို့တောင် သဘောတူလိုက်သေးတယ်။ ဒီသတင်းသာ အပြင်မှာ ပြန့်သွားရင် ငါ့မျက်နှာကို ဘယ်မှာထားရမလဲ"

လင်ယွမ်၏မျက်နှာက ခံစားချက်ကင်းမဲ့နေပြီး သူ၏အသံက နှစ်တစ်ထောင်သက်တမ်းရှိ ရေခဲကဲ့သို့ ဖြည်းဖြည်းချင်း အေးစက်လာနေခဲ့သည်။

"အရှင် အထင်မှားနေပါပြီ။ ဒီကိစ္စက လင်ယုရဲ့အမှားပါ။ သူက ယိရန်ကိုသတ်ပြီး ပိုင်ဆိုင်မှုတွေကိုသိမ်းယူဖို့ ကြိုးစားခဲ့ပါတယ်။ လင်ယုကြောင့် လင်မျိုးနွယ် ပြဿနာတက်မှာကို ကျုပ် စိုးရိမ်မိပါတယ်"

လင်ရှောင်းကျယ်သည် အလျင်စလိုရှင်းပြလိုက်ပြီး လင်ယွမ်၏အရှိန်အဝါကြောင့် ဖိအားကို ကြီးမားစွာ ခံစားနေရသည်။ လင်ယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် တစ်ကိုယ်လုံး ချွေးများထွက်လာ၍ ကြောက်စိတ်များ ဖြစ်ပေါ်နေသည်။

"မင်းက ဘယ်သူလဲ။ လင်မျိုးနွယ်ခေါင်းဆောင်ဖြစ်ပြီး ဧကရာဇ်လင်းမွေးထားတဲ့ ခွေး မဟုတ်ဘူး။ လင်ယုက ဒီကိစ္စမှာ တရားခံပါဆိုတဲ့ သက်သေ ဘယ်မှာလဲ။ သက်သေရှိရင်တောင် ငါက သူလုပ်တာမဟုတ်ဘူးပြောရင် မဟုတ်လို့ပဲ။ ငါ့တူက ယိရန်ရဲ့ပိုင်ဆိုင်မှုကို သိမ်းယူလိုက်ရင်တောင် ကိုယ့်အစွမ်းအစနဲ့ကိုယ် ပြန်ယူလေ။ ဒီကောင်က ဧကရာဇ်လင်းရဲ့တပည့်ဖြစ်နေတော့ရော ဘာဂရုစိုက်ရမှာလဲ။ ဒီခွေးကောင်က ဂျူနီယာတစ်ယောက်ကို တိုက်ခိုက်ခဲ့သေးတယ်။ တော်တော်အရှက်မဲ့တယ်"

လင်ယွမ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ လင်ရှောင်းကျယ်က ပါးစပ်ဟလိုက်သော်လည်း စကားတစ်ခွန်းမှ ထွက်မလာခဲ့ပေ။ သူက မျိုးနွယ်ခေါင်းဆောင်ဖြစ်သောကြောင့် ထင်ရာစိုင်းခဲ့သော်လည်း နှင်းဧကရာဇ်က သူ့ထက် ပို၍မောက်မာနေခဲ့သည်။ သူမသိသည်မှာ ဧကရာဇ်လင်းသည် နှင်းဧကရာဇ်၏တံဆိပ်ပြားကို လျစ်လျူရှု၍ လင်ယုကို အပြစ်ပေးလိုက်ချိန်မှစတင်ပြီး ရန်သူများ ဖြစ်လာကြောင်းကိုပင်။

"လင်မျိုးနွယ်ခေါင်းဆောင်တစ်ယောက် ဖြစ်နေတာတောင် မင်းက လင်မျိုးနွယ်ဝင်တစ်ယောက်ကို မကာကွယ်ပေးနိုင်ဘူး။ ဒါ့အပြင် မင်းက အပြင်လူကို ဖားယားပြီး လျော်ကြေးပေးဖို့ ပြင်ဆင်နေတယ်။ မင်းကြောင့် လင်မျိုးနွယ်မျက်နှာပျက်ရတယ်ဆိုတော့ မင်းက ခေါင်းဆောင် မဖြစ်သင့်တော့ဘူး"

လင်ယွမ်က လင်ရှောင်းကျယ်ကို စိုက်ကြည့်နေရင်း ခေါင်းယမ်းလိုက်သည်။

"ငါက လင်ယုကို မကာကွယ်ပေးချင်တာ မဟုတ်ပါဘူး။ လင်မျိုးနွယ်အတွက် ပြဿနာရှိလို့ပါ"

လင်ယွမ်၏စကားကြောင့် လင်ရှောင်းကျယ်မှာ ထိတ်လန့်သွား၍ မျက်နှာတစ်ခုလုံး သွေးဆုတ်၍ ဖြူဖပ်ဖြူရော်ဖြစ်လာခဲ့သည်။

"မင်းက ငါ့ကို နောက်တစ်ခေါက် ထပ်ပြောစေချင်နေတာလား"

လင်ယွမ်က လင်ရှောင်းကျယ်ကို ရှင်းပြခွင့်ပင် မပေးခဲ့ပေ။

"ကျုပ် မလုပ်ရဲပါဘူး"

လင်ရှောင်းကျယ်၏ မျက်နှာတွင် ခံစားချက်မျိုးစုံ ပြောင်းလဲနေသော်လည်း နောက်ဆုံးတွင် ခေါင်းငုံ့၍ လက်လျှော့လိုက်ရသည်။ နှင်းဧကရာဇ်သည် လင်ယု၏ဘက်တော်သား ဖြစ်နေသောကြောင့် မည်သို့ပြောပြော အရေးမပါတော့ပေ။ အမြဲတမ်းဘေးထွက်နေတတ်သော လင်ယွမ်က လင်ယုဘက်တွင် ရုတ်တရက်ရပ်တည်ပေးလာသည့် အကြောင်းအရင်းက ထူးဆန်းနေသည်။

"လောလောဆယ်မှာ လင်ရှောင်ဖန်းက မျိုးနွယ်ခေါင်းဆောင်အဖြစ် တာဝန်ယူရမယ်။ နောက်တက်မယ့် ခေါင်းဆောင်ကိုတော့ လင်ယု၊ လင်ကျန်းနဲ့ လင်ရှုရဲ့အစွမ်းအစကို စောင့်ကြည့်ပြီး ငါကိုယ်တိုင် ဆုံးဖြတ်မယ်။ ဘယ်သူ ကန့်ကွက်ရဲသလဲ"

လင်ယွမ်က လင်မျိုးနွယ်ဝင်အားလုံးကို ဝေ့ကြည့်၍ အမိန့်ထုတ်လိုက်သည်။

"ကန့်ကွက်စရာမရှိပါဘူး အရှင်"

လင်မျိုးနွယ်ဝင်အားလုံးက တပြိုင်နက် သဘောတူလိုက်ကြသည်။ လင်ရှောင်းကျယ်၏ ဘက်တော်သားများဖြစ်သော စည်းကမ်းထိန်းအကြီးအကဲများမှာလည်း တစ်ယောက်ကို တစ်ယောက်ကြည့်၍ ကြောက်လန့်စွာဖြင့် ခေါင်းငုံ့နေခဲ့ကြသည်။

"ကျွန်တော်မျိုးက အရှင့်ရဲ့ဆုံးဖြတ်ချက်ကို မျက်နှာမပျက်စေရပါဘူး"

လူအုပ်အကြားရှိနေသော လင်ရှောင်ဖန်းက ကျေနပ်ပျော်ရွှင်နေသော်လည်း တည်ငြိမ်သောမျက်နှာထားဖြင့် ချက်ချင်းဒူးထောက်၍ ကတိပေးလိုက်သည်။ လင်မျိုးနွယ်၌ သူက အမြဲတမ်းအရေးမပါသော လူတစ်ယောက်ဖြစ်ခဲ့သော်လည်း ရုတ်တရက် ယာယီခေါင်းဆောင်ဖြစ်လာသောအခါ အလွန်ဝမ်းသာနေသည်။ သူက ခေါင်းကိုညွှတ်ထားရင်း လင်ယုကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ဆက်ခံသူများကြားတွင် နှင်းဧကရာဇ်သည် လင်ယုကို အလေးထားဆုံးဖြစ်သောကြောင့် ဆက်ဆံရေးကောင်းတစ်ခုဖန်တီးရန် သူက ဆုံးဖြတ်လိုက်၏။ သူက ယာယီခေါင်းဆောင်ဖြစ်လာသော်လည်း မျိုးနွယ်အတွင်း၌ ပြောရေးဆိုခွင့်များစွာမရှိကြောင်း နားလည်ထားသည်။ လင်ရှောင်းကျယ်က မျိုးနွယ်ခေါင်းဆောင်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သောကြောင့် အကြီးအကဲများစွာတွင် သူ၏လူများ ပါဝင်နေသည်။ လင်ရှောင်ဖန်းကမူ အကျိုးအမြတ်ရနေသရွေ့ အာဏာကို များစွာဂရုမစိုက်ပေ။

လင်ယွမ်၏ဆုံးဖြတ်ချက်က လင်မျိုးနွယ်ဝင်အားလုံးကို အံ့သြစေခဲ့သည်။ မူလတွင် လင်ရှောင်းကျယ်သည် လင်ယုကိုသတ်ရန် အစွမ်းကုန်ပြင်ဆင်ထားသော်လည်း အခြေအနေများက ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ စစ်ဧကရာဇ်ခြောက်ယောက်က သူ့ကိုကာကွယ်ရန် ထွက်ပေါ်လာပြီး အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကလည်း သူ့ကိုကယ်တင်ရန်အတွက် ဟူရီရှင်းကို စေလွှတ်ခဲ့သည်။ နောက်ဆုံး၌ နှင်းဧကရာဇ်ကိုယ်တိုင် လင်ယုအတွက် ရောက်ရှိလာခဲ့သည်။ စစ်ဧကရာဇ်များသည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ပြီး ကိုယ်ပိုင်မျိုးနွယ်၏ကိစ္စရပ်များကိုပင် ဂရုမစိုက်တတ်ကြပေ။ ယနေ့တွင်မူ များစွာသော စစ်ဧကရာဇ်များက လင်ယုအတွက် ရှေ့ထွက်လာသောအခါ သူတို့က အချိန်ကြာမြင့်စွာ အံ့သြနေပြီး လင်ယုအပေါ် အမြင်များ ပြောင်းလဲလာကြသည်။

လက်ရှိအချိန်မတိုင်ခင်အထိ ဆက်ခံသူသုံးယောက်တွင် ခေါင်းဆောင်ဖြစ်လာရန် ဖြစ်နိုင်ချေအနည်းဆုံးမှာ လင်ယုဖြစ်ခဲ့သော်လည်း လက်ရှိတွင် များပြားသော နောက်ခံများကြောင့် သူက နံပတ်တစ်ဦးစားပေးအဖြစ်ပြောင်းလဲသွားခဲ့သည်။ များစွာသော လင်မျိုးနွယ်ဝင်များက လင်ယုနှင့်ပူးပေါင်းရန် ဆုံးဖြတ်လိုက်ကြသည်။ လင်ရှောင်းကျယ်သည် မျိုးနွယ်ခေါင်းဆောင်ရာထူးမှ ထုတ်ပယ်ခံလိုက်ရသော်လည်း လင်မျိုးနွယ်၌ အာဏာများစွာ ပိုင်ဆိုင်ထားဆဲဖြစ်သောကြောင့် မည်သူမှ သူ့ကို ပေါ်တင်မစော်ကားရဲပေ။ ထို့ကြောင့် သူတို့က ဤကိစ္စကို လျှို့ဝှက်လုပ်ဆောင်ရပေလိမ့်မည်။

လင်ရှောင်းကျယ်သည် မုန်းတီးစိတ်ကြောင့် သွေးဆုတ်ဖြူရော်နေသည်။ သူက လင်ယုကို အေးစက်စက်စိုက်ကြည့်နေကာ ဤမျှအစွမ်းအစရှိသူဖြစ်နေမည်ဟု မျှော်လင့်မထားခဲ့ပေ။ အတိတ်တွင် သူက လင်ယုကို အထင်သေးခဲ့သဖြင့် ဤကပ်ဘေးကို အချိန်ကြာမြင့်စွာ ရှင်သန်ခွင့်ပေးခဲ့မိသည်။ လက်ရှိတွင် သူက လင်ယုကို လုပ်ကြံလိုလျှင် သေချာပေါက်ခက်ခဲလာပေတော့မည်။ သို့သော်လည်း လင်ယုသာ မျိုးနွယ်ခေါင်းဆောင်ဖြစ်လာလျှင် သူ့ကို သေချာပေါက်လက်စားချေမည်ဖြစ်သောကြောင့် မကောင်းကြံရန်မှတစ်ပါး ရွေးချယ်စရာမရှိချေ။ လင်ချန်းနှင့် လင်ရှုသည်လည်း မကျေမနပ်ဖြစ်နေကြပြီး လင်ယုကို ဖယ်ရှားနိုင်ပြီဟု ထင်ထားသော်လည်း တစ်ဖက်လူက ဒုက္ခတောထဲမှ ရုန်းထွက်နိုင်ခဲ့သည်။ ထို့အပြင် သူ၏ခြိမ်းခြောက်မှုသည် အတိတ်ကထက် ပို၍ကြီးမားလာသောကြောင့် အပ်များအပေါ် တက်ထိုင်နေရသကဲ့သို့ သူတို့က ခံစားနေရသည်။

"လင်ယုကို ငါ့အိမ်တော်ဆီ ခေါ်လာခဲ့ကြ။ သူ့ဒဏ်ရာတွေကို ကုသပေးလိုက်ဦးမယ်။ မင်းတို့နှစ်ယောက်လည်း လိုက်လာခဲ့ကြ"

လင်ယွမ်က ယဲ့ချန်နှင့် တန်းဟိုင်ကို တစ်ချက်လှမ်းကြည့်၍ လင်မျိုးနွယ်ဝင်များကို အမိန့်ပေးလိုက်သည်။ လင်မျိုးနွယ်ဝင်အချို့က လင်ယုကို ဖေးမကူညီ၍ လင်ယွမ်၏အိမ်တော်သို့ သယ်ဆောင်ခဲ့ကြသည်။ တန်းဟိုင်နှင့် ယဲ့ချန်လည်း နောက်မှကပ်လိုက်လာကြသည်။ ရင်ပြင်ပေါ်ရှိ လူအုပ်က ချက်ချင်းလူစုခွဲလိုက်ကြပြီး လင်ရှောင်းကျယ်၊ လင်ကုန်းနှင့် အကြီးအကဲအချို့မှာ အကြည့်ချင်းဖလှယ်၍ မကောင်းသောအကြံတစ်ခုဖြင့် ထွက်ခွာသွားကြလေသည်။

All Chapters