← Chapters

ပေါင်းစပ်နှုန်းသုညနှင့် လူတစ်ယောက်

Vol. 42 Ch. 583

ပေါင်းစပ်နှုန်းသုညနှင့် လူတစ်ယောက်

Vol. 42 Ch. 583

ရန်ယွင်မြို့၏ အိမ်တော်တစ်ခုအတွင်းရှိ ခန်းမဆောင်အတွင်း ဧကရာဇ်လင်းနှင့် ယိရန်က စကားစမြည်ပြောနေကြသည်။ ဤအိမ်ကို ဧကရာဇ်လင်းက ဝယ်ယူလိုက်ခြင်းဖြစ်ကာ မြို့ဝန်ရီရန်၏ အိမ်တော်တွင် တည်းခိုနေရာမှပြောင်းရွှေ့လာခြင်းဖြစ်သည်။ သူက ရီရန်ကို စိတ်ကွက်နေသောကြောင့် ထိုအိမ်တော်၌ နေချင်စိတ်မရှိပေ။ ရီရန်သည်လည်း ဧကရာဇ်လင်းထွက်ခွာသွားချိန်တွင် အားတုံ့အားနာဖြင့်ပင် တားမြစ်ခြင်းမရှိချေ။ ပုံမှန်ဆိုလျှင် သူက စစ်ဧကရာဇ်တစ်ယောက်အပေါ် မျက်နှာသာပေးရမည်ဖြစ်သော်လည်း လက်ရှိတွင် ဂရုပင်မစိုက်ချေ။ ဧကရာဇ်လင်းက မကျေနပ်သော်လည်း ရီရန်၌ အစွမ်းထက်နောက်ခံတစ်ခုရှိသောကြောင့် သွေးအရိပ်သိုင်းဒေသ၏ အကြီးအကဲတစ်ယောက်ဖြစ်သော်လည်း သေးငယ်သောကိစ္စလေးကြောင့် သန်မာသော ရန်သူကို ရန်မစဝံ့ပေ။ ထို့ကြောင့် သူက ဒေါသကိုမျိုသိပ်၍ သည်းခံရုံမှတစ်ပါး ရွေးချယ်စရာ မရှိပေ။

"ဆရာ ကျစ်ဟွာတော်ဝင်မြို့တော်မှာရှိတဲ့ ကျွန်တော်တို့လူတွေက ကြယ်သလင်းကျောက်ကတဆင့် သတင်းပို့လာတယ်"

ထိုအချိန်၌ ခန်းမအတွင်း ယိရွှမ်က အလောတကြီးဝင်ရောက်လာကာ ဧကရာဇ်လင်းကို အရိုအသေပေးလိုက်သည်။

"အခြေအနေဘယ်လိုလဲ။ လင်ယုကို ဘယ်လိုအပြစ်ပေးလိုက်ကြပြီလဲ"

ယိရန်သည် ရလဒ်ကိုသိရန် မစောင့်နိုင်တော့ပေ။ သူက လက်ရှိတွင် လက်ဗလာဖြစ်နေသော်လည်း ပိုင်ဆိုင်မှုအားလုံးကိုပြန်ရပြီး လျော်ကြေးငွေဆယ်ဘီလီယံသာ ရလိုက်လျှင် အတိတ်မှထက် ပို၍ချမ်းသာလာပေလိမ့်မည်။

"ဒါ...ဒါက"

ယိရွှမ်က မျက်နှာပျက်နေပြီး တစ်ခုခုပြောချင်သော်လည်း ဆွံ့အနေခဲ့သည်။

"ယိရွှမ် ဘာတွေတုံ့ဆိုင်းနေတာလဲ။ ပြောစရာရှိတာ ပြောစမ်း"

ဧကရာဇ်လင်းက မျက်မှောင်ကြုတ်၍ ငေါက်ငမ်းလိုက်သည်။ လင်ကုန်းသည် တော်ဝင်မြို့တော်သို့ မထွက်ခွာခင်က သူ့ကို ကတိပေးသွားခဲ့သောကြောင့် လင်မျိုးနွယ်မှ လှည့်စားရဲမည်ဟု မထင်ချေ။ အကယ်၍ လင်မျိုးနွယ်သာလှည့်စားလျှင် သေချာပေါက် သင်ခန်းစာပေးမည်ဖြစ်သောကြောင့် လင်ယုတစ်ယောက်တည်းအတွက် စစ်ဧကရာဇ်တစ်ပါးကို စော်ကားမည်မဟုတ်ပေ။

"ဆရာ နှင်းဧကရာဇ်က ရုတ်တရက်ရောက်လာပြီး လင်ရှောင်းကျယ်ကို မျိုးနွယ်ခေါင်းဆောင်နေရာကနေ ထုတ်ပယ်လိုက်တယ်။ ပြီးတော့ လျော်ကြေးငွေတစ်ပြားမှ မပေးနိုင်ဘူးလို့ ကြေညာခဲ့တယ်။ ပြီးတော့ လင်ယုကို ထိခိုက်စေတဲ့အတွက် ဆရာ့ကို စာရင်းရှင်းချင်နေတယ်"

ယိရွှမ်က ခဏတာတုံ့ဆိုင်းနေသော်လည်း သိခဲ့ရသောသတင်းကို အမှန်အတိုင်း ပြောလိုက်သည်။ သူက ဧကရာဇ်လင်း၏ တပည့်တစ်ယောက်ဖြစ်သောကြောင့် လင်ယွမ်၏သဘောထားနှင့် ပတ်သက်၍ ဒေါသထွက်နေခဲ့သည်။

"ကောင်းတယ်။ အရမ်းကောင်းတယ်။ ဒီကောင်က သူ့ကိုယ်သူ ဘယ်သူထင်နေတာလဲ။ လင်ယုက အရင်ဆုံးမှားခဲ့တာတောင်မှ သူက ငါနဲ့ စာရင်းရှင်းချင်နေတယ်။ ဘယ်သူနိုင်မလဲဆိုတာကို ကြည့်ရသေးတာပေါ့"

ဧကရာဇ်လင်းက အော်ဟစ်ကြုံးဝါးလိုက်သောအခါ တစ်ကိုယ်လုံးရှိ ရွှေရောင်အလင်းများ ပို၍တောက်ပလာခဲ့သည်။ ကျင့်ကြံဆင့်တွင် သူက လင်ယွမ်အောက်အားနည်းသော်လည်း အဆက်အသွယ်ပိုကောင်းသူဖြစ်သောကြောင့် လင်ယွမ်အား သင်ခန်းစာတစ်ခုပေးရန် ဆုံးဖြတ်လိုက်သည်။

သူ၏ဘေးတွင်ရှိနေသော ယိရန်သည်လည်း ရူးမတတ်ဖြစ်သွားရသည်။ သူက သတ်ဖြတ်ခံရလုနီးပါး တိုက်ခိုက်ခံခဲ့ရပြီး ပိုင်ဆိုင်မှုများ လုယူခံခဲ့ရသော်လည်း ဆရာဖြစ်သူ၏အကူအညီဖြင့် ဆုံးရှုံးခဲ့သမျှကို ပြန်လည်ရရှိပြီး အမြတ်ရပြီဟုပင် အပိုင်တွက်ထားခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် သူက လက်ဗလာဖြင့် အဆုံးသတ်ခဲ့ရပြီး အနိမ့်အမြင့်လောကဓံက ပြင်းထန်လွန်းသဖြင့် သည်းမခံနိုင်ခဲ့ပေ။ လျော်ကြေးငွေတစ်ဆယ်ဘီလီယံက လင်ယွမ်၏ အမိန့်တစ်ချက်တွင် ပျောက်ကွယ်သွားပြီဖြစ်သည်။

"ဒါပေမယ့် လင်ရှောင်းကျယ်က ဆရာ့ကို တောင်းပန်ကြောင်း နောက်လိုက်တစ်ယောက်နဲ့ သတင်းပို့လာပါတယ်။ သူက လင်ယုကို အပြစ်ပေးချင်ပေမယ့် နှင်းဧကရာဇ်ကြောင့် အာဏာမဲ့ခဲ့ရပါတယ်တဲ့။ ဒါကြောင့် သူက ဆရာ့အတွက် အမှုထမ်းပေးချင်ပါတယ်တဲ့"

ယိရွှမ်က ဆက်ပြောလိုက်ခြင်းဖြစ်သည်။

"ဆရာ လင်ရှောင်းကျယ်ကို ယုံရပါ့မလား"

ယိရန်က ဆရာဖြစ်သူကို တစ်ချက်ကြည့်၍ မေးမြန်းလိုက်သည်။ သူ၏စိတ်ထဲတွင် လင်မျိုးနွယ်မှ လှည့်စားနေခြင်းလားဟု သံသယဝင်နေခဲ့သည်။

"လင်ယွမ်က ရောက်ရောက်ချင်း သူ့ရဲ့မျိုးနွယ်ခေါင်းဆောင်ရာထူးကနေ ထုတ်ပယ်ပစ်လိုက်တော့ လင်ရှောင်းကျယ်က သေချာပေါက် ရန်ငြှိုးထားလိမ့်မယ်။ ဒီကောင်က နှစ်ပေါင်းများစွာ ခေါင်းဆောင်ဖြစ်လာတယ်ဆိုတော့ လင်မျိုးနွယ်မှာ သေချာပေါက်အာဏာရှိမယ်ဆိုတော့ ငါတို့အတွက် အသုံးချစရာ စစ်တုရင်အရုပ်တစ်ခုအဖြစ် အသုံးပြုနိုင်တယ်။ ဒါပေမယ့် ဒီကောင့်မှာ မကောင်းတဲ့အကြံတွေရှိနေနိုင်လို့ အလုံးစုံယုံလို့မရဘူး။ သေချာပေါက် သတိထားရမယ်"

ဧကရာဇ်လင်း ကအလေးအနက်စဥ်းစားပြီးနောက် သုံးသပ်ပြလိုက်သည်။ လင်ယွမ်က သူ့ကို မျက်နှာသာမပေးသောကြောင့် သူကလည်း လက်စားပြန်ချေရန် ဆုံးဖြတ်ထားသည်။

"ဘယ်သူနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့ကွာ"

ဧကရာဇ်လင်းက အံကြိတ်၍ ကြုံးဝါးလိုက်သည်။ ယိရန်သည် အခြေအနေများက အဘယ်ကြောင့် ဤမျှဆိုးရွားသွားကြောင်း စဥ်းစားမရသော်လည်း ပိုင်ဆိုင်မှုများနှင့် လျော်ကြေးကို မရနိုင်တော့သဖြင့် စိတ်ဓာတ်ကျနေပုံပေါ်သည်။

"ယိရန် ဆရာက ဒီကိစ္စကို ကြေအေးမပေးလိုက်ပါဘူး။ လောလောဆယ်တော့ သွေးအရိပ်ဒေသကို ပြန်လိုက်လာခဲ့ပါ။ သူတို့ကို ရင်ဆိုင်ဖို့ အချိန်ယူပြီး ပြင်ဆင်ရမယ်"

ဧကရာဇ်လင်းက ယိရန်ကို နှစ်သိမ့်ပေးလိုက်ခြင်းဖြစ်သည်။ ဤကိစ္စမျိုးက အချိန်တိုအတွင်း ဖြေရှင်းမရနိုင်ပေ။

"ဟုတ်ကဲ့ ဆရာ"

စိတ်ဓာတ်ကျနေသော ယိရန်က ခေါင်းညိတ်ပြလိုက်၏။

တော်ဝင်မြို့တော်ရှိ လင်ယွမ်၏အိမ်တော်အတွင်း လင်ယုသည် ပိုးထည်များခင်းထားသော ခုံတစ်ခုပေါ်တွင် တင်ပျဥ်ခွေထိုင်၍ ဒဏ်ရာများကုသနေသည်။ သူက အဝတ်အစားများလဲလှယ်၍ ဆေးကြောသုတ်သင်ပြီးနောက် မျိုးနွယ်ကြီးတစ်ခု၏ သခင်လေးတစ်ယောက်ဟန်ပန်မျိုး ပြန်လည်ဖြစ်ပေါ်လာသည်။ လင်ယွမ်သည် လင်ယု၏ဒဏ်ရာများကို ကုသပေးပြီး အဖိုးတန်ဆေးနှစ်လုံး တိုက်ကျွေးခဲ့သည်။ လက်ရှိတွင် သူ၏ချီပင်လယ်က ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်နေပြီး ပြတ်ထွက်သွားသော ညာလက်နေရာမှ လက်အသစ် ပြန်လည်ဖြစ်ပေါ်နေသည်။ သူက တာအိုနတ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် ကျင့်ကြံခြင်းတွင် အခြေခံရှိသဖြင့် မူလအခြေအနေသို့ ပြန်ရောက်ရန် အချိန်များစွာ မလိုအပ်ပေ။ ယဲ့ချန်သည်လည်း လင်ယု ပြန်လည်ကောင်းမွန်လာသောအခါ ကျေနပ်စွာ ပြုံးလိုက်မိသည်။ လင်ယုသည် သူ့အတွက် အနစ်နာခံကိုယ်ကျိုးစွန့်ခဲ့သော ညီငယ်တစ်ယောက်အဖြစ် သတ်မှတ်၍ရပေသည်။ ယဲ့မုန့်နှင့် ယဲ့ရွှမ်သည်လည်း ကျင့်ကြံနေကြပြီး အစွမ်းထက်အရှိန်အဝါများ ထွက်ပေါ်နေသည်။ ထိုအရှိန်အဝါများတွင် လျှပ်စီး၏ပြင်းထန်မှုနှင့် ရေခဲ၏အေးစက်မှုမျိုး ပါဝင်နေသည်။ ယဲ့ချန်သည် သူတို့ကို ကြည့်လိုက်ပြီးနောက် ကျင့်ကြံဆင့်ကို သိလိုစိတ်ဖြစ်ပေါ်လာခဲ့သည်။ သူတို့က လင်ယွမ်၏သင်ကြားပေးမှုကြောင့် အကြီးအကျယ် တိုးတက်ခဲ့ပုံပေါ်သည်။

"သူတို့ကို တပည့်အဖြစ်လက်ခံပြီးတော့ ဆန်းကျယ်တဲ့ မိုးကြိုးချီကျင့်စဥ်တစ်ခုကို ကျင့်ကြံထားတာ တွေ့ခဲ့ရတယ်။ ဒါက သူတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ လိုက်ဖက်ပြီး အစွမ်းထက်တယ်။ ဒါကြောင့် ငါက သူတို့ကို လျှပ်စီးရေခဲကျင့်စဥ်တွေ သင်ကြားပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ငါက ရေခဲလျှပ်စီးကောင်းကင်သံသရာအစီအရင်ကိုခင်းကျင်းပြီး သူတို့ကို ကျင့်ကြံစေခဲ့တဲ့အပြင် နတ်မူလဆေးတွေ ထောက်ပံပေးခဲ့လို့ ရွှမ်အဆင့်ကို အမြန်ဆုံးနှုန်းနဲ့ ရောက်ရှိသွားကြတယ်။ သူတို့ကျင့်ကြံထားတဲ့ ကျင့်စဥ်က အစွမ်းထက်တော့ လျှပ်စီးရေခဲကျင့်စဥ်တွေ ထပ်မံကျင့်ကြံဖို့ အလွန်သင့်တော်တယ်။ သူတို့ရဲ့ကျင့်ကြံဆင့်က ရွှမ်အဆင့်သုံးအထိ ခုန်ပေါက်တိုးတက်သွားခဲ့တယ်။ အနာဂတ်မှာ ဘယ်အဆင့်အထိ ရောက်မလဲဆိုတာကတော့ သူတို့ရဲ့ကြိုးစားမှုအပေါ် မူတည်တယ်"

လင်ယွမ်သည် ယဲ့ချန်၏အမူအရာကို မြင်သောအခါ နားလည်မှုရှိစွာဖြင့် ရှင်းပြလိုက်သည်။ သူကျင့်ကြံထားသော ကျင့်စဥ်ကြောင့် အမြဲတမ်း ရေခဲပမာ အေးစက်စက်ဖြစ်နေသော်လည်း ယဲ့ချန်နှင့်စကားပြောရာ၌ ခံစားချက်ကင်းမဲ့သော သူ၏မျက်လုံးများတွင် ပြုံးရိပ်သန်းနေခဲ့သည်။

ယဲ့မုန့်နှင့် ယဲ့ရွှမ်က ရွှမ်အဆင့်သုံးသို့ရောက်နေကြောင်း သိလိုက်ရသောအခါ ယဲ့ချန်က အလွန်အံ့သြသွားခဲ့သည်။ စစ်ဧကရာဇ်တစ်ယောက်ကို ဆရာအဖြစ်ရလိုက်ခြင်းက အကျိုးကျေးဇူး အလွန်များပြားလှပေသည်။ အချိန်တိုအတွင်း ယဲ့မုန့်တို့က ရွှမ်အဆင့်အထိရောက်ရှိနေသောကြောင့် နှင်းဧကရာဇ်သည် ချမ်းသာကြွယ်ဝသော ဆရာတစ်ယောက်ဖြစ်ကြောင်း သိသာသည်။ အဖိုးတန်အရင်းအမြစ်များ၏ ထောက်ပံ့ပေးမှုကြောင့် သူတို့က မကျင့်ကြံလျှင်ပင် တိုးတက်နေကြပေလိမ့်မည်။ နတ်မူလဆေးကဲ့သို့ အဖိုးတန်ဆေးဝါးများကို စိတ်ကြိုက်အသုံးပြုခွင့် ရလိုက်သောအခါ ယဲ့မုန့်နှင့် ယဲ့ရွှမ်၏ပါရမီအရ ကျင့်ကြံနှုန်းမြန်ဆန်နေခြင်းက ဖြစ်နိုင်သည်။

"လင်ယု ငါက လွန်ခဲ့တဲ့ရက်တွေမှာ အစီအရင်ကိုခင်းကျင်းနေရလို့ အချိန်မီ ထွက်မလာနိုင်ခဲ့ဘူး။ ငါက ဧကရာဇ်လင်းဆီ ငါ့တံဆိပ်ပြားပေးပို့ခဲ့ပေမယ့် သူက ငါ့ကို မျက်နှာမပေးဘဲ လျစ်လျူရှုမယ်လို့ မထင်ထားဘူး။ ဦးလေးကို မင်း အပြစ်မတင်ဘူးမလား"

လင်ယွမ်၏မျက်လုံးများက အေးစက်တင်းမာနေပြီး လက်ရှိတွင် ဧကရာဇ်လင်းအပေါ် ရန်ငြှိုးတစ်ခု ဖြစ်တည်လာသည်။ သူက နောက်လိုက်တစ်ယောက်ဖြင့် ဧကရာဇ်တံဆိပ်ပြားပေးပို့ပြီး လင်ယုကို အပြစ်မပေးရန် တားမြစ်ခဲ့သည်။ နှင်းဧကရာဇ်အနေဖြင့် သူ၏စကား အလေးအနက်ထားခြင်းမခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သည်းခံစိတ်ပြည့်ဝသော ရဟန်းတော်များပင် ဤကိစ္စမျိုး၌ သေချာပေါက် ဒေါသထွက်ပေလိမ့်မည်။

"ဦးလေးက ကျွန်တော့်ကို အမြဲတမ်း ဂရုစိုက်ပေးခဲ့ပါတယ်။ ဘယ်လိုလုပ် အပြစ်တင်ရမှာလဲဗျာ"

လင်ယုက ချက်ချင်း ခေါင်းယမ်းပြလိုက်သည်။

"မင်းရှာဖွေပေးလိုက်တဲ့ ကလေးနှစ်ယောက်ရဲ့ ပါရမီနဲ့ ကိုယ်ကျင့်စရိုက်ကို ငါ အတော်သဘောကျတယ်။ ဒီတစ်ခေါက် မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ။ ငါက လင်ရှောင်းကျယ်ကို ရာထူးကထုတ်ပယ်လိုက်ပေမယ့် သူက လင်မျိုးနွယ်မှာ လျှို့ဝှက်ပြီး အာဏာရှိနေလိမ့်မယ်။ မျိုးနွယ်ရဲ့ကိစ္စတွေမှာ ဦးလေးက အများကြီးဝင်မစွက်ဖက်ချင်ဘူး။ အနာဂတ်မှာ ခေါင်းဆောင်ဖြစ်လာချင်ရင် ဒီအခွင့်အရေးကို အကောင်းဆုံးအသုံးချပြီး နောက်လိုက်တွေ ရှာဖွေရမယ်"

လင်ယွမ်က ခေါင်းတစ်ချက်ညိတ်ပြ၍ ညွှန်ကြားလိုက်သည်။ နှင်းဧကရာဇ်၏စကားကို ကြားသောအခါ လင်ယုက စိတ်လှုပ်ရှားလွန်းသဖြင့် ပျော်ရွှင်နေခဲ့သည်။ လင်ယွမ်၏စကားနောက်ကွယ်မှ အဓိပ္ပါယ်သည် သူ့ကို လင်မျိုးနွယ်၏ခေါင်းဆောင်ဖြစ်လာရန် ထောက်ပံ့ပေးမည်ဟု ဆိုလိုနေသည်။ လင်ယွမ်သည် လင်မျိုးနွယ်၏ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခဲပြီး ဆက်ခံသူသုံးယောက်အပေါ် သာတူညီမျှဆက်ဆံခဲ့သော်လည်း ယနေ့တွင် လင်ယုဘက်မှ လူသိရှင်ကြား ရပ်တည်ပေးခဲ့သည်။

လင်ယုသည် လင်ယွမ်၏အိမ်တော်အတွင်း ဒဏ်ရာများကုသနေစဥ် လင်မျိုးနွယ်ဝင်များစွာက သူ့ထံ အလည်အပတ်ရောက်လာကြသည်။ သို့သော် သူ၏ဒဏ်ရာက ပြင်းထန်နေသောကြောင့် လင်ယွမ်က လူတိုင်းကို ငြင်းပယ်ခဲ့သောအခါ ထိုလူများက ဆေးဝါးများနှင့် လက်ဆောင်ပစ္စည်းများစွာထားရစ်၍ ပြန်သွားခဲ့သည်။ သူတို့၏ရည်ရွယ်ချက်က အလွန်ရိုးရှင်းပြီး အနာဂတ်၌ မျိုးနွယ်ခေါင်းဆောင်ဖြစ်လာမည့် လင်ယုနှင့် ဆက်ဆံရေးတစ်ခု တည်ထောင်လိုခြင်းဖြစ်သည်။ နှင်းဧကရာဇ်၏ လုပ်ရပ်များသည် အနာဂတ်၌ မည်သူ့ကို ခေါင်းဆောင်အဖြစ် ရည်ရွယ်ထားကြောင်း ထင်ရှားနေသဖြင့် လင်ယု၏အနာဂတ်က သေချာပေါက် ကောင်းမွန်လာပေလိမ့်မည်။

"မင်းက ယဲ့ချန်မလား။ ရန်ယွင်မြို့မှာ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း စမ်းသပ်စဥ်က သုညပဲရခဲ့တယ်လို့ ကြားတယ်။ ဒီသတင်းက အမှန်ပဲလား"

လင်ယွမ်က လင်ယုကို ညွှန်ကြားစရာရှိသည်များ ညွှန်ကြားပြီးနောက် ယဲ့ချန်ဘက်လှည့်ကာ တည်တည်ငြိမ်ငြိမ် မေးလာခဲ့သည်။ သူက ဤအကြောင်း ကောလဟာလသတင်းများကြားထားပြီး စစ်ဧကရာဇ်များစွာသည် ယဲ့ချန်၏ ပေါင်းစပ်နှုန်းအကြောင်း စိတ်ဝင်စားနေကြသည်။

"ဟုတ်ပါတယ်"

ယဲ့ချန်သည် လင်ယွမ်ကို လိမ်စရာအကြောင်းမရှိသောကြောင့် အမှန်အတိုင်း ဖြေလိုက်၏။

"ဒါဆို ဒီသတင်းက အမှန်ပဲကိုး။ မဆိုးဘူး"

လင်ယွမ်၏ အေးစက်တည်ငြိမ်နေသော မျက်နှာထက်၌ အပြုံးတစ်ခု ထူးထူးဆန်းဆန်း ဖြစ်ပေါ်လာသည်။ ယဲ့ချန်သည် လင်ယွမ်၏တုံ့ပြန်မှုကို မျှော်လင့်မထားသောကြောင့် စိတ်ရှုပ်သွားခဲ့သည်။

"သူက ဘာကိုဆိုလိုတာလဲ။ ကြယ်ဝိညာဥ် ပေါင်းစပ်နှုန်းသုညက ဘာကောင်းကျိုးရှိလို့လဲ"

ယဲ့ချန်ကအတွေးများစွာဖြင့် လင်ယွမ်ထံမေးရန် ပြင်လိုက်သည်။

"ငါ့မှာ မင်းလိုမျိုးပေါင်းစပ်နှုန်း သုညရှိတဲ့ မိတ်ဆွေတစ်ယောက် ရှိတယ်။ အကြောင်းတိုက်ဆိုင်ရင် မင်းတို့ကို တွေ့ပေးချင်တယ်"

ထိုအချိန်တွင် လင်ယွမ်၏စကားသံက ဆက်လက်ထွက်ပေါ်လာသည်။ ထိုမိတ်ဆွေအကြောင်း တွေးမိလိုက်သောအခါ သူ၏မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

"ဟင် နောက်ထပ်ပေါင်းစပ်နှုန်းသုညနဲ့ လူတစ်ယောက် ရှိတာလား။ ဘာတွေဖြစ်နေတာလဲ။ ငါသိရသလောက်ကတော့ ကောင်းကင်မူလတိုက်ကြီးမှာ နှစ်ပေါင်းထောင်ချီအတွင်း ပေါင်းစပ်နှုန်းသုညရှိတာက ငါတစ်ယောက်တည်း မဟုတ်ဘူးလား"

ယဲ့ချန်၏စိတ်အတွင်း သံသယအတွေးများ ဖြစ်ပေါ်လာသည်။ သို့သော် ဤကိစ္စကို နှင်းဧကရာဇ်ကိုယ်တိုင် ထုတ်ပြောလာသောကြောင့် ထိုလူ၏ ပေါင်းစပ်နှုန်းသုညက လျှို့ဝှက်ချက်တစ်ခုဖြစ်ကြောင်း စဥ်းစားလိုက်မိသည်။ သူက နှင်းဧကရာဇ်၏မိတ်ဆွေသည် မည်သို့သောလူစားမျိုးဖြစ်ကြောင်း သိချင်နေခဲ့သည်။ အခွင့်အရေးသာရလျှင် သူက ထိုလူနှင့် တွေ့ဆုံ၍ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းသုည၏ ထူးခြားချက်များအကြောင်း မေးမြန်းချင်နေခဲ့လေသည်။

All Chapters