← Chapters

ယဲ့မျိုးနွယ် အင်အားကြီးမားလာခြင်း

Vol. 42 Ch. 584

ယဲ့မျိုးနွယ် အင်အားကြီးမားလာခြင်း

Vol. 42 Ch. 584

"နှင်းဧကရာဇ်ရဲ့မိတ်ဆွေက ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာကို ပြောပြနိုင်မလား"

ယဲ့ချန်က စိတ်ဝင်တစား မေးမြန်းလိုက်သည်။

"သူ့ရဲ့အဆင့်အတန်းက အတော်မြင့်တယ်။ ငါတောင် မကြာခဏ တွေ့လို့မရဘူး"

လင်ယွမ်၏မျက်နှာထက်တွင် လေးစားသော အရိပ်အယောင်များ ဖြစ်ပေါ်လာကာ တစ်စုံတစ်ခုကို ပြန်လည်တွေးတောနေရင်း ဖြေလိုက်သည်။

"ဒီလူက နှင်းဧကရာဇ်ထက် အဆင့်အတန်းမြင့်တာလား"

စစ်ဧကရာဇ်တစ်ယောက်ထက် ပို၍အဆင့်မြင့်သူက ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း သုညပိုင်ရှင် ဖြစ်နေသောကြောင့် ယဲ့ချန်မှာ အံ့သြနေရသည်။

"ပေါင်းစပ်နှုန်းသုညကြောင့် မင်းက မကျင့်ကြံနိုင်တာမျိုး မဟုတ်ဘူး။ ကျင့်ကြံနှုန်းက တခြားပါရမီရှင်တွေနဲ့ မတူရုံပဲ။ မင်းက ရွှမ်၊ တာအိုနတ်အဆင့်နဲ့ စစ်ဧကရာဇ်အဆင့်အထိ ရောက်အောင် ကျင့်ကြံလို့ရတယ်။ ငါ့မိတ်ဆွေ ဘယ်ကရောက်လာတယ်ဆိုတာနဲ့ ပေါင်းစပ်နှုန်းသုညပိုင်ရှင်ဆိုတာကို သိတဲ့လူ အရမ်းနည်းတယ်"

လင်ယွမ်က ခေါင်းညိတ်ပြလိုက်သည်။

"ဒါကြောင့် ကျုပ်ကို ကောင်းကင်မူလတိုက်ကြီးမှာ နှစ်ပေါင်းများစွာအတွင်း တစ်ယောက်တည်းသော ပေါင်းစပ်နှုန်းသုညပိုင်ရှင်လို့ ပြောကြတာကိုး"

ထိုလူမှာ နှိမ့်ချနေထိုင်သူ ဖြစ်ကြောင်း ယဲ့ချန်က နားလည်လိုက်သည်။

"ပေါင်းစပ်နှုန်းသုညပိုင်ရှင် တတိယတစ်ယောက် ရှိမရှိကိုတော့ ငါ မပြောနိုင်ပေမယ့် မင်းတစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီသုညက ထူးခြားတယ်ဆိုပေမယ့် မင်းကိုယ်တိုင် ရှာဖွေရလိမ့်မယ်။ ငါသိသလောက်ဆိုရင် ယဲ့မျိုးနွယ်မှာ စစ်ဧကရာဇ်လောင်းတွေ အများကြီးရှိနေတယ်မလား"

လင်ယွမ်သည် ယဲ့ချန်ကို အဓိပ္ပါယ်ပါပါစိုက်ကြည့်၍ မေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်ပါတယ်"

ယဲ့ဖန်း၊ ယဲ့မူနှင့် ကျိလေ့၏ဆရာများဖြစ်ကြသော ဧကရာဇ်ချန်းနှင့် ဧကရာဇ်ချိုးသည် လင်ယွမ်၏ မိတ်ဆွေကောင်းများဖြစ်ကြသဖြင့် ဆရာရှာဖွေပေးရာ၌ လင်ယုက သူတို့ကို ရွေးချယ်ခဲ့သည်။ မိတ်ဆွေများ အချင်းအချင်း သတင်းအချက်အလက်များ ရနိုင်သောကြောင့် လင်ယွမ်က ဤအကြောင်းကို သိနေခြင်းမှာ မထူးဆန်းပေ။

"ယဲ့မျိုးနွယ်မှာ ပါရမီရှင်တွေ ပြည့်နှက်နေတယ်ဆိုတော့ ပေါင်းစပ်နှုန်းငါးဆယ်ကျော်တဲ့လူတွေ နောက်ထပ်ရှိသေးလား။ အရှေ့ပိုင်းတိုက်ကြီးမှာ နောက်ထပ်ယဲ့မျိုးနွယ်ဝင်တွေ အများကြီးကျန်ရစ်နေတယ်လို့ ကြားတယ်။ ငါ့အဆင့်အတန်းနဲ့ဆိုရင် တာအိုအိမ်တော်ကို အကြောင်းကြားပြီး အရေအတွက်ရာချီလောက် ကယ်တင်ပေးနိုင်တယ်"

လင်ယွမ်သည် ပါရမီရှင်တပည့်များ နောက်ထပ်လိုချင်နေသော်လည်း သူ၏အဆင့်အတန်းကြောင့် ယဲ့ချန်ကို ဖိအားပေး၍ တိုက်ရိုက်တောင်းဆိုရန် မသင့်တော်ချေ။ စစ်ဧကရာဇ်တစ်ယောက်က အခြားတိုက်များမှ ကျင့်ကြံသူများကို ကယ်တင်ပေးနိုင်သော်လည်း အရေအတွက်က အကန့်အသတ်ရှိသည်။ ထိုအကန့်အသတ်ကို ကျော်လွန်သွားလျှင် သူတို့လည်း ကျသင့်ငွေကို ပေးချေရပေလိမ့်မည်။ အရေအတွက်ရာချီသည် များစွာမဟုတ်သော်လည်း ကယ်နိုင်သမျှကယ်ရန်က အရေးကြီးသောကြောင့် ယဲ့ချန်က ဝမ်းသာနေသည်။

"အမှန်ပါပဲ နှင်းဧကရာဇ်။ ကျုပ်နယ်မြေထဲမှာ ပေါင်းစပ်နှုန်းငါးဆယ်ကျော်တဲ့ ပါရမီရှင်တွေ မရှိသေးဘူး။ ဒါပေမယ့် ပေါင်းစပ်နှုန်းကို မစစ်ဆေးရသေးတဲ့ ကျင့်ကြံသူပေါင်း တစ်ထောင်ကျော် ရှိနေတယ်။ တကယ်လို့ ပေါင်းစပ်နှုန်းငါးဆယ်ကျော်တဲ့ ပါရမီရှင်တွေသာ ထွက်ပေါ်လာရင် လင်ယုကတဆင့် ခင်ဗျားဆီကို ပို့ဆောင်ပေးပါမယ်"

လင်ယွမ်နှင့် ဆက်ဆံရေးကောင်းမွန်လျှင် အကျိုးမယုတ်သောကြောင့် ယဲ့ချန်က အကင်းပါးစွာနှင့် ကတိပေးလိုက်သည်။

"မင်းရဲ့ကိုယ်ပေါ်မှာ ငါ့အောက်မနိမ့်တဲ့ အရှိန်အဝါတစ်ခုကို ခံစားရတယ်။ မင်းမှာ ကာကွယ်ရေးနတ်သားရဲတစ်ကောင် ရှိတယ်မလား။ စစ်ဧကရာဇ်အဆင့်ရှိတဲ့ နတ်သားရဲတစ်ကောင်ကို မင်းပိုင်ဆိုင်ထားပြီး ယဲ့မျိုးနွယ်မှာလည်း ပါရမီရှင်တွေ အများကြီးရှိနေတယ်။ မင်းရဲ့အနာဂတ်က တကယ့်ကို အကန့်အသတ်မဲ့ပါလား"

လင်ယွမ်က ကျေနပ်စွာပြုံး၍ ယဲ့ချန်၏အစွမ်းအစကို ချီးကျူးလိုက်သည်။ ယဲ့ချန်က စကားတစ်ခွန်းမှမပြောဘဲ ပြုံးပြလိုက်သည်။ လင်ယွမ်၏မျက်လုံးများအောက်တွင် ခြင်္သေ့ကြီး၏တည်ရှိမှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။ ထိုအချိန်တွင် လင်ယုက မျက်လုံးများပွင့်လာ၍ ဒဏ်ရာများ ကောင်းမွန်သွားကာ လက်လည်း အကောင်းအတိုင်း ပြန်လည်ဖြစ်ပေါ်နေသည်။

"အကောင်းဆုံးကြိုးစားပြီး ယဲ့ချန်ကို ကူညီပါ။ ငါ မင်းကို လင်မျိုးနွယ်ခေါင်းဆောင်ဖြစ်လာအောင် ထောက်ပံ့ပေးမယ်"

ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာသော လင်ယု၏ပခုံးကို လင်ယွမ်က လက်ဖြင့်ပုတ်၍ ညွှန်ကြားလိုက်သည်။

"ကျေးဇူးအများကြီးတင်ပါတယ် ဦးလေး"

လင်ယွမ်၏စကားများက သူ့ကို အသိအမှတ်ပြုရာရောက်သောကြောင့် လင်ယုမှာ ကျေနပ်နေခဲ့သည်။ အကယ်၍ လင်ယုသာ ပါရမီရှင်များပြည့်နှက်နေသော ယဲ့မျိုးနွယ်နှင့် မဟာမိတ်ဖွဲ့နိုင်ခဲ့လျှင် လင်မျိုးနွယ်လည်း အဆင့်အတန်း မြင့်မားလာပေလိမ့်မည်။ လင်ယုနှင့် ယဲ့ချန်က ညီအစ်ကိုများပမာ ရင်းနှီးပြီး ယဲ့မုန့်နှင့် ယဲ့ရွှမ်က လင်ယု၏တပည့်များဖြစ်သောကြောင့် နှစ်ဖက်လုံးတွင် ဆက်ဆံရေးတစ်ခု ကောင်းမွန်စွာ ဖြစ်ပေါ်လာသည်။ လင်မျိုးနွယ်က လွတ်လပ်စွာရပ်တည်ပြီး ယဲ့မျိုးနွယ်အပေါ် ရာနှုန်းပြည့် အားကိုးနေမည်မဟုတ်ပေ။ သံကိုထုနှက်လိုလျှင် ကိုယ်တိုင်က မာကျောနေရမည်ဖြစ်ကြောင်းကို လင်ယုအား သီးသန့်သင်ကြားပေးရန် လင်ယွမ်က ဆုံးဖြတ်ထားသည်။

နှင်းဧကရာဇ်ရောက်ရှိနေသော သတင်းက တော်ဝင်မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားသောကြောင့် နောက်ရက်များတွင် တော်ဝင်မျိုးနွယ်နှင့် အခြားမျိုးနွယ်များက အလည်အပတ်လာရောက်ခဲ့ကြသည်။ လင်ယွမ်က အချို့ကို ငြင်းပယ်၍ အချို့ကို လက်ခံတွေ့ဆုံခဲ့သည်။ လင်ရှောင်ဖန်းသည် ယာယီမျိုးနွယ်ခေါင်းဆောင်ဖြစ်လာသော်လည်း ခေါင်းဆောင်ဟောင်း လင်ရှောင်းကျယ်၏ ပိုင်ဆိုင်မှုများကို မထိရဲပေ။ လက်ရှိတွင် လင်ရှောင်းကျယ်နှင့် လင်ချန်းက အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီး လင်မျိုးနွယ်၏ကိစ္စများ၌ ဝင်ရောက်မစွက်ဖက်ရဲချေ။ လင်ရှုကို လင်ချန်းက မူလတွင် ဖိနှိပ်ထားနိုင်သော်လည်း လင်ရှောင်းကျယ်၏နေရာ ပျောက်သွားသောအခါ လင်ရှုက အဆင့်အတန်းပိုမြင့်လာပြီး တော်ဝင်မြို့တော်ရှိ အခြားမျိုးနွယ်များနှင့် ဆက်သွယ်နိုင်ခဲ့သည်။ သူက လင်ယွမ်၏ထောက်ခံမှုကို ရယူရန်အတွက် ဆက်တိုက်လာနေသော်လည်း လင်ယွမ်သည် သူ၏ကိုယ်ကျင့်စရိုက်ကို သဘောမကျပေ။

ယဲ့ချန်သည် ရန်ယွင်မြို့သို့ပြန်ရန် အလျင်မလိုသောကြောင့် လင်ယုနှင့်အတူ ကျစ်ဟွာတော်ဝင်မြို့တော်ကို လေ့လာခဲ့သည်။ နှစ်လကြာပြီးနောက် လင်ယွမ်၏သင်ကြားပေးမှုဖြင့် သူက များစွာတိုးတက်လာကာ ချီပင်လယ်အဆင့်ရှစ်အထိ ရောက်ရှိလာခဲ့၏။ ဤနေရာက ရန်ယွင်မြို့နှင့် အလွန်ဝေးကွာသော်လည်း ယဲ့ချန်နှစ်ယောက်ကြားတွင် ဆက်သွယ်မှုတစ်ခုရှိနေပြီး နတ်ကိုယ်ပွားကျင့်စဥ်၏ ဆန်းကျယ်သော စွမ်းရည်တစ်ခုဖြစ်သည်။ သူက ယဲ့မျိုးနွယ်ဝင်များ၏ သတင်းကို ရန်ယွင်မြို့ရှိ ယဲ့ချန်ထံမှ ရရှိခဲ့သည်။

ရန်ယွင်မြို့မှထွက်ခွာသွားသော ယဲ့မျိုးနွယ်ဝင်များသည် ကျစ်ဟွာနတ်တိုင်းပြည်၏ မြို့တော်အသီးသီးတွင် အခြေချနေထိုင်ခဲ့ကြသည်။ အချို့ဆိုလျှင် အခြားနတ်တိုင်းပြည်များသို့ပင် ထွက်ခွာသွားပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်သူများရှိသကဲ့သို့ ယဲ့ချန်၏နည်းလမ်းအတိုင်း ငွေချေးလုပ်ငန်းကို စတင်ခဲ့ကြသူများလည်း ရှိသည်။ သူတို့က သာမန်လူတန်းစားများနှင့်ဆက်သွယ်၍ ကောင်းကင်ဘုံငယ်ဝင်ခွင့်အတွက် ငွေထုတ်ချေးပေးပြီးနောက် ချမ်းသာလာကာ နယ်မြေများဝယ်ယူ၍ အိမ်ရာများ တည်ဆောက်ခဲ့ကြသည်။ ဤသို့ဖြင့် ယဲ့မျိုးနွယ်၏ကြီးပွားမှုက ကျစ်ဟွာနတ်တိုင်းပြည်တစ်ခုလုံးတွင် ပျံ့နှံ့လာ၍ တော်ဝင်မျိုးနွယ်အထိ သတင်းရောက်လာခဲ့သည်။ သောင်းချီသော အထက်တန်းစားများက ပူးပေါင်း၍ ကျစ်ဟွာဘုရင် ကျိဟောင်တန်းထံ ရန်ယွင်မြို့၏ယဲ့မျိုးနွယ်ကို အရေးယူပေးရန် တိုင်ကြားခဲ့ကြသည်။ ယဲ့မျိုးနွယ်သည် အထက်တန်းစားများစွာကို စော်ကားခဲ့ပြီး နတ်တိုင်းပြည်တစ်ခုလုံးကို တုန်လှုပ်စေခဲ့သောကြောင့် သူက အလွန်ဒေါသထွက်နေခဲ့သည်။ သူက ယဲ့မျိုးနွယ်ကို အရေးယူရန် ဆုံးဖြတ်၍ စစ်တပ်များစေလွှတ်ရန် ပြင်ဆင်ခဲ့သော်လည်း ရုတ်တရက်တိတ်ဆိတ် ငြိမ်သက်သွားခဲ့၏။ ယဲ့မျိုးနွယ်ကို အလွန်ဒေါသထွက်နေသော ကျိဟောင်တန်းမှာလည်း ရုတ်တရက် ပါးစပ်ပိတ်သွားခဲ့ရသည်။

ယဲ့မျိုးနွယ်ကမူ ရန်ယွင်မြို့တော်၌ အခြေအနေကောင်းမွန်နေပြီး အထက်တန်းစားများ၏ တိုင်ကြားချက်များ ပလူပျံအောင်ရောက်ရှိလာသော်လည်း ကျိဟောင်တန်း၏ လျစ်လျူရှုခြင်း ခံလိုက်ရသည်။ ထို့ကြောင့် အထက်တန်းစားများမှာ ယဲ့မျိုးနွယ်ကို အလွန်ကြောက်လန့်နေကြသောအခါ ၎င်းသည် အစွမ်းထက် နောက်ခံတစ်ခုရှိကြောင်း သိသာနေသည်။ ကောလဟာလသတင်းမျိုးစုံက တိုင်းပြည်တစ်ခုလုံးထွက်ပေါ်နေကာ ယဲ့မျိုးနွယ်ကို ဖမ်းဆီး၍ အပြစ်ပေးချင်နေသော ကျိဟောင်တန်းထံ စစ်ဧကရာဇ်တံဆိပ်ပြားခုနစ်ခု ရုတ်တရက် ရောက်ရှိလာသည်ဟု ဆိုကြသည်။ ထိုခုနစ်ယောက်သည် ကျိဟောင်တန်းကို ယဲ့မျိုးနွယ်အား မထိပါးရန် သတိပေးခဲ့သောကြောင့် နတ်တိုင်းပြည်လေးတစ်ခု၏ ဘုရင်မှာ လွန်ဆန်ရဲခြင်းမရှိပေ။ ဤရက်များအတွင်း ကျိဟောင်တန်းသည် ယဲ့မျိုးနွယ်၏လုပ်ရပ်များကို မမြင်ချင်ယောင်ဆောင်ထားသဖြင့် အထက်တန်းစားများမှာ သူတို့၏အကျိုးအမြတ်များ လုယုခံနေရသည်ကို ရင်နာနာဖြင့် ကြည့်နေရုံသာ တတ်နိုင်သည်။ သူတို့က ယဲ့မျိုးနွယ်ကို အလွန်တရာမုန်းတီးနေသော်လည်း ကျိဟောင်တန်းကိုယ်တိုင်ပင် မထိပါးရဲသော မျိုးနွယ်ကို မဆန့်ကျင်ရဲပေ။

မြို့အသီးသီးမှ ပိုက်ဆံများစွာက ရန်ယွင်မြို့သို့ ရောက်ရှိလာကာ ထိုငွေများဖြင့် အရှေ့ပိုင်းတိုက်ကြီးမှ ယဲ့မျိုးနွယ်ဝင်များ ထပ်မံရောက်ရှိလာကြသည်။ တစ်သုတ်ပြီးတစ်သုတ် ရန်ယွင်မြို့သို့ရောက်လာကာ အခြေချနေထိုင်၍ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းများကို စမ်းသပ်လိုက်ကြသည်။ ဝူဇီ၏ပေါင်းစပ်နှုန်းက အံ့သြစရာကောင်းလောက်သော ၇၅ဖြစ်နေသော်လည်း တိုက်ခိုက်နိုင်သော စွမ်းရည် မရှိပေ။ သို့မဟုတ်လျှင် သူကလည်း ကောင်းကင်ကိုဆန့်ကျင်နိုင်သော ပါရမီရှင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။ စစ်ဧကရာဇ်အလောင်းအလျာ ဆယ့်ခုနစ်ယောက်ထွက်ပေါ်လာခဲ့ပြီး သုံးယောက်ကို လင်ယုထံပို့ဆောင်ရန် ယဲ့ချန်က စီမံလိုက်ပြီး ကျန်ဆယ့်လေးယောက်မှာ အခြားစစ်ဧကရာဇ်များထံ ရောက်ရှိသွားကြသည်။ ယဲ့မျိုးနွယ်ဝင်များနှင့် ကြယ်ခန်းမအဖွဲ့ဝင်များသည်လည်း ရန်ယွင်မြို့ကို ဗဟိုပြု၍ နေရာအသီးသီးကို ခြေဆန့်ခရီးထွက်ခွာသွားကြသည်။

ရန်ယွင်မြို့၏နယ်မြေအတွင်း ဒုတိယယဲ့ချန်သည် မျိုးနွယ်၏ကိစ္စရပ်များကို စီမံဆောင်ရွက်နေပြီး အရာအားလုံးက ဖြည်းဖြည်းမှန်မှန် တိုးတက်လာနေသည်။ ဆေးဆရာရွှမ်းရီ၊ လီရှုနှင့် အခြားလူများလည်း ရောက်ရှိလာသောကြောင့် ကြယ်ခန်းမ၏ ဆေးခန်းဆောင်ရှိ အဖွဲ့ဝင်ပေါင်းသုံးရာလည်း လိုက်ပါလာကြသည်။

"ဆရာ ဆရာဦးလေး ဆရာတူအစ်ကို"

ယဲ့ချန်က လူတိုင်းကို ပျော်ရွှင်စွာဖြင့် ဦးညွှတ်၍ ကြိုဆိုလိုက်သည်။ လူတိုင်းကလည်း အလျင်အမြန်ပြန်လည် နှုတ်ဆက်လိုက်ကြသည်။ ယဲ့ချန်သည် လက်ရှိတွင် များစွာအောင်မြင်နေပြီဖြစ်သော်လည်း ဆရာဖြစ်သူရှေ့တွင် အောက်ခြေလွတ်မနေခဲ့ပေ။ သူက အချိန်တိုင်း ကျေးဇူးတရားကို သိတတ်စွာဖြင့် နှိမ့်ချနေသောကြောင့် လူတိုင်းက စိတ်ထဲမှ ချီးကျူးလိုက်ကြသည်။

"ဆရာက မင်းကို အများကြီးမကူညီပေးနိုင်တာ အရှက်ရမိပါတယ်။ ငါတို့ရဲ့ဆေးပညာက အသုံးဝင်မယ်လို့ ထင်ထားပေမယ့် ကောင်းကင်မူလတိုက်ကြီးမှာတော့ အရမ်းနိမ့်ကျနေတယ်"

ရွှမ်းရီ၏စိတ်ထဲတွင် ခံစားချက်များမျိုးစုံ ပြောင်းလဲနေသည်။

"တကယ်တော့ ကောင်းကင်မူလတိုက်ကြီးရဲ့ဆေးပညာက မခက်ခဲပါဘူး ဆရာ။ ဒါကို ဆေးပညာသီအိုရီတွေနဲ့ အဆင့်မြှင့်တင်ထားတာ ဖြစ်ပါတယ်။ ဆရာတို့ရဲ့ဉာဏ်ပညာနဲ့ဆိုရင် ဒီကဆေးပညာကို သင်ယူနိုင်ဖို့ ခက်ခဲမှာ မဟုတ်ပါဘူး"

ယဲ့ချန်က တစ်ချက်ပြုံး၍ အားပေးလိုက်သည်။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းတွင် ရွှမ်းရီတို့လူစုသည် ငါးဆယ်မကျော်သော်လည်း သုံးဆယ်နှင့် ငါးဆယ်အကြားရှိသောကြောင့် ဆေးဆရာများ ဖြစ်လာနိုင်သည်။

"ဒါပေမယ့် ဆေးပညာကို ဘယ်လိုသင်ယူရမလဲ"

လီရှုက ခါးသက်သက်ပြုံး၍ မေးလိုက်ခြင်းဖြစ်သည်။

"မစိုးရိမ်ပါနဲ့ ဆရာတူအစ်ကို။ ကျုပ် ပြင်ဆင်ထားပြီးပါပြီ"

ယဲ့ချန်က တစ်ချက်ပြုံး၍ ဆေးစံအိမ်မှ သူသိလာရသမျှ ဆေးပညာရပ်ကို ရေးချထားသည့် မှတ်တမ်းများ ထုတ်ယူလိုက်သည်။ ရွှမ်းရီတို့လူစုသည် ကြယ်တစ်ပွင့်ဆေးဆရာများ ဖြစ်မလာခင် နောက်လာမည့်အဆင့်များအတွက် လိုအပ်သော ဆေးပညာကို ရှာဖွေရန် အချိန်ရပေသည်။ တိရှုံးနှင့် သူ၏တပည့်ပန်းပဲဆရာများအတွက်မူ ယဲ့ချန်၌ မည်သည့်ပန်းပဲပညာရပ်မှ ရှိမနေခဲ့ပေ။

All Chapters