← Chapters

တော်ဝင်ညစာစားပွဲ

Vol. 42 Ch. 585

တော်ဝင်ညစာစားပွဲ

Vol. 42 Ch. 585

"စီနီယာ ကျုပ်မှာ ကောင်းကင်မူလတိုက်ကြီးရဲ့ ပန်းပဲပညာရပ်တွေတော့ မရှိသေးဘူး။ လောလောဆယ်မှာ နောက်လိုက်တွေကို နေရာတိုင်း ရှာဖွေခိုင်းထားပါတယ်။ ကျေးဇူးပြုပြီး စောင့်ဆိုင်းပေးပါ"

ယဲ့ချန်က တိရှုံးကို အားနာစွာဖြင့်တော င်းပန်လိုက်၏။

"ငါက ကောင်းကင်မူလတိုက်ကြီးရဲ့ ပန်းပဲပညာကို တတ်ကျွမ်းထားပါတယ်။ ဒါပေမယ့် ကျင့်ကြံဆင့်က မလုံလောက်ဘူးဖြစ်နေတယ်။ နတ်မူလဆေးအနည်းငယ်သာရရင် ချီပင်လယ်အဆင့်ကိုတက်ပြီး ဒီပညာရပ်တွေကို ကိုယ်တိုင်လည်း လေ့ကျင့်နိုင်မယ်။ တပည့်တွေကိုလည်း သင်ကြားပေးနိုင်မယ်"

တိရှုံးက တစ်ချက်ပြုံး၍ ခေါင်းယမ်းလိုက်ပြီး ဟောင်းနွမ်းနေသော စာအုပ်အချို့ ထုတ်ယူလိုက်သည်။ ၎င်းတို့၏အဖုံးတွင် ပန်းပဲပညာရပ်အတွေးအမြင်များဟူသော စာလုံးကို ကောင်းကင်မူလတိုက်ကြီး၏ဘာသာဖြင့် ရေးထိုးထားသောကြောင့် အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ ယဲ့ချန်သည် ထိုစကားကြောင့် အံ့သြသွားခဲ့ရသည်။ တိရှုံး၏နောက်ခံကို သူက မသိထားသောကြောင့် ထိုပန်းပဲဆရာမှာ ကောင်းကင်မူလတိုက်ကြီးမှ လူတစ်ယောက်ဖြစ်နေပြီး အကြောင်းအရင်းတစ်ခုကြောင့် ဇာတ်မြုပ်နေခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းလိုက်၏။

"မင်းရဲ့စိတ်ထဲမှာ ထူးဆန်းနေမယ်ဆိုတာ ငါ သိပါတယ်။ ငါက ကောင်းကင်မူလတိုက်ကြီးရဲ့ လူတစ်ယောက်ဆိုတာကို မင်းလည်း ခန့်မှန်းမိလောက်ပါပြီ။ ငါ့မျိုးနွယ်က ပန်းပဲဆရာမျိုးနွယ်တစ်ခုဖြစ်ပေမယ့် ငါက တိုက်ရိုက်မျိုးဆက်တစ်ယောက်မဟုတ်ဘဲ အစေခံတစ်ယောက်သာ ဖြစ်ပါတယ်။ ငါက ပန်းပဲပညာကိုသင်ယူမိလို့ သူတို့က ငါ့ကို နှင်ထုတ်လိုက်ကြတယ်။ ဒါပေမယ့် တချို့က ငါ့ကို လွယ်လွယ်နဲ့လွှတ်မပေးချင်ကြလို့ ပိုက်ဆံစုဆောင်းပြီး အရှေ့ပိုင်းတိုက်ကြီးကို ထွက်ပြေးလာရုံကလွဲပြီး ရွေးစရာမရှိဘူး"

တိရှုံးက သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏နောက်ကြောင်းကို စိတ်ပျက်လက်ပျက်နှင့် ရှင်းပြလိုက်သည်။ သူ၏မျက်နှာထားမှ ဝမ်းနည်းစိတ်၊ ဒေါသနှင့် မျှော်လင့်ချက်မဲ့မှုများကို ယဲ့ချန်က ရိပ်မိလိုက်သည်။ တိရှုံးသည် သူ၏မျိုးနွယ်မှ အတိတ်တွင်ဖိနှိပ်ကာ နှင်ထုတ်လိုက်သောကြောင့် မွေးရပ်မြေမှ စွန့်ခွာကာ ပုန်းအောင်းနေခဲ့ရသည်။ ထို့ကြောင့် သူ၏နောက်ကြောင်းကို ဖုံးကွယ်ထားလိုခြင်းက အဆန်းမဟုတ်ပေ။

"စီနီယာ တစ်နေ့မှာ ပန်းပဲမျိုးနွယ်ကို ခင်ဗျားပြန်ပြီး လုပ်ချင်တာကို လုပ်ခွင့်ရစေရမယ်လို့ ကတိပေးတယ်"

ယဲ့ချန်က လေးနက်စွာ အာမခံလိုက်သည်။ ပန်းပဲမျိုးနွယ်များက ကောင်းကင်မူလတိုက်ကြီး၏ထိပ်တန်း၌ ရပ်တည်နေသော်လည်း တစ်နေ့တခြား အင်အားကြီးမားလာနေသော ယဲ့မျိုးနွယ်မှာ အနှေးနှင့်အမြန် ၎င်းတို့ကို ဖိနှိပ်နိုင်မည်ဟု သူက ယုံကြည်ထားသည်။ သူ၏စကားကိုကြားသောအခါ တိရှုံး၏မျက်လုံးများတွင် အလင်းရောင်များ တောက်ပလာခဲ့သည်။ သူက ယဲ့မျိုးနွယ်နှင့် ကြယ်ခန်းမအကြောင်း တွေးမိလိုက်သောအခါ ယဲ့ချန်၏စကားက အလိမ်အညာမဟုတ်ကြောင်း လက်ခံလိုက်သည်။ တစ်နေ့တွင် ယဲ့မျိုးနွယ်၏အာဏာက ကောင်းကင်မူလတိုက်ကြီးပေါ်တွင် အစွမ်းအထက်ဆုံးအခြေအနေအထိ ရောက်လာပေလိမ့်မည်။

"ငါက ပန်းပဲပညာရပ်တွေကို သေချာမှတ်မိပါတယ်။ ချီပင်လယ်အဆင့်ကိုရောက်ရင် လက်နက်တွေ စတင်သွန်းလုပ်ပြီး မင်းအတွက် ပန်းပဲဆရာအဖွဲ့တစ်ခု မွေးထုတ်ပေးမယ်"

တိရှုံးသည် စိတ်လှုပ်ရှားစွာဖြင့် ယဲ့ချန်ကို စိုက်ကြည့်ရင်း လေးလေးနက်နက် ပြောလိုက်ခြင်းဖြစ်သည်။

"ဒါဆိုရင် စီနီယာကို ဒုက္ခပေးမိပါပြီ"

ယဲ့ချန်က လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်ပြီး အဆင့်တစ်နတ်မူလဆေးအချို့ကို တိရှုံးလက်အတွင်းသို့ မဆိုင်းမတွထည့်ပေးလိုက်သည်။ ထို့နောက် သူက အရှေ့ပိုင်းတိုက်ကြီးရှိရာသို့ ငေးမော၍ အတွေးနက်နေခဲ့သည်။ လက်ရှိနှုန်းအရ သူ၏လူအားလုံးကို အများဆုံးတစ်နှစ်အတွင်း ကယ်တင်နိုင်ပေလိမ့်မည်။ ထို့နောက် ထန်တိုက်လင်၏မျိုးနွယ်ဖြစ်သော ရေခဲပြာမျိုးနွယ်ကိုလည်း ကယ်တင်ရပေဦးမည်။ သူမက သူ၏ဇနီးသည်ဖြစ်လာသောကြောင့် ပင်လယ်မိစ္ဆာမျိုးနွယ်အတွက်လည်း တာဝန်ရှိသည်ဟု ခံယူထားသည်။ ယဲ့မျိုးနွယ်၏ကြွယ်ဝမှုက နေ့တိုင်းများပြားလာနေသော်လည်း ထိုလူများကိုကယ်တင်ရန် လိုအပ်သောပမာဏကလည်း အလွန်ကြီးမားသည်။ ယဲ့ချန်မှာ ဤလိုအပ်ချက်ကို ရင်ဆိုင်ရာ၌ ချက်ချင်းမအောင်မြင်ခဲ့ဘဲ ဖြည်းဖြည်းချင်းသာ ကြိုးစားရပေလိမ့်မည်။

ကျစ်ဟွာတော်ဝင်မြို့တော်၏ အိမ်ဝန်းအတွင်း ယဲ့ချန်သည် နှင်းဧကရာဇ်ကို ကျင့်ကြံခြင်းအတွက် မေးခွန်းများ မေးမြန်းပြီးနောက် စတင်ကျင့်ကြံလိုက်သည်။

"အစ်ကိုကြီး ကျစ်ဟွာဘုရင်က ဖိတ်စာတစ်စောင် ပေးပို့လာတယ်။ သူက မင်းကို တော်ဝင်ညစာစားပွဲ တက်ရောက်စေချင်နေတယ်။ ကျစ်ဟွာတိုင်းပြည်အပြင်ဘက်က အရေးကြီးပုဂ္ဂိုလ်တွေလည်း တက်ရောက်ကြလိမ့်မယ်။ ငါ့ဦးလေးလည်း ပါနေတယ်"

ထိုအချိန်၌ လင်ယုသည် ယဲ့ချန်ထံ ရောက်ရှိလာပြီး ရွှေစင်ဖြင့်ပြုလုပ်ထားသော ဖိတ်စာတစ်စောင်ကို ကမ်းပေးလိုက်သည်။

"ကျိဟောင်တန်းက ငါ့ကို တကယ်ဖိတ်တာလား"

ယဲ့ချန်က ဖိတ်စာကို တစ်ချက်ကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။

"စစ်ဧကရာဇ်ခုနစ်ယောက်က သူ့ကို တံဆိပ်ပြားတွေ တပြိုင်နက်ပို့လာမှတော့ မကြောက်ဘဲ ဘယ်နေပါ့မလဲ။ လက်ရှိမှာ သူက အစ်ကိုကြီးကို အလေးမထားလို့ မရဘူးလေ"

လင်ယုက တစ်ချက်ပြုံးလိုက်သဖြင့် နှုတ်ခမ်းထောင့်များ လှုပ်ခတ်သွားခဲ့သည်။ ကျစ်ဟွာနတ်တိုင်းပြည်၏ ဘုရင်ဖြစ်သော ကျိဟောင်တန်းကို စစ်ဧကရာဇ်ငါးယောက်က ထောက်ခံပေးထားစဥ် ယဲ့ချန်၏နောက်ကွယ်၌ ခုနစ်ယောက်အထိရှိသောကြောင့် အထင်သေးရဲမည်မဟုတ်ပေ။

"နှင်းဧကရာဇ်သွားမယ်ဆိုရင် ငါလည်း လိုက်သွားပါ့မယ်"

ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ ရေခဲတောင်ကြီးနှင့်တူညီသော ယဲ့မျိုးနွယ်၏စွမ်းအားကို အခြားလူများက စတင်ဂရုစိုက်လာကြသော်လည်း သူက အရာအားလုံးကို ထုတ်ပြရန် အချိန်မကျသေးပေ။ သို့သော် ဤကား ညစာစားပွဲတစ်ခုဖြစ်ပြီး ပြဿနာကြီးမဟုတ်ပေ။ သူက ကျိဟောင်တန်း မည်သူများကိုဖိတ်ကြားထားကြောင်း မသိရသော်လည်း အနှေးနှင့်အမြန် ရင်ဆိုင်တွေ့ရမည်ဖြစ်သည်။ ယဲ့ချန် ခေါင်းညိတ်ပြလိုက်သောအခါ လင်ယုက စိတ်လှုပ်ရှားနေခဲ့သည်။ သူက တော်ဝင်ညစာစားပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ရန်အတွက် ယဲ့ချန်နှင့် လိုက်ပါရပေလိမ့်မည်။ အတိတ်၌ ဤပွဲမျိုးတွင် လင်မျိုးနွယ်ကို ကိုယ်စားပြုသူမှာ လင်ချန်းနှင့် လင်ရှုသာ ဖြစ်သည်။

"ကျစ်ဟွာနတ်တိုင်းပြည်မှာ လင်မျိုးနွယ်အပါအဝင် မျိုးနွယ်ကြီးခြောက်ခုရှိပြီး တိုင်းပြည်တစ်ခုလုံးကို စီးပွားရေးလုပ်ငန်းတွေ ဖြန့်ကျက်ထားတယ်။ ယဲ့မျိုးနွယ်ရဲ့ လုပ်ငန်းအချို့ကြောင့် ကျန်တဲ့မျိုးနွယ်ငါးခုရဲ့ စီးပွားရေး ထိခိုက်ခဲ့တယ်။ သူတို့က ပြဿနာရှာလာမှာကို မင်း ဂရုစိုက်ရလိမ့်မယ် အစ်ကိုကြီး"

လင်ယုက သတိပေးလိုက်သည်။

"သူတို့က ငါ့ကို ဘာမှမလုပ်နိုင်ပါဘူး။ တစ်ခုခုလုပ်ချင်ရင်တောင် နှင်းဧကရာဇ် ရှိနေတယ် မဟုတ်ဘူးလား"

ယဲ့ချန်၏ မျက်လုံးများက အေးစက်တင်းမာနေသည်။

"ကျန်တဲ့သူတွေကိုတော့ ဂရုစိုက်စရာ မလိုဘူး။ ဒီမျိုးနွယ်ငါးခုကိုတော့ ဂရုစိုက်ပါ။ ကျိဟောင်တန်းက ဘယ်သူတွေကို ဖိတ်ကြားထားတယ်ဆိုတာကိုလည်း ငါ စုံစမ်းမရဘူး။ မင်း သတိထားသင့်တယ်"

လင်ယုက ခေါင်းယမ်းပြလိုက်သောအခါ ယဲ့ချန်သည် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ကျစ်ဟွာတိုင်းပြည်၏ မျိုးနွယ်ကြီးများက သူ့ကို တိုက်ရိုက်အန္တရာယ်မပေးနိုင်သော်လည်း အငှားဓားဖြင့် လူသတ်လာနိုင်သည်။ လက်ရှိတွင် ယဲ့မျိုးနွယ် တန်ခိုးထွားလာသောကြောင့် တိုင်းပြည်တစ်ခုလုံးရှိ အထက်တန်းစားအားလုံး၏ ဘုံရန်သူဖြစ်လာပြီး သုတ်သင်ရှင်းလင်းရန်အတွက် အခွင့်အရေးရလျှင် လက်နှေးနေကြမည်မဟုတ်ပေ။ ကျိဟောင်တန်းက သူ့ကို တော်ဝင်ညစာစားပွဲသို့ ရုတ်တရက် ဖိတ်ကြားလာသောကြောင့် သေချာပေါက် သတိထားရပေလိမ့်မည်။ သူက သတိထားနေသရွေ့ ဥပဒေတင်းကျပ်နေသော ဤနေရာတွင် ဒုက္ခရောက်မည် မဟုတ်ချေ။ သူကိုင်လှုပ်နိုင်သော ခွန်အားများက အစွမ်းထက်လွန်းသောကြောင့် ထိုအထက်တန်းစားများကို ကြောက်စရာမလိုပေ။ ထို့ကြောင့် ကျိဟောင်တန်းနှင့် မျိုးနွယ်ကြီးငါးခု၏ ရည်ရွယ်ချက်ကို သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ညအချိန် ကျရောက်နေသော်လည်း ကျစ်ဟွာတော်ဝင်နန်းတော်၌ နေ့အလင်းရောင်ကဲ့သို့ တောက်ပထိန်လင်းနေသည်။ မရေမတွက်နိုင်သော ရထားလုံးများက ဆက်တိုက်ရောက်ရှိလာနေပြီး အဖိုးတန်ဇိမ်ခံရထားလုံးများအတွင်းမှ အထက်တန်းစားများမှာ တော်ဝင်နန်းတော်သို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြသည်။ တော်ဝင်ညစာစားပွဲ ကျင်းပမည့်ည ဖြစ်သောကြောင့် ဖိတ်ကြားခံရသူများမှာ ကျစ်ဟွာနတ်တိုင်းပြည်အတွင်းရှိ အဆင့်အတန်းမြင့်သူများ ဖြစ်ကြသည်။ တိုင်းပြည်အပြင်ဘက်မှ အရေးကြီးပုဂ္ဂိုလ်များကိုလည်း ဖိတ်ကြားထားသောကြောင့် အထက်တန်းစားများမှာ ကောင်းကောင်းပြင်ဆင်လာကြသည်။ သူတို့က ဤညစာစားပွဲတွင် အစွမ်းအစကို ပြသပြီးနောက် အကျိုးအမြတ်အတွက် တိုက်ခိုက်ရင်ဆိုင်ရန် ဆုံးဖြတ်ထားသည်။ တော်ဝင်မြို့တော်ရှိ မဟာမျိုးနွယ်ကြီးခြောက်ခုမှာ ညစာစားပွဲတက်ရောက်ရန် ကိုယ်စားပြုများ စေလွှတ်ခဲ့ကြသည်။

လင်ယွမ်သည် လင်ယုနှင့် ယဲ့ချန်ကိုခေါ်ဆောင်၍ အဖိုးတန်ရထားလုံးတစ်စီးဖြင့် တော်ဝင်နန်းတော်ထံ အပြာရောင်ကျောက်ခင်းလမ်းမှတဆင့် ထွက်ခွာလာခဲ့သည်။ နန်းတော်အတွင်း၌ ကြီးကျယ်ခမ်းနားသော အဆောက်အအုံများ တည်ဆောက်ထား၏။ နန်းတော်ရှေ့ရှိ ရင်ပြင်တွင် ရထားလုံးများရပ်တန့်၍ အဆင့်မြင့်မြင့်ဝတ်စား ဆင်ယင်ထားသော အထက်တန်းစားများ ထွက်လာကြသည်။ သူတို့က အချင်းချင်းမိတ်ဆက်၍ ခန်းမကျယ်ကြီးအတွင်း အတူတကွ ဝင်ရောက်သွားကြသည်။

"အရှင်နှင်းဧကရာဇ် ရောက်လာပါပြီလား"

ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်က လက်နှစ်ဖက်ဆုပ်၍ လင်ယွမ်ကို အရိုအသေပေးကာ အပြုံးတစ်ခုဖြင့် ပြောလာခြင်းဖြစ်သည်။ သူက မုတ်ဆိတ်ကျင်စွယ်များကို သပ်သပ်ရပ်ရပ်ဖြီးသင်ထားကာ အဖြူရောင်ဆံပင်ရှည်ကို ခေါင်းအနောက်၌ စည်းနှောင်ထားသည်။ သူက ပြုံးလိုက်သောအခါ မျက်လုံးများ ကျဥ်းမြောင်းသွားသဖြင့် လူတိုင်း၏အမြင်၌ ပါးနပ်သူတစ်ဦးဟု ထင်မှတ်စေသည်။

"ခေါင်းဆောင်တု"

လင်ယွမ်က အေးစက်စက် ပြန်လည်နှုတ်ဆက်၍ ခေါင်းကို အနည်းငယ်သာ ညိတ်ပြလိုက်၏။ စစ်ဧကရာဇ်တစ်ယောက်ဖြစ်သောကြောင့် မျိုးနွယ်ခေါင်းဆောင်များရှေ့တွင် မောက်မာနိုင်စွမ်း ရှိသည်။

"မျိုးနွယ်ကြီးခြောက်ခုထဲက တုမျိုးနွယ်ခေါင်းဆောင် တုဟုန်တန်း၊ သူက ကျစ်ဟွာတိုင်းပြည်ရဲ့ ညာလက်ရုံးဝန်ကြီးဖြစ်ပြီး ဉာဏ်များတဲ့ မြေခွေးအိုကြီးပဲ"

လင်ယုက ယဲ့ချန်ကို စိတ်ဖြင့်ဆက်သွယ်၍ တစ်ဖက်လူအကြောင်း ရှင်းပြလိုက်သည်။ တုဟုန်တန်းသည် အမြဲတမ်းပြုံးနေသော်လည်း မျက်လုံးများတွင် ထင်ဟပ်နေသော ကောက်ကျစ်ပါးနပ်မည့် အရိပ်အယောင်များကို ဖုံးကွယ်မထားနိုင်ပေ။

"ဒါက လင်မျိုးနွယ်ရဲ့ လူငယ်ပါရမီရှင်လေးတွေလား"

သူ၏အကြည့်က ယဲ့ချန်နှင့် လင်ယုထံ ကျရောက်လာကာ အကြီးအကဲတစ်ယောက်၏လေသံမျိုးနှင့် မေးလိုက်သည်။

"ဒီတစ်ယောက်က လင်ယုလို့ ခေါ်တယ်။ သူ့အကြောင်းကိုတော့ မိတ်ဆက်ပေးစရာ မလိုဘူးထင်တယ်။ ဒီလူက လင်မျိုးနွယ်ဝင်တစ်ယောက်မဟုတ်ပေမယ့် လင်မျိုးနွယ်ရဲ့ အရေးကြီးဧည့်သည်တစ်ယောက် ဖြစ်တယ်"

လင်ယွမ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်ပြီး ယဲ့ချန်၏နောက်ကြောင်းကို ထုတ်ဖော်မပြောခဲ့ပေ။

"ဒါဆိုရင် တွေ့ရတာ ဝမ်းသာပါတယ်။ နှင်းဧကရာဇ်က အရေးကြီးဧည့်သည်တစ်ယောက်ကို ခေါ်ဆောင်လာမယ်လို့ မထင်ထားဘူး။ ဒီနေ့ညမှာ အရေးကြီးဧည့်သည်တွေ အများကြီးရောက်နေတယ်ဗျာ။ လာပါ အတူတူသွားကြရအောင်"

တုဟုန်တန်း၏ မျက်လုံးများတွင် ထူးဆန်းသောအလင်းရောင် တစ်ချက်လက်သွားသဖြင့် ယဲ့ချန်၏သရုပ်မှန်ကို သိထားပုံပေါ်သည်။ သူ၏စကားက ရည်ရွယ်ချက်အချို့ကို စောင်းပါးရိပ်ခြည် ဖော်ပြနေသော်လည်း လင်ယွမ်က လျစ်လျူရှုကာ ခန်းမအတွင်း ဦးဆောင်ဝင်ရောက်သွားခဲ့သည်။ အတွင်းခန်းဆောင်သို့ လျှောက်လှမ်းနေသော အထက်တန်းစားများစွာလည်းရှိနေပြီး လင်ယွမ်နောက်မှ လိုက်ပါလာသော ယဲ့ချန်ကို သတိထားမိလိုက်ကြသည်။ သူတို့၏အကြည့်များက ကွဲပြားနေသော်လည်း အများစုမှာ သူ့ကို မုန်းတီးကြသည်။

ယဲ့မျိုးနွယ်ဝင်များ လုပ်ဆောင်ခဲ့သော အရာများကြောင့် မျိုးနွယ်ခေါင်းဆောင်ဖြစ်သော ယဲ့ချန်၏ရုပ်ရည်သွင်ပြင်ကို ကြယ်သလင်းကျောက်မှတဆင့် သူတို့က သိထားကြသည်။ အကျိုးအမြတ်များ လုယူခံလိုက်ရသော အထက်တန်စားများအတွက် ယဲ့မျိုးနွယ်ကိုမုန်းတီးခြင်းက အဆန်းမဟုတ်ပေ။ သို့သော်လည်း ယဲ့ချန်ကို လေးစားစွာစောင့်ကြည့်နေသော လူအချို့လည်း ရှိနေခဲ့သည်။ ယဲ့မျိုးနွယ်သည် တော်ဝင်မျိုးနွယ်၏ အကျိုးအမြတ်များကို ထိခိုက်စေခဲ့သော်လည်း ကျိဟောင်တန်းမှာ လက်စားမချေရဲခဲ့ပေ။ အချိန်ကြာလာသည်နှင့်အမျှ သူတို့က ယဲ့မျိုးနွယ်အကြောင်း ပို၍သိရှိလာခဲ့ပြီး ဧကရာဇ်လင်းပင် ၎င်းမျိုးနွယ်ကို တစ်ခုခုလုပ်ရန် ကျရှုံးခဲ့ကြောင်း သတင်းရသွားကြသည်။

လင်ယွမ်သည် ဘေးတစ်ဖက်တစ်ချက်တွင် လင်ယုနှင့်ယဲ့ချန် ခြံရံ၍ ခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ခန်းမ၏အဓိကနေရာတွင် စစ်ဧကရာဇ်ရှစ်ယောက် ထိုင်နေပြီးဖြစ်သည်။ ကျိဟောင်တန်းသည် စစ်ဧကရာဇ်များစွာကို ဖိတ်ခေါ်ထားနိုင်မည်ဟု သူတို့က မျှော်လင့်မထားပေ။ သူတို့က ခန်းမအတွင်းသို့ရောက်သောအခါ အမှုထမ်းတစ်ယောက် ရောက်ရှိလာပြီး လင်ယွမ်အား စစ်ဧကရာဇ်များ၏နေရာသို့ ပင့်ဆောင်သွားခဲ့သည်။ ယဲ့ချန်နှင့် လင်ယုက ခန်းမ၏ထောင့်တစ်နေရာတွင် ထိုင်ချလိုက်သည်။

"မျိုးနွယ်ကြီးခြောက်ခုမှာ သုံးခုက စစ်ဧကရာဇ်အဆင့် မျိုးနွယ်ဝင်တစ်ယောက်စီ ပိုင်ဆိုင်ထားတယ်။ ကျန်တဲ့မျိုးနွယ်သုံးခုမှာလည်း စစ်ဧကရာဇ်တစ်ယောက်စီရဲ့ အထောက်အပံ့ရှိတယ်။ ဒါကြောင့် သူတို့က တော်ဝင်မြို့တော်မှာ ခြေကုပ်ယူထားနိုင်တာဖြစ်တယ်"

လင်ယုသည် ခန်းမအတွင်းရှိ ပုဂ္ဂိုလ်များအကြောင်း ယဲ့ချန်ကို မိတ်ဆက်ပေးနေသည်။ စစ်ဧကရာဇ်များမှာ အသက်တစ်ရာမှစတင်၍ သုံးရာအထိ ကြီးမြင့်နေပြီဖြစ်သော်လည်း မျက်နှာ ၌အရေးအကြောင်းလုံးဝမရှိဘဲ ရုပ်ရည်ချောမောသော လူငယ်များနှင့် ဆင်တူနေသည်။ အကယ်၍ သူတို့ကသာ အစွမ်းထက်အရှိန်အဝါများ ထုတ်ဖော်ထားခြင်းမရှိလျှင် သာမန်လူများမှာ သူတို့ကို စစ်ဧကရာဇ်များအဖြစ် ထင်မှတ်ကြမည်မဟုတ်ပေ။

All Chapters