← Chapters

ညစာစားပွဲမှပဋိပက္ခ

Vol. 42 Ch. 586

ညစာစားပွဲမှပဋိပက္ခ

Vol. 42 Ch. 586

ကျစ်ဟောင်တုန်သည် စစ်ဧကရာဇ်များကို ဖားယားနေပြီး သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်ဟန်တူသော်လည်း အမှန်တကယ်၌ အသက်တစ်ရာ ရှိပြီဖြစ်သည်။ သူက တာအိုအဆင့်တစ်ဆယ် ကျင့်ကြံသူဖြစ်ပြီး စစ်ဧကရာဇ်တစ်ယောက်ဖြစ်လာရန် တစ်ဆင့်သာ လိုအပ်သည်။ သူ၏ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို ငါးဆယ်ကျော်သည်အထိ ရောက်စေရန် နတ်အရင်းအမြစ်ဆေးလုံးများနှင့် မြှင့်တင်ထားသောကြောင့် ထိုအဆင့်တွင် တစ်ဆို့နေခဲ့၏။ ပေါင်းစပ်နှုန်းငါးဆယ်ကျော်သော်လည်း အကြောင်းအရင်းမျိုးစုံကြောင့် တာအိုနတ်အဆင့်၌ ထာဝရပိတ်ဆို့နေပြီး စစ်ဧကရာဇ်အဆင့်သို့ ရောက်မလာနိုင်သူ များစွာရှိသည်။

အဖိုးတန်အဆောင်အယောင်များနှင့် ဆင်ယင်ထားသော ခန်းမအတွင်း၌ အထက်တန်းစားမျိုးနွယ်များမှ လူပေါင်းရာချီစုဝေးနေကာ သေရည်ရနံ့များနှင့် ရယ်မောသံများ ပြည့်နှက်နေသည်။ သူတို့ကြားတွင် လှပသော မိန်းကလေးများစွာ လှည့်ပတ်သွားလာနေသည်။

လင်ယုသည် အဝေးတစ်နေရာတွင် လင်ချန်းနှင့် လင်ရှုကို တွေ့လိုက်ရသည်။ သူတို့က တော်ဝင်မြို့တော်ရှိ အစွမ်းအထက်ဆုံးနှင့် အကြွယ်ဝဆုံးမျိုးနွယ်များမှ သခင်လေးများအုပ်စုနှင့် အတူရှိနေကြသည်။ အတိတ်တွင် လင်ယုသည် လင်မျိုးနွယ်ကို ဤအဆင့်ပွဲမျိုး၌ ကိုယ်စားပြုခွင့်မရခဲ့သောကြောင့် ထိုအသိုင်းအဝိုင်းအတွင်း ဝင်ရောက်ခွင့်မရခဲ့ပေ။ သူတို့က လင်ယုကို မြင်သောအခါ နှာခေါင်းရှုံ့၍ တစ်စုံတစ်ခုပြောလိုက်သဖြင့် တစ်အုပ်စုလုံးသည် လင်ယုကို လှည့်ကြည့်လာကြသည်။

"ဒီနေ့ ညစာစားပွဲမှာ ဧည့်သည်အသစ်တစ်ယောက် ရောက်နေမှတော့ သွားပြီး မကြိုဆိုရင် ဘယ်ကောင်းမလဲ"

ချောမောခန့်ညားသော လူငယ်တစ်ယောက်က တစ်ချက်ပြုံး၍ ပထမဆုံး မတ်တပ်ထရပ်လိုက်၏။ သူက ရွှေရောင်ဝတ်ရုံကို ဆင်မြန်းထားကာ ဦးခေါင်းထက်တွင် ကျောက်စိမ်းဖြူသရဖူတစ်ခုကို ဆောင်းထားသောကြောင့် အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် သခင်လေးအုပ်စု၌ သူက ခေါင်းဆောင်ဖြစ်ကြောင်း သိသာနေပြီး ကျစ်ဟွာနတ်တိုင်းပြည်၏ အိမ်ရှေ့မင်းသား ကျိကျောက်ရှဖြစ်သည်။

"အစ်ကို ဒါက လင်မျိုးနွယ်ရဲ့ အတွင်းရေးကိစ္စမလား။ ငါတို့ဝင်ပါလို့ မကောင်းဘူးထင်တယ်"

သူ၏ဘေးတွင်ထိုင်နေသော ကျက်သရေရှိရှိလှပသည့် မိန်းမပျိုတစ်ယောက်က တားဆီးလိုက်ခြင်းဖြစ်သည်။ သူမက သေးသွယ်ပိန်ပါးသော ခန္ဓာကိုယ်ထက်တွင် ပုလဲများစီခြယ်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူမက ဆံပင်ရှည်များကို ဖြန့်ချထားသဖြင့် သိမ်မွေ့သောအလှကို ဆောင်နေသည့် ကျစ်ဟွာနတ်တိုင်းပြည်၏ မင်းသမီး ကျိဇီရွှမ်ဖြစ်သည်။ သူတို့မောင်နှမက ရုပ်ရည်ချောမောရုံသာမက အသက်ငယ်ငယ်နှင့် တာအိုနတ်အဆင့်ငါးသို့ ရောက်နေသောကြောင့် သာမန်လူများကြားတွင် နဂါးနှင့်ဖီးနစ်ပမာ ထင်မှတ်ရသည်။ သို့သော်လည်း သူတို့၏ပါရမီက များစွာမြင့်မားခြင်းမရှိဘဲ ပေါင်းစပ်နှုန်းက သုံးဆယ်နှင့် လေးဆယ်အကြားသာရှိပြီး လက်ရှိကျင့်ကြံဆင့်သို့ ရောက်နေရခြင်းအကြောင်းမှာ တော်ဝင်မျိုးနွယ်ဝင်များဖြစ်နေ၍ အရင်းအမြစ်များစွာ ရသောကြောင့်ပင်။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက များစွာနိမ့်ကျခြင်းမရှိလျှင် အရင်းအမြစ်များစွာအသုံးပြု၍ တာအိုနတ်အဆင့်သို့ တက်ရောက်နိုင်သည်။ သို့သော်လည်း ဆေးအစွမ်းဖြင့် အဆင့်တက်ထားသူများမှာ ခွန်အားများစွာမရှိသောကြောင့် ပေါင်းစပ်နှုန်းသုံးဆယ် ပတ်ချာလည်ရှိသူများသာ အသုံးပြုတတ်ကြ၏။ ပေါင်းစပ်နှုန်းငါးဆယ်အထက်ရှိသော ပါရမီရှင်များမှာ ဆေးဝါးအနည်းငယ်ကိုသာ အသုံးပြု၍ ကျင့်ကြံလေ့ရှိကြသည်။ သို့သော်လည်း တာအိုနတ်အဆင့်ကျင့်ကြံသူများမှာ ဤနေရာမျိုးတွင် အလွန်အစွမ်းထက်သူများဖြစ်နေကြသည်။

ပါရမီရှင်များစွာ ပြည့်နှက်နေသော ယဲ့မျိုးနွယ်မှလွဲလျှင် အခြားမျိုးနွယ်များ၌ ပါရမီရှင်အလွန်ရှားပါးပြီး ကျစ်ဟွာနတ်တိုင်းပြည်ကဲ့သို့ အင်အားစုများတွင် ပေါင်းစပ်နှုန်းသုံးဆယ်မှ လေးဆယ်အကြားရှိသူများကို ထူးချွန်သည်ဟု သတ်မှတ်ထားကြသည်။

"အဆင်ပြေပါတယ်။ ငါက တစ်ချက်သွားကြည့်ရုံပါပဲ"

ကျိကျောက်ရှ၏အကြည့်က ယဲ့ချန်ထံ ကျရောက်သွားခဲ့သည်။ သူက ယဲ့ချန်နှင့် လင်ယုကို တွေ့ချင်သည်ဟု ဆိုလာသောအခါ မည်သူမှမကန့်ကွက်သဖြင့် အုပ်စုလိုက် ချီတက်လာခဲ့ကြသည်။ သခင်လေးအုပ်စုက သူတို့ထံ ဦးတည်လာနေသောအခါ လင်ယုသည် မျက်နှာပျက်သွားပြီး ယဲ့ချန်ကို စိုးရိမ်စွာ လှည့်ကြည့်လိုက်သည်။

"စိုးရိမ်စရာ မရှိဘူး"

ယဲ့ချန်က တောင်တစ်လုံးပမာ တည်ငြိမ်သော မျက်နှာထားနှင့် လက်ဖက်ရည်ကြမ်းကို တစ်ငုံသောက်လိုက်သည်။ သူက ထိုသခင်လေးများကို ဂရုပင်မစိုက်ချေ။ သူ၏တည်ငြိမ်သော မျက်နှာထားကြောင့် လင်ယုမှာ လေးစားမိသွားပြီး ယဲ့ချန်နှင့်ယှဥ်လျှင် သူ၏စိတ်နေစိတ်ထားက လိုအပ်နေဆဲပင်ဖြစ်သည်။ လင်ယွမ်သည် ထိုအဖြစ်ကို အဝေးမှသတိထားမိလိုက်သော်လည်း တစ်ချက်ပြုံး၍ ကြည့်နေခဲ့သည်။ အကယ်၍ ယဲ့ချန်နှင့် လင်ယုသာ ဤကိစ္စကိုမဖြေရှင်းနိုင်လျှင် အနာဂတ်တွင် မည်သည့်ကိစ္စမှ ကိုင်တွယ်နိုင်မည်မဟုတ်ပေ။ သူက ထိုလူငယ်နှစ်ယောက်၏ အရည်အချင်းကို ဘေးထွက်ရပ်ကြည့်နေရန် ဆုံးဖြတ်ထားသည်။

ကျိကျောက်ရှသည် သခင်လေးများခြံရံ၍ ရောက်ရှိလာသော်လည်း ယဲ့ချန်နှင့် လင်ယုက တည်ငြိမ်စွာ စကားပြောနေပြီး လျစ်လျူရှုထားကြသည်။ သူက အိမ်ရှေ့မင်းသားဖြစ်သောကြောင့် ကျစ်ဟွာနတ်တိုင်းပြည်တွင် အင်အားစုတည်ထောင်လိုသော မျိုးနွယ်တိုင်းမှာ မောက်မောက်မာမာ ဆက်ဆံရဲခြင်း မရှိခဲ့ပေ။ သူက ဒေါသကြောင့် မျက်နှာတစ်ခုလုံး မည်းနက်နေသော်လည်း တော်ဝင်မျိုးနွယ်ဝင်တစ်ယောက်ဖြစ်သောကြောင့် အမူအရာကို ထိန်းသိမ်းနိုင်စွမ်းရှိနေသည်။ ကျန်တစ်ဖက်တွင် ကျိဇီရွှမ်းက လင်ယုနှင့် တိတ်တဆိတ် အကြည့်ချင်းဆုံနေခဲ့သည်။ သူတို့နှစ်ယောက်သည် ငယ်စဥ်က မကြာခဏတွေ့ဆုံဖူးသော်လည်း လင်ယု၏မိဘများ ကွယ်လွန်သွားသောအခါ သူက တော်ဝင်နန်းတော်အတွင်း ဝင်ရောက်ခွင့်မရသည်အထိ အဆင့်အတန်း နိမ့်ကျသွားခဲ့ရသည်။ သူမက လင်ယုကိုကူညီရန် ကြိုးစားပေးချင်သော်လည်း မင်းသမီးတစ်ယောက်သာ ဖြစ်သောကြောင့် တတ်နိုင်သောအရာ များစွာမရှိပေ။

ကျိကျောက်ရှက သူ၏အဆင့်အတန်းကြောင့် ယဲ့ချန်တို့ကို အပြစ်မပြောသော်လည်း နောက်လိုက်သခင်လေးများက လွယ်လွယ်နှင့် လွှတ်ပေးမည်မဟုတ်ပေ။ လင်ချန်းနှင့် လင်ရှုမှာ ယဲ့ချန်နှင့် လင်ယုအား ကျိမျိုးနွယ်နှင့်ရန်တိုက်ပေးရန် ရည်ရွယ်ချက်များ ရှိနေသည်။ လက်ရှိ၌ အခွင့်အရေးတစ်ခု ပေါ်ပေါက်လာပြီဖြစ်သောအခါ သူတို့က သေချာပေါက် လက်လွှတ်ခံမည်မဟုတ်ပေ။

"လင်ယု မင်းက မောက်မာလှချည်လား။ အိမ်ရှေ့မင်းရောက်လာတာကိုတောင် မမြင်ဘူးလား။ ချက်ချင်းမတ်တပ်ရပ်ပြီး ကြိုဆိုစမ်း"

နောက်ဆုံးတွင် လင်ချန်းက သည်းမခံနိုင်တော့ဘဲ အစ်ကိုကြီးတစ်ယောက်၏ဟန်ပန်မျိုးဖြင့် ထိုင်နေသော လင်ယုကို ငေါက်ငမ်းလိုက်သည်။ လင်ယုကမူ သူ့ကို ခွေးဟောင်နေသည့်ပမာ သဘောထား၍ လျစ်လျူရှုနေသည်။ သူက တစ်ယောက်တည်းဆိုလျှင် အိမ်ရှေ့မင်းသားကို မတ်တပ်ရပ်၍ ရိုကျိုးစွာ ကြိုဆိုမည်ဖြစ်သည်။ သို့သော်လည်း ယဲ့ချန်နောက်သို့လိုက်ရန် စိတ်ပိုင်းဖြတ်ထားသောကြောင့် သူ၏အစ်ကိုကြီးက ထိုင်ဆိုထိုင်၊ ထဆိုထ၊ လိုက်နာရပေလိမ့်မည်။

"ကျစ်ဟွာနတ်တိုင်းပြည်ရဲ့ ဥပဒေမှာ အိမ်ရှေ့မင်းသားရောက်လာရင် အရိုအသေပေးရမယ်လို့ ပြဋ္ဌာန်းထားလား"

လင်ချန်းသည် လင်ယုက သူ့ကို လှည့်ပင်မကြည့်သောကြောင့် ဒေါသတကြီးဖြစ်သွားကာ နောက်ထပ်ငေါက်ငမ်းရန် ပြင်လိုက်စဥ် ယဲ့ချန်၏စကားသံ ထွက်ပေါ်လာသည်။ ဤကဲ့သို့ဥပဒေမျိုး မရှိသော်လည်း ယဲ့ချန်၏စကားပြောဟန်က အတန်ငယ်မောက်မာနေကာ ကျိကျောက်ရှကို အလေးအနက်မထားပေ။ လူပုံအလယ်၌ ပထမဆုံး အရှက်ခွဲခံလိုက်ရသောကြောင့် သူက မျက်မှောင်ကြုတ်လိုက်မိသည်။

"ယဲ့ချန် မင်း မောက်မာလှချည်လား။ အိမ်ရှေ့မင်းသားကို ဒီလိုပြောရဲတယ်ပေါ့။ မင်းမှာ အင်အားနည်းနည်းရှိတာနဲ့ မောက်မာလို့ရပြီ ထင်နေတာလား။ ဒါက ကျိမျိုးနွယ်ရဲ့ကမ္ဘာ ကျစ်ဟွာနတ်တိုင်းပြည်ဆိုတာကို မမေ့နဲ့"

လင်ရှုက မီးလောင်ရာ လေပင့်လိုက်သည်။ သူတို့က ယဲ့ချန်၏သရုပ်မှန်အကြောင်း သိထားကြပြီး လင်ယုမောက်မာနေသော အကြောင်းအရင်းမှာလည်း ယဲ့ချန်၏ထောက်ပံ့ပေးမှုကြောင့်မှန်း သိနေကြသည်။ ထို့ကြောင့် သူတို့က ဤအခွင့်အရေးကို အသုံးချ၍ ယဲ့ချန်ကို ပြဿနာအတွင်းဆွဲသွင်းရန် ကြိုးစားလိုက်ခြင်းဖြစ်၏။ ယဲ့မျိုးနွယ်နှင့် ကျိမျိုးနွယ်အကြား ပြဿနာတက်လျှင် အကျိုးအမြတ်ရမည်မှာ သူတို့ပင်ဖြစ်သည်။ လင်ရှုနှင့် လင်ချန်း၏စကားသံများက ကျယ်လောင်သောကြောင့် အနီးအနားရှိ အထက်တန်းစားများအားလုံးက ဝိုင်းကြည့်လာကြသည်။ ကျိကျောက်ရှသည် တော်ဝင်မျိုးနွယ်ဝင်တစ်ယောက်ဖြစ်သောကြောင့် သူ၏လုပ်ရပ်တိုင်းက တော်ဝင်မျိုးနွယ်ကို ကိုယ်စားပြုနေသည်ဖြစ်ရာ အနည်းငယ် စိတ်ပျက်သွားခဲ့သည်။

"အိမ်ရှေ့မင်းသားနဲ့ မင်းသမီးက ထိုင်ချင်တယ်ဆိုရင်တော့ ကြိုဆိုပါတယ်။ ကျန်တဲ့လူတွေအတွက်တော့ နေရာ မရှိဘူး"

ယဲ့ချန်က သူ့ဘေးရှိခုံတစ်ခုသို့ ညွှန်ပြကာ ဖိတ်ခေါ်လိုက်သည်။ သူက လင်ချန်းနှင့် လင်ရှုကို ဆက်တိုက်ဟောင်နေသော ခွေးများပမာ သဘောထား၍ လျစ်လျူရှုလိုက်သည်။ သူ၏ရိုင်းပျမှုကြောင့် သခင်လေးများအားလုံးက ဒေါသူပုန်ထသွားကြပြီး တော်ဝင်ညစာစားပွဲမဟုတ်လျှင် အော်ဟစ်သောင်းကျန်းပြီး ဖြစ်ပေလိမ့်မည်။ မတ်တပ်ဆက်ရပ်နေလျှင် အရှက်ရဖွယ်ဖြစ်သောကြောင့် ကျိကျောက်ရှမှာ ဒေါသထွက်နေသော်လည်း ခုံတစ်လုံး၌ ထိုင်ချလိုက်ရသည်။ ကျိဇီရွှမ်းသည်လည်း နေရာယူလိုက်ပြီး ယဲ့ချန်၏ကြီးစိုးလွန်းသော အမူအရာနောက်ကွယ်မှ အကြောင်းအရင်းကို စဥ်းစားနေသည်။

"ငါသိရသလောက်ဆိုရင် ယဲ့မျိုးနွယ်က အရှေ့ပိုင်းတိုက်ကြီးကနေ ပြောင်းရွှေ့လာကြသူတွေဖြစ်တယ်။ မင်းတို့က အခွန်အခမပေးဆောင်ဘူးဆိုရင် တာအိုအိမ်တော်ဥပဒေအရ ကျစ်ဟွာနတ်တိုင်းပြည်က မင်းရဲ့ယဲ့မျိုးနွယ်ကို မောင်းထုတ်နိုင်တယ်"

ကျိကျောက်ရှသည် ယဲ့ချန်၏မောက်မာမှုကြောင့် တွေးမိလိုက်တိုင်း မကျေမနပ်ဖြစ်နေသဖြင့် ခြိမ်းခြောက်လိုက်သည်။ သူက ယဲ့ချန်၏သဘောထားအပေါ် လက်မခံနိုင်သောကြောင့် စိတ်ထဲတွင် ဒေါသမီးများ တောက်လောင်လာသည်။

"မင်းက ကျစ်ဟွာနတ်တိုင်းပြည်ရဲ့ဘုရင်လား အိမ်ရှေ့မင်းသားလား"

သို့သော်လည်း ယဲ့ချန်က တစ်ချက်ပင်လှည့်မကြည့်ဘဲ လက်ဖက်ရည်ခွက်ကိုချကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"ငါ့ခမည်းတော်က ဘုရင်ဖြစ်တယ်"

ကျိကျောက်ရှက အေးစက်စက်တုံ့ပြန်သည်။

"ဒါဆိုရင် မင်းရဲ့ခမည်းတော်ကို ယဲ့မျိုးနွယ်ကို နှင်ထုတ်ရဲသလားဆိုတာ မေးကြည့်လိုက်ပါဦး။ စကားဆိုတာမပြောခင် နှစ်ခါပြန်စဥ်းစားရတယ်။ ကျစ်ဟွာနတ်တိုင်းပြည်မှာ ယဲ့မျိုးနွယ်ကို မောင်းထုတ်ချင်နေသူတွေ အများကြီးရှိပေမယ့် ငါက ဘယ်သူ့ကိုမှ အလေးအနက်မထားခဲ့ဘူး။ မင်းရဲ့ခမည်းတော်က ဒီနေရာမှာ အာဏာအရှိဆုံးလို့ တကယ်ထင်နေတာလား"

ယဲ့ချန်၏လေသံက တည်ငြိမ်သော်လည်း ကြီးစိုးသော အရှိန်အဝါတစ်ခု ပါဝင်နေသဖြင့် ပတ်ဝန်းကျင်ရှိလူများမှာ ဖိအားတစ်ခု ခံစားလိုက်ရသည်။ အထက်တန်းစားများနှင့် သခင်လေးများမှာ ယဲ့ချန်သည် အိမ်ရှေ့မင်းသားရှေ့မှောက်တွင် ဤစကားမျိုးပြောရဲသည်အထိ ရဲတင်းမည်ဟု မျှော်လင့်မထားကြပေ။

"ဘုရင်က အာဏာအရှိဆုံး မဟုတ်ရင် ဘယ်သူလဲ။ မင်းလား"

အထက်တန်းစားတစ်ယောက်က လှောင်ရယ်လိုက်သည်။

"သေးနုပ်တဲ့ ယဲ့မျိုးနွယ်ရဲ့ ခေါင်းဆောင်တစ်ယောက်က အိမ်ရှေ့မင်းရှေ့မှောက်မှာ ရိုင်းပျရဲတယ်ပေါ့။ အသက်ရှင်ရတာ ပင်ပန်းနေပြီလား"

လင်ရှုက ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။

"ဒီကောင်က ကောင်းကင် ဘယ်လောက်မြင့်တယ်ဆိုတာကို မသိတဲ့ တောသားတစ်ယောက် ဖြစ်ရမယ်"

"မောက်မာလွန်းတယ်"

သခင်လေးများအားလုံးက ယဲ့ချန်ကို ဝိုင်းဝန်းကဲ့ရဲ့လိုက်ကြသည်။

ကျိကျောက်ရှသည် သူ၏ဖခင်က ကျစ်ဟွာနတ်တိုင်းပြည်၌ အာဏာအရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်မဟုတ်ကြောင်း နားလည်သဖြင့် မျက်လုံးများတွင် မီးဝင်းဝင်းတောက်နေသည်။ ကောင်းကင်မူလတိုက်ကြီး၌ နတ်အစေခံများပြီးလျှင် စစ်ဧကရာဇ်များက အာဏာအရှိဆုံးဖြစ်ကာ နတ်တိုင်းပြည်များ၏ဘုရင်များမှာ သူတို့၏စွမ်းအားပြိုင်ပွဲတွင် ရုပ်သေးများ ဖြစ်ကြသည်။ သိုင်းဒေသကြီးများသို့ အခွန်အခပို့ဆောင်ရသည့်အပြင် ဘုရင်သည် နန်းပလ္လင်တည်မြဲရန် အခြားသော စစ်ဧကရာဇ်များထံ တံစိုးလက်ဆောင်များ သီးသန့်ပေးပို့ရသည်။

ယဲ့ချန်၏စကားလုံးများသည် သူ့ကို စစ်ဧကရာဇ်များက ထောက်ပံ့ပေးထားသောကြောင့် ကျစ်ဟွာဘုရင်ကို မကြောက်ကြောင်း ပေါ်လွင်နေသည်။ ကျိကျောက်ရှမှာ အံကို တင်းတင်းကြိတ်လိုက်မိသည်။ သူ၏ခမည်းတော်ကို စစ်ဧကရာဇ်ငါးယောက် ထောက်ပံ့ပေးထားသောကြောင့် သာမန်အထက်တန်းစားမျိုးနွယ်များက မယှဥ်နိုင်ပေ။ သို့သော်လည်း ယဲ့မျိုးနွယ်ကဲ့သို့ မျိုးနွယ်လေးတစ်ခု၏နောက်တွင် စစ်ဧကရာဇ်များစွာ ရှိနေခဲ့လေသည်။

All Chapters