← Chapters

စစ်ဧကရာဇ်များ၏ ဖိတ်ကြားချက်

Vol. 42 Ch. 587

စစ်ဧကရာဇ်များ၏ ဖိတ်ကြားချက်

Vol. 42 Ch. 587

ကျိကျောက်ရှသည် အိမ်ရှေ့မင်းသားတစ်ပါးဖြစ်သော်လည်း စစ်ဧကရာဇ်များနှင့် ဆက်သွယ်နိုင်လောက်သော စွမ်းအားမျိုး မရှိပေ။ သူ၏အဆက်အသွယ်များက အကန့်အသတ်ရှိပြီး သူသိထားသည်မှာ ယဲ့မျိုးနွယ်ဝင်အချို့က စစ်ဧကရာဇ်များ၏ တပည့်ဖြစ်လာကြောင်းသာ ဖြစ်သည်။ သို့သော်လည်း ယဲ့မျိုးနွယ်၌ စစ်ဧကရာဇ်အလောင်းအလျာများစွာရှိပြီး ယဲ့ချန်ထိန်းချုပ်နိုင်သော စွမ်းအားမျိုးကို မသိထားပေ။ သူ၏အမြင်တွင် ချီပင်လယ်အဆင့်ကျင့်ကြံသူဖြစ်သော ပေါင်းစပ်နှုန်းသုညပိုင်ရှင် ယဲ့ချန်က ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပေ။ ယဲ့မျိုးနွယ်သည် ကောင်းကင်မူလတိုက်ကြီးသို့ ပြောင်းရွှေ့လာသည်မှာ တစ်နှစ်ပင်မကြာသေးသော မျိုးနွယ်လေးတစ်ခုဖြစ်၍ အင်အားအခြေခံက နည်းပါးပြီး သန်မာသော နောက်ခံရှိစရာအကြောင်း စဥ်းစားမရပေ။ ထို့ကြောင့် ယဲ့ချန်က လေကြီးနေခြင်းဟု သတ်မှတ်လိုက်သည်။

"အရမ်းကောင်းတယ်။ ဒီနေ့ မင်းပြောသမျှကို ငါ မှတ်ထားမယ်"

ကျိကျောက်ရှက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူ၏စကားတွင် ရန်ငြှိုးဖွဲ့လိုက်ကြောင်း သိသာနေသော်လည်း လူပုံအလယ်တွင် ပြဿနာမရှာဝံ့ပေ။ စစ်ဧကရာဇ်ပေါင်းများစွာရှိနေသော ဤအခမ်းအနားမျိုးတွင် ပြဿနာအကြီးအကျယ်ရှာ၍ မရချေ။ အကယ်၍ သူ့ကြောင့် စစ်ဧကရာဇ်များစိတ်ကွက်သွားလျှင် ကျိဟောင်တန်းက သူ့ကို သေချာပေါက် အပြင်းအထန်အရေးယူပေလိမ့်မည်။ ပတ်ဝန်းကျင်က တင်းမာနေသော်လည်း လင်ချန်းနှင့် လင်ရှုသည် ကျိကျောက်ရှက ဒေါသကိုမျိုသိပ်လိုက်သော အကြောင်းအရင်းကို စဥ်းစားမရပေ။ ယဲ့ချန်က တော်ဝင်မျိုးနွယ်၏အာဏာစက်ကို စော်ကားလိုက်သဖြင့် သူတို့က ပြဿနာပိုမိုကြီးထွားစေရန် ရန်တိုက်ပေးချင်နေကြသည်။ ထိုအချိန်တွင် အဝေးတစ်နေရာမှ စကားသံအချို့ ထွက်ပေါ်လာသည်။

"ညီသုံး မင်းလည်း ရောက်နေတာလား"

"အစ်ကိုယဲ့ကို ဒီမှာတွေ့ရမယ်လို့ မထင်ထားဘူး"

ယဲ့ချန်က အသံလာရာသို့ လှည့်ကြည့်လိုက်သောအခါ ယဲ့ဖန်း၊ ယဲ့မူနှင့် ကျိလေ့ကို တွေ့လိုက်ရသည်။

"အစ်ကိုကြီး အစ်ကိုနှစ် အစ်ကိုကျိ မင်းတို့လည်း ရောက်လာတာလား"

ယဲ့ချန်က ချက်ချင်းမတ်တပ်ရပ်၍ သူတို့ကို ကြိုဆိုလိုက်၏။

"ငါတို့က ဆရာနဲ့အတူ လိုက်လာတာပါ"

ယဲ့ဖန်းက ယဲ့ချန်၏ပခုံးကို ပုတ်လိုက်သည်။

"ဧကရာဇ်ချန်းနဲ့ ဧကရာဇ်ချိုးလည်း ရောက်လာတာလား"

လင်ယုက ထိုသုံးယောက်ကို မြင်သောအခါ ချက်ချင်းထရပ်၍ လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်၏။

"ဟုတ်တယ်။ ဆရာတို့က နှင်းဧကရာဇ်နဲ့ စကားပြောနေကြတယ်"

ယဲ့ဖန်းက ခေါင်းညိတ်ပြလိုက်သည်။ အစောပိုင်းတွင် သူတို့ကို အထက်တန်းစားများက ဝိုင်းဝန်းဖားယားနေသဖြင့် ထောင့်တစ်နေရာ၌ထိုင်နေသော ယဲ့ချန်ကို မမြင်ခဲ့ကြပေ။ ယဲ့မူက သူ့ကို မတော်တဆတွေ့လိုက်ရသဖြင့် ကျန်နှစ်ယောက်ကိုခေါ်ကာ ရောက်ရှိလာခြင်းဖြစ်သည်။ သူတို့က ယဲ့ချန်နှင့် စကားပြောနေသည်ကို မြင်သောအခါ အနီးအနားရှိ အထက်တန်းစားများ၏ စကားသံများ စတင်တိုးညှင်းလာသည်။

"သူတို့က ဘယ်သူတွေလဲ"

"မင်း မသိဘူးလား။ ဧကရာဇ်ချန်းနဲ့ ဧကရာဇ်ချိုးရဲ့တပည့်တွေလေ။ သုံးယောက်လုံးရဲ့ ပေါင်းစပ်နှုန်းက ငါးဆယ်ကျော်တယ်။ သူတို့ရဲ့နောက်ခံကိုတော့ စစ်ဧကရာဇ်တွေက ဖုံးကွယ်ထားတယ်"

"စစ်ဧကရာဇ်အလောင်းအလျာတွေလား"

ထိုသတင်းကို သိလိုက်ရသောအခါ အထက်တန်းစားများ၏မျက်လုံးများ တောက်ပလာသည်။ ဤသုံးယောက်က အနာဂတ်တွင် စစ်ဧကရာဇ်များ ဖြစ်လာနိုင်သောကြောင့် ဆက်ဆံရေးတစ်ခု ကောင်းမွန်စွာတည်ဆောက်ရန် ထိုက်တန်ပေသည်။ များစွာသော အထက်တန်းစားများက သူတို့၏သမီးများနှင့်ပင် ပါရမီရှင်သုံးယောက်ကို လက်ထပ်ပေးရန် စဥ်းစားနေပြီဖြစ်သည်။

ဘေးတွင်ရှိနေသော ကျိကျောက်ရှသည် ယဲ့ချန်တို့၏အမျိုးတော်စပ်ပုံကို သိလိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်သည်။ စစ်ဧကရာဇ်ချိုး၏တပည့်ဖြစ်သော ကျိလေ့ကလည်း ယဲ့ချန်နှင့် အလွန်ရင်းနှီးနေမည်ဟု မျှော်လင့်မထားပေ။ ဤသို့ဆိုလျှင် ယဲ့ချန်၌ နှင်းဧကရာဇ်ကိုပါ ထပ်မံပေါင်းထည့်လျှင် စစ်ဧကရာဇ်သုံးယောက်၏ အထောက်အပံ့ကို ရထားပြီဖြစ်သည်။ တော်ဝင်မျိုးနွယ်ပင် တစ်ဖက်လူကို အထင်သေး၍မရချေ။ သခင်လေးများသည်လည်း စစ်ဧကရာဇ်အလောင်းအလျာများက ယဲ့မျိုးနွယ်ဝင်များ ဖြစ်နေသောကြောင့် အမှန်တကယ်အံ့သြသွားပြီး အတွေးနက်နေကြသည်။

"ဒီနေ့ စစ်ဧကရာဇ်၁၃ယောက် ရောက်လာတယ်လို့ ကြားတယ်"

"အရင်နှစ်တွေကဆိုရင် စစ်ဧကရာဇ်လေးယောက်လောက်ပဲ လာဖူးတာ မဟုတ်လား"

"ဟုတ်တယ်။ တကယ်ထူးဆန်းတယ်။ အတိတ်မှာ ဧကရာဇ်ချန်းနဲ့ ဧကရာဇ်ချိုးကို ဘယ်လောက်ဖိတ်ဖိတ်၊ မလာကြဘူး။ တာအိုအိမ်တော်က စစ်ဧကရာဇ်တွေလည်း မရောက်ကြသေးပေမယ့် လမ်းမှာ လာနေပြီတဲ့"

စစ်ဧကရာဇ်သည် ဘုရင်ထက် ပို၍အဆင့်အတန်းမြင့်သော အာဏာရှင်များဖြစ်ကာ သာမန်ညစာစားပွဲမျိုးသို့ ဖိတ်ကြားလျှင် တက်ရောက်မည်မဟုတ်ပေ။ ထို့ကြောင့် ဤပွဲသို့ စစ်ဧကရာဇ်ဆယ့်သုံးယောက်အထိ ရောက်ရှိလာသောအခါ လူတိုင်းအံ့သြနေကြပြီး ဤအချက်က သူတို့တွေးနိုင်သော အကန့်အသတ်ထက် ကျော်လွန်နေခဲ့သည်။

"ပြောကြတာကတော့ တာအိုအိမ်တော်ရဲ့ စစ်ဧကရာဇ်နှစ်ယောက် လာနေပြီတဲ့။ ဆန်းကျယ်ပြီး အဆင့်မြင့်တဲ့ ဧည့်သည်တော်တစ်ယောက်လည်း ရှိနေတယ်။ သူ့သရုပ်မှန်ကို ဘယ်သူမှ မသိကြဘူး"

အချိန်ကြာလာသည်နှင့်အမျှ ခန်းမအတွင်း လူများစွာ ဝင်ရောက်လာသော်လည်း ၎င်းက လူထောင်ချီဆန့်သောကြောင့် ကျဥ်းကြပ်သည်ဟုပင် မခံစားရပေ။ ထို့နောက် ယဲ့ချန်ကို လာရောက်နှုတ်ဆက်သူများစွာ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။

"ခေါင်းဆောင်လည်း ရောက်နေပါလား။ တွေ့ရတာဝမ်းပါတယ်"

"ကြယ်ခန်းမရဲ့အဖွဲ့ဝင်ရှုဟွာက ခန်းမသခင်ကို အရိုအသေပေးပါတယ်"

ယဲ့မျိုးနွယ်ဝင်များနှင့် ကြယ်ခန်းမအဖွဲ့ဝင်များက ယဲ့ချန်ကို တစ်ယောက်ပြီးတစ်ယောက် လာရောက်အရိုအသေပေးနေကြသည်။ သူက တားမြစ်ချင်လျှင်ပင် မဖြစ်နိုင်တော့သောကြောင့် အရာအားလုံးက မျှော်လင့်ထားသည်နှင့် မတူတော့ပေ။ သူကိုယ်တိုင်ပင် သူ၏ငယ်သားများစွာကို ဤနေရာ၌တွေ့ရမည်ဟု ထင်မထားပေ။ စစ်ဧကရာဇ်များစွာက ညစာစားပွဲသို့တက်ရောက်လာပြီး တပည့်များကို အတူတကွခေါ်ဆောင်လာကာ အရေအတွက်တစ်ဝက်ခန့်က ယဲ့ချန်၏ ငယ်သားများဖြစ်ကြသည်။ သူက ဤကိစ္စမျိုးနှင့်ပတ်သက်၍ ညွှန်ကြားထားခြင်းမရှိသောကြောင့် လာရောက်အရိုအသေပေးခြင်းက ပုံမှန်ပင်ဖြစ်သည်။

"မင်းတို့လုပ်စရာရှိတာ လုပ်ကြပါ"

ယဲ့ချန်က လက်တစ်ဖက်ယမ်းပြ၍ သူ၏ငယ်သားများကို လူခွဲရန် အချက်ပြလိုက်သည်။ သူက လင်ယုနှင့် အကြည့်ချင်းဆုံလိုက်သောအခါ လင်ယုက ခါးသက်သက်ပြုံးပြလိုက်၏။ သူက ယဲ့မျိုးနွယ်ဝင်များအတွက် ဆရာရွေးချယ်ရာတွင် နှင်းဧကရာဇ်၏မိတ်ဆွေများကို ဦးစားပေးအဖြစ် စဥ်းစားခဲ့သည်။ သို့မဟုတ်လျှင် သူက အခြားစစ်ဧကရာဇ်များကို ဆက်သွယ်လျှင် ဂရုစိုက်မည့်အကြောင်း မရှိချေ။ ညစာစားပွဲသို့ စစ်ဧကရာဇ်များရောက်ရှိလာသော အကြောင်းအရင်းမှာ တပည့်များ၏မျိုးနွယ်ကို လင်ယုမှတဆင့် တွေ့လိုသောကြောင့်ဖြစ်သည်။ ကျိဟောင်တန်း၏ ညစာစားပွဲသို့ စစ်ဧကရာဇ်အရေအတွက်များစွာ ရုတ်တရက်ရောက်လာသော အကြောင်းအရင်းမှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်သည်။

"သူတို့က ဘယ်သူတွေလဲ"

"ခန်းမသခင်လား။ ကြယ်ခန်းမက ဘာလဲ"

ကျိမျိုးနွယ်၏အဖွဲ့ဝင်များက အချင်းချင်းဆွေးနွေးနေကြပြီး အနီးရှိအထက်တန်းစားများထံ အကျိုးအကြောင်း မေးမြန်းလိုက်သည်။ ရရှိလိုက်သော သတင်းအချက်အလက်များကြောင့် သူတို့က အံ့သြထိတ်လန့်သွားကြသည်။ ယဲ့ချန်ကို လာရောက်မိတ်ဆက်သူများက စစ်ဧကရာဇ်များ၏ တပည့်များဖြစ်ကာ ပေါင်းစပ်နှုန်းငါးဆယ်ကျော်သော ပါရမီရှင်များချည်း ဖြစ်သည်။ ယဲ့မျိုးနွယ်၏နောက်ကွယ်တွင် စစ်ဧကရာဇ်ခုနစ်ယောက်မက ရှိနေသောကြောင့် လူတိုင်း၏အမြင်များ ပြောင်းလဲသွားကြသည်။ တော်ဝင်မျိုးနွယ်ပင်လျှင် ယဲ့မျိုးနွယ်ကို မစော်ကားရဲသောအခါ စစ်ဧကရာဇ်တစ်ယောက်စ နှစ်ယောက်စ၏ အထောက်အပံ့ကိုသာ ရထားသော မျိုးနွယ်များဆိုလျှင် ဆိုဖွယ်ရာမရှိချေ။

တော်ဝင်မျိုးနွယ်၏ အမှုထမ်းတစ်ယောက်က ကျိကျောက်ရှထံ ရောက်ရှိလာပြီး စကားအချို့ တီးတိုးပြောလိုက်သောအခါ သူ၏မျက်နှာထားက အကြီးအကျယ် ပြောင်းလဲသွား၏။ ယဲ့ချန်နောက်ကွယ်ရှိ စွမ်းအားက သူထင်ထားသည်ထက် များစွာကျော်လွန်နေသည်။ အချိန်ကြာလာသည်နှင့်အမျှ ပတ်ဝန်းကျင်လေထုက အနည်းငယ်ထူးဆန်းလာသည်။ ပတ်ဝန်းကျင်တွင်ရှိနေသော အထက်တန်းစားများမှာ တည်ငြိမ်စွာထိုင်၍ လက်ဖက်ရည်ကြမ်းကို အရသာခံသောက်နေသည့် ယဲ့ချန်ကိုကြည့်ရင်း အံ့သြစိတ်နှင့် မယုံနိုင်မှုကို ခံစားနေရပြီး စိတ်ထဲတွင် ဖိအားများကြီးမားနေသည်။

"ပါရမီရှင်တွေ ဒီလောက်အများကြီးရှိနေရအောင် သူတို့က ဘယ်လိုမျိုးနွယ်လဲ"

ယဲ့ချန်သည် ယဲ့မျိုးနွယ်အကြောင်း လူပုံအလယ်တွင် များစွာထုတ်ဖော်လိုစိတ်မရှိသော်လည်း ညစာစားပွဲ၌ မတော်တဆအဖြစ်တစ်ခု ဖြစ်ပွားခဲ့သည်။ သူက ကိစ္စမျိုးစုံဖြင့် အလုပ်ရှုပ်နေသောကြောင့် ဤကိစ္စကိုလျှို့ဝှက်ထားရန် မညွှန်ကြားခဲ့မိပေ။ သို့သော်လည်း အပြင်လူများက သိရှိသွားသည်မှာ သူ့အစီအစဥ်၏ ဆယ်ပုံတစ်ပုံပင် မရှိသောကြောင့် များစွာပြဿနာ မရှိချေ။

"ငါက အစ်ကိုယဲ့ကို တစ်ခွက်လောက် ဂုဏ်ပြုပါရစေ"

ကျိကျောက်ရှက သေရည်ခွက်တစ်ခွက်ကိုကိုင်၍ စိတ်ပျက်စွာ ထရပ်လိုက်ရသည်။ သူက စိတ်ထဲတွင် ခဲဆွဲထားသကဲ့သို့ လေးလံနေသော်လည်း ယဲ့ချန်ကို မတောင်းပန်၍မဖြစ်ချေ။ လက်ရှိတွင် ယဲ့မျိုးနွယ်က ရန်မစသင့်သော တည်ရှိမှုတစ်ခုဖြစ်ကြောင်း သူ နားလည်သွားသည်။ ကျစ်ဟွာနတ်တိုင်းပြည်၏ တော်ဝင်မျိုးနွယ်တစ်ခုလုံးပင် ယဲ့ချန်၏အင်အားကြောင့် အလေးထားဆက်ဆံရပေလိမ့်မည်။ ယဲ့ချန်သည် ကျိကျောက်ရှကို တစ်ချက်ကြည့်၍ စားပွဲပေါ်မှ သေရည်ခွက်ကို ကောက်ကိုင်၍ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ သူက တိုက်ရိုက်တောင်းပန်ခြင်း မဟုတ်သော်လည်း ယဲ့ချန်နှင့် ငြိမ်းချမ်းရေးယူလိုကြောင်း ထင်ရှားနေသည်။ ကျိကျောက်ရှဘက်မှစတင်၍ ခေါင်းငုံ့လာသောအခါ လင်ယုက ကျေနပ်စွာ ပြုံးလိုက်မိသည်။ လင်ချန်းနှင့် လင်ရှုက မည်မျှရန်တိုက်ပေးရန် ကြိုးစားနေပါစေ၊ ယဲ့မျိုးနွယ်၏ခွန်အားရှေ့မှောက်တွင် ကျိကျောက်ရှက ပမွှားတစ်ကောင်သာဖြစ်သည်။ သခင်လေးများမှာ ကျိကျောက်ရှ၏လုပ်ရပ်ကြောင့် မျက်နှာထားများ ပြောင်းလဲသွားကြသည်။ ကျိဇီရွှမ်း၏မျက်လုံးများတွင် အံ့သြသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူမသည် အစ်ကိုဖြစ်သူက လူတစ်ယောက်ကို နှိမ့်ချစွာဆက်ဆံခြင်းအား ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ယဲ့ချန်၏နောက်ခံကို သူမက သိလိုနေနေသော်လည်း ဖြစ်ကြောင်းကုန်စင်ကို မသိသောကြောင့် စိတ်ရှုပ်ထွေးနေခဲ့သည်။

သခင်လေးများမှာ ကျိကျောက်ရှ၏လုပ်ရပ်ကြောင့် ချက်ချင်းနားလည်သွားကြပြီး ယဲ့ချန်နှင့် ရင်းနှီးစေရန် ကြိုးစားမည်ဟု ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူတို့က မရင်းနှီးနိုင်လျှင်ပင် အနည်းဆုံး ယဲ့ချန်အပေါ် ရန်မစမိစေရန် သတိထားနေထိုင်ရပေလိမ့်မည်။ လင်ချန်းနှင့် လင်ရှုသည်လည်း ယဲ့ချန်ထုတ်ပြခဲ့သော ဧကရာဇ်တံဆိပ်ပြားခြောက်ခုအကြောင်း တွေးမိလိုက်သောအခါ ကြောက်လန့်စပြုလာသည်။ ယဲ့မျိုးနွယ်တွင် စစ်ဧကရာဇ်များ၏တပည့်ဖြစ်နေသော မျိုးနွယ်ဝင်များစွာရှိနေသောကြောင့် ၎င်းတို့ကို ယဲ့ချန်က ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ အကယ်၍ သူကသာ လင်ယုကို ထောက်ပံ့ပေးမည်ဆိုလျှင် အနာဂတ်၌ လင်မျိုးနွယ်တွင် သူတို့အတွက် နေရာမရှိတော့ပေ။

အချိန်ခဏအကြာတွင် ရွှေရောင်သံချပ်ကာဝတ် စစ်သည်တော်တစ်ဦး ရောက်ရှိလာခဲ့သည်။

"အရှင်ယဲ့ချန်က ဘယ်သူလဲ သိခွင့်ရှိမလားခင်ဗျာ"

သူက ရိုသေလေးစားစွာ မေးလိုက်ခြင်းဖြစ်သည်။

"ငါပါ။ ဘာကြောင့်လဲ သိပါရစေ"

ယဲ့ချန်က ပြန်မေးလိုက်သည်။

"အရှင် စစ်ဧကရာဇ်တွေက အရှင်ကို လာတွေ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်"

စစ်သည်တော်က ချက်ချင်းဒူးတစ်ဖက်ထောက်၍ အရိုအသေပေးကာ လျှောက်တင်လိုက်၏။ သူ၏စကားကြောင့် အနီးရှိမျိုးနွယ်ကြီးများမှ သခင်လေးများအားလုံး တုန်လှုပ်သွားကြသည်။

"ကောင်းပြီ။ ငါ့ကို ခွင့်ပြုကြပါဦး။ ညီလေးလင်က သူတို့ကို ဧည့်ခံထားလိုက်ပါ။ ပြဿနာတစ်ခုခုရှိရင် ငါ့ကို လာရှာပါ"

ယဲ့ချန်က လင်ယုကို တစ်ချက်ကြည့်၍ ပြုံးပြလိုက်ပြီးနောက် လူအုပ်ကို ဝေ့ကြည့်လိုက်သည်။

"ဟုတ်ကဲ့ပါ အစ်ကိုကြီး"

လင်ယုက ခေါင်းညိတ်ပြလိုက်လေသည်။

All Chapters