← Chapters

လင်ယု၏ ရုတ်တရက် အပြောင်းအလဲများ

Vol. 42 Ch. 588

လင်ယု၏ ရုတ်တရက် အပြောင်းအလဲများ

Vol. 42 Ch. 588

ယဲ့ချန်သည် တော်ဝင်စစ်သည် ဦးဆောင်ရာအတိုင်း လိုက်ပါလာပြီး စစ်ဧကရာဇ်များ စကားစမြည်ပြောနေသော နေရာသို့ ရောက်ရှိလာသည်။ သာမန်လူများအတွက် ဤစကားဝိုင်းအတွင်း ဝင်ရောက်နိုင်ရန် အလွန်ခက်ခဲပြီး ကျစ်ဟွာနတ်တိုင်းပြည်ရှိ အထက်တန်းစားများပင် စစ်ဧကရာဇ်များ၏စကားဝိုင်းကို အဆင်အခြင်မဲ့ ဝင်မရှုပ်ရဲပေ။ ဤကား အဆင့်အတန်းချင်း မတူသောကြောင့်မဟုတ်ဘဲ ဝင်ရောက်နိုင်သော အစွမ်းအစမရှိခြင်း ဖြစ်သည်။

ယဲ့ချန်ထွက်ခွာသွားသည်ကို မြင်သောအခါ သခင်လေးများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်။ တော်ဝင်ညစာစားပွဲ၌ ယဲ့ချန်ကို စစ်ဧကရာဇ်များက အမှန်တကယ်ဖိတ်ကြားခဲ့ပြီး သူတို့ကိုသာ ဖိတ်ခေါ်ခဲ့လျှင် အမှန်တကယ် ဂုဏ်ယူစရာပင် ဖြစ်ပေလိမ့်မည်။ ထို့အပြင် သူတို့က ထိုင်နေဆဲဖြစ်သော လင်ယုထံ လှည့်ကြည့်လိုက်မိသည်။ ထိုအခိုက်တွင် အိမ်ရှေ့မင်းသားရောက်လာချိန်တွင် ထိုင်ရာမထခဲ့သော လင်ယု၏လုပ်ရပ်ကို ရိုင်းပျသည်ဟု မည်သူမှ မထင်ကြတော့ပေ။

"အစ်ကိုလင် မင်း ငါ့ကို မှတ်မိသေးလား။ ငါက ဝမ်မျိုးနွယ်ရဲ့သခင်လေး ဝမ်ချင်းဟောင်ပါ။ ငါတို့ငယ်ငယ်က အတူကစားခဲ့တာကို မှတ်မိပါသေးတယ်"

သခင်လေးအဖွဲ့အတွင်းမှ လူငယ်တစ်ယောက်က ရုတ်တရက်ပြောလိုက်ခြင်းဖြစ်သည်။ သူက အစွမ်းကုန်ပြုံးထားသဖြင့် လင်ယုနှင့် အလွန်ရင်းနှီးပုံပေါ်သည်။

"ဝမ်ချင်းဟောင် မင်း လူမမှားတာ သေချာလား"

လင်ယုက ထိုလူငယ်ကို တစ်ချက်ကြည့်၍ မျက်ခုံးများပင့်လိုက်သည်။ ဝမ်ချင်းဟောင်ပြောခဲ့သောအဖြစ်ကို သူက သိပင်မသိချေ။ တစ်ဖက်လူက သူ့ကို ဖားယားနေခြင်းဖြစ်နိုင်သော်လည်း ငယ်သူငယ်ချင်းအယောင်ဆောင်၍ အရှက်မရှိပြုမူမည်ဟု မထင်ထားသောကြောင့် အနည်းငယ် အံ့သြသွားခဲ့သည်။

"ငါ လူမမှားပါဘူး။ အတိတ်တုန်းက အစ်ကိုလင်နဲ့ ငါက ညီအစ်ကိုကောင်းတွေဖြစ်ခဲ့တယ်။ ငါက အခြားနတ်တိုင်းပြည်ကို အချိန်တစ်ခုလောက် သွားနေခဲ့ရတယ်။ ပြန်လာတဲ့အချိန်ကျတော့ ငါတို့က နည်းနည်းဝေးသွားခဲ့တယ်။ အစ်ကိုလင်က ငါ့ကိုမမှတ်မိတာ သဘာဝပါပဲ"

ဝမ်ချင်းဟောင်က မျက်နှာလုံးဝမပျက်ဘဲ တစ်ချက်ပြုံးလိုက်သည်။ ပတ်ဝန်းကျင်ရှိ သခင်လေးများမှာ ဝမ်ချင်းဟောင်၏စကားကြောင့် စိတ်ထဲမှ ပြိုင်တူကျိန်ဆဲလိုက်ကြသည်။

"ဝမ်ချင်းဟောင် မင်းက မွေးကထဲက တော်ဝင်မြို့တော်အပြင်ဘက်ကို ခြေတစ်လှမ်းတောင် မထွက်ဖူးဘူး။ ဒါကိုတောင် အခြားနတ်တိုင်းပြည်သွားခဲ့တယ်လို့ ပြောနေတယ် တော်တော်မျက်နှာပြောင်တဲ့ကောင်"

ဝမ်ချင်းဟောင်သည် ဝမ်မျိုးနွယ်၏ဆက်ခံသူဖြစ်ကာ အတိတ်မှဆိုလျှင် သူ၏အသိုင်းအဝိုင်းအတွင်း လင်ယုကိုလက်ခံရန် အလွန်ခက်ခဲပေလိမ့်မည်။ သူက ပုံမှန်ဆိုလျှင် အပြင်လူများကို လက်မခံဘဲ အခြားမျိုးနွယ်များ၏ ဆက်ခံသူများကိုသာ လက်ခံလေ့ရှိသည်။ သာမန်သခင်လေးများက မည်မျှကြိုးစားပါစေ၊ သူ၏အသိုင်းအဝိုင်းနှင့် ပေါင်းသင်းဆက်ဆံခွင့်မရချေ။ ဝမ်ချင်းဟောင်သည် သူ၏အဆင့်အတန်းဖြင့် လင်ယုကို မိတ်ဆွေဖြစ်ရန် မျက်နှာပြောင်တိုက်နေသောအခါ အခြားသခင်လေးများကလည်း ဤသို့တွေးမိလိုက်သည်။ သူ၏နည်းလမ်းက အနည်းငယ် အရှက်မရှိသော်လည်း အကျိုးသက်ရောက်မှု အမှန်တကယ် ရှိနေပုံရသည်။

"အစ်ကိုလင် ငါ့ကို သတိရသေးလား။ ငါက ရှဲ့မျိုးနွယ်ရဲ့သခင်လေး ရှဲ့လောင်လျူပါ။ ငါတို့ငယ်ငယ်က အတူတူ အမဲလိုက်ထွက်ဖူးတယ်လေ"

ဝမ်ချင်းဟောင်ဘေးရှိ ခပ်ဝဝလူငယ်တစ်ယောက်က ရှေ့တိုးလာပြီး ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်ခြင်းဖြစ်သည်။ သူ၏အမူအရာက လင်ယုနှင့် အလွန်ရင်းနှီးသော သူငယ်ချင်းတစ်ယောက်အဖြစ် သဘာဝကျနေခဲ့သည်။

"ဒီကောင်တွေက တော်တော်အရေထူတာပဲ။ ငါ ငယ်ငယ်က အမဲလိုက်မသွားဖူးပါဘူး"

လင်ယု၏မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် သခင်လေးများက တစ်ယောက်ပြီးတစ်ယောက် ရှေ့တိုးလာကာ လင်ယုနှင့်ရင်းနှီးသော သူငယ်ချင်းများအဖြစ် ဟန်ဆောင်ရင်း ဆက်တိုက်ဖားယားနေကြသည်။ သူက တော်ဝင်မြို့တော်တွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့သောကြောင့် ထိုသခင်လေးများ၏ အသိုင်းအဝိုင်းကြောင်း သေချာစွာသိထားသည်။ သူတို့က လေယူရာယိမ်းတတ်သော ဝါးပင်များဖြစ်ပြီး ယဲ့ချန်ကြောင့်သာမဟုတ်လျှင် သူ့ကို ဤမျှအလေးထား ဆက်ဆံနေကြမည်မဟုတ်ပေ။ အတိတ်တွင် သူက ထိုသခင်လေးများနှင့် မိတ်ဆွေဖြစ်လိုသောကြောင့် လက်ဆောင်များပေးပို့ခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။ တစ်နေ့တွင် သူတို့က သူနှင့်မိတ်ဆွေဖြစ်ရန်အတွက် ကိုယ်တိုင်ကိုယ်ကျကြိုးစားလာမည်ဟု မည်သူမှ ထင်ထားကြမည်မဟုတ်ပေ။ အရာအားလုံးက ယဲ့ချန်ကြောင့်ဖြစ်၍ အတိတ်မှခံစားခဲ့ရသောအဖြစ်ကို ပြန်တွေးမိလိုက်သောအခါ သူက ယနေ့တွင် ခေါင်းမော့ထားရန်ဆုံး ဖြတ်လိုက်သည်။ ယဲ့ချန်ကို အစ်ကိုကြီးအဖြစ် သတ်မှတ်လိုက်ခြင်းက သူ၏ဘဝတွင် ဆုံးဖြတ်ဖူးသမျှ ဆုံးဖြတ်ချက်တိုင်း၌ အကောင်းဆုံးဖြစ်ပေသည်။

ချမ်းသာသောမျိုးနွယ်များ၏ သခင်လေးများသည် လင်ယု၏ဘေးတွင် ဝိုင်းနေကြသောကြောင့် လင်ချန်းနှင့် လင်ရှု၏မျက်နှာများ တင်းမာနေကြသည်။ လင်ယုက အစွမ်းအစမရှိဘဲ ယဲ့ချန်နှင့်မိတ်ဆွေဟူသော ကံကောင်းမှုတစ်ခုကို အားကိုး၍ ခဏအတွင်း ဤအဆင့်အထိ ရောက်လာခြင်းဖြစ်သည်။ လက်ရှိတွင် လင်ယုသည် နှင်းဧကရာဇ်၏အထောက်အပံ့၊ ယဲ့ချန်၏အကူအညီဖြင့်ဆိုလျှင် နောက်တက်မည့် ခေါင်းဆောင်ဖြစ်လာနိုင်သော အချက်ကို သူတို့က လက်မခံနိုင်ကြပေ။ သူတို့က လင်ယုနှင့် ဆက်ဆံရေးမကောင်းသောကြောင့် တစ်ဖက်လူသာ မျိုးနွယ်ခေါင်းဆောင်ဖြစ်လာလျှင် သူတို့၏ဘဝ မည်သို့ဆိုးရွားလာမည်ကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။

ကျိဇီရွှမ်းသည်လည်း သခင်လေးများ၏ အပြုအမူများကြောင့် မင်သက်နေသည်။

"လင်ယု မင်းကိုလည်း တစ်ခွက်လောက် ဂုဏ်ပြုပါရစေ"

ကျိကျောက်ရှက သေရည်တစ်ခွက်ကို မြှောက်ပြလိုက်သည်။

"ကျေးဇူးအများကြီးတင်ပါတယ် အရှင့်သား"

လင်ယုက တစ်ချက်ပြုံး၍ သေရည်ခွက်ချင်းတိုက်ကာ သောက်ချလိုက်သည်။ သူ၏စိတ်ထဲတွင် ခံစားချက်မျိုးစုံ ဗြောင်းဆန်နေသည်။ လွန်ခဲ့သောတစ်နှစ်ကဆိုလျှင် အိမ်ရှေ့မင်းသားသည် သူ့ကို သေရည်ဖြင့် ကိုယ်တိုင်ကိုယ်ကျဂုဏ်ပြုမည်ဟု အိပ်မက်ပင်မမက်ဖူးချေ။ သူမ၏အစ်ကိုဖြစ်သူက ယဲ့ချန်ကို ဂုဏ်ပြုခြင်းမှာ လက်ခံနိုင်သော်လည်း လင်ယုကိုဂုဏ်ပြုခြင်းက ထူးဆန်းနေသည်။ သူမသိထားသလောက်ဆိုလျှင် လင်ယုသည် လင်မျိုးနွယ်၏ဆက်ခံသူနေရာတွင် နံပတ်သုံးသာဖြစ်သောကြောင့် အကြောင်းအရင်းကို တွေးမရပေ။ သူမက အလှတွင် ထန်တိုက်လင်၊ နင်အာနှင့် ပိုလင်းကို မယှဥ်နိုင်သော်လည်း သိမ်မွေ့သော အလှပိုင်ရှင်ဖြစ်သောကြောင့် ပိုးပန်းသူများစွာ ရှိသည်။ လက်ရှိ၌ သခင်လေးများက သူမကိုဂရုမစိုက်ဘဲ လင်ယုမှာ ပို၍လှပသည့်သဘောဖြင့် ဝိုင်းရံနေကြသည်။

လင်ယုသည် မျက်နှာတစ်ချက်မပျက်ဘဲ သခင်လေးများကို ဆက်ဆံနေသည်။ သူက အပေါ်ယံတွင် အလွန်တည်ငြိမ်သော်လည်း စိတ်ထဲ၌ အလွန်ဝမ်းမြောက်နေခဲ့သည်။ ဤနေ့မျိုးကို သူက စောင့်ဆိုင်းနေခြင်းဖြစ်သည်။ သူ၏အကြည့်သည် ငယ်စဥ်ထဲကတွေ့မြင်ဖူး၍ လှပသောမင်းသမီးလေးကို လက်ထပ်ရန် စိတ်ကူးယဥ်ခဲ့ဖူးသော ကျိဇီရွှမ်းထံ ကျရောက်သွားခဲ့သည်။ သူက အသက်ကြီးလာသောအခါ အရှိတရားကို လက်ခံခဲ့ရပြီး အဆင့်အတန်းချင်း အလွန်ကွာခြားကြောင်း သဘောပေါက်လာခဲ့သည်။ အရှိတရားက စိတ်ကူးအိပ်မက်များကို ဖျက်ဆီးပစ်လိုက်သောကြောင့် လင်ယုသည် သူမအပေါ် ချစ်စိတ်ကိုမျိုသိပ်ကာ နေထိုင်ခဲ့ရသည်။ သူက လင်မျိုးနွယ်မှ မောင်းထုတ်ခံရမည့်အချိန်ကို နေ့တိုင်းကြောက်လန့်နေခဲ့ရပြီး ကူကယ်ရာမဲ့စွာ ရှင်သန်ခဲ့ရသည်။ နောက်ဆုံးတွင် သူ၏ဘဝက အဓိပ္ပါယ်ကင်းမဲ့စွာဖြင့် အသက်ကြီးလာရသော်လည်း နှလုံးသားအတွင်း၌ နက်ရှိုင်းစွာစွဲထင်နေသော ခံစားချက်များက ပျက်ပြယ်မသွားခဲ့ပေ။ သို့သော် ယနေ့တွင် သူက အိမ်ရှေ့မင်းသားနှင့် မင်းသမီး၏ဘေးတွင် ထိုင်ခွင့်ရခဲ့ပြီး များစွာသောသခင်လေးများ၏ မြှောက်ပင့်ဖားယားခြင်း ခံနေရသည်။

အတိတ်မှအဖြစ်များကို တွေးမိလိုက်သောအခါ လင်ယုသည် လက်ရှိအခြေအနေများကို တင်းတိမ်မနေတော့ပေ။ သူ၏ရည်မှန်းချက်က ဤမျှအထိသာမဟုတ်ဘဲ ယဲ့ချန်၏အကြံအစည်ကို မြင်တွေ့ပြီးနောက် ကိုယ့်ကိုကိုယ်အမြင်ကျဥ်းသည်ဟု ခံစားနေရသည်။

ညစာစားပွဲကျင်းပသော ခန်းမ၏အဓိကနေရာတွင် ကျိဟောင်တန်းနှင့် စစ်ဧကရာဇ်ဆယ့်တစ်ယောက်က ထိုင်နေကြပြီး တစ်စုံတစ်ခုအကြောင်း ပြောဆိုနေကြသည်။ စစ်ဧကရာဇ်နှစ်ယောက်က လက်ရှိအချိန်အထိ ရောက်ရှိမလာကြသေးပေ။ ယဲ့ချန်သည် တော်ဝင်အစောင့်၏ဦးဆောင်မှုဖြင့် ရောက်ရှိလာသောအခါ လင်ယွမ်၏မျက်နှာထက်တွင် အပြုံးတစ်ခု ရှားရှားပါးပါး ဖြစ်ပေါ်လာသည်။

"ထိုင်ပါ"

သူက ထိုင်ခုံအလွတ်တစ်လုံးကို ညွှန်ပြ၍ ယဲ့ချန်ကို နေရာပေးလိုက်သည်။ ယဲ့ချန်က တည်ငြိမ်စွာ ထိုင်ချလိုက်ပြီး စကားစမြည်ပြောနေကြသော စစ်ဧကရာဇ်များ၏အမူအရာက ပြောင်းလဲမသွားသောကြောင့် အဝေးမှစောင့်ကြည့်နေသည့် အထက်တန်းစားများကို တုန်ယင်သွားစေသည်။ စစ်ဧကရာဇ်များက ယဲ့ချန်ကို သူတို့နှင့် တန်းတူအဖြစ် သတ်မှတ်ထားကြောင်း သိသာနေသည်။

"ဒါက ဧကရာဇ်ချန်း၊ ဒါက ဧကရာဇ်ချိုး၊ဒါက မှော်ဧကရာဇ်"

စသည်ဖြင့် လင်ယွမ်က ယဲ့ချန်ကို စစ်ဧကရာဇ်များနှင့် မိတ်ဆက်ပေးလိုက်သည်။ သူတို့က အရှိန်အဝါများကို ရုတ်သိမ်းထားသောကြောင့် သာမန်လူများနှင့်ဆင်တူပြီး လင်ယွမ်ထံမှပင် အေးစက်မှုကို မခံစားရပေ။ သူတို့အားလုံးက လူငယ်များအသွင်ဖြစ်နေကြသော်လည်း အသက်ရာချီ ကြီးရင့်သူများ ဖြစ်ကြသည်။

ယဲ့ချန်က စစ်ဧကရာဇ်တိုင်း၏ရုပ်သွင်ကို မှတ်သားထားလိုက်သည်။ ဤနေရာရှိ စစ်ဧကရာဇ်ရှစ်ယောက်သည် သူ၏ငယ်သားများကို တပည့်အဖြစ်လက်ခံထားပြီး ကျန်သုံးယောက်မှာ ဆေဘာဧကရာဇ်၊ မှော်ဧကရာဇ်နှင့် သစ်သားဧကရာဇ်တို့ဖြစ်ကြသည်။

"ယဲ့ချန် ငါ တစ်ခုလောက် ဆွေးနွေးချင်တယ်။ မင်းရဲ့မျိုးနွယ်မှာ ပါရမီရှင်တွေ အများကြီးရှိတယ်လို့ ကြားထားတယ်။ ဒါပေမယ့် ငါ့မှာ သင့်တော်တဲ့တပည့်မရှိဘူးဆိုတော့ တစ်ယောက်လောက် ရှာပေးနိုင်မလား"

မှော်ဧကရာဇ်က မျက်နှာပူပူနှင့် တောင်းဆိုလိုက်ခြင်းဖြစ်သည်။ စစ်ဧကရာဇ်တစ်ယောက်အနေဖြင့် သူက ဂျူနီယာတစ်ယောက်ကို ဖိအားပေးသည့်သဘောမျိုး သက်ရောက်မည်ကို စိုးရိမ်နေခဲ့သည်။

"လောလောဆယ်မှာ ကျုပ်က အရှေ့ပိုင်းတိုက်ကြီးမှာရှိတဲ့ လူဦးရေရဲ့ တစ်ဆယ်ရာခိုင်နှုန်းကိုသာ ခေါ်ဆောင်ထားနိုင်ပါတယ်။ သူတို့ထဲမှာ ပေါင်းစပ်နှုန်းငါးဆယ်ကျော်တဲ့ ပါရမီရှင်တွေရှိရင် မှော်ဧကရာဇ်အတွက် ပို့ဆောင်ပေးပါမယ်ဗျာ"

ယဲ့ချန်က တစ်ချက်ပြုံး၍ သဘောတူလိုက်သည်။ သို့သော် သူ၏ဝိညာဥ်အသိစိတ်က ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို မြှင့်တင်ပေးနိုင်ခြင်းကို ဖုံးကွယ်ထားသည်။

"မင်းရဲ့မျိုးနွယ်ဝင်တွေ အကုန်လုံး ရောက်မလာသေးဘူးလား"

မှော်ဧကရာဇ်က တအံ့တသြ မေးလိုက်ခြင်းဖြစ်သည်။ သူသိထားသော သတင်းများအရ ရန်ယွင်မြို့၌ ယဲ့မျိုးနွယ်ဝင်များစွာ အခြေကျနေထိုင်နေကြသည်။

"ကျုပ်ရဲ့မျိုးနွယ်မှာ လူသုံးထောင်ကျော်ရှိပြီး နောက်လိုက်တွေက သန်းချီပါတယ်။ အခြားကျင့်ကြံသူတွေကတော့ သန်းတစ်ရာလောက် ရှိတယ်။ ဝိညာဥ်သားရဲကပ်ဘေးကြောင့် အရှေ့ပိုင်းတိုက်ကြီးမှာ သူတို့ရဲ့အသက်ကို နေ့တိုင်း စိုးရိမ်နေရပါတယ်။ ကျုပ်က ကယ်နိုင်သလောက် များများကယ်မယ်လို့ ဆုံးဖြတ်ထားပါတယ်"

ယဲ့ချန်က သက်ပြင်းတစ်ချက်ချ၍ ရှင်းပြလိုက်၏။ ယဲ့ချန်၏ကိုယ်ကျင့်တရားကြောင့် စစ်ဧကရာဇ်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်။ ကောင်းကင်မူလတိုက်ကြီးသို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူက မျိုးနွယ်ဝင်များကိုသာမက အခြားကျင့်ကြံသူများကို မပစ်ပယ်ခဲ့ပေ။ အရေအတွက်နည်းပါးလျှင် တာအိုအိမ်တော်၏ခွင့်ပြုချက်ကြောင့် သူတို့က ကူညီပေးနိုင်သည်။ သို့သော်လည်း အရေအတွက်က သန်းရာချီနေသောအခါ သူတို့လည်း များစွာမတတ်နိုင်ချေ။ ကောင်းကင်မူလတိုက်ကြီး၏ အရင်းအမြစ်များက အကန့်အသတ်ရှိသည် မဟုတ်ပါလော။

"ငါတို့တစ်ယောက်ချင်းစီက မင်းကိုကူညီပြီး အရေအတွက်ရာချီလောက် ကယ်တင်ပေးနိုင်မှာပါ"

ဆေဘာဧကရာဇ်က ဝင်ပြောလိုက်ခြင်းဖြစ်သည်။

"အရှင်တို့က ကူညီပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ တတ်နိုင်သလောက်သာ ကယ်တင်ပေးပါဗျာ"

ယဲ့ချန်က စိတ်လိုလက်ရ ကျေးဇူးတင်လိုက်သည်။ လူအရေအတွက်ရာချီကို ကယ်တင်ရန် လိုအပ်သော ငွေက ဘီလီယံချီသောကြောင့် သူ့အပေါ်မှ ဖိအားကို ပမာဏတစ်ခုအထိ လျော့ကျသွားစေသည်။

စစ်ဧကရာဇ်များက ချမ်းသာကြွယ်ဝပြီး အနည်းဆုံး ဆည်းဆာရွှေဘီလီယံရာချီ ပိုင်ဆိုင်ထားသော်လည်း ကျင့်ကြံခြင်းအတွက် ငွေများစွာ လိုအပ်သည်။ သူတို့၏ကျင့်ကြံခြင်းအတွက် လိုအပ်သော အရင်းအမြစ်များ ဝယ်ယူရန်အတွက် အကုန်အကျအလွန်များသည်။ ထို့အပြင် သူတို့က တပည့်များကို ပျိုးထောင်ပေးရန် လိုအပ်သောကြောင့် ငွေများကို ဘုံးပေါလအောအသုံးပြု၍ မဖြစ်ချေ။

သိုင်းဒေသကြီးများသို့ ပူးပေါင်းထားသော စစ်ဧကရာဇ်များသာ အမှန်တကယ် ကြွယ်ဝသူများဖြစ်ကြသည်။ စစ်ဧကရာဇ်တစ်ယောက်က သိုင်းဒေသတစ်ခုနှင့်ပူးပေါင်းလိုက်လျှင် အရင်းအမြစ်အတွက် ပူပန်စရာမလိုတော့သော်လည်း လွတ်လပ်မှု ဆုံးရှုံးရပေလိမ့်မည်။ စစ်ဧကရာဇ်အယောက်တစ်ရာကျော်တွင် ကိုးဆယ်ခန့်က သိုင်းဒေသများနှင့် ပူးပေါင်းထားပြီး နှစ်ဆယ်ခန့်က တာအိုအိမ်တော်၏ အဖွဲ့ဝင်များဖြစ်ကာ ကျန်အရေအတွက်ကသာ လွတ်လပ်သူများဖြစ်ကြသည်။

တော်ဝင်ညစာစားပွဲသို့ ရောက်ရှိနေခဲ့သော စစ်ဧကရာဇ်ဆယ့်တစ်ယောက်တွင် ငါးယောက်က လွတ်လပ်သူများဖြစ်၍ လေးယောက်က သိုင်းဒေသကြီးများ၏ အကြီးအကဲများဖြစ်ကာ နှစ်ယောက်က တာအိုအိမ်တော်မှဖြစ်သည်။ ထိုအထဲတွင် ငါးယောက်မှာ ကျိဟောင်တန်းကို နန်းပလ္လင်အတွက် ထောက်ပံ့ပေးထားသူများ ဖြစ်ကြလေသည်။

All Chapters