လက်ထပ်ရန် ကမ်းလှမ်းမှု
Vol. 42 Ch. 589
ဘေးတွင်ရှိနေသော ကျိဟောင်တန်းသည် စစ်ဧကရာဇ်များ၌ ယဲ့မျိုးနွယ်ဝင်တပည့်များ ရှိနေသောကြောင့် ထိတ်လန့်အံ့သြနေခဲ့သည်။ ဆရာတပည့်ဆက်ဆံရေးက အလွန်မြင့်မြတ်ပြီး သူနှင့် စစ်ဧကရာဇ်များကြားတွင် လက်ဆောင်ပဏ္ဏာဆက်သသော ဆက်ဆံရေးသာ ရှိသောကြောင့် ယဲ့ချန်နှင့် အလွန်ကွဲပြားနေသည်။ အကယ်၍ တစ်ဖက်လူကသာ ကျစ်ဟွာနတ်တိုင်းပြည်၏ဘုရင်ဖြစ်လိုလျှင် စစ်ဧကရာဇ်များစွာ၏ ထောက်ပံ့ပေးခြင်း ရပေလိမ့်မည်။ သူက ခြိမ်းခြောက်မှုတစ်ခုဖြစ်သော်လည်း ကံကောင်းစွာဖြင့် လက်ရှိအချိန်၌ ထီးနန်းအတွက် တိုက်ခိုက်လိုစိတ် ရှိပုံမရချေ။ သို့သော် အတွေးများက ပြောင်းလဲနိုင်သောကြောင့် အတပ်ပြောရန် ခက်ခဲပေသည်။ ထို့ကြောင့် သူက ယဲ့ချန်ကို ဆက်ဆံရေးတစ်ခုနှင့် ချည်နှောင်ထားရန် ဆုံးဖြတ်လိုက်သည်။
"ခေါင်းဆောင်ယဲ့က ငယ်ရွယ်ပြီး ထက်မြက်တဲ့အပြင် ယဲ့မျိုးနွယ်မှာ ပါရမီရှင်တွေပြည့်နှက်နေလို့ ငါတောင် မနာလိုအားကျမိပါတယ်။ ဒါကြောင့် ငါက တစ်ခုလောက် ကမ်းလှမ်းချင်တယ်။ မင်းသမီးကျိဇီရွှမ်းက လှပတဲ့အတွက် မင်းနဲ့သာ လက်ထပ်လိုက်ရင် နတ်ဖက်တဲ့စုံတွဲ ဖြစ်မှာပဲ။ စစ်ဧကရာဇ်အရှင်တွေနဲ့ ခေါင်းဆောင်ယဲ့က ဘယ်လိုသဘောရလဲ"
ကျိဟောင်တန်းက ချိုသာစွာပြုံး၍ စစ်ဧကရာဇ်များကို ဝေ့ကြည့်လိုက်ပြီး ယဲ့ချန်ထံတွင် အကြည့်က ရပ်တန့်သွားသည်။ ယဲ့မျိုးနွယ်သည် ကျိမျိုးနွယ်နှင့် လက်ထပ်ခြင်းပြုလုပ်၍ မဟာမိတ်ဖွဲ့ရန် ထိုက်တန်ကြောင်း သူက နားလည်ထားသည်။ အကယ်၍ ကျိဇီရွှမ်းကိုသာ ယဲ့ချန်က လက်ထပ်မည်ဆိုလျှင် ကျိမျိုးနွယ်အတွက် သေချာပေါက် အကျိုးအမြတ်ရပေလိမ့်မည်။
"ငါက မင်းသမီးလေးကို တွေ့ဖူးတယ်။ သူမရဲ့အလှနဲ့ ကိုယ်ကျင့်တရားက ပြောစရာမရှိဘူး။ ဒီလိုကိစ္စမျိုးက လက်ခံသင့်တယ်"
ဧကရာဇ်ချန်းက တစ်ချက်ပြုံး၍ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ ထိုသတင်းက ပျံ့နှံ့သွားပြီး ဘုရင်ကိုယ်တိုင် ယဲ့ချန်ကိုတောင်းဆိုကြောင်း သိလိုက်ရသောအခါ မျိုးနွယ်ကြီးများ၏ ခေါင်းဆောင်များက စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ သူတို့ကိုယ်တိုင်လည်း ယဲ့ချန်ထံ သမီးကညာများဆက်သချင်သော်လည်း ဤမြေခွေးအိုကြီးက ခြေတစ်လှမ်းဦးသွားခဲ့သည်။ ကျိဇီရွှမ်းသည် သခင်လေးအများစု၏ အိပ်မက်နတ်သမီးလေးဖြစ်သောကြောင့် သူတို့က ယဲ့ချန်ကို အလွန်အားကျနေကြသည်။ မရေမတွက်နိုင်သော သခင်လေးများက သူမကိုလက်ထပ်ရန် ကမ်းလှမ်းဖူးသော်လည်း ကျိဟောင်တန်းက လူတိုင်းကို ငြင်းဆန်ခဲ့သည်။ သို့သော် ယနေ့တွင် ယဲ့ချန်နှင့်လက်ထပ်ရန်အတွက် သူကိုယ်တိုင်တောင်းဆိုမည်ဟု လူတိုင်း ထင်မထားကြပေ။ ယဲ့မျိုးနွယ်သည် ကောင်းကင်မူလတိုက်ကြီးသို့ ပြောင်းရွှေ့လာသည်မှာ မကြာသေးသော်လည်း တိုးတက်နှုန်းက အလွန်မြန်ဆန်နေသဖြင့် မည်သည့်မျိုးနွယ်မှ သူတို့ကို အထင်မသေးရဲပေ။ သူတို့တွင် စစ်ဧကရာဇ်တစ်ယောက်မှမရှိသေးသော်လည်း ပါရမီရှင်များ ပြည့်နှက်နေသောကြောင့် အနာဂတ်၌ လွှမ်းမိုးမှု အလွန်ကြီးမားလာနိုင်သည်။
ကျိကျောက်ရှသည် ယဲ့ချန်နှင့်ရန်သူများဖြစ်လာရန် နီးကပ်ခဲ့သောကြောင့် တုံးအသော လုပ်ရပ်ဖြစ်ကြောင်း နားလည်လိုက်သောအခါ ရန်တိုက်ပေးခဲ့သော လင်ချန်းနှင့် လင်ရှုကို အေးစက်စက်စိုက်ကြည့်နေခဲ့သည်။ ကံကောင်းစွာဖြင့် သူနှင့် ယဲ့ချန်က ရန်သူများ ဖြစ်မလာခဲ့ပေ။ ကျိဇီရွှမ်းသည် ထိုသတင်းကို ရသောအခါ ရှက်စိတ်နှင့် ဒေါသကြောင့် မျက်နှာပျက်သွားသည်။ သူမသည် တစ်ကြိမ်သာတွေ့ဖူးသော လူစိမ်းတစ်ယောက်ကို လက်ထပ်ရန် မလိုလားချေ။ လင်ချန်းနှင့် လင်ရှုသည် မင်းသား၏အကြည့်စူးစူးကြောင့် ထိတ်လန့်သွားကာ တိတ်တဆိတ် ခေါင်းငုံ့နေကြသည်။
လင်ယုသည် ကျိဇီရွှမ်းအပေါ် ခံစားချက်အချို့ရှိသော်လည်း မဖြစ်နိုင်ကြောင်း နားလည်ထားသည်။ အကယ်၍ ယဲ့ချန်သာ သူမကိုလက်ထပ်လိုက်လျှင် ကျစ်ဟွာတိုင်းပြည်တွင် ယဲ့မျိုးနွယ်၏အခြေအနေ တည်ငြိမ်သွားပေလိမ့်မည်။ စစ်ဧကရာဇ်များကလည်း သဘောတူကြောင်း ပြသသည့်အနေဖြင့် ပြုံးနေကြသည်။
"ယဲ့ချန် မင်းရော ဘယ်လိုသဘောရလဲ"
လင်ယွမ်က မေးလိုက်ခြင်းဖြစ်သည်။
"အရှင် ဒီကိစ္စက မသင့်တော်မှာ စိုးရိမ်မိပါတယ်။ ကျုပ်က လက်ထပ်ပြီးသားပါ"
ယဲ့ချန်က ယဥ်ကျေးစွာ ငြင်းဆန်လိုက်သော်လည်း လေသံက တည်ငြိမ်နေသည်။
"မျိုးနွယ်ခေါင်းဆောင်တစ်ယောက်အနေနဲ့ မိန်းမတစ်ယောက်ထက် ပိုယူလို့ရပါတယ်ကွာ။ တာအိုအိမ်တော်က တစ်လင်တစ်မယားစနစ်ကို သတ်မှတ်မထားပါဘူး ဟား ဟား"
ဧကရာဇ်ချိုးက ရယ်မော၍ ခေါင်းယမ်းပြလိုက်သည်။
"ကျုပ်က အရှင်တို့ရဲ့စေတနာကို နားလည်ပါတယ်။ ဒါပေမယ့် ဇနီးတွေရဲ့ခွင့်ပြုချက်မရှိဘဲ လက်ထပ်လို့မရပါဘူး။ ပြီးတော့ မင်းသမီးလေးအနေနဲ့လည်း ကျုပ်ရဲ့ ကိုယ်လုပ်တော်ဖြစ်လာဖို့ မသင့်တော်ပါဘူး"
ယဲ့ချန်က ခေါင်းယမ်းလိုက်သည်။
"ဒါကတော့ မှန်တယ်။ မင်းသမီးလေးအတွက် မသင့်တော်ဘူး"
ကျိဟောင်တန်း၏ ထောက်ပံ့သူတစ်ဦးဖြစ်သော သစ်သားဧကရာဇ်က ဝင်ပြောလိုက်ခြင်းဖြစ်သည်။ အကယ်၍ ကျိဇီရွှမ်းသာ ကိုယ်လုပ်တော်ဖြစ်လျှင် ဤလက်ထပ်ပွဲက အဓိပ္ပါယ်မရှိတော့ပေ။
"ငါသိရသလောက်ဆိုရင် မင်းမှာ မိန်းမရှိမရှိ မသေချာဘူး"
လင်ယွမ်သည် လင်ယုကို ဤအကြောင်း မေးမြန်းခဲ့ဖူးသည်။ လင်ယုကိုယ်တိုင်ပင် ယဲ့ချန်အနီး၌ ဇနီးသည်များရှိနေသည်ကို မမြင်ဖူးကြောင်း ဖြေခဲ့သည်။
"ကြယ်ဝိညာဥ် စမ်းသပ်ပြီးတဲ့နောက်မှာ သူတို့ကို ရှင်းဟိုင်းဒေသနဲ့ ဝိညာဥ်မူလဒေသက ခေါ်ဆောင်သွားပါတယ်"
နင်အာနှင့် ထန်တိုက်လင်ကို ဇနီးအဖြစ် ယဲ့ချန်က သတ်မှတ်ထားပြီးဖြစ်သည်။ ပုံရိပ်ယောင်ပုလဲအတွင်း မေ့မျောနေသော ပိုလင်းနှင့် ပျောက်ကွယ်နေသည့် ယဲ့လော့အကြောင်းကို သူက ဖုံးကွယ်ထားရန် ဆုံးဖြတ်ခဲ့သည်။ သူတို့အားလုံးက သူနှင့်အတူ သေအတူရှင်မကွာ ဖြတ်သန်းလာသူများဖြစ်သောကြောင့် မင်းသမီးကို လက်ထပ်ရန် မဖြစ်နိုင်ချေ။
"ဒါဆိုရင် သူတို့ကရော ပါရမီရှင်တွေလား"
လင်ယွမ်က တအံ့တသြ မေးလိုက်သည်။
"နှစ်ယောက်လုံးရဲ့ ပေါင်းစပ်နှုန်းက ခုနစ်ဆယ်ကျော်ပါတယ် အရှင်"
ယဲ့ချန်၏စကားကြောင့် ခန်းမတစ်ခုလုံး တုန်လှုပ်သွားကြသည်။ လက်ရှိရောက်နေသော စစ်ဧကရာဇ်များကြားတွင် ပေါင်းစပ်နှုန်းအရာ၌ ၅၉ရှိသော မှော်ဧကရာဇ်က အမြင့်ဆုံးဖြစ်သည်။ ပေါင်းစပ်နှုန်းခုနစ်ဆယ်ကျော်သူများအတွက် ကျင့်ကြံခြင်းက ထမင်းစားရေသောက်မျှသာဖြစ်ပြီး စစ်ဧကရာဇ်အဆင့်သို့ရောက်ရန် ဆယ်နှစ်ကျော်သာ လိုအပ်ပေလိမ့်မည်။ ယဲ့ချန်၏ဇနီးနှစ်ယောက်လုံးက ပေါင်းစပ်နှုန်းခုနစ်ဆယ်ကျော်သော ပါရမီရှင်များဖြစ်သောကြောင့် ကျိဇီရွှမ်းကို ပထမဇနီးအဖြစ် သတ်မှတ်ရန် သဘောတူကြမည်မဟုတ်သည့်အပြင် လက်ထပ်ပွဲအတွက် သူတို့၏ခွင့်ပြုချက် လိုအပ်နေသည်။
"ဒီကောင်က ဘယ်လိုလူမျိုးလဲကွာ။ သူ့ဘေးမှာ ပါရမီရှင်တွေချည်း ဝိုင်းနေပါလား"
ကျိဟောင်တန်းမှာ စိတ်ထဲမှ ကျိန်ဆဲလိုက်မိပြီး လက်ထပ်ပွဲအကြောင်း တစ်ခွန်းပင်မဟရဲတော့ချေ။ ကျိဇီရွှမ်းကသာ ယဲ့ချန်ကို လက်ထပ်လိုက်လျှင် သဝန်တိုတတ်သော မိန်းမများ၏သဘာဝအရ ယဲ့ချန်၏ဇနီးများ ဒေါသထွက်သွားလျှင် ပြဿနာအကြီးအကျယ် တက်သွားနိုင်သည်။ ထူးဆန်းသော အရာများကို တွေ့ကြုံဖူးသည့် စစ်ဧကရာဇ်များသည်ပင် ယဲ့ချန်၏မိန်းမများအကြောင်း သိလိုက်ရသောအခါ အံ့သြတုန်လှုပ်နေကြသည်။ ပါရမီရှင်မိန်းမများ၏ လင်ယောကျ်ားဖြစ်သော ယဲ့ချန်က မင်းသမီးကို လက်မထပ်လိုခြင်းမှာ မထူးဆန်းတော့ပေ။ ပေါင်းစပ်နှုန်းခုနစ်ဆယ်ရှိသော မိန်းမများ၏အကူအညီဖြင့်ဆိုလျှင် ယဲ့ချန်၏ဘဝက သေချာပေါက် တိုးတက်လာပေလိမ့်မည်။ စစ်ဧကရာဇ်များက မူလတွင် ယဲ့ချန်ကို ဂျူနီယာတစ်ယောက်ပမာ သဘေထားကြသော်လည်း ထိုအချိန်တွင် ချီပင်လယ်အဆင့်ကျင့်ကြံသူဖြစ်သော ယဲ့ချန်ကို သူတို့နှင့်တန်းတူ သဘောထားသင့်ကြောင်း လက်ခံလိုက်ကြသည်။
"ယဲ့ချန် လင်ယုက မင်းသမီးကို ကြိုက်နေတာ သေချာတယ်ကွ။ မင်း သူ့ကို ကူညီပေးသင့်တယ်"
ခြင်္သေ့ကြီးက ယဲ့ချန်ကို စိတ်ဖြင့် ဆက်သွယ်လိုက်ခြင်းဖြစ်သည်။
"ကျုပ်မှာ တောင်းဆိုချက်တစ်ခုရှိပါတယ်။ ပြောသင့်လားတော့ မသိပါဘူးအရှင်တို့"
ယဲ့ချန်က စစ်ဧကရာဇ်များနှင့် ကျိဟောင်တန်းထံ ခွင့်တောင်းလိုက်သည်။
"ပြောပါ"
ကျိဟောင်တန်းက ခါးသက်သက်ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
"လင်မျိုးနွယ်သခင်လေး လင်ယုက ကျုပ်အတွက် ညီအရင်းတစ်ယောက်လိုပါပဲ။ သူက မင်းသမီးလေးကို သဘောကျနေတဲ့အတွက် သူတို့ကိုလက်ထပ်ပေးဖို့ တောင်းဆိုပါရစေ။ အရှင်မင်းကြီးရော ဘယ်လိုသဘောရပါသလဲ"
ယဲ့ချန်က တစ်ချက်ပြုံး၍ တည်တည်ငြိမ်ငြိမ် တောင်းဆိုလိုက်သည်။
"လင်ယုလား"
ကျိဟောင်တန်းက မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။ လင်ယုက နံပတ်သုံးသခင်လေးသာဖြစ်သော်လည်း လင်ယွမ်နှင့် ယဲ့ချန်၏ အထောက်အပံ့ဖြင့်ဆိုလျှင် သေချာပေါက် လင်မျိုးနွယ်ခေါင်းဆောင် ဖြစ်လာပေလိမ့်မည်။ ထို့အပြင် လင်မျိုးနွယ်သည် ကျစ်ဟွာနတ်တိုင်းပြည်ရှိ မျိုးနွယ်ကြီးခြောက်ခုအနက်မှ ဖြစ်သောကြောင့် မင်းသမီးကိုလက်ထပ်ရန် အရည်အချင်းအပြည့်ရှိသည်။ ယဲ့ချန်က လင်ယုအတွက် အစ်ကိုကြီးတစ်ယောက်ပမာ တောင်းဆိုလာသောကြောင့် သူတို့၏ဆက်ဆံရေးက အလွန်ရင်းနှီးပေလိမ့်မည်။ အကယ်၍ ယဲ့မျိုးနွယ်သာ တိုးတက်လာလျှင် လင်မျိုးနွယ်လည်း တိုးတက်လာမည်ဖြစ်သောကြောင့် ကျိမျိုးနွယ်အတွက်လည်း အကျိုးအမြတ်ရှိနိုင်သည်။ စစ်ဧကရာဇ်အားလုံးကလည်း ယဲ့ချန်၏စကားကို အလေးအနက်ထား စဥ်းစားနေကြသည်။
"ဒီလိုဆိုရင်လည်း မဆိုးပါဘူး။ ငါ သဘောတူတယ်"
အချိန်ခဏအကြာတွင် သစ်သားဧကရာဇ်က စတင်ထောက်ခံလိုက်သည်။
"ငါတို့လည်း သဘောတူတယ်"
ကျန်စစ်ဧကရာဇ်များကလည်း ခေါင်းညိတ်လိုက်ကြသည်။
"အရှင်တို့အားလုံး သဘောတူတယ်ဆိုရင် ကျုပ်က ငြင်းစရာမရှိပါဘူး"
ကျိဟောင်တန်းက အစွမ်းကုန်ပြုံးရင်း သဘောတူကြောင်း ပြောလိုက်သည်။
"ဒါဆိုရင် လင်ယုကိုယ်စား အားလုံးကို ကျေးဇူးတင်ပါတယ်"
ယဲ့ချန်က တစ်ချက်ပြုံး၍ လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်သည်။ ညစာစားပွဲသို့ တက်ရောက်လာကြသော အထက်တန်းစားများသည် ရုတ်တရက်ဆန်လွန်းသော အပြောင်းအလဲများကြောင့် မင်သက်နေကြသည်။ ယဲ့ချန်သည် လက်ထပ်ပွဲကိုငြင်းဆန်၍ လင်ယုကို ကျိဇီရွှမ်းနှင့်လက်ထပ်ပေးရန် တောင်းဆိုခဲ့ပြီး ကျိဟောင်တန်းကလည်း သဘောတူခဲ့သည်။ ပါရမီရှင်ဇနီးနှစ်ယောက် ပိုင်ဆိုင်ထားသော ယဲ့ချန်က မင်းသမီးကိုလက်မထပ်လိုခြင်းက ပုံမှန်သာဖြစ်ပြီး လင်ယုက ကံကောင်းသွားခဲ့သည်။ ကျိဟောင်တန်းက သဘောတူလိုက်သောအခါ အနာဂတ်၏ လင်မျိုးနွယ်ခေါင်းဆောင်က သတ်မှတ်ပြီးဖြစ်သွားခဲ့သည်။ လင်ယု၏ဘေးတွင် ထိုင်နေသော ကျိဇီရွှမ်းသည် ဤကိစ္စကိုကြားသောအခါ ရှက်စိတ်ကြောင့် မျက်နှာလေးနီမြန်းသွားကာ ထိုင်ရာမှ ထရပ်လိုက်သည်။ ထို့နောက် သူမက လင်ယုကို တစ်ချက်ခိုးကြည့်ကာ ခန်းမအတွင်းမှ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
လင်ယုသည်လည်း ယဲ့ချန်က သူ့အတွက်တောင်းဆိုပေးမည်ဟု မျှော်လင့်မထားသောကြောင့် ဝမ်းသာနေခဲ့သည်။ သူ၏ခံစားချက်များကို တစ်ဖက်လူက ရိပ်မိသွားပုံပေါ်သည်။ အတိတ်မှဆိုလျှင် သူက မင်းသမီးနှင့်လက်ထပ်ရန် အိပ်မက်ပမာဖြစ်သော်လည်း ယဲ့ချန်ကြောင့် အကောင်အထည်ပေါ်လာသောအခါ အလွန်ကျေးဇူးတင်နေခဲ့သည်။
"အနာဂတ်မှာ ငါက အစ်ကိုကြီးအပေါ်မှာ လုံးဝသစ္စာရှိမယ်လို့ ကောင်းကင်နဲ့မြေပြင်ကို သက်သေထားပြီး တိုင်တည်ပါတယ်"
လင်ယုက စိတ်ထဲမှ ကျိန်ဆိုလိုက်သည်။ ယဲ့ချန်သည် သူ့ကို မင်းသမီးနှင့်လက်ထပ်ရန် ကူညီပေးခဲ့ရုံသာမက လင်မျိုးနွယ်ခေါင်းဆောင်ဖြစ်လာနိုင်သော အခွင့်အရေးနှင့် မိဘများအတွက် လက်စားချေနိုင်ခွင့်ကိုလည်း ပေးအပ်ခဲ့သည်။
လင်ချန်းနှင့် လင်ရှုသည် ရုတ်တရက်အပြောင်းအလဲများကြောင့် ဆွံ့အနေကြသည်။ သူတို့၏စိတ်ထဲတွင် လက်မခံနိုင်သောစိတ်များ ပြည့်နှက်နေသည်။ သူတို့၏အမြင်တွင် လင်ယုက သူတို့အောက်နိမ့်ကျပြီး မည်သည့်ကိစ္စတွင်မဆို ရှုံးနိမ့်ခဲ့ရပြီး ရန်ယွင်မြို့သို့ ခွေးတစ်ကောင်ပမာ မောင်းထုတ်ခံလိုက်ရသည်။ သို့သော်လည်း လင်ယုက ပြန်လည်တုံ့ပြန်လာနိုင်ပြီး မင်းသမီးနှင့်ပင် လက်ထပ်ရတော့မည်ဖြစ်သောကြောင့် မျိုးနွယ်ခေါင်းဆောင်ဖြစ်လာရန် သေချာနေခဲ့သည်။ သူတို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသောအရာများက ရေပွက်ပမာ ပျောက်ကွယ်သွားပြီး လက်မခံလိုသောကြောင့် လင်ယုကို မကောင်းကြံရန် တွေးနေကြသည်။
အချိန်ခဏအကြာတွင် မင်းသမီးသည်လည်း လင်ယုနှင့်လက်ထပ်ရန် သဘောတူကြောင်း သတင်းက သူမ၏နန်းဆောင်မှ ထွက်ပေါ်လာခဲ့ပြီး ခန်းမတစ်ခုလုံး အောင်ပွဲခံလိုက်ကြသည်။
"ဟား ဟား လင်ယု ငါတို့က မိသားစုဖြစ်သွားကြပြီ။ တစ်ခွက်လောက် ထပ်ပြီးဂုဏ်ပြုမယ်ကွာ"
ကျိကျောက်ရှက ရယ်မော၍ လင်ယုထံ သေရည်ခွက်ကမ်းပေးလိုက်သည်။ မင်းသမီး၏ကြင်ယာတော်ဖြစ်လာမည့် လင်ယုထံ အထက်တန်းစားများစွာက လာရောက်ဂုဏ်ပြုပေးခဲ့ကြလေသည်။