အရေးကြီးဧည့်သည်တော်များ
Vol. 42 Ch. 590
လက်ရှိအချိန်တွင် လင်မျိုးနွယ်၏ခန်းမအတွင်း၌ လင်ရှောင်းကျယ်နှင့် လင်ရှောင်ဖန်းရှိနေပြီး လင်ရှောင်ဖန်းက လက်ရှိမျိုးနွယ်ခေါင်းဆောင်ဖြစ်သော်လည်း နိမ့်ကျသောနေရာတွင် ထိုင်နေ၍ လင်ရှောင်းကျယ်ကို အလွန်ရိုသေနေရသည်။
"ရှောင်ဖန်း ငါ မင်းကို အတိတ်က ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာကို မှတ်မိလား"
"ခေါင်းဆောင်က ကျုပ်ကို ကောင်းကောင်းဆက်ဆံပေးပါတယ်။ ကျုပ်က အမြဲတမ်း ကျေးဇူးတင်နေခဲ့တာပါ"
လင်ရှောင်ဖန်း၏စိတ်ထဲတွင် လင်ရှောင်းကျယ်ကို အဆက်မပြတ်ဆဲဆို ကျိန်ဆဲနေခဲ့သည်။ သူက အတိတ်တွင် လင်ရှောင်းကျယ်၏ လူယုံမဟုတ်သောကြောင့် အရေးမပါသည့်နေရာများတွင်သာ ရှိခဲ့ရပြီး လင်ယုနှင့် တစ်ဘဝတည်းဖြစ်သည်။ သူက ယာယီခေါင်းဆောင်ဖြစ်လာသော်လည်း မျိုးနွယ်၏အစစ်အမှန်အာဏာက လင်ရှောင်းကျယ်၏လက်အတွင်း ရှိသောကြောင့် မလေးမစားလုပ်၍ မရပေ။ အကယ်၍ မျိုးနွယ်ခေါင်းဆောင်နေရာကို လင်ရှောင်းကျယ် သို့မဟုတ် လင်ချန်းသာ ပြန်ရသွားမည်ဆိုလျှင် သူက အနာဂတ်၌ ကောင်းကောင်းနေထိုင်နိုင်မည် မဟုတ်တော့ပေ။
"အရမ်းကောင်းတယ်။ မင်းသာ ငါ့ကိုလေးစားရင် ကောင်းကောင်းဆက်ဆံပေးမယ်။ လင်ယွမ်က မျိုးနွယ်ရဲ့ကိစ္စတွေထဲ ဝင်မပါတာ နှစ်ပေါင်းများစွာကြာနေပြီဆိုတော့ ဘယ်လိုတွေပြောင်းလဲနေတယ်ဆိုတာကို မသိနိုင်ဘူး။ လင်ယွမ်မှာ ဆုံးဖြတ်ပိုင်ခွင့် မရှိတော့ဘူး"
လင်ရှောင်းကျယ်၏ မျက်ဝန်းများထဲတွင် နှင်းဧကရာဇ်အပေါ် မခိုးမခန့်အတွေးများ ထင်ဟပ်နေသည်။ သူ့ကို ခြိမ်းခြောက်နေကြောင်း လင်ရှောင်ဖန်းက ရိပ်မိလိုက်ပြီး အတိတ်တွင် လင်ယု၏မိဘများကို ထိုလူယုတ်မာက မည်သို့ကောက်ကျစ်စွာ လုပ်ကြံခဲ့ကြောင်း သိထားသည်။ လင်ယွမ်က လင်မျိုးနွယ်တွင် လုပ်ပိုင်ခွင့်အာဏာများစွာရှိပြီး လင်ရှောင်းကျယ်ကို မျိုးနွယ်ခေါင်းဆောင်နေရာက ထုတ်ပယ်လိုက်သော်လည်း လက်ရှိအခြေအနေကို ခဏအတွင်းပြောင်းလဲရန် မလွယ်ပေ။ စည်းကမ်းထိန်းခန်းမဖြစ်စေ၊ လင်မျိုးနွယ်၏ စီးပွားရေးလုပ်ငန်းများဖြစ်စေ အရာအားလုံးကို လင်ရှောင်းကျယ်၏လူယုံများက ထိန်းချုပ်ထားသည်။ လင်ယုသည် လင်ယွမ်၏အထောက်အပံ့ကို ရထားသော်လည်း မျိုးနွယ်အတွင်း၌ လင်ယွမ် ရှိမနေလျှင် သို့မဟုတ် လင်မျိုးနွယ်၏ဖွဲ့စည်းပုံနှင့် အကြီးအကဲများကို ပြောင်းလဲမပစ်လျှင် သူက မျိုးနွယ်ခေါင်းဆောင်နေရာကို လင်ရှောင်းကျယ်ထံမှ လုယူရန် မလွယ်ချေ။
"တော်ဝင်တမန်တော် ရောက်ရှိလာပါတယ်"
ထိုအချိန်တွင် အပြင်ဘက်မှ အစောင့်တစ်ယောက်၏အော်သံ ထွက်ပေါ်လာခဲ့သည်။ တော်ဝင်ညစာစားပွဲကျင်းပနေသော နန်းတော်မှ တမန်တော်ရောက်လာသောကြောင့် လင်ရှောင်းကျယ်ရော လင်ရှောင်ဖန်းပါ မင်သက်နေပြီး အကြောင်းအရင်းကို မခန့်မှန်းနိုင်ခဲ့ကြပေ။ သူတို့က သတိဝင်လာပြီးနောက် ဧည့်ခန်းဆောင်အတွင်း ရောက်လာသောအခါ ဦးညွှတ်နေသော လင်မျိုးနွယ်ဝင်များရှေ့တွင် တော်ဝင်တမန်တော်ကို တွေ့လိုက်ရသည်။
"လင်မျိုးနွယ်က အမိန့်စာကို လက်ခံပါတယ်"
လက်ရှိခေါင်းဆောင်ဖြစ်သော လင်ရှောင်ဖန်းက ရှေ့ထွက်ရပ်လိုက်ပြီး ရိုသေစွာပြောလိုက်သောအခါ ခန်းမအတွင်းရှိ လူတိုင်းက ဒူးထောက်လိုက်ကြသည်။
"အရှင်မင်းမြတ် မိန့်တော်မူလိုက်သည်မှာ လင်မျိုးနွယ်၏ တတိယသခင်လေးဖြစ်သော လင်ယု၏အရည်အချင်းကို နှစ်သက်တဲ့အတွက် မင်းသမီးကျိဇီရွှမ်းနှင့် လက်ထပ်ပေးလိုပါတယ်။ လင်ယုကို လင်ရှောင်းမြို့သခင်ဘွဲ့ပေးအပ်ပြီး မိုင်တစ်ရာအကျယ်အဝန်းရှိ နယ်မြေကို အပိုင်စားရစေ"
တော်ဝင်တမန်တော်က ရွှေသံချပ်ကာဝတ် စစ်သည်တော်တစ်ယောက်ဖြစ်ပြီး လင်ရှောင်းကျယ်ကို တစ်ချက်စိုက်ကြည့်ကာ ရွှေရောင်အမိန့်စာကိုဖြန့်၍ ကျယ်လောင်စွာ ဖတ်ပြလိုက်သည်။ သူ၏စကားအဆုံးတွင် လင်မျိုးနွယ်ဝင်များက မင်သက်သွားပြီး အချိန်အတန်ကြာသည်အထိ မတုံ့ပြန်နိုင်ခဲ့ကြပေ။ အဓိကမျိုးနွယ်ကြီးများမှ သခင်လေးများက မင်းသမီးကို ဆက်တိုက်တောင်းရမ်းဖူးသော်လည်း ကျိဟောင်တန်းက လက်မခံခဲ့ပေ။ သူက လင်ယုကို သမက်တော်အဖြစ် ရွေးချယ်လိုက်သော အကြောင်းအရင်းကို သူတို့က စဥ်းစားမရခဲ့ပေ။ အကယ်၍ နှင်းဧကရာဇ်တစ်ယောက်တည်း၏ အကူအညီဖြင့်ဆိုလျှင် လင်ယုသည် လင်မျိုးနွယ်ခေါင်းဆောင်ဖြစ်လာရန် အခွင့်အရေးများစွာ မရှိပေ။ သို့သော် ကျိဟောင်တန်းဝင်ပါမည်ဆိုလျှင် ရလဒ်က ကွာခြားသွားမည်ဖြစ်ကာ သူ၏သမက်ကို အစွမ်းကုန် ထောက်ပံ့ပေးပေလိမ့်မည်။
ရက်စက်ကောက်ကျစ်သောနေရာတွင် မျိုးနွယ်တစ်ခု၏ခေါင်းဆောင်ဖြစ်သော လင်ရှောင်းကျယ်က တိုင်းပြည်၏ဘုရင်ကို ယှဥ်နိုင်စရာ အကြောင်းမရှိပေ။ တော်ဝင်မြို့တော်ရှိ မျိုးနွယ်ကြီးခြောက်ခုမှာ ကျိဟောင်တန်း၏ အာဏာအောက်တွင် နေထိုင်ရသောကြောင့် သူက လင်ရှောင်းကျယ်ကို အချိန်မရွေး သုတ်သင်ပစ်နိုင်သည်။ တော်ဝင်မျိုးနွယ်၏ အကူအညီဖြင့်သာဆိုလျှင် လင်ရှောင်းကျယ် မည်မျှအောက်တန်းကျပါစေ၊ လင်ယု၏ မျိုးနွယ်ခေါင်းဆောင်ရာထူးက ခိုင်မာနေပေလိမ့်မည်။ အကယ်၍ သူက လင်ယုကိုလုပ်ကြံရန် ကျရှုံးခဲ့ပါက ကျိဟောင်တန်းကိုယ်တိုင် သေချာပေါက် လာသတ်ပေလိမ့်မည်။ တိုင်းပြည်တစ်ခု၏ထီးနန်းကို ရယူနိုင်ခဲ့သော ကျိဟောင်တန်းမှာလည်း ဉာဏ်များသော မြေခွေးအိုကြီးတစ်ကောင်ဖြစ်သည်။
အမိန့်တော်ကို ကြားလိုက်သောအခါ လင်ရှောင်းကျယ်၏မျက်နှာက မည်းနက်သွားသည်။ လင်ယွမ်က သူ့ကို မျိုးနွယ်ခေါင်းဆောင်နေရာမှ ဖယ်ရှားခဲ့သော်လည်း လက်ရှိအချိန်လောက် ကူကယ်ရာမဲ့သည်ဟု မခံစားခဲ့ရပေ။ အကယ်၍ သူသာ လင်ချန်းကို မျိုးနွယ်ခေါင်းဆောင်ရာထူးအတွက် လင်ယုကို တိုက်ခိုက်စေလိုလျှင် နှင်းဧကရာဇ်ကိုသာမက ကျိဟောင်တန်းကိုပါ ရင်ဆိုင်ရပေလိမ့်မည်။
"လင်ယုက မင်းသမီးကို တကယ်လက်ထပ်နိုင်ခဲ့တာလား။ ငါတို့အိပ်မက်မက်နေတာ မဟုတ်ဘူးလား။ တော်ဝင်မျိုးနွယ်ရဲ့လက်ထပ်ပွဲက နိုင်ငံရေးနဲ့ ပတ်သက်နေတာ ဖြစ်ရမယ်။ ကျိဟောင်တန်းက ဘာကြောင့် လင်ယုကို ရွေးချယ်လိုက်တာလဲ"
တော်ဝင်တမန်တော် ထွက်ခွာသွားသောအခါ ခန်းမအတွင်းရှိ လင်မျိုးနွယ်ဝင်များက ငေးငိုင်၍ ကျန်ရစ်ခဲ့သည်။ လင်ရှောင်ဖန်းသည်လည်း အလွန်အံ့သြနေပြီး လင်ယုကို အထင်သေးခဲ့မိကြောင်း သဘောပေါက်လိုက်သည်။ လင်ယုကို စည်းကမ်းထိန်းအကြီးအကဲများက ဖမ်းချုပ်၍ ခေါ်ဆောင်လာခဲ့သော်လည်း နှင်းဧကရာဇ်ကိုယ်တိုင် လာကယ်သွားရုံသာမက လင်ရှောင်းကျယ်လည်း ရာထူးမှ ထုတ်ပယ်ခံလိုက်ရ၏။ လက်ရှိတွင် သူက တော်ဝင်သမက်တော် ရုတ်တရက်ဖြစ်လာခဲ့ပြီး သာမန်လူများစွမ်းဆောင်နိုင်သည့် အရည်အချင်းမျိုး မဟုတ်ပေ။ အတိတ်တွင် အပေါ်ယံ၌ မြင်ခဲ့ရသော လင်ယု၏တုံးအမှုက ဟန်ဆောင်ထားခြင်းဖြစ်ကာ လက်ရှိတွင် အစွယ်ထုတ်ပြလာသောအခါ သူ့ကို မင်သက်သွားစေခဲ့သည်။
"ဟား ဟား ဟား ဟား"
လင်ရှောင်ဖန်းမှာ စိတ်မထိန်းနိုင်တော့ဘဲ ခန်းမအတွင်း အော်ကြီးဟစ်ကျယ် ရယ်မောလိုက်သည်။ တိတ်ဆိတ်နေသော ခန်းမအတွင်း၌ သူ၏ရယ်သံတစ်ခုသာ ပြည့်နှက်နေခဲ့သည်။
"လင်ရှောင်ဖန်း မင်း ရူးသွားပြီလား"
လင်ရှောင်းကျယ်မှာ သူ၏အာဏာ ပျောက်ကွယ်သွားကြောင်း ခံစားလိုက်ရသဖြင့် ဒေါသတကြီးဖြစ်နေခဲ့သည်။
"ငါက ဘာကိစ္စရူးရမှာလဲ။ ဒီနေရာမှာ အကြီးအကဲတွေ၊ မျိုးနွယ်ခွဲခေါင်းဆောင်တွေနဲ့ စည်းကမ်းထိန်းအကြီးအကဲတွေ အကုန်ရှိနေတယ်။ ငါ လင်ရှောင်ဖန်းက မျိုးနွယ်ခေါင်းဆောင်အနေနဲ့ ပြောစရာရှိတယ်။ မင်းသမီးနဲ့ လင်ယုရဲ့မင်္ဂလာပွဲက လင်မျိုးနွယ်အတွက် ဂုဏ်ယူစရာပါပဲ။ လင်ယုက အနာဂတ်မှာ မျိုးနွယ်ခေါင်းဆောင်ဖြစ်လာဖို့အတွက် အကောင်းဆုံးဆက်ခံသူဖြစ်တယ်ဆိုတာကို ဘယ်သူ ကန့်ကွက်ချင်သေးလဲ"
လင်ရှောင်ဖန်းက ရယ်မောနေခြင်းကို ရပ်တန့်၍ လေသံမာမာနှင့် ပြောလိုက်သည်။
"ငါက ခေါင်းဆောင်အသစ်ကို ထောက်ခံမယ်။ ကျန်တဲ့လူတွေလည်း ဘာကကောင်းမယ်ဆိုတာကို သိကြလိမ့်မယ်။ လင်ယုကို ထောက်ခံချင်တဲ့သူတွေ ရှေ့ထွက်လာကြပါ"
ခန်းမအတွင်း တိတ်ဆိတ်နေပြီး လူတိုင်းက အလေးအနက်စဥ်းစားနေစဥ် လင်ရှောင်ဖန်းက ဆက်ပြောလိုက်ခြင်းဖြစ်သည်။ ခဏအကြာတွင် မျိုးနွယ်ခွဲခေါင်းဆောင်များမှစတင်၍ လင်ရှောင်ဖန်းဘက်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။ သူတို့က လင်ရှောင်းကျယ်နှင့် အနေဝေးသည့်အပြင် ကိုယ်ပိုင်အာဏာအချို့ ဆုပ်ကိုင်ထားသည်။ ထို့နောက် အကြီးအကဲများနှင့် လင်ရှောင်းကျယ်၏လူယုံများမှာလည်း လင်ရှောင်ဖန်းဘေးသို့ ရောက်ရှိလာကြသည်။ မူလတွင် လင်ရှောင်းကျယ်သည် မျိုးနွယ်ခေါင်းဆောင်နေရာမှ ထုတ်ပယ်ခံလိုက်ရသော်လည်း အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ခဲ့သည်။ သို့သော် လင်ယု၏လက်ထပ်ပွဲသတင်းက အရာအားလုံးကို ပြောင်းလဲစေခဲ့သည်။ လင်ကုန်းနှင့် အကြီးအကဲအနည်းငယ်မှလွဲ၍ လင်မျိုးနွယ်၏ အကြီးအကဲများအားလုံးသည် လင်ရှောင်ဖန်းနှင့်အတူ ရပ်တည်ခဲ့သည်။ လင်ယုခေါင်းဆောင်ဖြစ်လာမည်ကို မည်သူမှတားမြစ်နိုင်မည် မဟုတ်တော့ပေ။
"မင်း မင်း မင်းတို့ မျက်နှာနှစ်ဖက်နဲ့ကောင်တွေ"
လင်ရှောင်းကျယ်မှာ ဒေါသထွက်လွန်းသဖြင့် လူပုံအလယ်တွင် အော်ဟစ်ဆဲဆိုနေသည်။ လင်မျိုးနွယ်အတွင်း တည်ဆောက်ခဲ့သော အာဏာက ခဏအတွင်း ပြိုကျပျက်စီးသွားမည်ဟု သူက မျှော်လင့်မထားပေ။ အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီး သူသတိပြုမိချိန်တွင် နောက်ကျသွားလေသည်။ လင်ကုန်းသည်လည်း အလွန်စိတ်ဓာတ်ကျနေပြီး လင်ရှောင်းကျယ်၏အာဏာ ပျက်စီးသွားမည့်အဖြစ်ကို မျှော်လင့်မထားခဲ့ပေ။ သူက လင်ယုကို အမြဲတမ်းမကောင်းကြံခဲ့သောကြောင့် ယခုအချိန်၌ ဘက်ပြောင်းလျှင်လည်း အသုံးမဝင်တော့ပေ။ အကျဥ်းသားတစ်ယောက်ဖြစ်ခဲ့ဖူးသော လင်ယုသည် လက်ရှိ၌ တော်ဝင်သမက်တော်ဖြစ်လာကာ လင်မျိုးနွယ်၏ အနာဂတ်ခေါင်းဆောင်ဖြစ်လာရန် သေချာသူအဖြစ် ပြောင်းလဲသွားခဲ့သည်။
"စောက်လခွမ်းပဲ"
လင်ကုန်းမှာ သူ၏ကံဆိုးမှုကို ကျိန်ဆဲနေရုံသာ တတ်နိုင်သည်။ အကယ်၍ သူက လင်ယုကိုမစော်ကားခဲ့ဖူးလျှင် လက်ရှိ၌ လင်ရှောင်ဖန်းနှင့်အတူ ဘက်ပြောင်း၍ရနိုင်သည်။ သို့သော်လည်း အချိန်နှောင်းသွားခဲ့ပြီး နှင်းဧကရာဇ်၏အကူအညီ၊ တော်ဝင်သမက်တော်ဟူသော ဂုဏ်ထူးများကြောင့် လင်ယုမှာ လင်မျိုးနွယ်တွင် အစွမ်းအထက်ဆုံး ဖြစ်လာခဲ့သည်။
"ငါ ဘယ်တော့မှမရှုံးဘူးကွ"
လင်ရှောင်းကျယ်သည် လင်ယုကို ဤမျှစွမ်းဆောင်နိုင်မည်ဟု မျှော်လင့်မထားသောကြောင့် ကြိုတင်ပြင်ဆင်မထားခဲ့ပေ။ သူက အံကြိတ်ပြီး မျက်လုံးများတွင် အေးစက်တင်းမာနေကာ အရှုံးမပေးရန် ဆုံးဖြတ်လိုက်သည်။ အချိန်တိုအတွင်း လင်ယုက လင်မျိုးနွယ်၏ခေါင်းဆောင် ဖြစ်မလာနိုင်သောကြောင့် သူ့အတွက် အခွင့်အရေးတစ်ခု ရှိနေသည်။
ညစာစားပွဲ ဆက်လက်ကျင်းပနေသော တော်ဝင်နန်းတော်၏ခန်းမအတွင်းသို့ အရေးကြီးဧည့်သည်သုံးယောက် ရောက်မလာသေးပေ။ စစ်ဧကရာဇ်များပင် စောင့်ဆိုင်းနေရသောကြောင့် ထိုလူများက အလွန်အရေးကြီးကြောင်း သိသာနေသည်။ နှစ်ယောက်က တာအိုအိမ်တော်မှဖြစ်သော်လည်း မည်သူများဖြစ်ကြောင်း ယဲ့ချန်က မသိပေ။ ထိုအချိန်တွင် သူ၏စိတ်အတွင်းရှိ ဓားပျံက တရစပ်တုန်ခါလာနေသောကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ စစ်ဧကရာဇ်များပင် ၎င်းကို မမြင်နိုင်သောကြောင့် မူမမှန်မှုကို သူတစ်ယောက်တည်းသာ တွေ့မြင့်နေရသည်။
"ဖယ်သာဧကရာဇ် ကြိုးဧကရာဇ်နဲ့ သခင်မရောင်ယွမ် ရောက်ရှိလာပြီ"
ထိုအခိုက်တွင် အစောင့်တစ်ယောက် ပြေးဝင်လာပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။
"သူတို့ကို မြန်မြန်ဖိတ်ခေါ်လိုက်ပါ"
ကျိဟောင်တန်းက ချက်ချင်းမတ်တပ်ရပ်၍ စစ်ဧကရာဇ်များကိုနှုတ်ဆက်ကာ ဧည့်သည်များကို ကြိုဆိုရန် ထွက်ခွာသွားခဲ့သည်။ စကားစမြည်ပြောနေကြသော စစ်ဧကရာဇ်များလည်း မတ်တပ်ထရပ်လိုက်သောအခါ ယဲ့ချန်လည်း မတ်တပ်ရပ်လိုက်ရသည်။
"နှင်းဧကရာဇ် သူတို့က ဘယ်သူတွေလဲ"
သူက လင်ယွမ်ထံ စပ်စုလိုက်ခြင်းဖြစ်သည်။
"အခုကစလို့ မင်းစကားပြောရင် သတိထားပါ။ စစ်ဧကရာဇ်နှစ်ယောက်က တာအိုအိမ်တော်သခင် နတ်ဧကရာဇ်ရဲ့ တပည့်အရင်းနှစ်ယောက်ဖြစ်ပြီး ပေါင်းစပ်နှုန်းခုနစ်ဆယ်ကျော်တဲ့ ပါရမီရှင်တွေဖြစ်တယ်။ သူတို့က အသက်နှစ်ဆယ်သာရှိပေမယ့် အဆင့်တစ် စစ်ဧကရာဇ်တွေလည်း ဖြစ်တယ်။ သခင်မရောင်ယွမ်ကလည်း အလွန်အမင်း မြင့်မြတ်တယ်။ သူမရဲ့သရုပ်မှန်နဲ့ ကျင့်ကြံဆင့်ကို ဘယ်သူမှမသိကြဘူး။ နတ်အစေခံတစ်ယောက်ရဲ့သမီး ဖြစ်တယ်လို့တော့ ကောလဟာလတွေ ထွက်နေတာပဲ"
လင်ယွမ်က ယဲ့ချန်ကို လေသံတိုးတိုးနှင့် ရှင်းပြလိုက်သည်။ စစ်ဧကရာဇ်များက ဤလူငယ်နှစ်ယောက်ထက် ပို၍အစွမ်းထက်သော်လည်း လေးစားမှုပြသနေခြင်းက အဆန်းမဟုတ်တော့ပေ။ ယဲ့ချန်၏စိတ်အတွင်းရှိ ဓားပျံက ဆက်တိုက်တုန်ခါနေပြီး ပိုမိုသန့်စင်သော ကောင်းကင်ချီများကို ထုတ်လုပ်ပေးနေသည်။ ၎င်းတို့က ဒန်တန်အတွင်း စိမ့်ဝင်လာသောအခါ ကြယ်ကိုးလုံး၌ ပြောင်းလဲမှုများဖြစ်ပေါ်လာပြီး ချီအမျိုးအစားပေါင်းစုံ ထွက်ပေါ်လာကြသည်။ ကြယ်ကိုးလုံး၏ဝိညာဥ်များက အသက်ဝင်လာဟန်ရှိပြီး ၎င်းတို့၏ပျော်ရွှင်မှုကို သူက ခံစားနေရလေသည်။