← Chapters

ကြယ်ဝိညာဥ်အသစ် မွေးဖွားလာခြင်း

Vol. 42 Ch. 591

ကြယ်ဝိညာဥ်အသစ် မွေးဖွားလာခြင်း

Vol. 42 Ch. 591

ကြယ်ကိုးလုံး လည်ပတ်နေသောအခါ ဒန်တန်အတွင်းရှိ နယ်မြေက ပို၍ကျယ်ပြန့်လာပြီး သေးငယ်သောပုံရိပ်လေးက အလင်းရောင်များတောက်ပလာကာ ရွှေရောင်ကြယ်တစ်လုံးပမာ ထင်မှတ်ရသည်။ ကြယ်ကိုးလုံးက ၎င်းကိုဗဟိုပြု၍ လည်ပတ်နေပြီး တစ်ပတ်ပြည့်တိုင်း အဆုံးမဲ့စွမ်းအား ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် ယဲ့ချန်သည် ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်၏ အဆင့်နှစ်ကို အောင်မြင်သွားပြီး အဆင့်သုံးက စိတ်အတွင်း ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသည်။ သူ၏စိတ်က ဉာဏ်အလင်းပွင့်သော အခြေအနေသို့ ရောက်ရှိသွားကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ပြတ်သားစွာ မြင်တွေ့နေရသည်။ ထိုအချိန်၌ ခန်းမ၏ဝင်ပေါက်မှတဆင့် လူငယ်နှစ်ယောက်နှင့် မိန်းမပျိုတစ်ယောက် ရောက်ရှိလာခဲ့သည်။ ခဏအတွင်း မွှေးပျံ့သောရနံ့တစ်ခုက ခန်းမအတွင်း၌ ပြည့်နှက်လာပြီး လူတိုင်းမှာ နတ်ဘုံနတ်နန်းကို ရောက်သွားသကဲ့သို့ ထင်မှတ်ရသည်။

ဤရနံ့သည် အသက်နှစ်ဆယ်ကျော်အရွယ်ဟု ထင်မှတ်ရသော မိန်းမပျိုထံမှဖြစ်ကာ သူမက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ အနက်ရောင်ဆံပင်ရှည်များကို ဖြန့်ချထားသော သူမက လှပလွန်းသောကြောင့် နတ်ပြည်မှဆင်းသက်လာသော နတ်သမီးတစ်ပါးပမာ ထင်မှတ်ရသည်။ သူမက မြင့်မြတ်သောအရှိန်အဝါကို ထုတ်ဖော်ထားသဖြင့် ယောကျ်ားများ၏ မကောင်းသောအကြံများ ဖြစ်ပေါ်မလာခဲ့ပေ။ တည်ငြိမ်၍ကျက်သရေရှိသော မျက်နှာလေးထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်နေသောကြောင့် ပန်းတစ်ပွင့်နှင့်ပင် တူညီနေသည်။ သူမ၏နောက်တွင် လူငယ်နှစ်ယောက်လိုက်ပါလာကာ နှစ်ယောက်လုံးသည် အရပ်ရှည်ရှည်ဖြစ်၍ ဓားသဏ္ဍာန်မျက်ခုံးများနှင့် ကြယ်ရောင်တောက်ပနေသော မျက်ဝန်းများကို ပိုင်ဆိုင်ထားကြသည်။ သူတို့၏အသွင်အပြင်ကြောင့် ခန်းမအတွင်းရှိ မိန်းကလေးတိုင်း၏အာရုံကို ဖမ်းစားနိုင်ခဲ့သည့်အပြင် နှစ်ယောက်လုံးက စစ်ဧကရာဇ်များဖြစ်သောကြောင့် လူအများစုက မနာလိုဖြစ်သွားကြ၍ ကောင်းကင်၏မမျှတမှုကို မကျေမနပ်ဖြစ်နေကြသည်။ ထိုနှစ်ယောက်က ရုပ်ရည်ချောမောရုံသာမက ထူးချွန်သောပါရမီကို ပိုင်ဆိုင်ထားကြသည်။ ခန်းမအတွင်း၌ သူတို့ကို အထင်မကြီးသူမှာ ယဲ့ချန်တစ်ယောက်တည်းသာ ဖြစ်သည်။ အကြောင်းမှာ ဤစစ်ဧကရာဇ်နှစ်ယောက်၏ အသွင်အပြင်က နန်ကုန်းဇီကိုပင် မမီသောကြောင့်ဖြစ်သည်။

"ဖယ်သာဧကရာဇ် ကြိုးဧကရာဇ်ယု သခင်မရောင်ယွမ် ကြွပါ ကြွပါ"

ကျိဟောင်တန်းသည် ဖော်ရွေစွာပြုံး၍ ထိုသုံးယောက်ကို လေးလေးစားစား ကြိုဆိုလိုက်သည်။

"ငါက သခင်မလေးကို မတွေ့ရတာ လအနည်းငယ်ပဲ ကြာသေးတယ်။ မင်းက ပိုပိုပြီးလှလာတာပဲ"

ဧကရာဇ်ချန်းက တစ်ချက်ပြုံး၍ ချီးကျူးလိုက်ခြင်းဖြစ်သည်။

"ဧကရာဇ်ချန်းက မြှောက်ပင့်လွန်းနေပါပြီ"

ရောင်ယွမ်က အနီရောင်နှုတ်ခမ်းလေးများကိုဟ၍ ရယ်မောလိုက်သောအခါ သာယာသော ဂီတသံလေးတစ်ခု ထွက်ပေါ်လာသည်။ သူမက ဧကရာဇ်ချန်းကို ခင်ခင်မင်မင် ပြောဆိုနေသောကြောင့် အချင်းချင်းရင်းနှီးပုံပေါ်သည်။

"မင်းတို့သုံးယောက်က အဝေးကြီးကနေ လာခဲ့ရတာဆိုတော့ ငါက ကြိုဆိုတဲ့အနေနဲ့ တစ်ခွက်လောက် ဂုဏ်ပြုပါရစေ"

သစ်သားဧကရာဇ်က သူ၏သေရည်ခွက်ကို မြှောက်ကာ ပြောလိုက်သည်။

"အားနာလွန်းနေပါပြီ သစ်သားဧကရာဇ်"

လူငယ်သုံးယောက်ကလည်း သေရည်ခွက်ကိုယ်စီမြှောက်၍ သစ်သားဧကရာဇ်၏စေတနာကို လက်ခံကြောင်းပြသည့်အနေဖြင့် သောက်လိုက်ကြသည်။ ဖယ်သာဧကရာဇ်နှင့် ဧကရာဇ်ယုသည် အခြားစစ်ဧကရာဇ်များနှင့် စကားပြောနေသော်လည်း ရောင်ယွမ်ကို မကြာခဏခိုးကြည့်နေသဖြင့် ပေါ်တင်ထုတ်မပြောသော်လည်း လူတိုင်းက သူတို့၏စိတ်ကို မျက်လုံးများမှတဆင့် ခန့်မှန်းနိုင်နေကြသည်။ သူတို့က လူအများကြားတွင် နဂါးများဖြစ်ပြီး ကောင်းကင်၏သားတော် ပါရမီရှင်များဖြစ်သောကြောင့် ပုံမှန်လေသံဖြင့် စကားပြောနေသော်လည်း ခန္ဓာကိုယ်များမှ မောက်မာသော အရှိန်အဝါမျိုး အလိုလိုထွက်ပေါ်နေသည်။ ရောင်ယွမ်သည် ညှင်သာနွေဦးလေကလေးနှင့် ဆင်တူပြီး သူမနှင့်စကားပြောသူတိုင်းမှာ ယဥ်ကျေးသိမ်မွေ့ကြောင်း ခံစားလိုက်ရသည်။ သူမက စကားပြောနေရင်း ယဲ့ချန်ထံ ရံဖန်ရံခါ အကြည့်များ ရောက်ရှိလာတတ်သည်။

ယဲ့ချန်နှင့် ရောင်ယွမ် အကြည့်ချင်းဆုံလိုက်တိုင်း ဓားပျံက တုန်ခါနေသည်။ သူက ရောင်ယွမ်၏နောက်ခံကို မသိသကဲ့သို့ ကျင့်ကြံဆင့်ကိုလည်း မခန့်မှန်းနိုင်ပေ။ ထို့ကြောင့် သူမက အလွန်ဆန်းကျယ်၍ ခန့်မှန်းမရသော လူစားမျိုးဖြစ်နေခဲ့သည်။

စစ်ဧကရာဇ်နှစ်ယောက်သည် ရောင်ယွမ်က ယဲ့ချန်ကိုကြည့်နေကြောင်း သတိထားမိသွားသောအခါ မျက်မှောင်ကြုတ်လိုက်ကြသည်။ သူမက ယဥ်ကျေးပျူငှာသော်လည်း အခြားလူများနှင့် ဆက်ဆံရာတွင် ခပ်ခွာခွာနေလေ့ရှိသည်။ လက်ရှိတွင် သူမဘက်မှ တစ်စုံတစ်ယောက်ကို ပထမဆုံးအကြိမ်စတင်၍ စိတ်ဝင်စားနေပုံရသောအခါ နှစ်ယောက်လုံး အံ့သြနေကြသည်။ သူတို့သည် ယဲ့ချန်၏ကိုယ်ပေါ်မှ တာအိုလက်နက်များ၏အရှိန်အဝါကို ခံစားမိသော်လည်း တစ်ဖက်လူက ချီပင်လယ်အဆင့် ကျင့်ကြံသူသာဖြစ်သည်။ ဤသို့သော အားနည်းသူတစ်ယောက်က စစ်ဧကရာဇ်များကြားတွင်ရှိနေသောကြောင့် သူတို့က စိတ်ပျက်သွားကြသည်။ သူတို့၏ဆရာဖြစ်သော နတ်ဧကရာဇ်သည် စွမ်းအားနှင့် ကြွယ်ဝမှုတွင် နတ်အစေခံများအောက်သာ နိမ့်ကျသည်။ ထို့အပြင် နှစ်ယောက်လုံးက ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းခုနစ်ဆယ်ကျော်သော ပါရမီရှင်များဖြစ်သည့်အတွက် လူအနည်းငယ်ကိုသာ မျက်စိထဲ ထည့်တတ်ကြသည်။ သူတို့၏အမြင်တွင် ချီပင်လယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို အလေးထားနေစရာမလိုပေ။

"ဒီသခင်လေးက ဘယ်သူဆိုတာကို သိပါရစေ၊ ကျစ်ဟွာနတ်တိုင်းပြည်ရဲ့ အထက်တန်းစားမျိုးနွယ်တွေက ပါရမီရှင်တစ်ယောက်များလား"

ဧကရာဇ်ယုက အလွန်တည်ငြိမ်နေပုံရသော်လည်း ယဲ့ချန်အကြောင်း မစုံစမ်းဘဲ မနေနိုင်ခဲ့ပေ။

"ကျုပ်က ဖြတ်သွားဖြတ်လာတစ်ယောက်ပါ။ ဂရုစိုက်နေစရာ မလိုပါဘူး"

ယဲ့ချန်သည် တစ်ဖက်လူ၏ ရန်လိုသောအမူအရာကို ရိပ်စားမိသော်လည်း ထိုပါရမီရှင်များကို ဖားယားနေရန် စိတ်မဝင်စားသောကြောင့် ပုံမှန်လေသံဖြင့် ဖြေလိုက်သည်။ ဧကရာဇ်ယု၏လေသံမှတဆင့် တစ်ခုခုမှားယွင်းနေကြောင်း အခြားလူများက သတိထားမိလိုက်သောကြောင့် ပတ်ဝန်းကျင်သည် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။

"သူက ငါ့တပည့်တွေရဲ့ အစ်ကိုကြီးဖြစ်လို့ ငါကိုယ်တိုင် နေရာပေးထားတာ ဖြစ်တယ်"

လင်ယွမ်က ယဲ့ချန်ဘက်မှ တည်ငြိမ်စွာ ဖြေလိုက်သည်။

"ဒီကိစ္စကြောင့်ဆိုတာ ဟုတ်ရဲ့လား။ ချီပင်လယ်အဆင့်တစ်ယောက်က ဘာကြောင့် စစ်ဧကရာဇ်တွေကြားထဲ ရောက်နေတာလဲ"

ဧကရာဇ်ယုက မျက်မှောင်ကြုတ်၍ တွေးနေခဲ့သည်။ နှင်းဧကရာဇ်သည် ယဲ့ချန်ဘက်တွင် သေချာပေါက်ရပ်တည်နေကြောင်း ထင်ရှားသည်။ စစ်ဧကရာဇ်များက ယဲ့ချန်ကို အလေးပေးနေရသော အကြောင်းအရင်းကို စဥ်းစားမရခဲ့ပေ။ သူ၏စိတ်ထဲတွင် သံသယများ ပြည့်နှက်နေသော်လည်း ဧကရာဇ်ယုက ဆက်မမေးတော့ဘဲ တိတ်ဆိတ်နေခဲ့သည်။

"မင်းတို့ရောက်လာရတာက အကြောင်းအရင်းတစ်ခုခု ရှိနေလို့လား"

ဘေးတွင်ရှိနေသော ဧကရာဇ်ချန်းသည် ယဲ့ချန်ကို ပြဿနာမတက်စေလိုသောကြောင့် စကားလမ်းကြောင်း ပြောင်းပေးလိုက်သည်။

"ဆရာခိုင်းလိုက်တဲ့ ကိစ္စတစ်ခုကြောင့် ရောက်လာတာပါ။ ကျစ်ဟွာတော်ဝင်မြို့က မီးဝိညာဥ်ကြယ်ရဲ့ ကောင်းကင်ဘုံငယ်နဲ့ ဆက်စပ်နေတယ်လို့ ကြားထားတယ်"

ဧကရာဇ်ယုက ယဲ့ချန်ကို လျစ်လျူရှု၍ လာရင်းအကြောင်းကို ပြောလိုက်သည်။

"ဒီလိုနေရာမျိုး ရှိပါတယ်"

ကျိဟောင်တန်းက အလျင်အမြန် ဖြေကြားလိုက်သည်။ စစ်ဧကရာဇ်နှစ်ယောက်သည် မိုင်ပေါင်းထောင်ချီဝေးကွာသော တာအိုအိမ်တော်၏ဌာနချုပ်မှ ဤနေရာအထိ ရောက်လာပြီး ကောင်းကင်ဘုံငယ်တစ်ခုအကြောင်း စုံစမ်းနေသဖြင့် သူက စိတ်ရှုပ်သွားခဲ့သည်။ တစ်ဖက်လူမှ မီးဝိညာဥ်ကြယ်အကြောင်း စုံစမ်းရသည့် အကြောင်းအရင်းကို သိချင်နေခဲ့သည်။

"ဆရာ့ကို နဂါးဧကရာဇ်က သတင်းပို့ခဲ့တယ်။ မီးဝိညာဥ်ကြယ်အနီးမှာရှိတဲ့ ခရမ်းရောင်အလင်းကြယ်မှာ ကြယ်ဝိညာဥ်တစ်ခု မွေးဖွားလာတယ်။ အဲ့ကြယ်ရဲ့အရွယ်အစားက ကောင်းကင်မူလကြယ် အရွယ်အစားရဲ့ ဆယ်ပုံတစ်ပုံသာ ရှိတယ်"

ဧကရာဇ်ယုက အလေးအနက် ပြောလိုက်သည်။ ကြယ်ဝိညာဥ်တစ်ခု အသစ်မွေးဖွားလာသော သတင်းက လူတိုင်းကို အံ့သြတုန်လှုပ်သွားစေသည်။ ကြယ်တစ်လုံးတွင် ၎င်း၏ဝိညာဥ်မွေးဖွားလာခြင်းသည် ကြယ်သခင်အသစ်တစ်ယောက် ထွက်ပေါ်လာမည်ဟု အဓိပ္ပါယ်ရကြောင်း အားလုံးက သိထားသည်။

"နတ်ဧကရာဇ်က ဘာများညွှန်ကြားလိုက်တာလဲ"

စစ်ဧကရာဇ်များက မေးလိုက်ခြင်းဖြစ်သည်။

"ဆရာက ကျုပ်တို့ကို ကောင်းကင်မီးကြယ်ရဲ့ ကောင်းကင်ဘုံငယ်ကနေ ခရမ်းရောင်အလင်းကြယ်ဆီကို လမ်းကြောင်းတစ်ခု တည်ဆောက်စေချင်တယ်။ တာအိုအိမ်တော်ရဲ့ အမှုထမ်းတွေလည်း ရောက်ရှိနေကြပြီ။ ဒီလမ်းကြောင်းကို တည်ဆောက်ပြီးရင် အရှင်တို့က ကျုပ်တို့နဲ့အတူ ခရမ်းရောင်အလင်းကြယ်ကို စူးစမ်းလေ့လာဖို့ လိုက်စေချင်ပါတယ်"

ဧကရာဇ်ယုက သူ့ကိုယ်သူ မြင့်မြင့်မားမားတွေးထားသော်လည်း စစ်ဧကရာဇ်များအပေါ် ရိုသေစွာဖြင့် လက်နှစ်ဖက်ဆုပ်ကာ တောင်းဆိုလိုက်သည်။

"အကောင်းဆုံး ကြိုးစားပေးပါ့မယ်"

စစ်ဧကရာဇ်များအားလုံးက ပြိုင်တူခေါင်းညိတ်၍ သဘောတူလိုက်ကြသည်။ သူတို့အားလုံးသည် အမျိုးမျိုးသော အင်အားစုများမှဖြစ်သော်လည်း အရေးကြီးကိစ္စမျိုးကို ရင်ဆိုင်ရာတွင် စည်းလုံးကြသည်။ ကောင်းကင်မူလကြယ်သည် နယ်ခြားမျိုးနွယ်များ၏ ခြိမ်းခြောက်ခြင်းကိုခံနေရပြီး ဖျက်ဆီးခံလိုက်ရလျှင် သူတို့အားလုံး သေဆုံးသွားနိုင်သည်။ ကြယ်ဝိညာဥ် ပေါက်ဖွားလာသော ကြယ်အသစ်တစ်လုံးကို တွေ့ရှိခြင်းက စကြဝဠာနှင့် နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်နေသော ကောင်းကင်မူလကြယ်အတွက် သတင်းကောင်းဖြစ်သည်။ ကြယ်သခင်ရှင်းသည် ကောင်းကင်မြစ်နတ်ရထားလုံးကို စီးနင်း၍ အစည်းအဝေးတက်ရောက်ရန် ခရီးထွက်သွားစဥ် စကြဝဠာအတွင်း၌ ရန်သူများ၏ လုပ်ကြံခြင်းခံခဲ့ရသည်။ သူက သေဆုံးသွားပြီး ဝိညာဥ်သာလျှင် ပြန်လည်ရောက်ရှိလာကာ လျှို့ဝှက်ကျင့်စဥ်တစ်ခုကို အသုံးပြုကာ အနီးရှိကြယ်များကို ဖျက်ဆီး၍ ကောင်းကင်မူလကြယ်အတွက် ကြယ်အမြုတေများ ဖန်တီးပေးခဲ့ကာ ကွယ်လွန်သွားခဲ့သည်။ ထို့နောက် ကောင်းကင်မူလကြယ်သည် ကြယ်သခင်အသစ်တစ်ယောက် ထပ်မံမွေးထုတ်မပေးနိုင်သောကြောင့် အခြားကြယ်များနှင့် ဆက်သွယ်မှုပြတ်တောက်ခဲ့ရသည်။ ကြယ်သခင်များသာလျှင် စကြဝဠာအတွင်း လွတ်လပ်စွာသွားလာနိုင်ပြီး နတ်အစေခံများပင်လျှင် အဆုံးမရှိသော စကြဝဠာ၏ဝါးမျိုမှုအတွင်း ပျောက်ကွယ်သွားပေလိမ့်မည်။ အဆုံးမဲ့စကြဝဠာအတွင် အမျိုးမျိုးသောကြယ်များပေါ်တွင် ကျင့်ကြံသူများ နေထိုင်လျက်ရှိသည်။ တာအိုအိမ်တော်မှ ကောင်းကင်မူလကြယ်အတွက် အရေးကြီးကိစ္စကို စေခိုင်းလာသောအခါ မည်သည့်စစ်ဧကရာဇ်မှ ငြင်းဆန်ခြင်းမရှိပေ။

လူတိုင်းက ခရမ်းရောင်အလင်းကြယ်အကြောင်း စိတ်ဝင်တစားဆွေးနွေးနေကြစဥ် ရောင်ယွမ်သည် ယဲ့ချန်ထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။

"သခင်လေးယဲ့ရဲ့ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို သိပါရစေ"

သူမက ယဲ့ချန်ကိုစိုက်ကြည့်၍ ဖော်ရွေစွာ ပြုံးပြလိုက်သည်။ သူမသည် ယဲ့ချန်ကို ခရမ်းရောင်အလင်းကြယ်သို့ လမ်းကြောင်းတစ်ခု ဖောက်လုပ်မည့်အရေးထက် ပို၍စိတ်ဝင်စားနေပုံပေါ်သည်။ သူမ၏စကားကို ကြားသောအခါ လူတိုင်းက စကားပြောရပ်တန့်သွားကာ ထူးဆန်းသောမျက်နှာထားများနှင့် လှည့်ကြည်လာကြသည်။ ရောင်ယွမ်က ယဲ့ချန်ကို အရေးတယူပြုနေသောအခါ ဧကရာဇ်ယုနှင့် ဖယ်သာဧကရာဇ်၏ မျက်နှာထားများက မကျေနပ်ကြောင်း ထင်ရှားနေသည်။ သို့သော်လည်း သူမ၏နောက်ခံက အလွန်ဆန်းကျယ်သောကြောင့် နတ်ဧကရာဇ်၏တပည့်များဖြစ်လျှင်ပင် မစော်ကားရဲပေ။ ထို့ကြောင့် ရောင်ယွမ်သည် ထိုနှစ်ယောက် ကျေနပ်သည်၊ မကျေနပ်သည်ကို ဂရုစိုက်စရာ မလိုအပ်ချေ။

"သုညပါ"

နှင်းဧကရာဇ်သည် ရောင်ယွမ်ကို အဓိပ္ပါယ်ပါပါလှမ်းကြည့်၍ ယဲ့ချန်ကိုယ်စား ဝင်ဖြေလိုက်သည်။

"ဒီကောင့်ရဲ့ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက သုညလား"

ဖယ်သာဧကရာဇ်နှင့် ဧကရာဇ်ယုက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်လုံးများတွင် ထိတ်လန့်အံ့သြသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

"ငါထင်ထားသလိုပါလား"

ရောင်ယွမ်က ခေါင်းကို ညှင်သာစွာညိတ်၍ လှပစွာ ပြုံးလိုက်သည်။ ထိုအပြုံးတွင် ခန့်မှန်းရခက်သော အဓိပ္ပါယ်မျိုး ပါဝင်နေခဲ့လေသည်။

All Chapters