← Chapters

စွန့်စားမည်

Vol. 125 Ch. 1374

စွန့်စားမည်

Vol. 125 Ch. 1374

“လူသားဆိုတာ သိသွားမှာလား”

ကျန်းရီ မျက်မှောင်ကြုတ်ကာ ခေတ္တမျှတွေးတောလိုက်ပြီး အလွန်အရေးကြီးသော မေးခွန်းကို မေးလိုက်သည်။

“လီရှန်းအာ... လူသားတွေနဲ့ မိစ္ဆာတွေကြားက ကွာခြားမှုက ဘာလဲ။ မင်းတို့မိစ္ဆာတွေက လူသားနဲ့ မိစ္ဆာကို ဘယ်လိုခွဲကြလဲ။ အရှင်မချင်လင်းက ငါ့ကို ဆန်းကြယ်စွမ်းရည်တစ်ခု ပေးထားတယ်။ အဲ့စွမ်းရည်နဲ့ဆို ငါ ငါ့ရဲ့ ရုပ်သွင်နဲ့ စိတ်ဝိညာဉ်အရှိန်အဝါကို ပြောင်းနိုင်တယ်။ စွမ်နီမျိုးနွယ်က အဲ့ဒါကို အာရုံခံနိုင်လောက်လား”

“ခံနိုင်ပါတယ်”

လီရှန်းအာက သေချာစွာ ခေါင်းညိတ်လိုက်သည်။

“သခင်... သခင့်ရဲ့ မိစ္ဆာအရှိန်အဝါက အရမ်းအားနည်းပါတယ်။ ပြောရရင်... ကျွန်မတို့က အစကတည်းက သံသယရှိခဲ့တာပါ။ ဒါပေမဲ့ သခင်က သွေးနှောတစ်ယောက်လို့ ကျွန်မပြောလိုက်လို့ အကြီးအကဲနှစ်ယောက်က သခင့်ကို အများကြီးသံသယမဝင်ခဲ့တာပါ”

လီရှန်းအာသည် ခေတ္တမျှ တွေးတောပြီးနောက် ဆက်ရှင်းပြသည်။

“မိစ္ဆာမျိုးနွယ်မှာ ပုံစံပြောင်းအမျိုးအစား နှစ်မျိုးရှိပါတယ်။ တစ်မျိုးက တစ်ဝက်ပုံစံပြောင်းအမျိုးအစားပါ။ ‌နောက်တစ်မျိုးက‌တော့ အပြည့်အဝပုံစံပြောင်းတာပါ။ တစ်ဝက်ပုံစံပြောင်းထားတဲ့ မိစ္ဆာတွေက သူတို့ရဲ့ မူလပုံစံကို အချိန်မရွေး ပြန်ပြောင်းနိုင်ကြပါတယ်။ တချို့မိစ္ဆာ‌တွေက မူလပုံစံမှာမှ ပိုစွမ်းအားကြီးကြတယ်။ အဲ့ဒါကြောင့် သူတို့က တစ်ဝက်ပဲပုံစံပြောင်းထားကြတာပါ...”

“ကျွန်မတို့ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကတော့ အပြည့်အဝပုံစံပြောင်းထားတာပါ။ ကျွန်မတို့ရဲ့ မူလပုံစံကို ဘယ်‌တော့မှ ပြန်မပြောင်းနိုင်တော့ပါဘူး။ ကျွန်မတို့ တစ်ဘဝလုံး လူသားပုံစံနဲ့ပဲ နေထိုင်သွားရတော့မှာပါ။ ဒါပေမဲ့... တစ်ဝက်ပုံစံပြောင်းတာဖြစ်ဖြစ်၊ အပြည့်အဝပုံစံပြောင်းတာဖြစ်ဖြစ် လူသားနဲ့ မိစ္ဆာကြားမှာ သိသိသာသာ ကွဲပြားတဲ့အရာတစ်ခု ရှိပါတယ်။ အဲ့ဒါက မိစ္ဆာအရှိန်အဝါပါ”

“မိစ္ဆာအရှိန်အဝါလား...”

ကျန်းရီ မျက်ခုံးပင့်ကာ မေးလိုက်သည်။

“ငါ့ခန္ဓာကိုယ်ထဲက မိစ္ဆာအရှိန်အဝါက မလုံလောက်သေးဘူးလို့ ဆိုလိုတာလား”

“သခင်သာ မလှုပ်ရှားဘူးဆိုရင် လုံလောက်ပါတယ်”

လီရှန်းအာက ရှင်းပြသည်။

“ဒါပေမဲ့ သခင် လှုပ်ရှားလိုက်တာနဲ့ အရှိန်အဝါက ကွဲပြားသွားပါလိမ့်မယ်။ သခင့်ရဲ့ကိုယ်ထဲက ကောင်းကင်စွမ်းအားက မိစ္ဆာအရှိန်အဝါကို ဖိနှိပ်သွားပါတယ်။ အရင်က အခြေအနေက အရေးကြီးနေလို့ ကျွန်မရဲ့ မျိုးနွယ်ဝင်တွေက သခင့်ကို မစစ်‌ဆေးခဲ့တာပါ။ သူတို့သာ စစ်ဆေးလိုက်ရင် သခင်က မိစ္ဆာစွမ်းအား မဟုတ်ဘဲ ကောင်းကင်စွမ်းအားကို သုံးနေတယ်ဆိုတာ အလွယ်‌လေး သိသွားမှာပါ။ အဲ့ကျရင် သခင်က လူသားဆိုတာ ပေါ်သွားပါလိမ့်မယ်...”

“စွမ်နီမျိုးနွယ်ရဲ့ စိတ်ဝိညာဉ်က အသန်မာဆုံးပါ။ အဲ့တော့ သခင် မလှုပ်ရှားရင်တောင် သူတို့က သခင့်ရဲ့ နတ်ဘုရားအမြုတေထဲမှာ မိစ္ဆာစွမ်းအား မဟုတ်ဘဲ ကောင်းကင်စွမ်းအားတွေ ပြည့်နေတာကို အလွယ်တကူ အာရုံခံနိုင်ပါတယ်...’

“အင်း... အဲ့ဒါက ပြဿနာပဲ”

ကျန်းရီ တိတ်ဆိတ်သွားသည်။ မိစ္ဆာစွမ်းအားက မိစ္ဆာစွမ်းအားဖြစ်ပြီး ကောင်းကင်စွမ်းအားမှာ ကောင်းကင်စွမ်းအားပင်။ ယင်းမှာ ပြောင်းလဲ၍မရနိုင်သော အချက်ပင်။

လူသားများအကြားတွင် မိစ္ဆာတစ်ကောင်ရှိနေလျှင်လည်း သူ၏မိစ္ဆာအရှိန်အဝါကြောင့် အလွယ်တကူ ပေါ်သွားမည်သာ။ သို့သော် လူသားများက မိစ္ဆာများကို ပစ်မှတ်မထားပေ။ သူတို့မျိုးနွယ်နှစ်ခုက တမလွန်ဘုံမျိုးနွယ်ကို ရင်ဆိုင်နေသည့် ရှေ့တန်းမှ မျိုးနွယ်နှစ်ခု မဟုတ်ပါလား။

ကောင်းကင်မိစ္ဆာဘုံမှာမူ ကွဲပြားသည်။ ဤနေရာတွင် လူသားတစ်ယောက်မှ မရှိပေ။ မိစ္ဆာအရှင်သုံးပါးက လူသားမျိုးနွယ်ကို ဘုံထဲ အဝင်မခံ။ သူတို့က ကောင်းကင်မိစ္ဆာဘုံကိုသာ ကာကွယ်လိုကြသည်။ ကျန်းရီ၏ခန္ဓာကိုယ်တွင် မိစ္ဆာအရှိန်အဝါမရှိခြင်းမှာ လျစ်လျူရှု၍ မရနိုင်သော ပြစ်ချက်တစ်ခု ဖြစ်နေသည်။ မိစ္ဆာမျိုးနွယ်များက မရေမတွက်နိုင်အောင်ရှိသည်။ ထိုထဲမှ မျိုးနွယ်များစွာထံတွင် လူသားနှင့် မိစ္ဆာကို အလွယ်တကူ ခွဲခြားနိုင်သည့် ထူးဆန်းသော စွမ်းရည်များစွာ ရှိပေသည်။

ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် မည်သို့လုပ်ရမည်မသိ ဖြစ်သွား၏။ သူ လီရှန်းအာကိုကြည့်ကာ မေးလိုက်သည်။

“ငါ့ခန္ဓာကိုယ်မှာ မိစ္ဆာအရှိန်အဝါ သိပ်သည်းလာအောင် လုပ်နိုင်မဲ့ နည်းလမ်းတစ်ခု ရှိလား။ အဲ့လိုဆို မိစ္ဆာတွေက ငါ့အကြောင်းကို သိတော့မှာ မဟုတ်ဘူး”

“ရှိပါတယ်”

လီရှန်းအာ ခေါင်းညိတ်လိုက်သည်။ ကျန်းရီ၏ မျက်ဝန်းများက ကြယ်တာရာများအလား ရုတ်ခြည်း လင်းလက်သွား၏။ သူ့ခန္ဓာကိုယ်တွင်သာ မိစ္ဆာအရှိန်အဝါအလုံအ‌လောက် ရှိနေလျှင် သူ ကြိုက်သည့်နေရာသို့ သွားနိုင်ပေလိမ့်မည်။ မိစ္ဆာအရှင်တစ်ပါး၏ အရှေ့တွင် ရပ်နေမည်ဆိုလျှင်ပင် မည်သည့်ပြဿနာမှ ရှိမည် မဟုတ်ချေ။

“ဘယ်လိုလုပ်ရမှာလဲ...”

လီရှန်းအာက ခေါင်းငုံ့လိုက်၏။ သူမ၏မျက်နှာလေးလည်း နီမြန်းလာသည်။ နောက်ဆုံးမှ သူမ အံကြိတ်ကာ ပြောလိုက်သည်။

“ကျွန်မတို့ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်မှာ တူနှစ်ကိုယ်ကျင့်စဉ်တစ်ခု ရှိပါတယ်။ အဲ့ဒါကြောင့်လည်း အ‌ရှေ့ဒေသရဲ့ အကြီးအကဲတွေက ကျွန်မတို့ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကို သဘောကျကြတာပါ...”

“သခင်... သခင် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်က အမျိုးသမီးတချို့ကို ရွေးပြီး တူနှစ်ကိုယ်ကျင့်ကြံလိုက်ရင် သခင့်ရဲ့ခန္ဓာကိုယ်ထဲက ကောင်းကင်စွမ်းအားတွေက မိစ္ဆာစွမ်းအားတွေအဖြစ် ပြောင်းသွားပါလိမ့်မယ်။ အဲ့ကျရင် သခင့်ရဲ့ မိစ္ဆာအရှိန်အဝါက သိပ်သည်းလာပါလိမ့်မယ်။ အချိန်တစ်ခုလောက် တူနှစ်ကိုယ်ကျင့်ကြံပြီးရင် မိစ္ဆာအရှင်တွေတောင် သခင်က လူသားဆိုတာ ပြောနိုင်မှာ မဟုတ်တော့ပါဘူး”

“အာ...”

ကျန်းရီ တုန်ယင်သွား၏။ သူတို့သည် အဝိုင်းတစ်ပတ် ပတ်လိုက်သလိုမျိုး ဤအကြောင်းဆီပင် ပြန်ရောက်လာပြန်ပေပြီ။ ကျန်းရီသည် လူသားနှင့် မိစ္ဆာ ဆက်ဆံနေပုံကို တွေးမိသောအခါ ကြက်သီးများပင် ထသွားသည်။ ထို့ကြောင့် သူ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“လူသားနဲ့ မိစ္ဆာက ဘယ်လိုလုပ် တူနှစ်ကိုယ်ကျင့်ကြံနိုင်မှာလဲ။ အဲ့ဒါက လူသားနဲ့ သားရဲပဲ.. အရိုင်းဆန်လွန်းတယ်။ မဖြစ်ဘူး၊ လုံးဝမဖြစ်ဘူး”

“လူသားနဲ့ သားရဲဆိုတာ ဘာကို ပြောတာပါလဲ...”

လီရှန်းအာက မျက်လုံးပင့်ကာ ပြောလိုက်၏။

“သခင်... ကျွန်မတို့က အပြည့်အဝပုံစံပြောင်းထားတာပါ။ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ မိစ္ဆာအရှိန်အဝါကလွဲလို့ ကျွန်မတို့က လူသား‌တွေနဲ့ တစ်ပုံစံတည်းပါပဲ။ ပြီးတော့ ကျွန်မတို့က ပုံစံပြောင်းပြီးတာနဲ့ ကိုယ့်ကိုယ်ကိုယ် လူသားလို့ သဘောထားပြီး လူသားယဉ်ကျေးမှုကို လေ့လာသင်ယူကြပါတယ်။ ကျွန်မတို့လည်း ကျင့်ဝတ်ထုံးတမ်း၊ တရားမျှတမှု၊ သိက္ခာတရားနဲ့ အရှက်တရားတွေကို သိကြပါတယ်။ ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် လူသားအမျိုးသမီးတစ်ယောက်လိုပဲ သဘောထားပါတယ်။ သခင်... သခင် ကျွန်မတို့ကို အရိုင်းဆန်တဲ့ သားရဲတွေလို သဘောမထားသင့်ပါဘူး”

“အာ...”

ကျန်းရီသည် သူ၏စကားက လီရှန်းအာ၏မာနကို ထိခိုက်သွားစေလိမ့်မည်ဟု မထင်ခဲ့ပေ။ ထို့ကြောင့် သူ အိုးတိုးအမ်းတမ်းနှင့် နှာခေါင်းကုတ်ကာ ပြောလိုက်ရသည်။

“တောင်းပန်ပါတယ်၊ ငါ မရည်ရွယ်ခဲ့ပါဘူး။ ငါ... ငါက ဒီအတိုင်း လက်မခံနိုင်တာပါ...”

“တခြားနည်း မရှိတော့ဘူးလား”

ကျန်းရီ ထပ်၍ မေးသည်။

“ဥပမာပြောရရင်... မိစ္ဆာစွမ်းအားကို ကျင့်ကြံနိုင်မဲ့ အထူးကျင့်စဉ်မျိုးပေါ့”

“မရှိပါဘူး”

လီရှန်းအာက ပြတ်သားစွာ ဖြေ၏။

“လူသားကလူသား၊ မိစ္ဆာကမိစ္ဆာပါ။ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ မတူမှတော့ လူသားက ဘယ်လိုလုပ် မိစ္ဆာစွမ်းအားကို ကျင့်ကြံနိုင်မှာပါလဲ။ ကျွန်မ သိသလောက်ကတော့ တူနှစ်ကိုယ်ကျင့်စဉ်ကလွဲပြီး တခြားနည်းလမ်း မရှိပါဘူး။ ဒါပေမဲ့... အဲ့လိုလုပ်နိုင်တာက ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ပဲ ရှိတာတော့ မဟုတ်ပါဘူး။ တူနှစ်ကိုယ်ကျင့်ကြံပြီး မိစ္ဆာစွမ်းအားပေးနိုင်တဲ့ တခြားမျိုးနွယ်တွေ ရှိပါသေးတယ်။ ကျွန်မ အဲ့မျိုးနွယ်တွေက အမျိုးသမီးတချို့ကို ဖမ်းလိုက်ရမလား”

“ထားလိုက်ပါတော့ကွာ...”

ကျန်းရီ ခေါင်းခါလိုက်သည်။

“ငါ ခဏလောက် ပုန်းနေတာပဲ ကောင်းပါတယ်။ မင်း အဲ့စွမ်နီမျိုးနွယ်က မင်းသားကို ကိုင်တွယ်နိုင်လား”

“အဲ့ဒါက ပြဿနာမဟုတ်ပါဘူး”

လီရှန်းအာသည် ခေတ္တမျှ နှုတ်ဆိတ်သွားပြီးမှ ဆက်ပြော၏။

“စွမ်နီမျိုးနွယ်က အင်အားကြီးပေမဲ့ ကျွန်မတို့နောက်မှာ ကြမ်းကြုတ်နဂါးမျိုးနွယ် ရှိပါတယ်။ သူတို့ ကျွန်မတို့ကို ရန်မစရဲပါဘူး။ စွမ်နီရွှမ်က ကျွန်မရဲ့ ခန္ဓာကိုယ်ကို လိုချင်နေတာ။ ကျွန်မက အရွယ်ရောက်တော့မှာမို့လို့ သူက ဒီကို အပြေးအလွှား လာခဲ့တာပါ။ ဟွန်း... သူက ဘယ်လိုလူစားမျိုးလဲဆိုတာ သခင်မသိပါဘူး။ သူသာ ကျွန်မကို လာရှုပ်ရင် ကျွန်မ သူ့ကို ဝိညာဉ်ကပ်ပါးကောင်ပေးပြီး သေတာထက် ပိုဆိုးသွားအောင် လုပ်ပစ်လိုက်မယ်”

ကျန်းရီ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကောင်းပြီ.. အရင်ဆုံး ငါ ဒီနေရာကနေ ထွက်သွားမယ်။ ငါ ပုန်းနေဖို့ နေရာတစ်ခု စီစဉ်ပေးပါ။ အဲ့စွမ်နီမျိုးနွယ်ဆိုတာကို မင်းဘာသာပဲ ကိုင်တွယ်လိုက်ပါ”

“ဟုတ်ကဲ့ပါ”

လီရှန်းအာသည် စီစဉ်စရာရှိသည်များကို စီစဉ်ရန် ထွက်သွား၏။ ကျန်းရီသည် လီရှန်းအာက ဤအခွင့်အရေးကို အသုံးချ၍ သူနှင့် ဝိညာဉ်ချိတ်ဆက်မှု ဖြတ်တောက်လိုက်မည်ကို စိုးရိမ်နေသည်။ ထိုအခါ အကျိုးဆက်များက ဆိုးဝါးသွားပေလိမ့်မည်။ သို့သော် သူ့တွင် အခြားရွေးချယ်စရာ ရှိပါသေးသလော။

ကျန်းရီသာ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်နှင့် တူနှစ်ကိုယ် မကျင့်ကြံလျှင် စွမ်နီမျိုးနွယ်က သူကလူသားဖြစ်ကြောင်း သိသွားပေလိမ့်မည်။ လီရှန်းအာက သူမတို့မှာ လူသားအဖြစ် အပြည့်အဝပုံစံပြောင်းထားသဖြင့် လူသားများနှင့် မကွာပါဟု ပြောသော်လည်း ကျန်းရီ ယင်းကို လက်မခံနိုင်သေးပါ။

ကျန်းရီသည် နာရီလေးဆယ်ကျော်ကြာအောင် အကာအကွယ်မရှိ အိပ်ပျော်နေခဲ့သည်။ အကယ်၍ လီရှန်းအာသာ ထိုအချိန်အတွင်း မိစ္ဆာအရှင်များထံ သတင်းပို့လိုက်ပါက ယခုလောက်ဆို သူ သေနေလောက်ပေပြီ။ ထို့ကြောင့် သူသည် ဤတစ်ခေါက်တွင် စွန့်စားရန် ရွေးချယ်လိုက်သည်။ လီရှန်းအာက သူ့အပေါ် အကောက်မကြံလောက်ဟု သူ လောင်းကြေးထပ်မည်ဖြစ်သည်။

***

ဆယ့်ငါးမိနစ်ကြာပြီးနောက် လီရှန်းအာသည် စီစဉ်စရာရှိသည်များကို စီစဉ်ပြီးသွားပြီး ကျန်းရီအား နန်းတော်ထဲရှိ လျှို့ဝှက်လမ်းကြောင်းတစ်ခုဆီသို့ ကိုယ်တိုင်ခေါ်သွားပေးလိုက်၏။ သူတို့သည် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ တော်ဝင်မိသားစုနေထိုင်ရာ ကောင်းကင်ကြောင်ကတိုးတောင်မှ ထွက်လိုက်ကြသည်။

လီရှန်းအာသည် အနီးတွင် ကင်းလှည့်နေသော တပ်သားများကို အဝေးသို့ ပို့ထားပြီးပေပြီ။ သူမသည် ကျန်းရီကိုခေါ်ကာ မြောက်ဘက် မိုင်သောင်းကျော်အကွာရှိ တောင်ကြားလေးတစ်ခုသို့ ခေါ်သွားသည်။ ထိုတောင်ကြားထဲတွင် အကာအရံများ ရှိနေပြီး နန်းတော်ငယ်တစ်ခုလည်း ရှိသည်။ ရှုခင်းများမှာလည်း အလွန်လှပရာ ထိုနေရာက တော်ဝင်မိသားစု၏ လျှို့ဝှက်အပန်းဖြေစခန်းတစ်ခုနှင့်ပင် တူနေပေသည်။

“သခင်... ဒီနေရာက လုံးဝလုံခြုံပါတယ်။ အကာအရံတွေကလည်း စွမ်းအားကြီးတယ်။ အုပ်ချုပ်သူအဆင့် သိုင်းသမားတွေပဲ ဒီအကာအရံတွေကို ဖျက်နိုင်တယ်။ ဒါက ကျွန်မတို့ တော်ဝင်မျိုးနွယ်ရဲ့ တော်ဝင်နေရာပါ။ ဘယ်သူမှ ဒီအနားကို မကပ်ရဲပါဘူး။

လီရှန်းအာသည် ရှင်းပြပြီးနောက် ထွက်သွား၏။ ကျန်းရီ ရင်ထဲ လေးလံသွားသည်။ အကယ်၍ လီရှန်းအာသာ သူ့ကို အန္တရာယ်ပြုလိုလျှင် မကြာခင်တွင် မိစ္ဆာမျိုးနွယ်၏ စွမ်းအားကြီး သိုင်းသမားများ ရောက်လာပေလိမ့်မည်။

ထို့ကြောင့် ကျန်းရီ တောင်ကြားထဲတွင် မနေဝံ့ပါ။ သူ တောင်ကြားအပြင်သို့ လျင်မြန်စွာ ထွက်လိုက်ပြီး ပုန်းကွယ်ခြင်းအတတ်ကို သုံး၍ အနီးနားတွင် ပုန်းအောင်းနေလိုက်သည်။ အကယ်၍ မိစ္ဆာမျိုးနွယ်၏ စွမ်းအားကြီး သိုင်းသမားများ ရောက်လာလျှင် သူ ချက်ချင်း ထွက်ပြေးမည်ဖြစ်သည်။

သို့သော် မည်သည့်မိစ္ဆာမှ ရောက်မလာခဲ့ချေ။ အချိန်ကလည်း တရွေ့ရွေ့ ကုန်ဆုံးလာသည်။ နေ့ဝက်ကြာပြီးနောက် ကျန်းရီ စတင်၍ စိတ်အေးလာသည်။ လီရှန်းအာကသာ သူ့ကို အန္တရာယ်ပြုလိုလျှင် ယခုလောက်ဆို မိစ္ဆာမျိုးနွယ်၏ စွမ်းအားကြီး သိုင်းသမားများ ရောက်လာသင့်ပြီဖြစ်သည်။

နေ့တစ်ဝက် ဆက်၍ကုန်သွားသည်။ အဝေးမှနေ၍ လှပသောမိန်းမပျိုလေးတစ်ယောက် ပျံသန်းလာသည်။ သူမတစ်ယောက်တည်း ပျံသန်းလာခြင်းပင်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ အာရုံခံလိုက်၏။ ထိုမိန်းမပျိုလေးက လီရှန်းအာဖြစ်ကြောင်း အတည်ပြုပြီးမှ သူ သက်ပြင်းချလိုက်လေသည်။

“အာ... သခင်က ဘာလို့ အပြင်ရောက်နေတာလဲ”

လီရှန်းအာသည် ကျန်းရီနှင့် ဝိညာဉ်ချင်းဆက်နွယ်နေသဖြင့် ကျန်းရီကို အလွယ်တကူ အာရုံခံနိုင်ပေသည်။ ကျန်းရီ ကိုယ်ပြန်ဖော်လိုက်ပြီး ခပ်ရေးရေးပြုံးကာ မည်သည်ကိုမှ ရှင်းပြမနေတော့ဘဲ မေးခွန်းသာ မေးလိုက်လေသည်။

“စွမ်နီမျိုးနွယ်ရဲ့ မင်းသား ပြန်သွားပြီလား”

“သူ ပြန်သွားပါပြီ”

လီရှန်းအာသည် ထိုအကြောင်းကို ပြောနေရင်းဖြင့် မျက်နှာမည်းမှောင်သွား၏။ ထို့နောက် မုန်းတီးဟန်ဖြင့် ဆက်ပြောသည်။

“စွမ်နီမျိုးနွယ်က တကယ်ကို ဆိုးတာပဲ။ ဟူး... ဒီတစ်ခေါက် ကျွန်မတော့ စွမ်နီမျိုးနွယ်ကို အပြစ်ပြုမိလိုက်ပြီ”

ကျန်းရီ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“စွမ်နီမျိုးနွယ်က ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကို လာတိုက်ခိုက်မှာလား”

လီရှန်းအာက သူ့အပေါ် အကြွင်းမဲ့သစ္စာရှိသဖြင့် သူ ဤနေရာတွင် အပူအပင်ကင်းကင်းနှင့် နေထိုင်နိုင်သည်။ ကောင်းကင်မိစ္ဆာဘုံထဲတွင် ဤနေရာက သူ၏နားခိုရာပင်။ သူ ဤနေရာကို ပျက်စီးမခံနိုင်ပါပေ။

***

All Chapters