စည်းစနစ်
Vol. 125 Ch. 1375
“သူတို့ မလုပ်ရဲပါဘူး”
လီရှန်းအာက သေချာပေါက် ဆိုသည်။
“ကြမ်းကြုတ်နဂါးမျိုးနွယ် ရှိနေသ၍ ဘယ်သူကမှ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကို ထိရဲမှာ မဟုတ်ပါဘူး”
“အဲ့ဒါဆို ကောင်းတာပေါ့။ ပြန်သွားကြစို့”
ကျန်းရီ ခေါင်းညိတ်လိုက်ပြီး မေးခွန်းများ ထပ်မမေးတော့ပေ။ သူသည် လီရှန်းအာနောက်သို့လိုက်ကာ လျှို့ဝှက်လမ်းကြောင်းမှနေ၍ ကောင်းကင်ကြောင်ကတိုးတောင်ပေါ် ပြန်တက်လိုက်သည်။ သူတို့ နန်းတော် အနောက်ဘက် ဥယျာဉ်ထဲရှိ စံအိမ်သို့ ပြန်ရောက်သောအခါ ကျန်းရီသည် လီရှန်းအာကို ထွက်သွားရန် လက်ဟန်ပြကာ အရေးကြီးကိစ္စမရှိဘဲ သူ့အား လာမနှောင့်ယှက်ရန် ပြောလိုက်သည်။
ကောင်းကင်ကြောင်ကတိုးတောင်က လုံခြုံကြောင်း အတည်ပြုပြီးနောက် ကျန်းရီသည် မိစ္ဆာမျိုးနွယ်ကို အရေးမစိုက်တော့ဘဲ သူ့အနာဂတ်အကြောင်းကိုသာ တွေးတောလိုက်သည်။ အချိန်တစ်ခု ကြာခဲ့ပြီဖြစ်၍ သူ စိတ်ဓာတ်ကျအားငယ်မနေတော့ပေ။
နေ့ရက်များက မည်မျှခက်ခဲပါစေ ဖြတ်ကျော်ရပေမည်။ လမ်းက မည်မျှကြမ်းတမ်းပါစေ နင်းလျှောက်ရပေမည်။
‘ကျင့်ကြံရမယ်... ငါ ကောင်းကင်မိစ္ဆာဘုံထဲကနေ ထွက်သွားချင်ရင် ကျင့်ကြံမှရမယ်။ မိုးပြာမဟာဧကရာဇ်နဲ့ ယှဉ်ချင်ရင်လည်း ကျင့်ကြံဖို့လိုတယ်။ ငါ ဧကရာဇ်အဆင့်ကို ရောက်တဲ့အထိ ဒါမှမဟုတ် အဲ့ထက်ပိုသန်မာလာတဲ့အထိ ကျင့်ကြံရမယ်’
ကျန်းရီသည် သူ၏လမ်းကြောင်းကို လျင်မြန်စွာ ဆုံးဖြတ်လိုက်၏။ အင်အားမှာ အခြေခံအုတ်မြစ်ပင်။ အင်အားအလုံအလောက်ရှိမှသာ ကောင်းကင်မိစ္ဆာဘုံမှနေ၍ ကောင်းကင်ဘုံသို့ ပြန်သွားကာ မိုးပြာမဟာဧကရာဇ်နှင့် တိုက်ခိုက်နိုင်မည်ဖြစ်သည်။
ကျန်းရီ မိုးပြာမဟာဧကရာဇ်နှင့် တိုက်ခိုက်လိုလျှင် အနိမ့်ဆုံး ဧကရာဇ်အဆင့် သိုင်းသမားတစ်ယောက် ဖြစ်နေပေမည်။ သူ့တွင် အခြားနည်းလမ်း မရှိပေ။ သူ၏ တိုက်ခိုက်စွမ်းအားကို ဧကရာဇ်အဆင့်သို့ ရောက်သွားအောင် မည်သို့လုပ်ရမည်ကိုသာ တွေးတောရမည်ဖြစ်သည်။
ထို့အတွက်...
ကျန်းရီ ဧကရာဇ်အဆင့် သိုင်းသမားတစ်ယောက် ဖြစ်လာရန် အချိန်မည်မျှ လိုမည်နည်း။ ထိုအချိန်အတောအတွင်း အပြင်လောက၌ မည်သည့်အရာများ ဖြစ်ပျက်နေမည်နည်း။ ရီဖျောင်ဖျောင်၊ ရီချန်နှင့် အခြားသူများက အသတ်ခံလိုက်ရမည်လော။ ကျန်းရီ အရေးမစိုက်နိုင်သေးပါ။ သူ့ကိုယ်သူ အပြင်လောကအကြောင်း မေ့ထားရန် ဖိအားပေးထားသည်။ မဟုတ်လျှင် ကျင့်ကြံခြင်းအပေါ်တွင် အာရုံစိုက်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုအခါ သူ့အတွက် မျှော်လင့်ချက် ကုန်ဆုံးသွားပေလိမ့်မည်။
‘အရင်ဆုံး သွေးကြောမှတ်တွေကို ကျင့်ကြံပြီး ရုပ်ခန္ဓာအင်အားကို တိုးမြှင့်ရမယ်။ အခု ငါ့ရဲခန္ဓာကိုယ်က ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတစ်ယောက်ရဲ့ ခန္ဓာကိုယ်လောက် သန်မာနေပြီ။ ငါသာ သွေးကြောမှတ်အကုန်လုံးကို ကျင့်ကြံနိုင်လိုက်ရင် ငါ့ရဲ့ခန္ဓာကိုယ်က ဧကရာဇ်အဆင့် သိုင်းသမားတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ ယှဉ်နိုင်သွားလိမ့်မယ်။ အဲ့ကျရင် အနည်းဆုံးတော့ မိစ္ဆာအရှင်သုံးပါးကို တိုက်ခိုက်နိုင်လောက်မှာပဲ’
ကျန်းရီသည် စိတ်ဆုံးဖြတ်ကာ စတင်ကျင့်ကြံလိုက်သည်။ သူသည် ကောင်းကင်စွမ်းအားကို ကျင့်ကြံရင်း အလောင်းကြီ၏ သွေးကြောမှတ်များကို ခံစားကြည့်လိုက်သည်။ သူ စံအိမ်၏ အကာအရံများကိုလည်း နှိုးထားပေသည်။ လီရှန်းအာက အမိန့်ပေးထား၍ မည်သည့်မိစ္ဆာကမှ သူ့အား လာမနှောင့်ယှက်ဝံ့သော်လည်း သတိထားရန်မှာ သူ့တာဝန် မဟုတ်ပါလော။
‘ကောင်းကင်မိစ္ဆာဘုံရဲ့ မိုးမြေဝိညာဉ်စွမ်းအင်က မဆိုးဘူး။ ကမ္ဘာဦးကောင်းကင်ဘုံထက် မနိမ့်ဘူး’
ကျန်းရီသည် ခေတ္တမျှ ကျင့်ကြံပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ဤနေရာတွင် အဆတစ်သောင်း၊ အဆတစ်သိန်း လျှို့ဝှက်ကျင့်ကြံခြင်းအခန်းများ မရှိသည်မှာ နှမြောစရာပင်။ ၎င်းတို့ ရှိခဲ့ပါမူ သူ၏ ကောင်းကင်စွမ်းအား ကျင့်ကြံနှုန်းက များစွာပိုမြန်မည်ဖြစ်သည်။
ကျန်းရီသည် ကောင်းကင်စွမ်းအား ကျင့်ကြံရန် အလျင်မလိုသဖြင့် လျှို့ဝှက်ကျင့်ကြံခြင်းအခန်းများ ရှိသလောဟု လီရှန်းအာကို မမေးခဲ့ပေ။ ထိုအစား အလောင်းကြီးကို ထုတ်ကာ သွေးကြောမှတ်များကို လေ့လာနေပေသည်။
ကျန်းရီသည် ငှက်တောင်ပျံတပ်ထဲတွင် ရှိခဲ့စဉ်ကတည်းက ခန့်မှန်းကောက်ချက်ချထားခဲ့ပြီးဖြစ်သည်။ ဆန်းကြယ်သော ပုံသဏ္ဌာန်များကို ဖန်တီးနိုင်ရန် ကြယ်တာရာစွမ်းအားကို သုံးရပေမည်။ သို့သော် သူ အုပ်ချုပ်သူအဆင့်သို့ ရောက်လျှင်ရောက်ချင်း ကိစ္စများစွာနှင့် ကြုံတွေ့ခဲ့ရသဖြင့် ထိုခန့်မှန်းချက်ကို စမ်းသပ်ရန် အချိန်မရခဲ့ချေ။
“စကြတာပေါ့...”
ကျန်းရီသည် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီး သူ၏ခန့်မှန်းချက်က မှန်မမှန် စတင်စမ်းသပ်လိုက်သည်။ သူသည် မိုးမြေစွမ်းအားအနည်းငယ်ကို သူ၏ဘယ်ဘက်လက်ဖဝါးဆီမှ သွေးကြောမှတ်သို့ ပို့လွှတ်ကာ ထိုနေရာတွင် ဆန်းကြယ်သော ပုံသဏ္ဌာန်တစ်ခု ဖန်တီးရန် ဟန်ပြင်လိုက်သည်။ သွေးကြောမှတ်ထဲတွင် ပုံသဏ္ဌာန်ဖန်တီးရန် ကြယ်တာရာစွမ်းအားဖြင့် မိုးမြေစွမ်းအားကို ဖိနှိပ်ကာ ပုံသွင်းရမည်ဖြစ်သည်။
သို့သော် အပြောလွယ်၍ အလုပ်ခက်ပေသည်။ ဖိနှိပ်ပုံသွင်းထားသော မိုးမြေစွမ်းအားကို သွေးကြောမျှင်များနှင့် ပေါင်းစပ်သွားအောင် လုပ်ရန်မှာ မလွယ်ကူပေ။ ထို့ပြင် မိုးမြေစွမ်းအားကို အလွန်ဖိနှိပ်မိလျှင်လည်း ပေါက်ကွဲထွက်ကာ လက်ဝါးတစ်ခုလုံး ပျက်စီးသွားနိုင်သည်။
ကျန်းရီက ဘယ်ဘက်လက်နှင့် စ၍စမ်းသပ်ခြင်းမှာ ထိုသို့ ပေါက်ကွဲသွားမည်ကို စိုးရိမ်၍ပင်။ လက်တစ်ဘက် ပြတ်သွားခြင်းမှာ ကိစ္စမရှိပေ။ သို့သော် ခေါင်းပေါက်ကွဲသွားမည်ဆိုလျှင်မူ သူ့စိတ်ဝိညာဉ်လည်း ကွဲထွက်သွားပေလိမ့်မည်။
ကျန်းရီသည် ကြယ်တာရာစွမ်းအားကို အသုံးပြု၍ မိုးမြေစွမ်းအားကို ဖိနှိပ်လိုက်၏။ နောက်ဆုံးတွင် မိုးမြေစွမ်းအားက ဒြပ်ထည်ပေါ်လာသည်။ ထိုအခါ သူသည် ၎င်းစွမ်းအားဒြပ်ထည်ကို သွေးကြောမှတ်အတွင်းရှိ သွေးကြောမျှင်များနှင့် ပေါင်းစည်းစေလိုက်သည်။
‘အောင်မြင်ပြီ...’
ငါးမိနစ်ကြာပြီးနောက် မိုးမြေစွမ်းအားဒြည်ထည်က သွေးကြောမျှင်များနှင့် ပေါင်းစည်းသွားပြီး လက်ဝါးပြင်ရှိ သွေးကြောမှတ်ထဲတွင် ဆန်းကြယ်သော ပုံသဏ္ဌာန်ခပ်ရေးရေးတစ်ခု ဖြစ်ပေါ်လာသည်။ ကျန်းရီ စိတ်လှုပ်ရှားသွားသည်။ ပထမတစ်ခုအောင်မြင်လျှင် ဒုတိယတစ်ခု၊ တတိယတစ်ခုများလည်း အောင်မြင်ပေလိမ့်မည်။ နောက်ဆုံးတွင် သူ၏ သွေးကြောမှတ်အားလုံးထဲ၌ ဆန်းကြယ်သော ပုံသဏ္ဌာန်များ ရှိလာပေလိမ့်မည်။ ထိုအခါ သူ၏ ရုပ်ခန္ဓာက ကြောက်မက်ဖွယ်ကောင်းအောင် သန်မာသွားမည်ဖြစ်သည်။
‘ဆက်လုပ်မယ်...’
တစ်ခဏကြာပြီးနောက် ကျန်းရီသည် သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်လုပ်၍ ဒုတိယမြောက်ပုံသဏ္ဌာန်ကို စိတ်လှုပ်ရှားစွာ ဖန်တီးလိုက်သည်။ သို့သော် ဒုတိယမြောက်ပုံသဏ္ဌာန်ကို ဖန်တီးပြီးနောက် ၎င်းပုံသဏ္ဌာန်က ပထမပုံသဏ္ဌာန်နှင့် ထိတွေ့သွားသောအခါ မျက်စိကျိန်းလောက်အောင် လင်းလက်လာ၏။ ထို့နောက်တွင် မိုးမြေစွမ်းအားများ ပြန့်ကားထွက်သွားလေသည်။
ဝုန်း...
မျှော်လင့်ထားသကဲ့သို့ပင် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ဖြစ်ပေါ်လာသည်။ ကျန်းရီ၏ ဘယ်ဘက်လက်တစ်ဘက်လုံး စုတ်ပျက်သွားသည်။ သူ့လက်ဝါးတွင် အသားစဟူ၍ မကျန်တော့သလောက်ပင်။ အရိုးများသာ ကျန်တော့သည်။ အရိုးစပ်နေရာများကလည်း အက်ကွဲသွားသည်။
“အား...”
ကျန်းရီသည် အပေါ်ခံနေရသော ဝက်တစ်ကောင်အလား အော်လိုက်သည်။ သူ ချက်ချင်းပင် နတ်ဘုရားသစ်ရွက်ကို ထုတ်ကာ သူ့ကိုယ်သူ ကုသလိုက်ရသည်။
ချင်လင်း၏ နတ်ဘုရားသစ်ရွက်က ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သည့် အဖိုးတန်ကုသရတနာတစ်ခုပင်။ သူလက်က မျက်စိဖြင့် မြင်သာသော နှုန်းနှင့် ပြန်ကောင်းလာသည်။ အရိုးများ ပြန်ဆက်ကာ အသားများ ပြန်ဖြစ်တည်လာသည်။ စက္ကန့်အနည်းငယ်တွင်းမှာပင် သူ့လက်မှာ အကောင်းပကတိ ပြန်ဖြစ်သွားလေသည်။ သွေးကြောများနှင့် သွေးကြောမှတ်များမှာလည်း မူလအတိုင်းပင်။
‘တော်သေးတာပေါ့၊ တော်သေးတာပေါ့... သွေးကြောမှတ်တွေမှာ ဘာပြဿနာမှမရှိလို့’
ကျန်းရီသည် အာရုံခံကြည့်ပြီးနောက် သက်ပြင်းမောကြီးချလိုက်၏။ သူ့တွင် နတ်ဘုရားသစ်ရွက်ရှိနေ၍ တော်သေးပေသည်။ မဟုတ်လျှင် သူ့လက်ပြန်ကောင်းလာရန် မည်မျှကြာမည် မသိပေ။ ထို့ပြင် ပြန်ကောင်းသွားချိန်၌လည်း ဘေးထွက်ဆိုးကျိုးများ ကျန်ခဲ့နိုင်သည်။ အကယ်၍ သူ၏ သွေးကြောမှတ်များသာ တစ်ခုခု မှားသွားပါက သူ မဟာနတ်ဘုရားအတတ်အစစ်အမှန်ကို မည်သည့်အခါတွင်မှ ကျင့်ကြံနိုင်တော့မည် မဟုတ်ချေ။
‘ဘာက ပြဿနာလဲ’
ကျန်းရီ နားမလည်နိုင်ဖြစ်နေသည်။ သူ ဆန်းကြယ်သော ပုံသဏ္ဌာန်များကို အောင်အောင်မြင်မြင် ဖန်တီးနိုင်ခဲ့ပါသည်။ သို့သော် ပုံသဏ္ဌာန်နှစ်ခု ထိတွေ့သွားသောအခါ ၎င်းတို့က ချက်ချင်း ပေါက်ကွဲထွက်သွားသည်။ ပုံသဏ္ဌာန်များကို မိုးမြေစွမ်းအားအား ဖိနှိပ်၍ ဖန်တီးထားခြင်းပင်။ အရင်းအမြစ်မှာ အတူတူဖြစ်သော်လည်း ထိတွေ့သွားသောအခါ အဘယ်ကြောင့် ပေါက်ကွဲရပါသနည်း။
‘ဆန်းကြယ်တဲ့ ပုံသဏ္ဌာန်တွေက တစ်ခုနဲ့တစ်ခု ဆက်စပ်နေရမှာ။ မထိတွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး’
ကျန်းရီသည် အလောင်းကြီးကို အာရုံခံကြည့်လိုက်၏။ အလောင်းကြီး၏ သွေးကြောမှတ်များထဲတွင် ဆန်းကြယ်သော ပုံသဏ္ဌာန်များ သိပ်သည်းစွာ ရှိနေသည်။ သွေးကြောမှတ်တစ်မှတ်တွင် အနည်းဆုံး ဆန်းကြယ်သော ပုံသဏ္ဌာန်တစ်သောင်းရှိသည်။ ၎င်းတို့များစွာကလည်း ဆက်စပ်နေကြသည်။ ကျန်းရီ၏ ပုံသဏ္ဌာန်များက တစ်ခုနှင့်တစ်ခု ထိသည်နှင့် ပေါက်ကွဲနေမည်ဆိုလျှင် ကျန်းရီ ဆက်ကျင့်ကြံနိုင်တော့မည် မဟုတ်ချေ။
ကျန်းရီ ထပ်မံ စမ်းမကြည့်ဝံ့သေးပါ။ အစောတွင် သူ့လက်တစ်ဘက်လုံး စုတ်ပျက်သွားခဲ့သည် မဟုတ်ပါလား။ မည်သူမှ ထိုနာကျင်မှုကို ဒုတိယအကြိမ် ထပ်ခံလိုမည် မဟုတ်ပေ။ သူ ပြဿနာကို ရှာမတွေ့သေးသ၍ ထပ်မံစမ်းသပ်မည် မဟုတ်ပါ။
‘လူသားခန္ဓာကိုယ်က သဘာဝအစီအရင်ကြီးတစ်ခုပဲ။ ဒီသွေးကြောမှတ်တွေက အစီအရင်လေးတွေ...’
‘အစီအရင်ငယ်လေးတွေ ပေါင်းစပ်ပြီးတော့ အစီအရင်ကြီးတစ်ခု ဖြစ်လာတယ်။ အဲ့ကနေပြီး ရုပ်ခန္ဓာက ပိုသန်မာလာတယ်။ အဲ့ဒါက မမှားဘူး....’
‘အဲ့အစီရင်ငယ်လေးတွေကလည်း ဆန်းကြယ်တဲ့ ပုံသဏ္ဌာန်တွေ စုပေါင်းပြီး ဖြစ်တည်လာတာ။ ဆန်းကြယ်တဲ့ ပုံသဏ္ဌာန်တွေက အစီအရင်ရဲ့ အုတ်မြစ်ပဲ၊ အရင်းအမြစ်ပဲ။ ဟုတ်တယ်...’
ကျန်းရီသည် ထိုသို့ တွေးမိသောအခါ စိတ်လှုပ်ရှားသွားသည်။ သူသည် အစီအရင်များနှင့် အကာအရံများအကြောင်းကို များစွာမသိပေ။ သို့သော် သူ ကောင်းကင်ကြယ်တာရာနယ်မြေတွင် ရှိခဲ့စဉ်က အစီအရင်များအကြောင်းကို ကောင်းစွာသိသူတစ်ယောက် ရှိခဲ့သည်။ ထိုသူမှာ စုန်းဧကရီပင်။ စုန်းဧကရီက သူ့အတွက် အစီအရင်များနှင့် ပတ်သတ်သည့် စာအုပ်များ သောင်းနှင့်ချီ၍ ချန်ပေးခဲ့သည်။ နောက်ပိုင်းတွင် သူသည် ထိုအရာများက အလွန်ရှုပ်ထွေးသည်ဟု တွေးကာ စာအုပ်များကို ယွင်ဖေးအား ပေးခဲ့သည်။ သို့သော် သူကိုယ်တိုင်လည်း အစီအရင်များအကြောင်းကို အတန်ငယ်တော့ သိခဲ့ပေသည်။
အစီအရင်များကို အစီအရင်အုတ်မြစ်၊ အစီအရင်အရင်းအမြစ်နှင့် အစီအရင်ပုံစံဟူ၍ ခွဲခြားထားသည်။ ဆန်းကြယ်သော ပုံသဏ္ဌာန်များက အစီအရင်အုတ်မြစ်နှင့် အစီအရင်အရင်းအမြစ်ဖြစ်သည်။
အစီအရင်များ ဆင်ရာတွင် အစီအရင်အုတ်မြစ်အတွက် စည်းမျဉ်းများ ရှိကြောင်းကို ကျန်းရီ မှတ်မိသည်။ အစီအရင်အုတ်မြစ်များကို တစ်ခုပြီးမှ တစ်ခုချရပေမည်။ ထိုမှ အစီအရင်ထဲတွင် မည်သည့်ဆန့်ကျင်မှုမှ မရှိမည်ဖြစ်သည်။
‘ဆန်းကြယ်တဲ့ ပုံသဏ္ဌာန်တွေကို ဆင်တဲ့နေရာမှာလည်း စည်းမျဉ်းတွေ ရှိတာလား။ ပြဿနာက ဆန်းကြယ်တဲ့ ပုံသဏ္ဌာန်တွေက အများကြီး ရှိနေတာပဲ။ အဲ့ဒါတွေက ဘယ်လိုအစီအစဉ်၊ စည်းစနစ်နဲ့ တည်ရှိနေတယ်ဆိုတာကို ငါက ဘယ်လိုသိနိုင်မှာလဲ။ ငါ ထပ်ခါ ထပ်ခါ စမ်းသပ်နေရမှာလား။ ဘယ်နှစ်ကြိမ်လောက် စမ်းသပ်ရမှာလဲ။ တကယ်လို့ သွေးကြောမှတ်တစ်မှတ်အတွက် အကြိမ်သောင်းနဲ့ချီပြီး စမ်းသပ်ရမယ်ဆိုရင် ငါက အကြိမ်သောင်းနဲ့ချီပြီး အရှင်လတ်လတ် ပေါက်ကွဲခံနေရမယ်ဆိုတဲ့ သဘောလား’
ကျန်းရီသည် ဖြစ်နိုင်ခြေများကို တွေးတောရင်း ကြက်သီးမွေးညင်းများပင် ထသွားသည်။ သွေးကြောမှတ်တစ်မှတ်အတွက်ပင် အကြိမ်သောင်းချီ ပေါက်ကွဲခံရမည်ဆိုလျှင် သူ မဟာနတ်ဘုရားအတတ်ကို မကျင့်ကြံဘဲသာ နေလိုက်လိုပေသည်။
‘နည်းလမ်းတစ်ခုတော့ ရှိရမယ်။ အစီအရင်အတွက် စည်းစနစ်တစ်ခုတော့ ရှိမှာပါ။ ငါအဲ့စည်းစနစ်ကို ရှာရမယ်’
ကျန်းရီသည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ အလောင်းကြီ၏ သွေးကြောမှတ်များထဲရှိ ဆန်းကြယ်သော ပုံသဏ္ဌာန်များကို လေ့လာလိုက်၏။ သူသည် အစီအစဉ်တစ်ခု၊ စည်းစနစ်တစ်ခု၊ ဆန်းကြယ်မှုတစ်ခုကို ရှာလိုနေပေသည်။
တစ်ရက်၊ ငါးရက်... ဆယ်ရက်...
နောက်ဆုံးတွင် ကျန်းရီ၏ မျက်လုံးများ လင်းလက်လာ၏။ သူ ဆယ်ရက်ကြာ လေ့လာခဲ့ပြီးနောက် သွေးကြောမှတ်များထဲရှိ စည်းစနစ်တစ်ခုကို ရှာတွေ့သွားသည်။ အကယ်၍ သူ၏ခန့်မှန်းချက်သာ မှန်ခဲ့လျှင် ဆန်းကြယ်သော ပုံသဏ္ဌာန်များကို အစီအစဉ်ချနိုင်သွားပေလိမ့်မည်။
***