သခင်လေး ကူညီပေးမယ်
Vol. 125 Ch. 1737
တံခါးပွင့်သွား၏။ အမှန်ပင် လီရှန်းအာဖြစ်သည်။ သူမသည် ညိုမှိုင်းသော မျက်နှာထားနှင့် လျှောက်ဝင်လာပြီး ဦးညွှတ်လိုက်သည်။
“သခင်... တစ်ခုခု ဖြစ်လာပါပြီ”
ကျန်းရီက လေးနက်စွာ မေးလိုက်သည်။
“ဘာဖြစ်တာလဲ”
“သခင် စွမ်နီမျိုးနွယ်ရဲ့ မင်းသားကိစ္စကို မှတ်မိတယ်မဟုတ်လား”
လီရှန်းအာက သွက်လက်စွာ တင်ပြသည်။
“အရင်တစ်ခေါက်တုန်းက စွမ်နီရွှမ်က ကျွန်မရဲ့ ခန္ဓာကိုယ်ကို လိုချင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မ သူ့ကို မပေးခဲ့ပါဘူး။ သူက ကျွန်မကို အဓမ္မကြံဖို့ လုပ်ခဲ့လို့ ကျွန်မ သူ့စိတ်ဝိညာဉ်ထဲကို ဝိညာဉ်ကပ်ပါးကောင်တစ်ကောင် ပို့လိုက်ပြီး သူ့ကို သေလောက်အောင် နှိပ်စက်ခဲ့ပါတယ်။ သူက ကျွန်မကို ဒေါသအကြီးအကျယ်ထွက်ပြီး ပြန်သွားခဲ့တာပါ”
“အို့...”
ကျန်းရီသည် ထိုကိစ္စများ ဖြစ်ပျက်ခဲ့ကြောင်းကို မသိခဲ့ချေ။ သူ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“စွမ်နီမျိုးနွယ်က ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာလား”
“သူတို့က ပြင်ဆင်နေတာ မဟုတ်ပါဘူး”
လီရှန်းအာက ခါးသီးစွာ ရယ်၍ ပြန်ပြော၏။
“သူတို့က တပ်တွေ စေလွှတ်လိုက်ပါပြီ။ အဲ့တပ်တွေက တောင်ရာချီကို ဖြတ်ကျော်ခဲ့ပြီးပြီ။ မကြာခင် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ဆီ ရောက်ပါတော့မယ်”
“အဲ့ဒါက...”
ကျန်းရီ မျက်မှောင်ကြုတ်သွားသည်။ သူ၏ ကျင့်ကြံခြင်းက အရေးကြီးသည့် အခိုက်အတန့်တွင် ရောက်နေသည်။ သူ သွေးကြောမှတ်တစ်မှတ်ကိုသာ ကျင့်ကြံရသေးသည်။ ဆက်ကျင့်ကြံရန် နောက်ထပ် သွေးကြောမှတ်တစ်ရာ့ခုနစ်မှတ် ကျန်သေးသည်။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကိုသာ ဆုံးရှုံးလိုက်ရလျှင် သူ မည်သည့်နေရာတွင် သွားနေရမည်နည်း။
ကျန်းရီ အသိပြန်ကပ်လိုက်ပြီး လီရှန်းအာကို ကြည့်လိုက်သည်။
“တစ်ခုခုတော့ မှားနေတယ်။ ကြမ်းကြုတ်နဂါးမျိုးနွယ် ရှိနေသ၍ ဘယ်မျိုးနွယ်ကမှ မင်းတို့ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကို တိုက်ခိုက်ရဲမှာ မဟုတ်ဘူးလို့ မင်း ပြောခဲ့တယ် မဟုတ်လား”
“အဲ့ဒါက ပြဿနာပါ”
လီရှန်းအာသည် ခါးသီးသော မျက်နှာထားနှင့် ဆို၏။
“ကြမ်းကြုတ်နဂါးမျိုးနွယ်က ကျွန်မတို့ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်နဲ့ အတူတူပါပဲ။ သူတို့က အရှင်မချင်လင်းအပေါ်မှာပဲ သစ္စာရှိကြတာပါ။ အရှင်သုံးပါးက ကြမ်းကြုတ်နဂါးမျိုးနွယ်ကို ရှင်းပစ်ချင်နေတာ ကြာပါပြီ။ လွန်ခဲ့တဲ့ ဆယ့်လေးရက်လောက်တုန်းက ကြမ်းကြုတ်နဂါးမျိုးနွယ်ရဲ့ အရှင်အိုကြီး ကွယ်လွန်သွားခဲ့ပါတယ်။ အရှေ့ဒေသရဲ့ ဒုတိယအဆင့် ကော့ချန်မျိုးနွယ်၊ စတုတ္ထအဆင့် ကွေ့လုမျိုးနွယ်နဲ့ သတ္တမအဆင့် တောင်စပါးကြီးမျိုးနွယ်တို့က အင်အားပူးပေါင်းပြီး ကြမ်းကြုတ်နဂါးမျိုးနွယ်ကို တိုက်ခိုက်ခဲ့ကြပါတယ်။ တပ်သားသန်းချီ အသတ်ခံခဲ့ရပါတယ်၊ ဒဏ်ရာရတပ်သားတွေလည်း အများကြီးရှိခဲ့ပါတယ်။ အခု ကြမ်းကြုတ်နဂါးမျိုးနွယ်က နဂါးတောင်ကြားထဲကို ဆုတ်သွားပါတယ်။ သူတို့ အဲ့ကနေ ထွက်မလာရဲတော့ပါဘူး။ ကြမ်းကြုတ်နဂါးမျိုးနွယ်ပိုင်တဲ့ တောင်ရာကျော်ထဲမှာ သုံးတောင်ပဲ ကျန်ပါတော့တယ်။ ကျန်တဲ့တောင်တွေက သိမ်းပိုက်ခံလိုက်ရပါပြီ...”
“လခွမ်း...”
ကျန်းရီ၏ မျက်လုံးများ အေးစက်သွားသည်။ ကြမ်းကြုတ်နဂါးမျိုးနွယ်က အင်အားလျော့သွားပြီဖြစ်၍ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်တွင် ကျောထောက်နောက်ခံ မရှိတော့ပေ။ စွမ်နီမျိုးနွယ်က အနိုင်အကျင့်တတ်ဆုံး မျိုးနွယ်ဟု လီရှန်းအာက ပြောခဲ့သည်။ သူမက စွမ်နီမျိုးနွယ်၏ မင်းသားကို အပြစ်ပြုလိုက်ခြင်းဖြစ်ရာ သူတို့ လာရောက်မတိုက်ခိုက်မှသာ ထူးဆန်းနေမည်ဖြစ်သည်။
“မင်းတို့ မျိုးနွယ်က တောင့်ခံနိုင်မလား”
ကျန်းရီသည် လျင်မြန်စွာ တွေးတော၍ အလေးအနက် မေးလိုက်၏။
“ပြီးတော့... မင်းတို့မှာ အကူအညီတောင်းလို့ရနိုင်မဲ့ မဟာမိတ်မျိုးနွယ်တွေရှိလား”
“ကျွန်မတို့ တောင့်မခံနိုင်ပါဘူး”
လီရှန်းအာက ခေါင်းခါသည်။
“လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ကျွန်မတို့မျိုးနွယ်က ပြင်းပြင်းထန်ထန် ထိုးနှက်ခံခဲ့ရပါတယ်။ စွမ်းအားကြီး သိုင်းသမားတွေ အများကြီး သေခဲ့တယ်။ အခု မျိုးနွယ်မှာ အုပ်ချုပ်သူအဆင့် သိုင်းသမား နှစ်ယောက်ပဲ ကျန်ပါတော့တယ်။ ကျွန်မကလည်း အဆင့်မတက်နိုင်သေးဘူး၊ ဒါပေမဲ့ ကျွန်မ အဆင့်တက်နိုင်သွားရင်တောင် တောင့်ခံနိုင်ဦးမှာ မဟုတ်ပါဘူး။ စွမ်နီမျိုးနွယ်က တတိယအဆင့်မှာရှိပါတယ်။ ပြီးတော့ အကူအညီတောင်းဖို့ကလည်း... ဟားဟား.. အရှင်တစ်ပါးက အရှင်မချင်လင်းအပေါ် သစ္စာစောင့်သိတဲ့ မျိုးနွယ်တွေကို ရှင်းပစ်ဖို့ အမိန့်ပေးထားတာကို ဘယ်သူတွေက ကျွန်မတို့ကို ကူညီရဲမှာလဲ။ ကြမ်းကြုတ်နဂါးမျိုးနွယ်က အင်အားနည်းသွားပြီ။ တကယ်လို့ မျိုးနွယ်တစ်ခုခုက ဝင်ကူရင်လည်း အဲ့မျိုးနွယ်က တခြားမျိုးနွယ်တွေရဲ့ ဖိနှိပ်တာကို ခံရမှာပါ”
“ပြဿနာပဲ...”
ကျန်းရီ ခေါင်းကိုက်လာသည်။ သူသာ ကောင်းကင်မိစ္ဆာဘုံထဲသို့ ရောက်ခါစဆိုလျှင် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ ပျက်သုဉ်းခြင်း၊ မပျက်သုဉ်းခြင်းကို အရေးစိုက်မည် မဟုတ်ပေ။ သို့သော် ယခုတွင် သူက ကောင်းကင်ကြောင်ကတိုးမျိုးနွယ်တွင် နေထိုင်ကာ ကျင့်ကြံနေပြီဖြစ်သည်။ ထို့ပြင် သူ၏ တိုးတက်နှုန်းကလည်း အတော်ကောင်းနေသည်။ သို့ရာတွင် ဤနေရာက ဖျက်ဆီးခံရတော့ပေမည်။
ကျန်းရီသည် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကို မကူညီလိုပါ။ သူက လူသားတစ်ယောက် မဟုတ်ပါလား။ သူ အစွမ်းကုန်ထုတ်သုံးမည်ဆိုလျှင် သူကလူသားဖြစ်ကြောင်း ချက်ချင်းပေါ်သွားပေလိမ့်မည်။ သူသာ မိစ္ဆာမျိုးနွယ်၏ အရှင်သုံးပါး၏ လိုက်ဖမ်းမှုကို ခံရမည်ဆိုလျှင် ကောင်းကင်မိစ္ဆာဘုံထဲတွင် ဆက်နေနိုင်တော့မည် မဟုတ်ချေ။
ကျန်းရီ လီရှန်းအာကို စိုက်ကြည့်ကာ မေးလိုက်၏။
“မင်းတို့မှာ တခြားနည်းလမ်း မရှိတော့ဘူးလား။ မင်းတို့မျိုးနွယ် ပျက်သုဉ်းသွားမှာကို ရပ်ကြည့်နေရုံပဲ ရှိတော့တာလား”
“တခြားနည်း မရှိတော့ပါဘူး”
လီရှန်းအား နှုတ်ခမ်းကိုက်လိုက်သည်။
“ကျွန်မတို့ ထျန်းဖုန့်ဧကရာဇ်ဆီမှာ လက်အောက်ခံလိုက်ရင်တော့ ရမယ်။ လက်အောက်မခံရင်တော့ ကျွန်မတို့မျိုးနွယ်က ရှင်းပစ်ခံရမှာပဲ။ လက်အောက်ခံရမှာ... ဟွန်း... ကျွန်မတို့ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်က အမျိုးသမီးတွေ ဦးဆောင်တာ ဆိုပေမဲ့ အဲ့မျိုးနွယ်ကြီးတွေထက် သတ္တိပိုကောင်းတယ်။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်က သစ္စာရှိတယ်၊ အရှင်နှစ်ပါးကို အလုပ်အကြွေးပြုမှာ မဟုတ်ဘူး။ အရှင်မချင်လင်းက ကျွန်မတို့ကို အများကြီး ကူညီပေးခဲ့တယ်။ ကျွန်မတို့မျိုးနွယ်တစ်ခုလုံးက တခြားအရှင်တစ်ပါးဆီမှာ လက်အောက်ခံမဲ့အစား ပျက်သုဉ်းပဲခံလိုက်မယ်”
“အာ...”
ကျန်းရီသည် လီရှန်းအာ၏ ပြတ်သားနေသော မျက်နှာထားကို ကြည့်ရင်း ပထမဆုံးအကြိမ်အဖြစ် သူမအပေါ် အမြင်ပြောင်းလာ၏။ လူသားဖြစ်စေ၊ မိစ္ဆာဖြစ်စေ သတ္တိအတွက် လေးစားခံရရန် ထိုက်တန်ပေသည်။ သူမကဲ့သို့ အားနွဲ့သော မိန်းမပျိုတစ်ယောက်ဆိုလျှင် ပို၍ပင် လေးစားခံထိုက်သေးသည်။
ကျန်းရီသည် ထိုအကြောင်းများကို တွေးတောရင်း အခြားမိန်းမပျိုတစ်ယောက်ကို အမှတ်ရသွား၏။ မင်းသမီးချမ်ချမ်... သူမသည်လည်း မိစ္ဆာဖြစ်ပြီး အားနည်းသည်။ သို့သော် သူမသည် အပြင်ဘက်တွင် နူးညံ့သော်လည်း အတွင်း၌ မာကြောသည်။ သူမက အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ရှိကာ မာနကြီးပေသည်။
“အရှင်မချင်လင်း...”
လီရှန်းအာက အရှင်မချင်လင်း၏ အမည်ကို ပြောလိုက်ရာ ကျန်းရီ ထပ်မံ၍ ရင်ထဲထိသွားခဲ့သည်။ အရှင်မချင်လင်းက သူ့ကိုလည်း များစွာကူညီပေးခဲ့သည် မဟုတ်ပါလား။ ယခုတွင် သူမ၏ လက်အောက်ငယ်သားများက ပျက်သုဉ်းရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရရာ သူက အဘယ်သို့ ဝင်မကူညီဘဲ နေနိုင်ပါမည်နည်း။
သို့သော် ပြဿနာမှာ သူ မည်သို့ဝင်ကူရမည်ကို မသိခြင်းပင်။ အုပ်ချုပ်သူအဆင့် မိစ္ဆာအနည်းငယ်နှင့် ရင်ဆိုင်ရခြင်းက သူ့အတွက် ပြဿနာမရှိပေ။ သို့သော် သူက လူသားဖြစ်ကြောင်းတော့ ချက်ချင်း ပေါ်သွားပေလိမ့်မည်။ ထိုအခါ သူ ကောင်းကင်မိစ္ဆာဘုံထဲတွင် ဆက်နေနိုင်တော့မည် မဟုတ်ပေ။
‘ငါ ဝင်တိုက်ခိုက်လို့ မဖြစ်ဘူး။ မိစ္ဆာမျိုးနွယ်ရဲ့ အရှင်တွေသာ ငါ့ကို သတ်ချင်မယ်ဆိုရင် အရုပ်နဲ့ကစားသလို လွယ်နေမှာပဲ’
ကျန်းရီ စိတ်ဆုံးဖြတ်လိုက်၏။ လက်ရှိတွင် သူ လော၍မဖြစ်ပေ။ အကျိုးဆက်များက အလွန်ပြင်းထန်ပေသည်။ သူ ခေတ္တမျှ တွေးတောပြီးနောက် လီရှန်းအာကို ကြည့်လိုက်သည်။
“ငါတို့အကုန်လုံး ခဏလောက် ပုန်းနေမယ်ဆိုရင်ရော ဘယ်လိုလဲ”
“ပုန်းစရာနေရာ မရှိပါဘူး”
လီရှန်းအာက ဝမ်းနည်းနေသော်လည်း လှပစွာ ပြုံးလိုက်၏။ ထို့နောက် ဦးညွှတ်ကာ ဆက်ပြောသည်။
“ကျွန်မတို့မှာ တောင်တစ်တောင်ပဲ ရှိပါတယ်။ ကျွန်မတို့ရဲ့ မျိုးနွယ်ဝင်အကုန်လုံးကလည်း ဒီမှာပါ။ သခင်.. မြန်မြန် ထွက်သွားလိုက်ပါ။ ကျွန်မတို့ သေတဲ့အထိ တိုက်ခိုက်ပါမယ်။ သခင် အရှင်မချင်လင်းနဲ့ ပြန်တွေ့တဲ့အခါကျ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်က သူ့အပေါ် အမြဲသစ္စာရှိခဲ့တဲ့အကြောင်းကို ပြောပြလိုက်ပါ”
ထို့နောက် လီရှန်းအာ လှည့်ထွက်သွားသည်။ သူမ၏ ကျောက မားမတ်နေသည်။ သူမ၏ ခြေလှမ်းများကလည်း ခိုင်မာသည်။ သူမက မယုံနိုင်လောက်အောင် ပြတ်သားနေပေသည်။ ကြည့်ရသည်မှာ သေသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်ပြီးသွားပုံပင်။
“ဟူး...”
ကျန်းရီ သက်ပြင်းလေးကြီးတစ်ချက် ချလိုက်ပြီး လီရှန်းအာ၏ နောက်ကျောပြင်ကို ကြည့်လိုက်၏။ သူ့စိတ်က ရှုပ်ထွေးနေသည်။ မည်သို့လုပ်ရမည်ကို သူ မသိတော့ပေ။
ကျန်းရီသည် အလွန်ကောင်းမွန်သော ပုန်းအောင်းရာနေရာတစ်ခုကို ဆုံးရှုံးရတော့မည်ဖြစ်သည်။ ထို့ပြင် အရှင်မချင်လင်းအပေါ် သစ္စာရှိသည့် မျိုးနွယ်တစ်ခုက ရှင်းပစ်ခံရတော့မည်ကို သူ မကြည့်ရက်ပေ။ သူ ဤနေရာတွင် ဆက်နေလျှင် စိတ်မထိန်းနိုင်ဘဲ ဝင်ကူမိပေလိမ့်မည်။ နောက်ဆုံးတွင်မူ သူက မိစ္ဆာအရှင်သုံးပါး၏ လိုက်ဖမ်းမှုကို ခံရပေလိမ့်မည်။
ကျန်းရီ ဒွိဟဖြစ်နေ၏။ သူ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ဖြစ်နေသည်။ သူ့စိတ်ကလည်း ရှုပ်ထွေးနေသည်။ နှစ်နာရီကြာပြီးနောက် အပြင်ဘက်တွင် အော်သံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံက ကောင်းကင်ကြောင်ကတိုးတောင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။ ကျန်းရီက စံအိမ်၏ အကာအရံများကို ပြန်နှိုးမထားသဖြင့် ထိုအသံကို အလွန်ရှင်းလင်းစွာ ကြားလိုက်ရသည်။
“မင်းသမီး... မကောင်းတော့ဘူး။ စွမ်နီမျိုးနွယ်က တပ်သားတစ်သန်း ရောက်လာပြီ။ သူတို့ဘက်မှာ အုပ်ချုပ်သူအဆင့် သိုင်းသမား ဆယ်ယောက် ပါလာပါတယ်။ အခု သူတို့ မြူခိုးတောင်ကို ရောက်နေပါပြီ။ ကျွန်မတို့ရဲ့ မျိုးနွယ်ဝင်နှစ်သောင်းကျော်လောက် အသတ်ခံလိုက်ရပါပြီ။ စွမ်နီရွှမ်က ပြောလိုက်ပါတယ်.. ကျွန်မတို့ နေ့တစ်ဝက်အတွင်း အညံ့မခံဘူးဆိုရင် ကျွန်မတို့ ကောင်းကင်ကြောင်ကတိုးတောင်မှာ သွေးချောင်းစီးစေမယ်တဲ့”
ထိုတင်ပြသံ ပဲ့တင်ထပ်သွားသောအခါ ကောင်းကင်ကြောင်ကတိုးတောင်တစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ရှိ စွမ်းအားကြီး သိုင်းသမားအားလုံး ပျံထွက်လာကြသည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံနှင့် အာရုံခံကြည့်ပြီးနောက် ခေါင်းခါလိုက်၏။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ဝင် တစ်သိန်းသာ ပျံထွက်လာခြင်းဖြစ်ရာ အင်အားတစ်သန်းရှိသော စွမ်းနီမျိုးနွယ်၏ တပ်ကြီးကို မည်သို့ ခုခံနိုင်ပါမည်နည်း။
ဝှစ်...
လီရှန်းအာသည် အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက်ကို ခေါ်၍ ပျံထွက်လာ၏။ ထို့နောက် ပြတ်သားသော လေသံနှင့် အော်ပြောလိုက်သည်။
“ကျွန်မရဲ့ အမိန့်ကို ထုတ်ပြန်လိုက်။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ဝင်တွေက တိုက်ပွဲမှာပဲ အသေခံမယ်၊ ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ဘူး။ ကျွန်မတို့ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်က အရှင်မချင်လင်းအပေါ်မှာပဲ အမြဲသစ္စာစောင့်သိတယ်။ တခြားအရှင်ဆီမှာ လက်အောက်ခံမှာ မဟုတ်ဘူး။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ဝင်တွေအားလုံးပဲ မြူခိုးတောင်မှာ စုဝေးကြပါ။ ကျွန်မတို့ စွမ်နီမျိုးနွယ်နဲ့ သေတဲ့အထိ တိုက်ခိုက်ကြမယ်။ ကျွန်မတို့မျိုးနွယ် ပျက်သုဉ်းရမယ်ဆိုရင်တောင် တိုက်ခိုက်ရင်းပဲ အသေခံမယ်”
“တိုက်ခိုက်ရင်း အသေခံမယ်”
ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ဝင်များအားလုံး အော်ပြောလိုက်ကြသည်။ မျိုးနွယ်ဝင်အများစုမှာ အမျိုးသမီးများပင်။ သို့သော် သူမတို့၏ အော်သံများက အလွန်အားကောင်းပေသည်။ သူမတို့၏ သတ်ဖြတ်အရှိန်အဝါများကလည်း ကောင်းကင်အထိ ထိုးထွက်နေကြသည်။
ဝှစ်...ဝှစ်...
ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ စစ်တပ်သည် လျင်မြန်စွာ စုဝေး၍ တောင်ဘက်သို့ ဦးတည်ပျံသန်းသွား၏။ လီရှန်းအာသည် ပေရာကျော် ပျံသန်းပြီးနောက် အသံပို့လွှတ်မှုတစ်ခုကို ကြားလိုက်ရသဖြင့် တုန်ယင်သွားသည်။
“ပြန်လာခဲ့။ မင်းတို့ရဲ့ သေတွင်းဆီ မသွားနဲ့။ ဒီတစ်ခေါက် စွမ်နီမျိုးနွယ်ကို ခုခံနိုင်ဖို့ ဒီသခင်လေး ကူညီပေးမယ်”
***