ပမွှားလေးများ
Vol. 125 Ch. 1739
ကောင်းကင်ကြောင်ကတိုးမျိုးနွယ်က မကြီးပေ။ မျိုးနွယ်ဝင်စုစုပေါင်း ခြောက်သန်းကျော် ခုနစ်သန်းလောက်သာရှိသည်။ သူတို့ထဲမှ တစ်သန်းလောက်ကသာ ပုံစံပြောင်းလဲနိုင်သည်။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ ပုံစံပြောင်းလဲမှုက နှေးသည်။ မိစ္ဆာနတ်ဘုရားအဆင့်ကို ရောက်မှ ပုံစံစပြောင်းနိုင်သည်။ ယခုအခိုက်အတန့်တွင် ပုံစံပြောင်းလဲပြီးသော ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ဝင်များသည် ကောင်းကင်ကြောင်ကတိုးတောင်ဆီသို့ လျင်မြန်စွာ လာနေကြပေသည်။
လီရှန်းအာသည် သေသည်အထိ တိုက်ခိုက်ရန် အမိန့်ပေးထားပြီးဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်သည် သူတို့က သေတော့မည်ကို သိထားသော်လည်း လုံးဝမကြောက်ကြပေ။ ထိုအစား အလျင်အမြန်ပင် လာနေကြသည်။
စွမ်နီမျိုးနွယ်က အင်အားတစ်သန်းရှိသော စစ်တပ်ကို စေလွှတ်လိုက်သည်။ ထို့ကြောင့် သူတို့၏ အင်အားက အတူတူလောက်ပင်ဖြစ်သည်။ သို့သော် ပြဿနာမှာ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ဘက်တွင် မိစ္ဆာနတ်ဘုရားများစွာ ရှိနေခြင်းပင်။ ကျင့်ကြံခြင်းတွင် နတ်ဘုရားအဆင့်မှာပင် ရှိသေးသူက နတ်ဘုရားဘုရင်အဆင့်ရှိသူများကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။
ဝှစ်...ဝှစ်...ဝှစ်...
အချိန်က တရွေ့ရွေ့ကုန်ဆုံးလာသည်။ မကြာခင်မှာပင် နေ့တစ်ဝက် ကုန်ဆုံးသွားသည်။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ဝင်များစွာ စုဝေးပြီးနေပေပြီ။ သူတို့ ခုနစ်သိန်းကျော် ရှစ်သိန်းလောက် ရှိနေပြီဖြစ်သည်။ သို့သော် မင်းသမီးက ထွက်မလာသေးသဖြင့် သူတို့ နားမလည်နိုင်ဖြစ်နေကြသည်။ သူမက အဘယ်အရာကို လုပ်နေပါသနည်း။
“တင်ပြပါတယ်”
အဝေးမှနေ၍ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ဝင်တစ်ယောက် ပျံသန်းလာ၏။ သူမသည် အကြီးအကဲနှစ်ယောက်အရှေ့တွင် ဒူးထောက်ကာ အော်ပြောလိုက်သည်။
“အကြီးအကဲတို့... စွမ်နီရွှမ်က စစ်တပ်ကို ချီတက်ဖို့ အမိန့်ပေးလိုက်ပါပြီ။ အခု သူတို့ ကောင်းကင်ကြောင်ကတိုးတောင်ကို လာနေကြပါပြီ။ နာရီနှစ်ဆယ်အတွင်း ရောက်လာလောက်ပါတယ်”
“သိပြီ... ဆက်ထောက်လှမ်းနေပါ”
အကြီးအကဲတစ်ယောက်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ သူမသည် အခြားအကြီးအကဲကို ကြည့်လိုက်ပြီးနောက် နန်းတော်ဆီသို့ ပျံသန်းသွားလေသည်။ အချိန်များစွာ ကြာခဲ့ပြီဖြစ်သည်။ လီရှန်းအာက မည်သည်ကို လုပ်ဆောင်နေသနည်း။ စွမ်နီမျိုးနွယ် ရောက်လာသည်အထိ စောင့်ပြီးမှ တိုက်ခိုက်ရန် ကြံရွယ်ထားခြင်းလော။
အကြီးအကဲနှစ်ယောက်သည် လီရှန်းအာကို ထွက်ပြေးစေလိုခဲ့သည်။ သို့သော် လီရှန်းအာက ငြင်းခဲ့ပြီး ငယ်ရွယ်သော ထိပ်တန်းမျိုးနွယ်ဝင်များကိုသာ ထွက်ပြေးစေခဲ့သည်။ ထို့ကြောင့် အကြီးအကဲနှစ်ယောက်သည် လီရှန်းအာက ထွက်ပြေးမည် မဟုတ်ကြောင်း သိသည်။ သူမက သေချာပေါက် နန်းတော်ထဲတွင် ရှိနေပေလိမ့်မည်။
အကြီးအကဲသည် ကောင်းကင်စိတ်အာရုံကိုသုံး၍ နန်းတော်ကို အာရုံခံလိုက်၏။ သို့သော် လီရှန်းအာကို ရှာမတွေ့ပေ။ နောက်ဆုံးမှ ကျန်းရီ နေနေသော စံအိမ်ကို အာရုံခံလိုက်သည်။ ထိုစံအိမ်၏ အကာအရံများကို နှိုးထားသည်။ လီရှန်းအာက ထိုစံအိမ်ထဲတွင် ရှိနေပုံပင်။
“အခုက ဘယ်အချိန်ရှိနေပြီလဲ။ သူက အဲ့ကျိုးလီမျိုးနွယ်ဝင်နဲ့ ရှိနေတုန်းလား။ မင်းသမီးက အဲ့ကျိုးလီမျိုးနွယ်ဝင်ကို သုံးပြီး အုပ်ချုပ်သူအဆင့်ကို တက်ချင်နေတာလား။ ဒါပေမဲ့... သူ အဆင့်တက်သွားရင်ရော ဘာများ ပိုထူးသွားမှာမို့လို့လဲ”
အကြီးအကဲက ခေါင်းခါလိုက်၏။ သူမ ပျံသန်းသွားပြီး စံအိမ်၏အကာအရံများကို လက်ဝါးဖြင့် ရိုက်လိုက်သည်။ ချက်ချင်းပင် စံအိမ်ထဲမှနေ၍ အသံတစ်သံ ထွက်ပေါ်လာသည်။
“ဘာလဲ”
အကြီးအကဲသည် ကောင်းကင်စိတ်အာရုံနှင့် အာရုံမခံရဲဘဲ လေးလေးစားစားသာ ပြောလိုက်သည်။
“မင်းသမီး... စွမ်နီရွှမ်က စစ်တပ်တစ်ခုလုံးကို ချီတက်လာဖို့ အမိန့်ပေးလိုက်ပါပြီ။ သူတို့ ကောင်းကင်ကြောင်ကတိုးတောင်ကို နာရီနှစ်ဆယ်အတွင်း ရောက်လာပါလိမ့်မယ်”
“သိပြီ... သူတို့ တောင်နဲ့ နီးကပ်လာရင် လာပြောပါ”
လီရှန်းအာ၏အသံ ထပ်မံထွက်ပေါ်လာပြီးနောက် အကာအရံများ ပြန်ပေါ်လာသည်။ အုပ်ချုပ်သူအဆင့် အကြီအကဲသည် ရင်ထဲတွင် မေးခွန်းများစွာနှင့် ပြန်လှည့်သွားရလေသည်။
“တင်ပြပါတယ်... စွမ်နီစစ်တပ်က ဒူးလေးတောင်ထွတ်ကို ဖြတ်ကျော်လာပါပြီ”
“တင်ပြပါတယ်... စစ်တပ်က မြစ်ဖြူမြစ်ကို ရောက်နေပါပြီ”
“တင်ပြပါတယ်... စစ်တပ်က တောအုပ်ကို ဖြတ်လာပါပြီ။ သူတို့ ဒီကို နှစ်နာရီအတွင်း ရောက်လာပါလိမ့်မယ်”
“တင်ပြပါတယ်...”
အချိန်ကြာလာသည်နှင့်အမျှ တင်ပြသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။ ကောင်းကင်ကြောင်ကတိုးစစ်တပ်၏ ရင်ထဲတွင်လည်း လေးလံ၍လာသည်။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ဝင်များသည် အသေခံရန် ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း သက်ရှိမှန်သ၍ သေရမည်ကို အနည်းနှင့်အများဆိုသလို ကြောက်ကြသည်သာ။ မည်သူကမှ မသေလိုပါ။ မည်မျှပင် စိတ်ပိုင်းဖြတ်ထားပါစေ သေခြင်းတရာနှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရတော့မည့်အချိန်တွင် ကြောက်ရွံ့လာတတ်သည်မှာ ဓမ္မတာပင်။
“တင်ပြပါတယ်...”
နောက်ထပ်တင်ပြသံတစ်သံ ထွက်ပေါ်လာသောအခါ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ဝင်များ ရင်ထဲတင်းကြပ်သွားသည်။
“စွမ်နီစစ်တပ်က အရိုးတောင်ထွတ်ကို ရောက်နေပါပြီ။ သူတို့ ကောင်းကင်ကြောင်ကတိုးတောင်နဲ့ မိုင်သုံးရာပဲ ဝေးပါတော့တယ်”
“နောက်ဆုံးတော့ ရောက်လာပြီလား”
စွမ်နီစစ်တပ်သည် မိုင်တစ်ရာ့ငါးဆယ်ကို ငါးမိနစ်အတွင်း ချီတက်နိုင်ပေသည်။ အကြီးအကဲသည် ကျန်းရီ၏ စံအိမ်ဆီသို့ ပြန်သွားလိုက်ပြီး အကာအရံကို လက်ဝါးဖြင့် ရိုက်လိုက်သည်။
ရွှီး...
စံအိမ်၏ အကာအရံများ လင်းလက်လာသည်။ ဤတစ်ခေါက်တွင် မည်သည့်အသံမှ ထွက်ပေါ်မလာပေ။ ခေတ္တမျှကြာပြီးနောက် လီရှန်းအာက အရင်ဆုံး ထွက်လာသည်။ သူမသည် ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားဆဲပင်။ သူမ၏မျက်နှာကလည်း နီမြန်းနေသည်။ မျက်ဝန်းများက ရွှန်းစိုနေသည်။ သူမ၏ပုံစံမှာ အလွန်ဆွဲဆောင်မှုရှိနေပေသည်။ အကြီးအကဲပင် ရင်ခုန်မိသွားသည်။ လီရှန်းအာက အပျိုစင်မဟုတ်တော့ကြောင်း ထင်ရှားပေသည်။
ရှပ်...ရှပ်...ရှပ်...
အရပ်မြင့်မြင့် ထွားထွားကြိုင်းကြိုင်း လူတစ်ယောက် လျှောက်ထွက်လာ၏။ ကျန်းရီသည် အကြီးအကဲကို တစ်ချက်ကြည့်ကာ မည်သို့မှမပြောဘဲ လီရှန်းအာ၏ ဘေးတွင် ရပ်နေလိုက်သည်။
လီရှန်းအာက အကြီးအကဲကို ကြည့်၍ လေးနက်သော မျက်နှာထားနှင့် ပြောလိုက်သည်။
“စွမ်နီစစ်တပ်က ဘယ်နားကို ရောက်နေပြီလဲ”
အကြီးအကဲက တင်ပြသည်။
“သူတို့ အရိုးတောင်ထွတ်ကို ရောက်နေပါပြီ”
လီရှန်းအာ မျက်နှာမည်းမှောင်သွားပြီး ကျန်းရီကိုကြည့်၍ နူးညံ့စွာ ပြောလိုက်သည်။
“ကျိုးလန်... အခု ကျွန်မတို့ တိုက်ခိုက်ကြတော့မလား”
“သွားကြစို့”
ကျန်းရီက အေးစက်စက် ခေါင်းညိတ်လိုက်၏။ အကြီးအကဲမှာ အတန်ငယ် အံ့အားသင့်သွားသည်။ ကျန်းရီက လီရှန်းအာ၏ ကိုယ်လုပ်တော်ဖြစ်သည်။ ဆိုရလျှင် အသုံးတော်ခံ အရုပ်တစ်ရုပ်သာ။ သို့သော် အဘယ်ကြောင့် ယခုတွင် ပြောင်းပြန်ဖြစ်နေသည်ဟု ထင်ရနေသနည်း။ လီရှန်းအာက ကျန်းရီကို နူးညံ့စွာ ပြောနေပြီး ကျန်းရီက အေးစက်စွာ ပြောနေသည်လော။
“သွားကြစို့...”
လီရှန်းအာနှင့် ကျန်းရီတို့က ကောင်းကင်ထက်သို့ ပျံတက်သွား၍ အကြီးအကဲက နောက်မှ လျင်မြန်စွာ လိုက်သွားလိုက်ရသည်။ သူတို့ အပြင်သို့ ရောက်သောအခါ ကောင်းကင်ကြောင်ကတိုးစစ်တပ်သည် သတိအနေအထား ရပ်လိုက်ကြ၏။
လီရှန်းအာသည် စစ်တပ်၏ စိတ်ဓာတ်ကို မြှင့်တင်ပေးရန် စစ်ချီမိန့်ခွန်းကဲ့သို့ တစ်ခုခု ပြောရန် ဟန်ပြင်လိုက်စဉ်တွင် ကျန်းရီက ရုတ်တရက် အသံပို့လွှတ်လိုက်သည်။
“သူတို့ကို မလှုပ်ဖို့ ပြောလိုက်ပါ။ မင်းနဲ့ အကြီးအကဲနှစ်ယောက်ပဲ ငါ့နောက်က လိုက်ခဲ့”
“ကျွန်မတို့လေးယောက်ပဲလား”
လီရှန်းအာ၏ လှပသော မျက်ဝန်းလေးများ ကျဉ်းမြောင်းသွား၏။ စွမ်နီစစ်တပ်တွင် အုပ်ချုပ်သူအဆင့် သိုင်းသမား ဆယ်ယောက်ရှိပေသည်။ ကျန်းရီက အလွန်သန်မာပုံပေါ်သော်လည်း အုပ်ချုပ်သူအဆင့်တွင်သာ ရှိသေးသည်။ ထို့ပြင် သူ၏ တိုက်ခိုက်စွမ်းအားကလည်း ဧကရာဇ်တစ်ပိုင်းအဆင့်သို့ပင် ရောက်နေပုံ မပေါ်ပါ။ မဟုတ်လျှင် သူမက သူ့စိတ်ဝိညာဉ်ထဲ အဘယ်သို့ ဝိညာဉ်ကပ်ပါးကောင် အလွယ်တကူ ထည့်နိုင်လိုက်ပါမည်နည်း။
“မင်းက ဘာအပိုစကားတွေ ပြောနေတာလဲ။ မြန်မြန်...”
ကျန်းရီသည် လီရှန်းအာက မလှုပ်ကြောင်း တွေ့လိုက်သောအခါ မည်းမှောင်သော မျက်နှာထားနှင့် အသံပို့လွှတ်လိုက်၏။ လီရှန်းအာသည် ကျန်းရီ၏ အမိန့်ကို မနာခံဘဲ မနေဝံ့သဖြင့် အော်ပြောလိုက်ရတော့သည်။
“အကြီးအကဲနှစ်ယောက်က ကျွန်မနဲ့အတူ လိုက်ခဲ့ပါ။ ကျန်တဲ့သူတွေက ကောင်းကင်ကြောင်ကတိုးတောင်ကို သေတဲ့အထိ ကာကွယ်ကြပါ။ အဲ့ဒါက... အမိန့်ပဲ”
လီရှန်းအာ၏ အမိန့်ကြောင့် ကောင်းကင်ကြောင်ကတိုးစစ်တပ်ထဲတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ လီရှန်းအာသည် အမိန့်ပေးပြီးနောက် ကျန်းရီကို ခေါ်ကာ တောင်ဘက်သို့ ပျံသန်းသွားပေသည်။ ထို့ကြောင့် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ဝင်များသည် အူကြောင်ကြောင်နှင့်သာ ကျန်ခဲ့ရလေသည်။
အကြီးအကဲနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်စွာ ကြည့်လိုက်ကြ၏။ လီရှန်းအာက အဘယ်ကို ကြံနေကြောင်း သူမတို့ မသိပေ။ သူမတို့နှစ်ယောက် အံကြိတ်ကာ အော်ပြောလိုက်သည်။
“မင်းသမီးရဲ့ အမိန့်တွေကို နာခံကြ”
ဝှစ်...
အုပ်ချုပ်သူအဆင့် အကြီးအကဲနှစ်ယောက်သည် လျင်မြန်စွာ ပျံသန်းကာ လီရှန်းအာနှင့် ကျန်းရီတို့ကို အမီလိုက်သွားလိုက်သည်။ သူမတို့သည် မေးခွန်းအနည်းငယ် မေးလိုနေကြသော်လည်း လီရှန်းအာက သူမတို့ကိုကြည့်ကာ ပြောလိုက်သည်။
“မေးခွန်းတွေအများကြီး မမေးပါနဲ့။ ခဏနေရင် အကြီးအကဲတို့ သိရပါလိမ့်မယ်”
အကြီးအကဲနှစ်ယောက်သည် လီရှန်းအာကို မသင်္ကာဟန်နှင့် အာရုံခံကြည့်လိုက်ကြ၏။ သို့သော် မူမမှန်မှုကို ရှာမတွေ့ပေ။ ထို့နောက် သူမတို့ ကျန်းရီကို ဆက်၍ အာရုံခံကြသည်။ ကျန်းရီတွင်လည်း မူမမှန်သည့်အရာ ရှိမနေပါ။
လီရှန်းအာက အုပ်ချုပ်သူအဆင့်သို့ မရောက်သေးသလို ကျန်းရီ၏ အဆင့်မှာလည်း ယခင်ကအတိုင်းပင်။ သို့သော် သူ၏ မိစ္ဆာအရှိန်အဝါကတော့ ပိုသိပ်သည်းလာပုံပေါ်ပေသည်။
ဝှစ်...
လေးယောက်သား လျင်မြန်စွာ ပျံသန်းနေကြသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သူတို့ မိုင်တစ်ရာကျော် ပျံသန်းပြီးသွားသည်။ သူတို့အရှေ့တွင် စွမ်နီမျိုးနွယ်မှ ထောက်လှမ်းရေးများ စတင် ထွက်ပေါ်လာသည်။ ကျန်းရီသည် ဝေ့ဝဲကြည့်လိုက်ပြီးနောက် ညာဘက်ရှိ တောင်ထွတ်တစ်ခုဆီသို့ ရုတ်တရက် ပျံသန်းသွားလိုက်သည်။ လီရှန်းအာသည် မေးခွန်းများ မေးမနေဘဲ နောက်မှ လျင်မြန်စွာ လိုက်သွားသည်။
ထိုတောင်ထွတ်က ကျောက်သားတောင်ကတုံးတစ်ခုပင်။ ကျန်းရီသည် ကျောက်တောင်ထွတ်ပေါ်တွင် ရပ်ကာ အေးစက်စက်လေသံနှင့် ပြောလိုက်သည်။
“ဒီမှာ စောင့်နေပါ”
“အန်...”
အုပ်ချုပ်သူအဆင့် အကြီးအကဲနှစ်ယောက်၏ မျက်နှာများ မည်းမှောင်သွား၏။ ကျန်းရီက သူ့ကိုယ်သူ မည်သူထင်နေသနည်း။ သူက လီရှန်းအာနှင့် သူမတို့ကိုပင် အမိန့်ပေးဝံ့သည်လော။ သူမတို့နှစ်ယောက်က ကျန်းရီကို ကြိမ်းမောင်းရန် ဟန်ပြင်လိုက်ချိန်တွင် ကျန်းရီ၏ အကြည့်က သူမတို့ပေါ်သို့ ဓားတစ်ချောင်းအလား စူးရှစွာ ကျရောက်လာသည်။ သူ၏ မျက်ဝန်းများက အေးစက်ကာ သတ်ဖြတ်အရှိန်အဝါများ ပြည့်နှက်နေသည်။ အုပ်ချုပ်သူအဆင့် အကြီးအကဲနှစ်ယောက် ရင်တုန်သွားပေသည်။ အချိန်တစ်ခုအထိ သူမတို့ အသံမထွက်ဝံ့တော့ပေ။
“ဆင်းသွားလိုက်ကြပါ၊ မဆင်မခြင် မလုပ်ပါနဲ့”
လီရှန်းအာသည် တောင်ထွတ်ပေါ် ဆင်းသက်လိုက်ပြီး ကျန်းရီဘေးတွင် တိတ်တဆိတ် ရပ်လိုက်၏။ အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက်သည် ဒေါသူပုန်ထလိုနေသော်လည်း လီရှန်းအာက အမိန့်ပေးလိုက်ပြီဖြစ်၍ မည်သို့မှ မပြောတော့ဘဲ မည်းမှောင်သော မျက်နှာထားနှင့် တောင်ထွတ်ပေါ်တွင် ရပ်နေလိုက်ကြသည်။
ဝှစ်...ဝှစ်...ဝှစ်...
မကြာခင်တွင် စွမ်နီမျိုးနွယ်စစ်တပ်၏ ရှေ့တန်း ရောက်ရှိလာသည်။ ရှေ့တန်းတွင် တပ်သားသုံးသောင်းလောက်ပါသည်။ ထောက်လှမ်းရေးများက လီရှန်းအာ၊ ကျန်းရီနှင့် အကြီးအကဲနှစ်ယောက်ကို ထောက်လှမ်းထားပြီးဖြစ်သည်။ ရှေ့တန်းသည် ရောက်လာသည်နှင့် ကျန်းရီတို့ကို ဝိုင်းထားလိုက်ပေသည်။
အကြီးအကဲနှစ်ယောက်သည် စိတ်လှုပ်ရှားသွားပြီး သူမတို့ စတင်တိုက်ခိုက်သင့်ကြောင်း လီရှန်းအာထံ အသံပို့လွှတ်လိုက်သည်။ ရှေ့တန်းထဲတွင် အုပ်ချုပ်သူအဆင့် သိုင်းသမားများ မပါပေ။ သို့ဖြစ်ရာ သူမတို့က ထိုတပ်သားများကို အလွယ်တကူ သတ်နိုင်သည်။ လီရှန်းအာက ကျန်းရီကိုကြည့်ကာ မေးလိုက်သည်။
“ကျိုးလန်... ကျွန်မတို့ တိုက်ခိုက်သင့်လား”
“ဘာကို တိုက်ခိုက်မှာလဲ”
ကျန်းရီက ခပ်ရေးရေးပြုံးကာ ပြန်ပြောသည်။
“အရင်ဆုံး သူတို့ရဲ့ခေါင်းဆောင် ရောက်လာတဲ့အထိ စောင့်ကြတာပေါ့။ ဒီပမွှားလေးတွေကိုသတ်လို့ ဘာအကျိုးရှိမှာလဲ”
“ပမွှားလေးတွေတဲ့လား”
အကြီးအကဲနှစ်ယောက် မျက်လုံးပင့်လိုက်ကြ၏။ ထိုတပ်သားများထဲတွင် အုပ်ချုပ်သူအဆင့် သိုင်းသမားများ မပါလျှင်ပင် သူတို့၏ တိုက်ခိုက်စွမ်းအားအရ သူမတို့ပင် သူတို့ကိုသတ်ရန် အချိန်အတော်ကြာအောင် အစွမ်းကုန် တိုက်ခိုက်ရမည်ဖြစ်သည်။ သို့သော် ကျန်းရီက သူတို့ကို အရေးပင်မစိုက်သည်လော။
***