သေသည်အထိ တိုက်ခိုက်မည်
Vol. 125 Ch. 1740
ဝှစ်...ဝှစ်...ဝှစ်...
စစ်တပ်က ကြီး၍ ကြီး၍လာပြီး တောင်ကို ငါးကီလိုမီတာ အဝန်းအဝိုင်းအတွင်းမှနေ၍ ဝန်းရံထား၏။ စွမ်နီမျိုးနွယ်ဝင်များအားလုံးက ပုံစံပြောင်းထားပြီးကြပေပြီ။ သို့သော် သူတို့တွင် ထင်ရှားသော ဝိသေသလက္ခဏာတစ်ခု ရှိသည်။ မျက်လုံးနှစ်လုံးကြားတွင် အက်ကြောင်းလေးတစ်ကြောင်း ရှိပေသည်။ ၎င်းက တတိယမျက်လုံး ဖြစ်နိုင်သည်။ ကောင်းကင်မျက်လုံးဟုလည်း ခေါ်သည်။ ကောင်းကင်မျက်လုံးက လျှပ်စီးကို ပစ်လွှတ်နိုင်၏။ အကယ်၍ တပ်သားအားလုံးသာ တစ်ပြိုင်တည်း လျှပ်စီးတန်းများ ပစ်လွှတ်လိုက်မည်ဆိုလျှင် ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။
အကြီးအကဲနှစ်ယောက်သည် စွမ်နီမျိုးနွယ်ဝင်များ ပိုများလာသည်ကို တွေ့သောအခါ ပို၍မျက်နှာပျက်လာကြ၏။ လီရှန်းအာသည်လည်း မတည်ငြိမ်နိုင်တော့ဘဲ အသက်ရှူမြန်လာသည်။ သို့သော် သူမ၏ မျက်လုံးထောင့်စွန်းမှနေ၍ ကျန်းရီက မိစ္ဆာနတ်ဘုရားတစ်ပါးလို ရပ်နေသည်ကို တွေ့ရပေသည်။ သူက တောင်တစ်လုံးကဲ့သို့ ခိုင်မာပြီး သူ့အရှိန်အဝါက လေးလံသည်။ ထို့ကြောင့် သူမ စိတ်သက်သာရာရလာပေသည်။
ဝှစ်...
အဝေးမှနေ၍ ထည်ဝါသော စစ်ရထာလုံးတစ်စင်း ပျံသန်းလာ၏။ ၎င်းအနောက်တွင် စွမ်နီမျိုးနွယ်ဝင်များ အတန်းလိုက် အတန်းလိုက် ပါလာသည်။ အရှေ့မှ စစ်တပ်သည် စစ်ရထားလုံး ချဉ်းကပ်လာသောအခါ လမ်းဖွင့်ပေးလိုက်ကြလေသည်။
“သူက စွမ်နီမျိုးနွယ်ရဲ့ မင်းသားလား”
ကျန်းရီသည် စစ်ရထားလုံးပေါ်တွင် ထိုင်နေသည့် လူငယ်ကို လှမ်းကြည့်လိုက်၏။ ထိုလူငယ်က အဖြူရောင် မြေခွေးသားမွေးဝတ်ရုံကို ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက်ကို ဖက်ထားပေသည်။ သူ၏ စွမ်းရည်များမှာ မဆိုးပေ။ သူက အုပ်ချုပ်သူအဆင့် ဖြစ်သည်။ သို့သော် ထိုအဆင့်သို့ ရောက်သည်မှာ မကြာလောက်သေးပါ။
“ဟုတ်ပါတယ်... သူက စွမ်နီရွှမ်ပါ”
လီရှန်းအာ၏ မျက်ဝန်းများထဲတွင် ရွံ့ရှာသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူမ ဆက်၍ အသံပို့လွှတ်သည်။
“သူက စွမ်နီမျိုးနွယ်ရဲ့ မင်းသားပါ၊ နောက်တက်မဲ့ စွမ်နီဘုရင်ပေါ့”
ကျန်းရီ ခေါင်းညိတ်လိုက်ပြီး စစ်ရထားလုံးဘေးရှိ စွမ်နီမျိုးနွယ် အကြီးအကဲများကို ကြည့်လိုက်သည်။ ထိုအကြီးအကဲဆယ်ယောက်မှာ အမှန်ပင် အုပ်ချုပ်သူအဆင့် သိုင်းသမားများ ဖြစ်ကြသည်။ ဘယ်ဘက်ရှိ နှစ်ယောက်၏ အရှိန်အဝါက အသိပ်သည်းဆုံးဖြစ်သည်။ သူတို့က ကောင်းကင်ဘုရင်လုံ၏ အဆင့်တွင် ရှိရပေမည်။
“အရမ်းကောင်းတယ်”
ကျန်းရီ စိတ်တည်ငြိမ်သွားသည်။ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများ မရှိသ၍ သူ ကြောက်ရန်လိုမည် မဟုတ်ပါ။ သူ လီရှန်းအာကို ကြည့်၍ မေးလိုက်သည်။
“ခဏနေရင် ငါ စွမ်နီရွှမ်နဲ့ အကြီးအကဲဆယ်ယောက်ကို တိုက်ခိုက်မယ်။ မင်း ကိုယ့်ဘာသာ ကာကွယ်နိုင်မယ်လို့ ယုံကြည်ချက်ရှိလား”
“အာ...”
လီရှန်းအာ တုန်ယင်သွားပြီး ခပ်သွက်သွက် ပြန်ပြောသည်။
“ကျွန်မတို့က သာမန်တပ်သားတွေကို ကိုင်တွယ်နိုင်ပါတယ်။ ဒါပေမဲ့... သခင် အဲ့ဆယ့်တစ်ယောက်ကို ယှဉ်နိုင်ပါ့မလား”
ကျန်းရီ ခပ်သဲ့သဲ့ ပြုံးလိုက်သည်။ သို့သော် မည်သို့မှတော့ ပြန်မပြောတော့ပေ။ ထိုစဉ် စွမ်နီရွှမ်က အော်ပြောလာ၏။
“လီရှန်းအာ... မင်းက ဒီကို တစ်ယောက်တည်း ရောက်လာတာ အညံ့ခံဖို့လား။ ဟီးဟီး... ကြည့်ရတာ မင်း တွေးပြီးသွားပြီထင်တယ်။ မင်း ငါ့နောက်ကိုလိုက်မယ်ဆိုရင် မင်းရဲ့ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်က အရှေ့ဒေသမှာ ကြိုက်တာလုပ်နိုင်လိမ့်မယ်”
“ဟွန်း...”
လီရှန်းအာသည် အေးစက်စက် နှာမှုတ်၍ စွမ်နီရွှမ်ကို လျစ်လျူရှုလိုက်ပြီး ကျန်းရီကို လှည့်ကြည့်လိုက်၏။ သူမက ကျန်းရီနောက်သို့ လိုက်ရန် ဆုံးဖြတ်ထားသကဲ့သို့ပင်။
စွမ်နီရွှမ်က ကျန်းရီကို လှမ်းကြည့်၍ မျက်ခုံးပင့်လိုက်၏။
“မင်းက ဘယ်သူလဲ။ ဒါက ငါတို့ စွမ်နီမျိုးနွယ်နဲ့ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကြားက ရန်ငြိုးပဲ။ မင်း မသေချင်ရင် ချက်ချင်းထွက်သွားလိုက်”
“ဟင်းဟင်း...”
ရုတ်တရက် ကျန်းရီက လီရှန်းအာ၏ သူ၏ရင်ခွင်ထဲ ဆွဲသွင်းလိုက်၏။ ထို့နောက် ပြုံးကာ ပြန်ပြောလိုက်သည်။
“ငါက သူ့ယောက်ျားပဲ။ ဒီတော့ ငါကလည်း ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကပဲလို့ ပြောနိုင်ပါတယ်။ မင်းက ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကို တိုက်ခိုက်ချင်တော့ ငါ့ကိစ္စဖြစ်လာရတော့ပေါ့။ ငါက ပြဿနာမရှာချင်ပါဘူး။ မင်း အခုထွက်သွားမယ်ဆိုရင် ငါ မင်းတို့အသက်တွေကို ချမ်းသာပေးမယ်”
စွမ်နီရွှမ်သာမက ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ အကြီးအကဲနှစ်ယောက်လည်း မျက်နှာပျက်သွားကြ၏။ ကျန်းရီက ထိုပုံစံနှင့် ပြောဝံ့သည်လော။ အရေးအကြီးဆုံးမှာ လီရှန်းအာက ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ ပြုမူနေသေးခြင်းဖြစ်သည်။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်တွင် ဧကရာဇ်အသစ်တစ်ပါး ရှိလာတော့မည်လော။
“မင်းက သေချင်နေတာလား”
စွမ်နီရွှမ် ဒေါသထွက်သွားသည်။ သူ စစ်ရထားလုံးကို လက်ဖြင့်ရိုက်၍ အရှေ့သို့ ပျံထွက်ကာ ဒေါသတကြီး အော်ပြောလိုက်သည်။
“တိုက်ကြ... သူတို့ အကုန်လုံးကို သတ်”
ဝှစ်...
ကျန်းရီသည် စွမ်နီမျိုးနွယ်က စတိုက်ခိုက်မည်ကိုပင် မစောင့်ဘဲ အရင်ဆုံး လှုပ်ရှားလိုက်သည်။ သူ၏လက်စွပ်က လင်းလက်လာပြီး အလောင်းကြီး ထွက်ပေါ်လာသည်။ သူ ပျံသန်းသွားပြီး အလောင်းကြီ၏ ပခုံးပေါ်တွင် ရပ်လိုက်သည်။
ထို့နောက် ကျန်းရီ၏လက်ထဲ၌ ဗျပ်စောင်းတစ်လက် ထွက်ပေါ်လာ၏။ ဗျပ်စောင်းသံ ထွက်ပေါ်လာသောအခါ မိစ္ဆာအားလုံး၏ စိတ်ဝိညာဉ်ကို တုန်ယင်သွားစေသည်။ သိန်းချီသော တပ်သားများက သူတို့၏ ဦးခေါင်းများကို ဆုပ်ကိုင်၍ လေထဲတွင် လူးလွန့်ကုန်ကြ၏။ လီရှန်းအာသည်လည်း သူမ၏ဦးခေါင်းကို နာကျင်စွာ ဆုပ်ကိုင်လိုက်ပြီး ကျောက်တောင်ထွတ်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်၏။ သူမက ထိုဗျပ်စောင်းသံကို မခံနိုင်ကြောင်း ထင်ရှားပေသည်။ အုပ်ချုပ်သူအဆင့် အကြီးအကဲနှစ်ယောက်မှာလည်း အတန်ငယ် တောင့်ခံနိုင်သော်ငြား မလှုပ်နိုင်ကြတော့ပေ။
“အန်...”
ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို သုံး၍ အာရုံခံလိုက်ပြီးနောက် သက်ပြင်းသဲ့သဲ့ချလိုက်၏။ ထိုအကြီးအကဲနှစ်ယောက်ကို ခေါ်လာလျှင် အကူအညီတစ်ခု ရလိမ့်မည်ဟု ထင်ခဲ့၍ ခေါ်လာခဲ့ခြင်းပင်။ သို့သော် သူမတို့က သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာပေပြီ။ သူ ဗျပ်စောင်းကို သိမ်းလိုက်ပြီး အလောင်းကြီးထဲသို့ မိုးမြေစွမ်းအား ထည့်သွင်းလိုက်သည်။ ထိုအခါ အလောင်းကြီးက အရှေ့သို့ လျင်မြန်စွာ ပျံသန်းသွားလေသည်။
ကျန်းရီ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ဆက်မသုံးတော့ခြင်းတွင် အခြားအကြောင်းတစ်ခုလည်း ရှိသည်။ စွမ်နီမျိုးနွယ်၏ စိတ်ဝိညာဉ်က အလွန်သန်မာသည်။ စွမ်နီရွှမ်နှင့် အကြီးအကဲဆယ်ယောက်တို့၏ မျက်နှာများက ရှုံ့မဲ့နေကြသော်လည်း သူတို့က ဗျပ်စောင်းသံကို တောင့်ခံနိုင်ကြောင်း သိသာသည်။ နတ်ဘုရားအသံ ကောင်းကင်အတတ်က သူတို့အပေါ် များစွာမသက်ရောက်နိုင်ပေ။
သို့ဖြစ်ရာ ကျန်းရီသည် သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်၍ သေသည်အထိ တိုက်ခိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။ သူ့ဘယ်ဘက်လက်ဝါးပြင်ရှိ သွေးကြောမှတ်ကို ကျင့်ကြံပြီးပြီဖြစ်သည်။ ထို့ကြောင့် သူ အလွန်ယုံကြည်မှုရှိနေသည်။ သို့တစေ စွမ်နီမျိုးနွယ်က စိတ်ဝိညာဉ်တိုက်ခိုက်မှုများ သုံးလျှင် ကာကွယ်နိုင်ရန် ကောင်းကင်ဝါးမျိုသားရဲကို သူ့စိတ်ဝိညာဉ်ထဲသို့ ပို့ထားလိုက်သေးသည်။ သူ့စိတ်ဝိညာဉ်က အဆင်ပြေနေသေးသ၍ ရုပ်ခန္ဓာ တိုက်ခိုက်မှုများက သူ့ကို သတ်နိုင်မည် မဟုတ်ချေ။
“သတ်ကြ...”
စွမ်နီရွှမ်က အမိန့်ပေးလိုက်ရာ အကြီးအကဲဆယ်ယောက်ထဲမှ ခြောက်ယောက်က လှုပ်ရှားလာ၏။ သူတို့၏လက်ထဲတွင် လက်နက်အမျိုးမျိုး ထွက်ပေါ်လာပြီး သူတို့ ကျန်းရီကို တိုက်ခိုက်လိုက်ကြသည်။
‘မိစ္ဆာမျိုးနွယ်ရဲ့ စွမ်းအားကြီး သိုင်းသမားတွေကလည်း စည်းမျဉ်းဆန်းကြယ်စွမ်းရည် အမျိုးမျိုးကို သိမြင်နားလည်ထားကြတာပဲ’
ကျန်းရီသည် တိုက်ခိုက်မှုများမှနေ၍ အဖျက်၊ အမှောင်၊ သတ္တု၊ မီးနှင့် အခြားဓာတ်များ၏ အရှိန်အဝါများကို ခံစားလိုက်ရသည်။ ၎င်းတို့က လူသားများ၏ စည်းမျဉ်းဆန်းကြယ်စွမ်းရည်များနှင့် ဆင်တူပေသည်။ ကျန်းရီ ပျံဆင်းလိုက်ပြီး အလောင်းကြီး၏ နောက်ကျောပြင်တွင် ကပ်တွယ်လိုက်၏။
ဝုန်း...ဝုန်း...ဝုန်း...
ပျံသန်းလာသော အလင်းတန်းများက အလောင်းကြီးကို ထိမှန်သွားသဖြင့် အလောင်းကြီး၏ အမြန်နှုန်းက အတန်ငယ် နှေးသွားသည်။ သို့သော် ချက်ချင်းပင် အလောင်းကြီးက အရှေ့သို့ လျင်မြန်စွာ ဆက်ပျံသန်းလိုက်ရာ အုပ်ချုပ်သူအဆင့် အကြီးအကဲခြောက်ယောက် မျက်နှာပျက်သွားကြသည်။ အလောင်းကြီးက ထိုမျှသန်မာနေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။
ရွှီး...ရွှီး...ရွှီး...
အုပ်ချုပ်သူအဆင့် အကြီးအကဲခြောက်ယောက်၏ ကောင်းကင်မျက်လုံးများ လင်းလက်လာကြ၏။ ထို့နောက် မျက်လုံးပွင့်လာကာ လျှပ်စီးတန်းများ လင်းလက်သွားကာ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်လာလေသည်။
“သခင်... သတိထားပါ”
လီရှန်းအာက ကျန်းရီကို အသံလှမ်းပို့သည်။ ကျန်းရီလည်း စတင်၍ စိတ်လှုပ်ရှားလာသည်။ ထိုလျှပ်စီးတန်းများက အလောင်းကြီးကို မဖျက်ဆီးနိုင်ပါစေနှင့်ဟု ဆုတောင်းရပေမည်။ အလောင်းကြီးမှာ သူ၏ စွမ်းအားအကြီးဆုံး ရုပ်သေးရုပ် မဟုတ်ပါလား။
ရွှစ်...
လက်မောင်းလုံးမျှကြီးသည့် လျှပ်စီးတန်း ခြောက်တန်းက အလောင်းကြီးကို ထိမှန်သွား၏။ အလောင်းကြီး ပြင်းထန်စွာ တုန်ခါသွားပြီး အနောက်သို့ ပေရာကျော် လွင့်ထွက်သွားသည်။ ၎င်း၏ အနက်ရောင်အရေပြားလည်း စတင်အက်ကွဲလာသည်။ သို့သော် အရေပြားပေါ်တွင် အရာမျှသာ ထင်သွားခြင်းဖြစ်ပြီး လျှပ်စီးတန်းများက အလောင်းကြီး၏ ခန္ဓာကိုယ်ကို မဖောက်ထွင်းနိုင်ပါ။
“ဟုတ်ပြီ...”
ကျန်းရီ အော်လိုက်ပြီး အလောင်းကြီး၏ နောက်ကျောပြင်ကို လက်ဝါးဖြင့်ထိကပ်၍ မိုးမြေစွမ်းအား ထည့်သွင်းလိုက်သည်။ အလောင်းကြီးသည် အရှေ့သို့ ဆက်ပျံသန်းသွား၏။ ကျန်းရီသည်လည်း အလောင်းကြီးနောက်မှ ထွက်ကာ ဘယ်ဘက်ရှိ အုပ်ချုပ်သူအဆင့် အကြီးအကဲတစ်ယောက်ထံ ဦးတည်သွားလိုက်သည်။
“ဟွန်း...”
ဘယ်ဘက်ရှိ အုပ်ချုပ်သူအဆင့် အကြီးအကဲသည် ကျန်းရီက သူ့ထံ ဦးတည်လာကြောင်း တွေ့လိုက်သောအခါ နှာမှုတ်လိုက်သည်။ သူ့လက်ထဲရှိ လှံရှည်က အစိမ်းရောင်နှင့် အနီရောင်အလင်း တောက်ပလာ၏။ ထို့နောက် သူ ၎င်းလှံနှင့် ကျန်းရီကို လှမ်းထိုးလိုက်လေသည်။
အစိမ်းရောင်နှင့် အနီရောင်အလင်းက မတူညီသော အနှစ်သာရနှစ်မျိုးမှနေ၍ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ထင်ရှားသည်။ လှံသွားပတ်ပတ်လည်ရှိ အရှိန်အဝါကလည်း အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ သာမန်လူတစ်ယောက်သာ ထိုလှံနှင့်အထိုးခံရပါက အမှုန့်ဖြစ်အောင် ပေါက်ကွဲသွားပေလိမ့်မည်။
“အချိန်ကိုက်ပဲ”
ကျန်းရီသည် ရှောင်ရန်စိတ်ကူး လုံးဝမရှိပေ။ သူ ဘယ်ဘက်လက်ကို လက်သီးဆုပ်လိုက်ပြီး လက်ဝါးပြင်ရှိ သွေးကြောမှတ်ထဲသို့ မိုးမြေစွမ်းအား ထည့်သွင်းလိုက်သည်။ သူ့ဘယ်ဘက်လက်ထဲတွင် အဆုံးမဲ့အင်အား ပြည့်နှက်သွားပေသည်။
ဝုန်း...
လက်သီးနှင့် လှံသွားတို့ ထိတိုက်သွား၏။ ထိုလှံက ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင်သာဖြစ်၍ ကျန်းရီ၏ လက်သီးမှာ ၎င်းကို အစိတ်စိတ်အမွှာမွှာ ထိုးခွဲပစ်လိုက်နိုင်ပေသည်။
“အဲ့ဒါက...”
စွမ်နီမျိုးနွယ်မှ အုပ်ချုပ်သူအဆင့် အကြီးအကဲသည် တုန်လှုပ်သွားပြီး ကျန်းရီ၏လက်သီးကို မယုံနိုင်ဟန်ဖြင့် လှမ်းကြည့်လိုက်သည်။ သူသည် သူ၏ ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင်က အစိတ်စိတ်အမွှာမွှာ ထိုးခွဲခံလိုက်ရခြင်းကို အံ့ဩခြင်း မဟုတ်ပေ။ သူ့ကို အံ့ဩစေသည်မှာ သူက လှံကို အနှစ်သာရနှင့် လွှမ်းခြုံထားခဲ့၍ပင်။ ထို့ကြောင့် လှံက ရှိရင်းထက် ပို၍ အလွန်စွမ်းအားကြီးနေခဲ့သည်။ ယင်းအပြင် ကျန်းရီ၏ လက်သီးက အကောင်းပကတိ ရှိနေသည်။ သူ့အရေပြားပင် စုတ်ပြဲမသွားပါချေ။
“မဖြစ်နိုင်ဘူး...”
အုပ်ချုပ်သူအဆင့် အကြီးအကဲသည် တုန်လှုပ်တကြီး အော်လိုက်၏။ သူ့ တိုက်ခိုက်မှု၏ စွမ်းအားကို သူ ကောင်းစွာသိသည်။ ထိုလက်သီးက တာအိုကောင်းကင်ဝိညာဉ်ရတနာ ဝတ်မထားလျှင် သေချာပေါက် ပေါက်ကွဲထွက်သွားသင့်ပေသည်။
ရွှစ်...
အကြီးအကဲထံတွင် တွေးတောနေရန် အချိန်များစွာမရှိပေ။ ကျန်းရီက မိုးမြေစွမ်းအားကို လှည့်ပတ်လိုက်သောအခါ အဆတစ်ထောင်ကျော် ပိုမြန်သွားသည်။ အကြီးအကဲက မတုံ့ပြန်နိုင်သေးခင်မှာပင် ကျန်းရီ၏ လက်သီးက သူ့ခေါင်းပေါ်သို့ ကျလာသည်။
ဝုန်း...
ဖရဲသီးခွဲခံရသလို အုပ်ချုပ်သူအဆင့် အကြီးအကဲ၏ဦးခေါင်းက အစိတ်စိတ်အမွှာမွှာ ကွဲသွား၏။ လေထဲတွင် အသားစများ၊ သွေးများနှင့် ဦးနှောက်အစအနများ ပြည့်နှက်သွားရာ စွမ်နီစစ်တပ်နှင့် စွမ်နီမျိုးနွယ်၏ အုပ်ချုပ်သူအဆင့် အကြီးအကဲများအားလုံး မှင်တက်သွားကြသည်။ မရေမတွက်နိုင်သော မျက်ဝန်းအစုံများကလည်း တုန်လှုပ်တကြီး လှမ်းကြည့်လိုက်ကြသည်။
“ချက်ချင်း အသတ်ခံလိုက်ရတာလား”
စွမ်နီမျိုးနွယ်စစ်တပ်နှင့် တိုက်ခိုက်နေသော ကောင်းကင်ကြောင်ကတိုးမျိုးနွယ်မှ အကြီးအကဲနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။ သူမတို့၏ မျက်ဝန်းများထဲတွင် အံ့ဩမှုများ ပြည့်နှက်နေသည်။ သူမတို့ဘေးရှိ လီရှန်းအာကမူ ပြုံးလိုက်သည်။ သူမ၏ အပြုံးမှာ မက်မွန်းပန်းတစ်ပွင့် ဖူးပွင့်လာသလိုမျိုးပင်။ သူမသည် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော မျက်ဝန်းများနှင့် ရေရွတ်လိုက်သည်။
“အရှင်မချင်လင်းရဲ့ မိတ်ဆွေက တကယ်ကို စွမ်းအားကြီးတာပဲ။ သူက ငါတို့ကို ကယ်တင်ဖို့ အရှင်မချင်လင်း စေလွှတ်လိုက်တဲ့ လူသားလား”
***