မသေနိုင်
Vol. 125 Ch. 1741
ကျန်းရီသည် သူက အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ကို စက္ကန့်ပိုင်းအတွင်း သတ်နိုင်လိုက်ခြင်းအတွက် မအံ့ဩပေ။ သူ သတ်လိုက်သော အုပ်ချုပ်သူအဆင့် သိုင်းသမားက မသန်မာပေ။ ကျန်းရီသည် အုပ်ချုပ်သူအဆင့် သိုင်းသမားများစွာကို သတ်ခဲ့ပြီးပေပြီ။ တစ်ယောက်လောက် ထပ်သတ်ရခြင်းက သူ့အတွက် မပြောပပေ။
ယခင်တွင် ကျန်းရီ မိုးမြေစွမ်းအားကို အသုံးပြုလျှင် သူ့ရုပ်ခန္ဓာက ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတစ်ယောက်၏ ရုပ်ခန္ဓာနှင့် ယှဉ်နိုင်ခဲ့သည်။ သူ ဘယ်ဘက်လက်ကိုသာ သုံးမည်ဆိုလျှင်ပင် သူ့ရုပ်ခန္ဓာသက်သက်နှင့် ထို အုပ်ချုပ်သူအဆင့် သိုင်းသမားကို သတ်ပစ်နိုင်ပေသည်။
ယခုတွင် ကျန်းရီက ဘယ်ဘက်လက်ဝါးပြင်ရှိ သွေးကြောမှတ်ကို ကျင့်ကြံပြီးသွားပြီဖြစ်၍ သူ့လက်သီးစွမ်းအားက ဆယ်ဆပို၍ အားကောင်းလာသည်။ အစောမှ လက်သီးချက်က တောက်နူ၏လက်သီးချက်ထက်ပင် သေချာပေါက် ပိုအားကောင်းသည်။ သာမန် အုပ်ချုပ်သူအဆင့် သိုင်းသမားများသည် တောက်နူ၏ လက်သီးချက်ကိုပင် ယှဉ်နိုင်မည်မဟုတ်ရာ ကျန်းရီ၏ လက်သီးချက်ကို မည်သို့ တောင့်ခံနိုင်ပါမည်နည်း။
ဝှစ်...
ရန်သူများက မှင်တက်နေကြသည်။ သို့သော် ကျန်းရီက အလွန်လျင်မြန်စွာ ဆက်လှုပ်ရှားလိုက်သည်။ သူသည် နဂါးတစ်ကောင်အလား အလောင်းကြီးဆီသို့ ဦးတည်သွားလိုက်၏။ တိုက်ခိုက်မှုများစွာက သူ့အား ထိမှန်တော့မည်ကို သူသိသည်။ သူ ကောင်းကင်လေပြေချပ်ဝတ်ကို သုံးလိုက်မည်ဆိုလျှင် ထိုတိုက်ခိုက်မှုများကို တောင့်ခံနိုင်လောက်သည်။ သို့သော် သူ ထိုချပ်ဝတ်ကို ထုတ်မသုံးလိုပေ။ ဤတိုက်ပွဲတွင် မသင်္ကာစရာများ ရှိလာ၍ မဖြစ်ချေ။
“အားလုံး တိုက်ခိုက်ကြ၊ သူ့ကို သတ်ကြ”
စွမ်နီရွှမ်က အော်ပြောလိုက်၏။ ရုတ်ခြည်းပင် ကျန်းရီထံသို့ အလင်းတန်းများ ပျံဝင်လာသည်။ ကျန်သေးသော အုပ်ချုပ်သူအဆင့် အကြီးအကဲများသာမက ပတ်ပတ်လည်ရှိ စွမ်နီမျိုးနွယ်ဝင် နတ်ဘုရားဧကရာဇ်များကလည်း သူ့ကို တိုက်ခိုက်လိုက်ကြသည်။ ကျန်းရီက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ သူက သူတို့၏ အကြီးအကဲတစ်ယောက်ကို တစ်ချက်တည်းနှင့် သတ်ပစ်ခဲ့သည်။ သူတို့သာ သူ့ကို မသတ်လျှင် ယနေ့တွင် သူတို့အားလုံး သေရပေလိမ့်မည်။
ကျန်းရီသည် အလွန်လျင်မြန်စွာ ပျံသန်း၍ အလောင်းကြီ၏ နောက်ကျောဘက်တွင် ပြန်ကွယ်နေလိုက်၏။ ထို့နောက် အလောင်းကြီးကို လက်တစ်ဘက်နှင့် ဆွဲလှည့်လိုက်၏။ အလောင်းကြီးက ကျန်းရီနှင့် မျက်နှာချင်းဆိုင်သွားသည်နှင့် ကိုယ်ကိုကွေးချကာ ကျန်းရီကို ပွေ့ပိုက်၍ အရပ်မျက်နှာအနှံ့မှ ဝင်ရောက်လာသော တိုက်ခိုက်မှုများကို ကာပေးလိုက်လေသည်။
ဝုန်း...ဝုန်း...ဝုန်း...
ရွှစ်...ရွှစ်...
ကောင်းကင်ထဲတွင် အလင်းတန်းများ ပြည့်နှက်သွား၏။ လျှပ်စီးတန်း ဆယ်တန်းကလည်း အလောင်းကြီးကို လာမှန်သည်။ ထို့ကြောင့် အလောင်းကြီး လေထဲတွင် တုန်ယင်သွားသည်။ အရပ်မျက်နှာအနှံ့မှ ဝင်ရောက်လာသည့် တိုက်ခိုက်မှုများသည် အချင်းချင်းလည်း တိုက်မိကာ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။ အလောင်းကြီး၏ ခန္ဓာကိုယ်က ထပ်မံ၍ ဒဏ်ရာရသွားပေသည်။
‘ဟူး...’
ကျန်းရီသည် ကောင်းကင်စိတ်အာရုံနှင့် အာရုံခံကြည့်ပြီးနောက် အလောင်းကြီး၏ အရေပြားနှင့် ကြွက်သားအနည်းငယ်သာ စုတ်ပြဲသွားခြင်းဖြစ်ကြောင်း အတည်ပြုကာ ရင်ထဲမှ သက်ပြင်းချလိုက်သည်။ ထိုမျှလောက်မှာ မပြောပပေ။ အလောင်းကြီ၏ အလိုလိုပြန်ကောင်းနိုင်စွမ်းမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သည်။ ပြီးခဲ့သည့်အခေါက်တွင် တောက်လန်က အလောင်းကြီး၏ ကိုယ်ပေါ်တွင် ဓားရာတစ်ခု ထင်စေခဲ့သည်။ သို့သော် ယခု ထိုဓားရာက ပျောက်သွားပေပြီ။ ၎င်း လုံးဝဖျက်ဆီးမခံရသေး၍ အဆင်ပြေပေလိမ့်မည်။
“သွားကြမယ်...”
ကျန်းရီက မိုးမြေစွမ်းအား ထည့်သွင်းလိုက်ရာ အလောင်းကြီးက အရှေ့သို့ ပျံထွက်သွားသည်။ နှစ်ဘက်သည် တစ်ဘက်နှင့်တစ်ဘက် သိပ်မဝေးပါ။ ထို့ကြောင့် အလောင်းကြီးက သူတို့အနီးသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ ထို့ပြင် အလောင်းကြီးမှာ စွမ်နီရွှမ်ဆီသို့ ပျံသန်းနေခြင်းပင်။ စွမ်နီရွှမ်ပတ်ပတ်လည်မှ အုပ်ချုပ်သူအဆင့် အကြီးအကဲအချို့သည် စိတ်လှုပ်ရှားလာပြီး တိုက်ခိုက်မှုများ ထုတ်လွှတ်လိုက်ကြပေသည်။
ဝှစ်...
အလောင်းကြီးက လက်ဝှေ့ယမ်း၍ ကျန်းရီကို အရှေ့သို့ ပစ်ထုတ်လိုက်၏။ ဤတစ်ကြိမ်တွင် ကျန်းရီက ညာဘက်ကို သွားလိုက်သည်။ သူ၏ ပစ်မှတ်မှာ အုပ်ချုပ်သူအဆင့် အကြီးအကဲတစ်ယောက် ဖြစ်နေသေးပေသည်။
အလောင်းကြီးက မည်မျှစွမ်းအားကြီးသနည်း။ ၎င်းက ပစ်ထုတ်လိုက်ရာ ကျန်းရီမှာ အရှေ့သို့ ကြယ်ပျံတစ်စင်းအလား ပျံထွက်သွားပေသည်။ တစ်ချိန်တည်းမှာပင် သူက မိုးမြေစွမ်းအားလှည့်ပတ်လိုက်ရာ အမြန်နှုန်းမှာ နှစ်ဆဖြစ်သွားလေသည်။
“ဟာ...”
ညာဘက်မှ အုပ်ချုပ်သူအဆင့် အကြီးအကဲသည် ကျန်းရီ၏ အမြန်နှုန်းက ထိုမျှမြန်လိမ့်မည်ဟု မျှော်လင့်မထားချေ။ သူ စွမ်းအားကြီး ဆန်းကြယ်စွမ်းရည်တစ်ခုကို ထုတ်လွှတ်လိုသော်လည်း နောက်ကျသွားပေပြီ။ သူ ဘေးသို့သာ လျင်မြန်စွာ ရှောင်လိုက်ရသည်။ တစ်ချိန်တည်းမှာပဲ သူ့လက်ထဲတွင် ဓားတစ်လက် ထွက်ပေါ်လာ၏။ ထိုဓားရိပ်များက ကောင်းကင်ထဲတွင် ပြည့်သွားပြီး ကျန်းရီ၏ ဦးခေါင်းကို ခုတ်ချလိုက်ကြသည်။
ကောင်းကင်မိစ္ဆာဘုံထဲတွင် အပြင်ဘက်ရှိ လူသားများမှာကဲ့သို့ လက်နက်များ၊ ရတနာများ များစွာမရှိပေ။ ထိုအကြီးအကဲကလည်း ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင်တစ်ခုကို အသုံးပြုနေသည်။ ကျန်းရီသည် သူ့ဘယ်ဘက်လက်ဝါးပြင်ရှိ သွေးကြောမှတ်ကို နှိုးလိုက်ပြီး ဓားသွားအစစ်ကို ထိုးချလိုက်သည်။ သူက အလွန်လျင်မြန်ရာ သူ့ရန်သူသည် ဓားကို လမ်းကြောင်းမပြောင်းနိုင်လိုက်ပေ။
ဝုန်း...
ဓားကြီးက အပိုင်းပိုင်း ပြတ်ထွက်သွားသည်။ ထိုအကြီးအကဲလည်း အနောက်သို့ မီတာသုံးရာ ဆုတ်သွားသည်။ ကျန်းရီ၏ လက်သီးက ကြောက်မက်ဖွယ်အရှိန်အဝါနှင့်အတူ နောက်မှလိုက်လာသည်။ သူ့မျက်ဝန်းများထဲတွင် ကူကယ်ရာမဲ့သည့် အရိပ်အယောင်များ ပြည့်သွားသည်။ နောက်ဆုံးအခိုက်အတန့်တွင် သူ၏ ကောင်းကင်မျက်လုံး လင်းလက်လာသည်။ ကြောက်မက်ဖွယ် လျှပ်စီးတန်းတစ်တန်း ပျံထွက်လာကာ ကျန်းရီ၏ လက်သီးကို ထိမှန်သွားပေသည်။
ရှစ်...ဘုန်း...
ကြောက်မက်ဖွယ် လျှပ်စီးတန်းက ကျန်းရီ၏ လက်သီးကို တဒင်္ဂမျှ ရပ်တန့်သွားစေ၏။ သို့သော် ထိုအကြီးအကဲ၏ ဦးခေါင်းသည်လည်း ဖရဲသီးတစ်လုံးလို ကွဲထွက်သွားပေသည်။ အသားစများနှင့် သွေးများက နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။ ဦးခေါင်းမဲ့ အလောင်းမှာလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ရှူး...ရှူး...
ပထမ အုပ်ချုပ်သူအဆင့် အကြီးအကဲ သေသွားသည်ကိုပင် စွမ်နီရွှမ်တို့ လက်မခံနိုင်ကြသေးပေ။ ယခုတွင် နောက်ထပ်တစ်ယောက် ထပ်အသတ်ခံလိုက်ရပြန်သည်။ အားလုံး စတင်တုန်လှုပ်လာကြသည်။ ကျန်းရီက ထိုအတိုင်း ဆက်သတ်နေမည်ဆိုလျှင် သူတို့ ဤတိုက်ပွဲကို မည်သို့ တိုက်နိုင်တော့မည်နည်း။ စွမ်နီရွှမ်ပင် အသတ်ခံလိုက်ရပေမည်။
ဝှစ်...ဝှစ်...ဝှစ်...
အုပ်ချုပ်သူအဆင့် အကြီးအကဲ ခြောက်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင် အမုန်းတရား ထွက်ပေါ်လာသည်။ ထို့နောက် သူတို့သည် ကျန်းရီထံသို့ ဦးတည်ပျံသန်းသွားကြသည်။ သူတို့ခြောက်ယောက်သည် အသက်စွန့်ရမည်ဆိုလျှင်ပင် ကျန်းရီကိုသတ်ရန် ဆုံးဖြတ်ချက်ချပြီးပေပြီ။ ကျန်သော အုပ်ချုပ်သူအဆင့် အကြီးအကဲ နှစ်ယောက်သည်မူ စွမ်နီရွှမ်ကို ခေါ်၍ နောက်ဆုတ်သွားကြသည်။ နှစ်ဘက်က တစ်ဘက်နှင့်တစ်ဘက် အလွန်နီးကပ်နေသည်။ အကယ်၍ ကျန်းရီက စွမ်နီရွှမ်ကို သတ်လိုက်မည်ဆိုလျှင် သို့မဟုတ် ဖမ်းသွားမည်ဆိုလျှင် သူတို့ ပြဿနာတက်ရပေလိမ့်မည်။
စွမ်နီရွှမ်သည် အုပ်ချုပ်သူအဆင့် အကြီးအကဲနှစ်ယောက်၏ အကာအကွယ်နှင့် ဆယ်ကီလိုမီတာကျော် နောက်ဆုတ်ကာ စစ်တပ်ထဲ ဝင်လိုက်သည်။ ထို့နောက် သူသည် အမုန်းတရားများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် အသံပို့လွှတ်လိုက်၏။
“ကျွန်တော့်ကို ဂရုမစိုက်နဲ့။ လီရှန်းအာကို သွားဖမ်းကြ”
“အဲ့ဒါက...”
အုပ်ချုပ်သူအဆင့် အကြီးအကဲနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြ၏။ စွမ်နီရွှမ်က ဤကဲ့သို့သော အချိန်တွင် ကျန်းရီအား မည်သို့သတ်ရမည်ကို မတွေးဘဲ လီရှန်းအာကို လိုချင်နေသေးသည်လော။ သူတို့ သူမကို ဖမ်းနိုင်လိုက်လျှင်ပင် ပြန်ထွက်ပြေးနိုင်ပါမည်လော။
“မဟုတ်သေးဘူး”
အကြီးအကဲနှစ်ယောက် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး မျက်လုံးများ အရောင်လက်လာ၏။ စွမ်နီရွှမ်၏ ရည်ရွယ်ချက်က အခြားဖြစ်ရမည်။ လီရှန်းအာနှင့် ကျန်းရီတို့က အလွန်နီးကပ်နေသည်။ သူတို့သာ သူမကို ဖမ်းနိုင်လိုက်လျှင် ကျန်းရီကို အကြပ်ကိုင်ခြိမ်းခြောက်နိုင်လောက်သည်။
“မင်းသား... သတိထားပါ”
အကြီးအကဲနှစ်ယောက်သည် လက်ဆုပ်ကာ ပြောလိုက်၏။ စွမ်နီရွှမ်က ခေါင်းညိတ်ပြသောအခါ သူတို့ စစ်တပ်ထဲ ရောနှေဝင်ရောက်၍ လီရှန်းအာဆီ သွားလိုက်ကြလေသည်။
တိုက်ပွဲက ပြင်းထန်နေသည်။ လီရှန်းအာနှင့် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်မှ အကြီးအကဲနှစ်ယောက်တို့သည် သောင်းချီသော တပ်သားများ၏ ဝန်းရံမှုကို ခံထားရသည်။ ပုံမှန်ဆိုလျှင် အကြီးအကဲနှစ်ယောက်သည် ထိုအခြေအနေကို အလွယ်တကူ ကိုင်တွယ်နိုင်သည်။ သို့သော် ဤနေရာတွင် လီရှန်းအာ ရှိနေရာ သူမတို့ အစွမ်းကုန်ထုတ်မသုံးနိုင် ဖြစ်နေပေသည်။
စွမ်နီစစ်တပ်ကလည်း ဉာဏ်ကောင်းသည်။ သူတို့သည် အကြီးအကဲနှစ်ယောက်ကို လျစ်လျူရှု၍ လီရှန်းအာကိုသာ ဆန်းကြယ်စွမ်းရည်အမျိုးမျိုး၊ စည်းမျဉ်းအမျိုးမျိုး သုံးလျက် အပြင်းအထန် တိုက်ခိုက်နေသည်။ ထိုထဲတွင် ကြောက်စရာအကောင်းဆုံးမှာ စွမ်နီမျိုးနွယ်၏ ကောင်းကင်မျက်လုံးပင်။ သူတို့၏ လျှပ်စီးတန်းများက အလွန်လျင်မြန်ကြသည်။ လီရှန်းအာနှင့် အကြီးအကဲနှစ်ယောက်သည် အသည်းအသန် ခုခံနေကြရပေသည်။
လီရှန်းအာတို့မှာ အားမနည်းပါ။ သူမတို့၏ ဝိညာဉ်ကပ်ပါးကောင်များက အလွန်စွမ်းအားကြီးသည်။ မကြာခဏဆိုသလို စွမ်နီမျိုးနွယ်မှ တပ်သားများသည် နာကျင်တကြီးအော်လျက် လေထဲတွင် လူးလိမ့်ကာ သေဆုံးသွားကြသည်။ ထို့နောက် သူတို့ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားကြပေသည်။
စွမ်နီမျိုးနွယ်သည် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ ဝိညာဉ်ကပ်ပါးကောင်အကြောင်းကို သိထားသဖြင့် မအံ့ဩကြပါ။ သူတို့ဘက်တွင် တပ်သားများစွာရှိသည်။ လီရှန်းအာနှင့် အကြီးအကဲနှစ်ယောက်က တပ်သားမည်မျှကို သတ်နိုင်ပါမည်နည်း။ စွမ်နီစစ်တပ်သည် အကျအဆုံးများကို လုံးဝအရေးမစိုက်ပေ။ သူတို့၏ မျက်ဝန်းများထဲတွင် ခက်ထန်မှုများနှင့်သာ ပြည့်နှက်နေသည်။ သူတို့သည် လီရှန်းအာတို့သုံးယောက်ကို သတ်လိုနေကြပေသည်။
ဝုန်း...ဝုန်း...ဝုန်း...
ကျန်းရီ ရှိနေသော နေရာဘက်မှနေ၍ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ လီရှန်းအာတို့ လှမ်းကြည့်လိုက်ရာ ကျန်းရီက သွေးအန်ကာ လွင့်ထွက်သွားကြောင်း တွေ့လိုက်ရသည်။ အုပ်ချုပ်သူအဆင့် အကြီးအကဲခြောက်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုများကို ကျန်းရီ အကုန်မရှောင်နိုင်လိုက်ပေ။
“အာ...”
ကောင်းကင်ကြောင်ကတိုးမျိုးနွယ်မှ အကြီးအကဲနှစ်ယောက်သည် အတန်ငယ် မှင်တက်သွား၏။ သူမတို့၏ မျက်နှာပေါ်တွင် အကြောက်တရား ပြည့်လာသည်။ အကယ်၍ ကျန်းရီသာ သေသွားလျှင် သူမတို့သုံးယောက်လည်း သေခြင်းကို ရှောင်လွှဲနိုင်လိမ့်မည် မဟုတ်ပါ။
“သူ့ကို အရေးစိုက်မနေနဲ့။ ဆက်သတ်ကြ...”
လီရှန်းအာက အော်ပြော၏။ သူမသည် ကျန်းရီ၏ လုံခြုံရေးကို မစိုးရိမ်ပေ။ ကျန်းရီထံတွင် မူလရတနာနှစ်ခုရှိကြောင်း သူမ သိထားသည်။ သူ့ကို ရုတ်ခြည်း မသတ်နိုင်သ၍ သူ သေမည် မဟုတ်ချေ။
ကောင်းကင်လေပြေချပ်ဝတ်နှင့် နတ်ဘုရားသစ်ရွက်...
ကျန်းရီ၏ ကိုယ်ပေါ်တွင် ကောင်းကင်လေပြေချပ်ဝတ် ထွက်ပေါ်လာပြီး သူ့ညာဘက်လက်ထဲ၌ နတ်ဘုရားသစ်ရွက် ပေါ်လာ၏။ သူ နတ်ဘုရားသစ်ရွက်ကို သုံးကာ ဒဏ်ရာများကို ကုသလိုက်သည်။ ထို့နောက် အရပ်မျက်နှာအနှံ့မှ ပျံဝင်လာသော တိုက်ခိုက်မှုများကို လျစ်လျူရှုကာ လေနဂါးတစ်ကောင်အလား အရှေ့သို့ ပျံသန်းသွားသည်။ လီရှန်းအာက မှန်ပေသည်။ ကျန်းရီထံတွင် ကောင်းကင်လေပြေချပ်ဝတ်နှင့် နတ်ဘုရားသစ်ရွက်ရှိသည်။ သူ့ကို ရုတ်ခြည်း မသတ်နိုင်သ၍ သူ သေမည်မဟုတ်ပေ။
ဝုန်း...
ကျန်းရီသည် တိုက်ခိုက်မှုများကို ထိပ်တိုက်ခံ၍ အုပ်ချုပ်သူအဆင့် အကြီးအကဲတစ်ယောက်အနီးသို့ ကပ်သွားနိုင်လိုက်၏။ သူ လက်သီးဖြင့် ထိုးလိုက်ရာ ပတ်ပတ်လည်မှ အာကာပြင်က တုန်ခါအက်ကွဲသွားသည်။ လေကိုခွင်းလာသည့် လက်သီးသံမှာလည်း စူးရှနေသည်။ အုပ်ချုပ်သူအဆင့် အကြီးအကဲသည် ရှောင်လိုက်သော်လည်း မလွတ်ပါ။ ကျန်းရီး၏ လက်သီးက သူ့ဦးခေါင်းကို အစိတ်စိတ်အမွှာမွှာ ထိုးခွဲပစ်လိုက်လေသည်။
ကျန်းရီ၏ အေးစက်သော သားရဲတစ်ကောင်ကဲ့သို့ မျက်ဝန်းများက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။ အုပ်ချုပ်သူအဆင့် အကြီးအကဲများ ရင်တုန်သွားကြသည်။ အစောတွင် သူတို့ခြောက်ယောက် ပူးပေါင်းတိုက်ခိုက်ခဲ့သည်ပင် ကျန်းရီကို မသတ်နိုင်ခဲပေ။ ရုတ်တရက်ကြီး ပေါ်လာသည့် ထိုမိစ္ဆာမှာ သူတို့ယှဉ်နိုင်မည့်သူတစ်ယောက်မှ ဟုတ်ပါလေစွ။
***