အခန်း(၁၇၄၂) ရန်ငြိုးများကို ခဝါချမည်
Vol. 125 Ch. 1742
မိစ္ဆာ...
ဟုတ်သည်။ ယခုတွင် ကျန်းရီ၏ခန္ဓာကိုယ်မှ မိစ္ဆာအရှိန်အဝါက အလွန်သိပ်သည်းနေသည်။
လီရှန်းအာမှာ အုပ်ချုပ်သူအဆင့်သို့ ရောက်ရန် ခြေလှမ်းဝက်သာ လိုတော့သူဖြစ်သည်။ ထို့ပြင် သူမက ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ တော်ဝင်မိသားစုမှပင်။ အခြားမျိုးနွယ်ဝင်များ မသိသော လျှို့ဝှက်ချက်များစွာကို သူမက သိထားသည်။ ကျန်းရီက သူမနှင့် တူနှစ်ကိုယ်ကျင့်ကြံခဲ့ရာ သူ့နတ်ဘုရားအမြုတေထဲရှိ ကောင်းကင်စွမ်းအားများက မိစ္ဆာစွမ်းအားများအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ ယခု သူ၏ လှုပ်ရှားမှုတိုင်းတွင် မိစ္ဆာအရှိန်အဝါနှင့် ပြည့်နှက်နေသည်။ သူ တိုက်ခိုက်လိုက်တိုင်း လေထုထဲတွင် မိစ္ဆာအရှိန်အဝါ ဖုံးလွှမ်းသွားသည်။ သူ့တွင် ကြောက်မက်ဖွယ် သားရဲစွမ်းအားများ ရှိပေသည်။ မည်သည့်စွမ်နီမျိုးနွယ်ဝင်ကမှ သူ့ကို လူသားတစ်ယောက်ဟု သံသယမဝင်ပေ။
ထို့ကြောင့် ကျန်းရီသည် အစွမ်းကုန်ထုတ်၍ တိုက်ခိုက်နိုင်နေသည်။ သူက လူသားဖြစ်ကြောင်း ပေါ်မသွားသ၍ မည်သည်ကိုမှ ကြောက်စရာမရှိပေ။
မိစ္ဆာအရှင်သုံးပါးက အရှေ့ဒေသမှ ကိစ္စများကို ကိုယ်တိုင်ဝင်မရှုပ်ပါဟု သစ္စာဆိုထားသည်။ သူတို့သည် အရှေ့ဒေသမှ မိစ္ဆာမျိုးနွယ်ကို ကိုယ်တိုင် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ မိစ္ဆာအရှင်သုံးပါးက ကိုယ်တိုင်မတိုက်ခိုက်သ၍ ကျန်းရီ ရှင်သန်နိုင်ပေသည်။
ကျန်းရီသည် ကောင်းကင်လေပြေချပ်ဝတ်နှင့် သန်မာသော ရုပ်ခန္ဓာကို သုံးကာ ပတ်ပတ်လည်မှ တိုက်ခိုက်မှုများကို တောင်ခံထားသည်။ မည်သည့်စွမ်နီမျိုးနွယ်ဝင်ကမှ သူသတ်သည်ကို ခံရမည်စိုး၍ သူ့အနား ကပ်မလာဝံ့ပေ။ နောက်ဆုံးတွင် ကျန်းရီသည် အလောင်းကြီးကို သိမ်းကာ တိုက်ခိုက်မှုများက သူ့ဘာသာ ခုခံလေတော့သည်။
ဝုန်း...ဝုန်း...ဝုန်း...
ကျန်းရီ၏ လက်သီးက သေမင်း၏ တံစဉ်ကဲ့သို့ပင်။ သူ တစ်ချက်ထိုးလိုက်တိုင်း စွမ်နီမျိုးနွယ်ဝင်တစ်ယောက် အသတ်ခံရသည်။ ထိုအခိုက်တွင် သူက အုပ်ချုပ်သူအဆင့် အကြီးအကဲတစ်ယောက်ကို လိုက်သတ်နေပေသည်။ ထိုအကြီးအကဲမှာ အလွန်ဉာဏ်ကောင်းသည်။ သူသည် စစ်တပ်ထဲကို ပျံပြေးကာ တပ်သားများအား ကျန်းရီ၏ လမ်းကို ပိတ်ဆို့စေလိုက်သည်။ တစ်ချိန်တည်းမှာပင် အခြား အုပ်ချုပ်သူအဆင့် အကြီးအကဲများက ကျန်းရီကို တိုက်ခိုက်နေကြသည်။
ရွှစ်...ရွှစ်...
မရေမတွက်နိုင်သော လျှပ်စီးတန်းများက ကျန်းရီကို အဆက်မပြတ် ထိမှန်နေ၏။ သူက ကောင်းကင်လေပြေချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူ့ရုပ်ခန္ဓာက ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတစ်ယောက်၏ ရုပ်ခန္ဓာနှင့် ယှဉ်နိုင်နေသော်လည်း လျှပ်စီးတန်းများက ထိုးဖောက်နိုင်စွမ်းရှိသည်။ ထို့ကြောင့် သူ၏ဒဏ်ရာများမှာ တဖြည်းဖြည်း ဆိုးလာပေသည်။
“တိုက်ကြ...”
အုပ်ချုပ်သူအဆင့် အကြီးအကဲအချို့သည် ကျန်းရီ၏ ဒဏ်ရာများက ဆိုးဝါးလာကြောင်း သတိပြုမိသဖြင့် အော်ပြောလိုက်ကြ၏။ သို့သော် ချက်ချင်းပင် သူတို့ မှင်တက်သွားရသည်။ ကျန်းရီ၏ ဒဏ်ရာများက လျင်မြန်စွာ ပြန်ကောင်းလာသည်။ ထိုမိစ္ဆာက မည်သို့သောမျိုးနွယ်မှနည်း။ မသေနိုင်သောမျိုးနွယ်မှလော။ သူတို့က ထိုမိစ္ဆာကို အသည်းအသန်လိုက်တိုက်ခိုက်ပြီးမှ ဒဏ်ရာရသွားအောင် လုပ်နိုင်ခဲ့သည်။ သို့သော် ထိုဒဏ်ရာများက ရုတ်ခြည်း ပြန်ကောင်းသွားသည်။ သူတို့ ဤတိုက်ပွဲကို ဆက်တိုက်နိုင်ပါဦးမည်လော။
ဝုန်း...
ကျန်းရီသည် သူလိုက်သတ်နေသည့် အုပ်ချုပ်သူအဆင့် အကြီးအကဲကို မီသွားပေပြီ။ ထိုအကြီးအကဲလည်း ချက်ချင်း အသတ်ခံလိုက်ရသည်။ ကျန်းရီက အကြီးအကဲကို သတ်ပြီးသည်နှင့် နောက်လှည့်ကာ သူ့အနောက်မှ အုပ်ချုပ်သူအဆင့် အကြီးအကဲများကို အာရုံခံလိုက်၏။ ထို့နောက် ကောင်းကင်စိတ်အာရုံကို အသုံးပြု၍ အဝေးရှိ စွမ်နီရွှမ်ကို ဆက်အာရုံခံလိုက်သည်။ သူက အုပ်ချုပ်သူအဆင့် အကြီးအကဲအချို့ကို သတ်ပြီးပြီဖြစ်သည်။ စွမ်နီမျိုးနွယ်က သူ့ကို ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ သူ မည်သည်ကို စိုးရိမ်ရပါမည်နည်း။ အရင်ဆုံး သူ စွမ်နီရွှမ်ကို ဖမ်းလျှင်ဖမ်း၊ မဖမ်းလျှင် သတ်ပစ်ရပေမည်။
“အာ...”
ကျန်းရီ မျက်မှောင်ကြုတ်သွား၏။ စွမ်နီရွှမ်က တစ်ယောက်တည်း ရှိနေသည်။ သူ့ဘေးတွင် အုပ်ချုပ်သူအဆင့် အကြီးအကဲနှစ်ယောက် မရှိတော့ပေ။
‘မကောင်းတော့ဘူး...’
ကျန်းရီ ချက်ချင်းပင် လီရှန်းအာကို လှမ်းအာရုံခံလိုက်သည်။ စွမ်နီမျိုးနွယ်မှ အုပ်ချုပ်သူအဆင့် အကြီးအကဲနှစ်ယောက်က အမှန်ပင် လီရှန်းအာဆီသို့ သွားနေကြသည်။ ကျန်းရီ၏ မျက်ဝန်းများက ရုတ်ခြည်း အေးစက်သွား၏။ သူ လီရှန်းအာထံ အသံပို့လွှတ်လိုက်သည်။
“အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက်က မင်းကို အလစ်တိုက်ခိုက်ဖို့ ကြိုးစာနေတယ်။ သတိထားပါ”
ကျန်းရီက လီရှန်းအာနှင့် အလွန်ဝေးနေပြီး အုပ်ချုပ်သူအဆင့် အကြီးအကဲများကလည်း သူ့နောက်ကို လိုက်နေသေးသည်။ သူ လီရှန်းအာအနားသို့ ပြန်သွားလိုလျှင် အချိန်လိုအပ်သည်။ သို့သော် ထိုအုပ်ချုပ်သူအဆင့် အကြီးအကဲများက သူ့ကို အခွင့်အရေး မပေးလောက်ပေ။
သို့ဖြစ်ရာ ကျန်းရီသည် လီရှန်းအာကို သွားမကယ်တော့ဘဲ စွမ်နီရွှမ်ကို ဖမ်း၍ ဓားစာခံလုပ်ရန်သာ ဆုံးဖြတ်လိုက်သည်။
“ငါ့ကို တားတဲ့သူမှန်သမျှ သေရမယ်”
ကျန်းရီ အော်ပြောလိုက်ပြီး ဝင်ရောက်လာသည့် တိုက်ခိုက်မှုများကို လျစ်လျူရှုကာ စွမ်နီရွှမ်ထံ ဦးတည်ပျံသန်းသွားလိုက်သည်။ သူ့လက်နှစ်ဘက် လင်းလက်လာပြီး ကြောက်မက်ဖွယ် ငါးရောင်ခြယ်မီးတောက်လုံးများ ထွက်လာသည်။ မြင့်မားသော အပူချိန်က စွမ်နီမျိုးနွယ်စစ်တပ်တစ်ခွင်တွင် ပျံ့နှံ့သွား၏။ ကျန်းရီ ပျံသန်းသွားရာ လမ်းကြောင်းရှိ တပ်သားများ ပြာဖြစ်သွားကြသည်။ ပြာမဖြစ်သွားသူများကလည်း နာကျင်တကြီး အော်ဟစ်ကာ ကောင်းကင်ထက်မှ ပြုတ်ကျကုန်သည်။ ကျန်းရီသည် သူ့ပတ်ပတ်လည်တွင် တပ်သားများ ကင်းရှင်းသွားအောင် အလွယ်တကူ လုပ်နိုင်လိုက်ပေသည်။
ဝှစ်...
ကျန်းရီသည် လေနဂါးတစ်ကောင်အလား အရှေ့သို့ ပျံသန်းနေ၏။ သူ့အနောက်တွင်မူ လျှပ်စီးတန်းများ လိုက်လာသည်။ ထို့ကြောင့် သူ အရှိန်မြှင့်လိုက်သည်။ သူ့လက်များက မီးတောက်လုံးများကို ဆက်ထုတ်လွှတ်ကာ အရှေ့မှ တပ်သားများကို ရှင်းပစ်နေသည်။ ထို့နောက် သူ အော်ပြောလိုက်လေသည်။
“စွမ်နီရွှမ် သေပေတော့...”
ထိုအော်သံမှာ စွမ်နီမျိုးနွယ်ဝင်အားလုံးကို ကြောက်ရွံ့သွားစေ၏။ စွမ်နီရွှမ်ဆိုလျှင် ကြောက်ရွံ့လွန်းသဖြင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေသည်။ သူသည် ကျန်းရီ၏ သားရဲကဲ့သို့ မျက်ဝန်းများကို မြင်လိုက်သောအခါ ကျောစိမ့်သွားပြီး ချက်ချင်း ထွက်ပြေးသည်။ တစ်ချိန်တည်းမှာပဲ အော်ပြောလိုက်သည်။
“သူ့ကိုတားကြ၊ သူ့ကိုတားကြ”
ကျန်းရီ၏ မီးတောက်များက ကြောက်မက်ဖွယ်ကောင်းသော်လည်း စွမ်နီမျိုးနွယ်စစ်တပ်သည် အံကြိတ်ကာ အရှေ့သို့ တိုးဝင်လာကြ၏။ စွမ်နီရွှမ် သေသွားလျှင် တပ်သားများလည်း အပြစ်ပေးခံရမည်သာ။ စစ်သူကြီးများလည်း ခေါင်းပြတ်သွားမည်သာ။
“မင်းသား...”
လီရှန်းအာကို အလစ်တိုက်ခိုက်ရန် သွားနေကြသော အုပ်ချုပ်သူအဆင့် အကြီးအကဲနှစ်ယောက် တုန်လှုပ်သွား၏။ အကယ်၍ စွမ်နီရွှမ်သာ အသတ်ခံလိုက်ရပါက လီရှန်းအာကို ဖမ်းမိလျှင်လည်း ဘာအကျိုးရှိပါဦးမည်နည်း။ ထို့ပြင် လီရှန်းအာတို့က သတိထားနေကြပြီဖြစ်သည်။ သူတို့ ဝိညာဉ်ကပ်ပါးကောင်များ၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်လျှင်ပင် လီရှန်းအာကို ဖမ်းနိုင်ပါမည်လော။
“သွားမယ်...”
နောက်ဆုံးတွင် အုပ်ချုပ်သူအဆင့် အကြီးအကဲနှစ်ယောက်သည် အံကြိတ်ကာ ကျန်းရီနောက်သို့သာ ပျံလိုက်သွားလိုက်ကြသည်။ စွမ်နီရွှမ်၏ အသက်က ကျန်အရာအားလုံးထက် ပိုအရေးကြီးပေသည်။ သူတို့ သေရမည်ဆိုလျှင်ပင် စွမ်နီရွှမ်က ဘေးကင်းကင်းနှင့် ထွက်ပြေးနိုင်ရပေမည်။
ဟူး...
စွမ်နီမျိုးနွယ်မှ အုပ်ချုပ်သူအဆင့် အကြီးအကဲနှစ်ယောက် လှည့်ပြန်သွားသောအခါ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်မှ အကြီးအကဲနှစ်ယောက် သက်ပြင်းချလိုက်ကြ၏။ သူမတို့သည် အဝေးရှိ ကျန်းရီကို လှမ်းကြည့်လိုက်ကြသည်။ ကျန်းရီအနီးရှိ စွမ်နီမျိုးနွယ်ဝင်များက မီးလောင်သေဆုံးနေကြသည်။ သူ၏ အရှိန်အဝါကလည်း အလွန်အားကောင်းနေသည်။ သူမတို့ အလွန်စိတ်လှုပ်ရှားသွားကြပေသည်။
ကျန်းရီက အုပ်ချုပ်သူအဆင့် အကြီးအကဲများအပါအဝင် စွမ်နီမျိုးနွယ်၏ အင်အားတစ်သန်းရှိသော စစ်တပ်ကို တစ်ကိုယ်တော် ဖိနှိပ်နေသည်။ ထိုစစ်တပ်က ရှုံးနိမ့်တော့မည် ဖြစ်ကြောင်း ထင်ရှားသည်။ ရလဒ်မှာ သေချာနေပေပြီ။ သူမတို့ နိုင်သွားပေပြီ။
စွမ်းအားကြီး၏။
အစတွင် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်မှ အကြီးအကဲနှစ်ယောက်သည် ကျန်းရီကို အရေးမစိုက်ခဲ့ပေ။ သို့သော် ယခုတွင်မူ သူမတို့ ကျန်းရီအား အလေးထားလာပေပြီ။
စွမ်းအားကြီး သိုင်းသမားများသည် အမြဲ လေးစားခံရသည်။ ကျန်းရီ၏ အဆင့်အတန်းက လီရှန်းအာ၏ ကိုယ်လုပ်တော်သာ ဖြစ်သော်လည်း ယခုတွင်မူ ကျန်းရီမှာ အကြီးအကဲနှစ်ယောက်၏ အားကိုးရာ ဖြစ်လာပြီဖြစ်သည်။ လီရှန်းအာက အဘယ်ကြောင့် ကျန်းရီအပေါ် အလွန်နူးညံ့နေရကြောင်းကိုလည်း သူမတို့ သဘောပေါက်သွားကြသည်။
ဝှစ်...
ကျန်းရီ၏ အမြန်နှုန်းက အလွန်လျင်မြန်သည်။ သူနှင့် စွမ်နီရွှမ်ကြားမှ အကွာအဝေးက တဖြည်းဖြည်း နီးကပ်လာသည်။ သူ၏လက်နှစ်ဘက်ကလည်း မီးတောက်လုံးများ ထုတ်လွှတ်နေဆဲဖြစ်သည်။ သူ မီးတောက်များ ကုန်သွားမည်ကို မစိုးရိမ်ပေ။
ပေငါးထောင်၊ ပေသုံးထောင်...
စွမ်နီရွှမ်၏ အမြန်နှုန်းက ကျန်းရီ၏ အမြန်နှုန်းထက် များစွာပိုနှေးသည်။ စွမ်နီမျိုးနွယ်၏ အလျင်မြန်ဆုံး အုပ်ချုပ်သူအဆင့် အကြီးအကဲအချို့ပင် ကျန်းရီကို မီသည်ဆိုရုံသာ မီအောင် လိုက်နိုင်ကြပေသည်။
တပ်သားများက ကျန်းရီကို မတားနိုင်ကြပါ။ စွမ်နီရွှမ်တစ်ယောက် သူ့အနောက်မှ ကြောက်မက်ဖွယ်အရှိန်အဝါ နီးကပ်၍ လာသည်ကို ခံစားနေရသည်။ သူ့ရင်ထဲတွင် စိုးထိတ်မှုများ ပြည့်နှက်လာသည်။ ရုတ်တရက် သူ နောက်လှည့်ကာ အော်ပြောလိုက်လေသည်။
“ရောင်းရင်း... ဒီတစ်ခေါက် ငါ အရှုံးပေးပါတယ်။ မင်းသာ တိုက်ခိုက်မှုကို ချက်ချင်း ရပ်လိုက်မယ်ဆိုရင် ငါတို့ ဘာကိုမဆို စကားနဲ့ ဆွေးနွေးလို့ရပါတယ်။ ငါ့ခမည်းတော်က ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတစ်ယောက်နော်။ မင်း ငါ့ကို သတ်လိုက်ရင် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်က သေချာပေါက် ရှင်းပစ်ခံရလိမ့်မယ်။ ပြီးတော့ ငါတို့မျိုးနွယ်က တခြားမျိုးနွယ်ကြီးတွေနဲ့လည်း မဟာမိတ်ဖွဲ့ထားတယ်။ ငါတို့နောက်မှာ ထျန်းဖုန့်ဧကရာဇ်တောင် ရှိတယ်။ မင်း ငါ့ကို သတ်လိုက်ရင် နောက်ပြန်လှည့်လို့ မရတော့ဘူး။ ဘာလို့ ငါတို့ ရန်ငြိုးတွေကို ခဝါမချရမှာလဲ။ ငါ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကို ဘယ်တော့မှ ထပ်မတိုက်ခိုက်တော့ပါဘူးလို့ ကောင်းကင်ဧကရာဇ်သွေးသစ္စာ ဆိုရဲပါတယ်”
စွမ်နီရွှမ်၏ အသံက အလွန်ကျယ်လောင်သည်။ လီရှန်းအာတို့ပင် သူ့အသံကို ရှင်းလင်းစွာ ကြားလိုက်ရပြီး စိတ်လှုပ်ရှားသွားကြသည်။ စွမ်နီရွှမ်၏ စကားမှာ မယုတ်မလွန်ပင်။ ဤတိုက်ပွဲက အဆုံးသတ်ကို ရောက်နေပေပြီ။ သူမတို့ ရန်ငြိုးများကို ခဝါချလိုက်ရန်မှာလည်း အကြံဆိုးတစ်ခုတော့ မဟုတ်ပေ။
“ဟွန်း... တိုက်ခိုက်ချင်ခဲ့တာ မင်းတို့လေ။ အခု မင်းက ရန်ငြိုးတွေကို ခဝါချချင်နေပြီလား။ ဒီလောကထဲမှာ အဲ့လိုကောင်းတဲ့ကိစ္စမျိုး ရှိနိုင်ပါ့မလား...”
ကျန်းရီ၏ အေးစက်စက်အသံ ထွက်ပေါ်လာသဖြင့် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်မှ အကြီးအကဲနှစ်ယောက် မျက်နှာထားပြောင်းသွားပေသည်။
“ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကို ကျူးကျော်ရဲသူတိုင်း သေရမယ်။ ဒီနေ့ မင်းတို့ရဲ့ အင်အားတစ်သိန်း စစ်တပ်က မျိုးနွယ်ကို ပြန်နိုင်တော့မှာ မဟုတ်ဘူး”
***