← Chapters

မိစ္ဆာတစ်သန်းကို သတ်ဖြတ်ခြင်း

Vol. 125 Ch. 1743

မိစ္ဆာတစ်သန်းကို သတ်ဖြတ်ခြင်း

Vol. 125 Ch. 1743

လီရှန်းအာနှင့် အကြီးအကဲနှစ်ယောက်တို့သည် ဤမျှဆိုလျှင် စွမ်နီမျိုးနွယ်အတွက် လုံလောက်သော သင်ခန်းစာ ဖြစ်ပြီဟု တွေးကြ၏။ အုပ်ချုပ်သူအဆင့် သိုင်းသမားငါးယောက်က ကျန်းရီ၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။ တပ်သားသောင်းချီလည်း သတ်ဖြတ်ခံခဲ့ရသည်။ စွမ်နီမျိုးနွယ်က မျက်နှာပျက်ခဲ့ရပြီး ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ ဂုဏ်သတင်းက ဤတိုက်ပွဲပြီးနောက်တွင် များစွာတိုးတက်သွားတော့မည်ဖြစ်သည်။

ယခုတွင် စွမ်နီရွှမ်က အညံ့ခံနေပြီး ထပ်မံ မတိုက်ခိုက်တော့ပါဟု ကတိပေးနေသည်။ သူက ကောင်းကင်ဧကရာဇ်သွေးသစ္စာပင် ဆိုဦးမည်ဖြစ်သည်။

ထိုအဆုံးသတ်မှာ ပြီးပြည့်စုံသည်ဟု ဆိုနိုင်သည်။ ကျန်းရီသာ စွမ်နီရွှမ်နှင့် ကျန်သော တပ်သားများကို သတ်လိုက်လျှင် စွမ်နီမျိုးနွယ်ကို ဒေါသထွက်သွားအောင် လုပ်လိုက်သလို၊ စွမ်နီမျိုးနွယ်၏ မဟာမိတ်မျိုးနွယ်များကို စော်ကားလိုက်သလို ဖြစ်သွားပေလိမ့်မည်။ ထိုအခါ ထျန်းဖုန့်ဧကရာဇ်လည်း သေချာပေါက် ဒေါသူပုန်ထသွားမည်ဖြစ်ပြီး အကျိုးဆက်များ ဆိုးဝါးသွားပေလိမ့်မည်။

ကောင်းကင်ကြောင်ကတိုးမျိုးနွယ်မှ အကြီးအကဲတစ်ယောက်သည် ခေတ္တမျှ တွေး‌တော၍ လီရှန်းအာထံ အသံပို့လွှတ်လိုက်၏။

“မင်းသမီး... သူ့ကို မြန်မြန်တားလိုက်ပါ။ သူ စွမ်နီရွှမ်ကို သတ်လိုက်ရင် နောက်ပြန်လှည့်လို့ မရတော့ဘူး။ ကျွန်မတို့မျိုးနွယ် ပျက်သုဉ်းရလိမ့်မယ်”

လီရှန်းအာမှာ ငယ်သေးသဖြင့် ကိုယ်ပိုင်အမြင် သိပ်မရှိသေးပေ။ သူမ ခေတ္တမျှ ချီတုံချတုံ ဖြစ်နေပြီးမှ ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။

“သခင်... သခင် သူ့ကို သတ်စရာ မလိုပါဘူး။ ဒီကိစ္စကို မေ့လိုက်ကြတာပေါ့”

“ပါးစပ်ပိတ်ထား’

ကျန်းရီက အေးစက်သော မျက်ဝန်းများနှင့် လှမ်းကြည့်ကာ အသံပြန်ပို့လွှတ်လိုက်သည်။

“မင်း ဘာသိလို့လဲ။ ငါ သူ့ကို မသတ်ရင် ပြဿနာက အဆုံးရှိ‌တော့မှာ မဟုတ်ဘူး”

ကျန်းရီသည် ဘဝတစ်လျှောက်လုံး ကိစ္စများကို တွေ့ကြုံခဲ့ရဖူးပြီ။ သူ ရင်ဆိုင်ခဲ့ရသော မျိုးနွယ်ကြီးများမှ သခင်လေးများမှာ ဘယ်နှစ်ယောက် ရှိပါပြီနည်း။ ရေပင် မရေတွက်နိုင်တော့ပေ။ သူ ထိုသခင်လေးများ၏ အကျင့်စရိုက်ကို ကောင်းကောင်းသိသည်။ သူတို့၏ ဂုဏ်သတင်းက အခြားအရာအားလုံးထက် အရေးပါသည်။ စွမ်နီရွှမ်က ကောင်းကင်ဧကရာဇ်သွေးသစ္စာ ဆိုလျှင်လည်း မည်သို့ အရေးပါမည်နည်း။ သူ မတိုက်ခိုက်နိုင်လျှင် သူ့မိသားစုက တိုက်ခိုက်နိုင်သေးသည်။ ထို့ပြင် ပေါ်ပေါ်ထင်ထင် မတိုက်ခိုက်နိုင်ပါက အကောက်ကြံသည့် နည်းလမ်းများကိုလည်း သုံး၍ရသေးသည်။

အမြဲတမ်း အကောက်ကြံခံရမည်ကို စိုးရိမ်နေရမည့်အစား စွမ်နီရွှမ်ကို သတ်ပစ်၍ အရာအားလုံးကို တစ်ခါတည်း အဆုံးသတ်ပစ်လိုက်ရခြင်းက ပိုကောင်းပေသည်။

ကျန်းရီသည် စွမ်နီရွှမ်ကို အပြစ်ပြုခဲ့မိပြီးဖြစ်၍ အဆုံးအထိ သွားရန် ဆုံးဖြတ်ထားသည်။ သူသာ အင်အားတစ်သန်းရှိသော စွမ်နီမျိုးနွယ်စစ်တပ်ကို ရှင်းပစ်လိုက်လျှင် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ ဂုဏ်သတင်းက တိုးတက်သွားပေလိမ့်မည်။ သူတို့ အားလုံးကို ရှိန်သွားအောင် လုပ်နိုင်ပေလိမ့်မည်။ ထိုအခါ ဘေးမှ ရပ်ကြည့်နေကြသည့် အရှင်မချင်လင်း၏ သစ္စာတော်ခံဟောင်းများက သူတို့ဘက်မှ ရပ်တည်လာကြနိုင်သည်။

ကျန်းရီသည် သံမဏိကဲ့သို့ မာကြောသော နှလုံးသားနှင့် အရှေ့သို့ ပျံသန်းသွားပြီး မီးတောက်များ ထုတ်လွှတ်လိုက်သည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သူ စွမ်နီရွှမ်ကို လိုက်မီသွားသည်။

စွမ်နီရွှမ်၏ မျက်နှာပေါ်တွင် အကြောက်တရား ပြည့်နှက်နေသည်။ သူသည် ကျန်းရီ၏ အေးစက်စက် မျက်ဝန်းများကို ကြည့်ကာ ကြောက်မက်ဖွယ် သတ်ဖြတ်အရှိန်အဝါကို ခံစားနေရသည်။ သေခြင်း၏ အငွေ့အသက်ကိုပင် ရှူရှိုက်နေမိ၍ သူ သွေးရူးသွေးတန်း အော်ပြောလိုက်သည်။

“မင်း ငါ့ကို သတ်ရဲရင် ငါ့ခမည်းတော်က မင်းကို မြှုပ်စရာနေရာတောင် မရှိဘဲ သေရအောင် လုပ်ပစ်လိမ့်မယ်။ ပြီးတော့ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်လည်း ရှင်းထုတ်ခံရလိမ့်မယ်’

“စောက်ရူး...”

ကျန်းရီ စကားလုံးနှစ်လုံး ပြောလိုက်သည်။ ထို့နောက် ကြောက်ရွံ့နေသော စွမ်နီမျိုးနွယ်ဝင်များ၏ အကြည့်များအောက်မှာပင် စွမ်နီရွှမ်၏ ဦးခေါင်းကို သူ့သံလက်သီးနှင့် ထိုးခွဲလိုက်လေတော့သည်။

ရွှီး...

စွမ်နီရွှမ်၏ ခေါင်းပေါ်တွင် စစ်ခေါင်းဆောင်းတစ်လုံး ထွက်ပေါ်လာ၏။ သူ့ခန္ဓာကိုယ်ပေါ်တွင်လည်း အဖြူရောင်စစ်ချပ်ဝတ် ပေါ်လာသည်။ သူ့အရှိန်အဝါက အလွန်သိပ်သည်းလာသည်။ ကျန်းရီ အာရုံခံကြည့်လိုက်ပြီးနောက် ၎င်းက ရှေးဦးဝိညာဉ်ရတနာတစ်ခုဖြစ်ကြောင်း သိရှိလိုက်သည်။

ဝုန်း...

အစတွင် ကျန်းရီသည် အလောင်းကြီးကို ထုတ်၍ စွမ်နီရွှမ်အား သတ်ခိုင်းရန် တွေးမိ၏။ သို့သော် ပြန်‌တွေးကြည့်သောအခါ သူ ထိုစစ်ချပ်ဝတ်ကို အလဟဿအဖြစ်မခံနိုင်ပေ။ သူ စွမ်နီရွှမ်၏ ဦးခေါင်းကို ထိုးလိုက်သည်။ စွမ်နီရွှမ် မြေပြင်‌ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွား၏။ သူ့ဦးခေါင်းက အက်ကွဲသွားသော်လည်း သူ မသေသေးပေ။

“ရပ်လိုက်”

ကျန်နေသေးသော စွမ်နီမျိုးနွယ်မှ အုပ်ချုပ်သူအဆင့် အကြီးအကဲများက အော်ပြောလိုက်၏။ စွမ်နီမျိုးနွယ်တပ်သားများကလည်း ကျန်းရီထံသို့ ပျံသန်းသွားကြသည်။ သို့သော် မီးတောက်များ ထွက်ပေါ်လာသည်နှင့် ထိုတပ်သားများ မီးလောင်ကျွမ်းသွားကြ၏။ သူတို့ အနားကပ်မလာနိုင်‌တော့ပေ။

ဝှစ်...

ကျန်းရီ အောက်ဘက်သို့ ပျံဆင်းလိုက်သည်။ သူ့ ဘယ်ဘက်လက်သီးထဲတွင် မိုးမြေစွမ်းအား လည်ပတ်နေသည်။ အောက်ရောက်သည်နှင့် သူ စွမ်နီရွှမ်၏ ဦးခေါင်းကို ရက်ရက်စက်စက် ထပ်ထိုးချလိုက်သည်။

“အား...”

အော်သံကြီးတစ်သံ ထွက်ပေါ်လာပြီး လှပသော အဖြူရောင်စစ်ချပ်ဝတ်နှင့် သိုလှောင်လက်စွပ်တစ်ကွင်း ပျံထွက်သွား၏။ စွမ်နီရွှမ်၏ ဦးခေါင်းက ကွဲကြေသွားပေပြီ။ စိတ်ဝိညာဉ်လည်း လွင့်ပြယ်သွားပြီ။ သူ လုံးဝ သေဆုံးသွားပြီဖြစ်သည်။

“မင်းသား...”

စွမ်နီမျိုးနွယ်မှ အုပ်ချုပ်သူအဆင့် အကြီးအကဲများက နာကျင်စွာ အော်လိုက်ကြပြီး သူတို့ထဲမှ သုံးယောက်က ကျန်းရီဆီသို့ ပျံဆင်းသွားကြ၏။ သို့သော် ကျန်သော နှစ်ယောက်ကမူ တုံ့ဆိုင်းနေပြီး မလှုပ်ရှားကြပေ။

ဝှစ်...

ကျန်းရီသည် မြေပြင်ပေါ်မှ ပျံတက်ကာ အုပ်ချုပ်သူအဆင့် အကြီးအကဲ သုံးယောက်ဆီ မကြောက်မရွံ့ ဦးတည်သွားလိုက်သည်။ သူ ထိုသုံးယောက်အနီးသို့ ရောက်သောအခါ အလောင်းကြီးကို ထုတ်လိုက်၏။ အလောင်းကြီးက အုပ်ချုပ်သူအဆင့် အကြီးအကဲတစ်ယောက်ကို တိုက်ခိုက်လိုက်လေသည်။

ဝုန်း...

ဓားသုံးလက်က ကျန်းရီနှင့် အလောင်းကြီး၏ ဦးခေါင်းအပေါ် ကျလာ၏။ လျှပ်စီးတန်းသုံးတန်းလည်း တစ်ပြိုင်တည်းနီးပါး ပျံထွက်လာသည်။ သို့သော် အုပ်ချုပ်သူအဆင့် အကြီးအကဲနှစ်ယောက်သည်လည်း ကျန်းရီနှင့် အလောင်းကြီး၏ တိုက်ခိုက်မှုကို ခံလိုက်ရပေသည်။

ဝှစ်...ဝှစ်...

ဦးခေါင်းမဲ့ အလောင်းနှစ်လောင်းက ကောင်းကင်မှနေ၍ အောက်သို့ ပြုတ်ကျသွားသည်။ နောက်ဆုံး အကြီးအကဲသည် သတိကပ်လာပြီး ကျန်းရီ၏ ညာဘက်လက်က အဖြူရောင်အလင်း လင်းလက်လာသည်ကို တွေ့လိုက်၏။ သူ့မျက်နှာတွင် သွေးဆုတ်သွားသည်။ သူ ဤနေရာတွင် ဆက်နေလျှင် ကိုယ့်သေတွင်းကိုယ်တူးခြင်း ဖြစ်ကြောင်းကိုလည်း သဘောပေါက်သွားသည်။

“ပြန်ဆုတ်ကြ...”

အကြီးအကဲက ဒေါသနှင့် နာကျင်မှုတို့ ပြည့်နှက်နေသော လေသံနှင့် အော်ပြောလိုက်၏။ သူ စွမ်နီရွှမ်၏ အလောင်းကို ပြန်သယ်သွားလိုခဲ့သည်။ သို့သော် ယခုတွင်မူ ထိုသို့လုပ်နိုင်ရန် မျှော်လင့်ချက်မရှိတော့ပုံပင်။ အခြား အုပ်ချုပ်သူအဆင့် အကြီးအကဲနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြပြီး မတူသော ဦးတည်ရာတစ်ဘက်စီသို့ ပျံသန်းသွားလိုက်ကြသည်။ သူတို့ ယခု ထွက်မပြေးလျှင် ဤနေရာတွင် ထာဝရနေရပေလိမ့်မည်။

တန်...တောင်...

ကျန်းရီသည် ဗျပ်စောင်းကို ချက်ချင်းထုတ်၍ ခပ်ကြမ်းကြမ်းတီးခတ်လိုက်ကာ ပတ်ဝန်းကျင်တွင် ဗျပ်စောင်းသံများ ပဲ့တင်ထပ်သွားစေလိုက်သည်။ တောင်ဘက်သို့ ပျံပြေးနေသော စွမ်နီစစ်တပ်သည် လေထဲတွင် ရပ်တန့်သွားသည်။ တပ်သားအများစုသည် သူတို့၏ ဦးခေါင်းများကို ဆုပ်ကိုင်ကာ လေထဲတွင် လူးလွန့်နေကြပေသည်။

ဝှစ်...

ကျန်းရီသည် အလောင်းကြီး၏ ပခုံးထက်သို့ တက်၍ အလောင်းကြီးကို စတင်သတ်ဖြတ်စေလိုက်သည်။ ဤတိုက်ပွဲက အားလုံးကို ကြောက်ရွံ့သွားစေရပေမည်။ မိစ္ဆာများကို လုံလောက်အောင် သတ်ရမည်။ သူတို့က လူသားများ မဟုတ်သဖြင့် ကျန်းရီ အပြစ်ရှိစိတ် မခံစားရပေ။

ဝုန်း...ဝုန်း...ဝုန်း...

အုပ်ချုပ်သူအဆင့် အကြီးအကဲသုံးယောက်နှင့် ကျန်သော တပ်သားအားလုံးသည် ဗျပ်စောင်းသံကြောင့် ကြောက်ရွံ့နေကြသည်။ သူတို့သည် သိုးအုပ်တစ်အုပ်နှင့် မကွာပေ။ အလောင်းကြီးသည် ၎င်း၏ လက်ကြီးများကို လှုပ်ယမ်း၍ မိစ္ဆာများကို သတ်ဖြတ်နေသည်။ တစ်ချက်ယမ်းလိုက်တိုင်း မိစ္ဆာအနည်းငယ် သေဆုံးသွားသည်။ ၎င်းဖြတ်သွားရာ နေရာတိုင်းတွင် မြေပေါ်သို့ ပြုတ်ကျသွားသော အလောင်းများ ရှိနေပေသည်။

ရှူး...ရှူး...

လီရှန်းအာနှင့် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်မှ အကြီးအကဲနှစ်ယောက်တို့ ပင့်သက်ရှိုက်ကာ နောက်ဆုတ်သွားကြ၏။ သူမတို့သည် အတော်လှမ်းလှမ်းတွင် ရှိနေကြသော်လည်း ဗျပ်စောင်းသံကြောင့် တုန်လှုပ်နေမိပေသည်။ သူမတို့ တစ်ချက် တစ်ချက် အသိပြန်ကပ်လာတိုင်း စွမ်နီမျိုးနွယ်စစ်တပ်၏ တပ်သားတစ်သောင်းလောက် ပျောက်ပျောက်သွားသည်။ ကျန်းရီက သူတို့ကို မြက်ပင်ရိတ်သလို အလွယ်တကူ သတ်ဖြတ်နေပေသည်။ ဤနှစ်များအတွင်း မည်သည့်မိစ္ဆာကမှ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကို မတိုက်ခိုက်ဝံ့ခဲ့ပေ။ ထို့ကြောင့် သူမတို့သည် တိုက်ပွဲကြီးကြီးမားမား တိုက်ခိုက်ရသည်ဟူ၍ မရှိခဲ့။ ဤကဲ့သို့သော မြင်ကွင်းမျိုးကိုလည်း တစ်ခါမှ မမြင်ဖူးခဲ့ပါချေ။

သန်းနှင့်ချီ၍ သတ်ဖြတ်ခြင်းမှာ ကျန်းရီအတွက်မူ ပထမဆုံးအကြိမ် မဟုတ်ပါ။ ဆိုရလျှင် ယခုတစ်ခေါက်က မိစ္ဆာအရေအတွက် တစ်သန်းပင် မပြည့်ချင်ပါ။ ကျန်းရီသည် သံမဏိနှလုံးသားနှင့် မိစ္ဆာတစ်ကောင်ပြီးတစ်ကောင်ကို သတ်နေသည်။ တစ်နာရီအတွင်းမှာပင် ကောင်းကင်ထဲတွင် စွမ်နီမျိုးနွယ်တပ်သားတစ်ယောက်ပင် ရှိနေ‌တော့ပေ။

ဝှစ်...

ကျန်းရီသည် မြေပြင်ပေါ်၌ လုံးလုံးမသေသေးသော စွမ်နီမျိုးနွယ်တပ်သားအချို့ ရှိနေသေးကြောင်း အာရုံခံမိလိုက်၍ အလောင်းကြီးကို အောက်သို့ ပျံဆင်း၍ ထိုသူများကို သတ်ရန် စေခိုင်းလိုက်သည်။ စွမ်နီမျိုးနွယ်တပ်သားအားလုံး သေဆုံးသွားသောအခါမှ သူ အလောင်းကြီးကို ပြန်သိမ်းလိုက်သည်။ ထို့နောက် လီရှန်းအာနှင့် အကြီးအကဲနှစ်ယောက်၏ အရှေ့တွင် ရပ်ကာ လက်ဝှေ့ယမ်း၍ ပြောလိုက်လေသည်။

“အခု အဆင်ပြေသွားပြီ။ ပြန်ကြစို့”

“ဟုတ်ကဲ့ပါ သခင်လေးကျိုး”

လီရှန်းအာသည် အကြီးအကဲနှစ်ယောက်၏ အရှေ့မှာပင် ကျန်းရီကို သခင်လေးဟု ရိုရိုကျိုးကျိုး ခေါ်လိုက်ပြီး ကျန်းရီနောက်မှလိုက်၍ ကောင်းကင်ကြောင်ကတိုးတောင်သို့ ပြန်သွားလိုက်သည်။ အကြီးအကဲနှစ်ယောက်အနေဖြင့်လည်း ယင်းကို ငြင်းဆန်စရာအကြောင်း မရှိတော့ပါ။

ကျန်းရီသည် သူ၏ဇာစ်မြစ်ကို မထုတ်ဖော်လိုပါ။ ကောင်းကင်မိစ္ဆာဘုံက အခြားဘုံများနှင့် အဆက်အဆံမရှိသော်လည်း မိစ္ဆာအရှင်သုံးပါးက ကမ္ဘာဦးကောင်းကင်ဘုံထဲတွင် သူလျှိုများ ထည့်မထားဟု မည်သည်က အာမခံနိုင်ပါမည်နည်း။

အကြီးအကဲနှစ်ယောက်သည် တံတွေးမျိုချကာ ကြောက်ကြောက်ရွံ့ရွံ့နှင့် ကျန်းရီတို့နောက်သို့ ပျံလိုက်သွားကြသည်။ မကြာမကြာဆိုသလို သူမတို့သည် တောင်များပေါ်တွင် ပြန့်ကျဲနေသော အလောင်းများကို လှည့်ကြည့်ကြပေသည်။ သူမတို့၏ မျက်နှာများက စိမ်းဖန့်နေသည်။ သူမတို့သည် ကျန်းရီကို တမလွန်ဘုံဘုရင်တစ်ပါးအလား ကြည့်နေကြပြီဖြစ်သည်။

သုံးကီလိုမီတာ ပျံသန်းပြီးနောက် အကြီးအကဲတစ်ယောက်က သတ္တိမွေးကာ ပြောလိုက်၏။

“အာ.. အ..အရှင်ကျိုး၊ ကျွန်မတို့ အဲ့အလောင်းတွေကို ရှင်းဖို့ လူစေလွှတ်လိုက်ရမလား”

မြေပြင်ပေါ်တွင် အလောင်းများစွာ ပြန့်ကျဲနေသည်ကို မြင်ရခြင်းက ကြောက်မက်ဖွယ်ကောင်းပေသည်။ ထို့ပြင် အလောင်းများမှနေ၍ ရောဂါပိုးများလည်း ပျံ့ပွားနိုင်သည်။ ထိုနေရာက ကောင်းကင်ကြောင်ကတိုးတောင်နှင့် သိပ်မဝေး‌ပေ။

“ဘာကို ရှင်းမှာလဲ”

ကျန်းရီက အေးစက်စက် လှည့်ကြည့်၍ ပြောလိုက်သည်။

“တပ်သားတွေစေလွှတ်ပြီး အလောင်းတွေအကုန်လုံးကို တောင်ဘက်ကို ရွှေ့ခိုင်းလိုက်ပါ။ ဒီအတိုင်း လွှင့်ပစ်ခိုင်းလိုက်။ အလောင်းတွေက ကောင်းကင်ကြောင်ကတိုးတောင်နားမှ ရှိမနေရင် ပြီးတာပဲ မဟုတ်လား။ ပြီးတော့ အရှေ့ဒေသထဲမှာရှိတဲ့ မျိုးနွယ်အကုန်လုံးဆီလည်း တမန်တော်တွေ စေလွှတ်လိုက်.. ကောင်းကင်ကြောင်ကတိုးတောင်ကို ကျူးကျော်ရဲသူတိုင်း ဒီစွမ်နီမျိုးနွယ်စစ်တပ်လို အဆုံးသတ်ရလိမ့်မယ်လို့ ပြောလိုက်”

“အဲ့ဒါက...”

အကြီးအကဲနှစ်ယောက်သည် ကြောက်ရွံ့တုန်ယင်သွားကြ၏။ ကျန်းရီက အလွန်မောက်မာလွန်းနေသည် မဟုတ်လော။ သူက အရှေ့ဒေသထဲရှိ မျိုးနွယ်အားလုံးကိုပင် ခြိမ်းခြောက်လိုနေသည်လော။ အကယ်၍ ထိုမျိုးနွယ်များက အင်အားပူးပေါင်းကာ တိုက်ခိုက်မည်ဆိုလျှင် ကောင်းကင်ကြောင်ကတိုးတောင်က ပြားကပ်၍ပင် သွားနိုင်သည် မဟုတ်ပါလော။

***

All Chapters