← Chapters

သူက အန္တရာယ်များတဲ့နေရာတစ်ခုကနေ လာခဲ့တာ

Vol. 125 Ch. 1745

သူက အန္တရာယ်များတဲ့နေရာတစ်ခုကနေ လာခဲ့တာ

Vol. 125 Ch. 1745

ကျန်းရီက အခန်းအောင် ကျင့်ကြံနေသည်။

အရာအားလုံးမှာ တံလျှပ်သာ။ တိုက်ခိုက်စွမ်းအားကသာ အစစ်မှန်ဆုံးအရာဖြစ်သည်။ အကြွင်းမဲ့စွမ်းအား၏ မျက်မှောက်တွင် အကောက်ကြံမှုများ၊ လှည့်ကွက်များက အသုံးမဝင်တော့ပေ။

ဥပမာအားဖြင့် တောက်နူကဲ့သို့သော စွမ်းအားကြီး သိုင်းသမားတစ်ယောက်က ကောင်းကင်ကြောင်ကတိုးတောင်ကို ရုတ်တရက် ဝင်တိုက်မည်ဆိုလျှင် ကျန်းရီထံ၌ လှည့်ကွက်မည်မျှရှိပါစေ သူ သေရဦးမည်သာ၊ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်က ရှင်းပစ်ခံရဦးမည်သာ။ ထို့ကြောင့် ကျန်းရီအနေဖြင့် စက္ကန့်တိုင်းကို တန်ဖိုးထား၍ အ‌ကောင်းဆုံးကြိုးစားကာ သူ့ခန္ဓာကိုယ်ရှိ သွေးကြောမှတ်အားလုံးထဲတွင် ဆန်းကြယ်သော ပုံသဏ္ဌာန်များ ဖန်တီးရပေမည်။ သူ သွေးကြောမှတ်တစ်မှတ်ကို ကျင့်ကြံပြီးသွားတိုင်း သူ့အင်အားက အနည်းငယ် တိုးတက်လာသည်။ သူ့ကိုယ်သူနှင့် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကို ကာကွယ်နိုင်ခြေကလည်း တိုးလာပေသည်။

ကျန်းရီသည် အခြားနေရာမှ သွေးကြောမှတ်များကို မကျင့်ကြံသေးဘဲ ဘယ်ဘက်လက်တစ်လျှောက်ရှိ သွေးကြောမှတ်များကိုသာ ဆက်ကျင့်ကြံ၏။ လက်ကို သံမဏိလက်ဖြစ်အောင် ကျင့်ကြံပြီးသွားလျှင် သူ့ရန်သူများကို ပို၍ပြင်းထန်စွာ တိုက်ခိုက်နိုင်မည်ဖြစ်သည်။

ကျန်းရီသည် လက်ထဲတွင် နတ်ဘုရားသစ်ရွက်ကို ကိုင်၍ အလောင်းကြီး၏ကိုယ်ထဲရှိ သွေးကြောမှတ်များကို ‌လေ့လာကာ သူနှင့် သင့်တော်မည့် ပုံသဏ္ဌာန် အစီအရင်ငယ်များကို ရှာဖွေနေသည်။ ခေတ္တမျှ စူးစမ်းနေပြီးနောက် သူ၏ စူးစမ်းနိုင်စွမ်းက တိုးတက်လာကြောင်း ရုတ်တရက် သိလိုက်ရ၏။ ထို့ကြောင့် သူ့ကိုယ်ထဲကို ပြန်အာရုံခံကြည့်သောအခါ သူ့စိတ်ဝိညာဉ်က များစွာပို၍ သိပ်သည်းလာသည်ကို တွေ့လိုက်ရလေသည်။

‘ဘာဖြစ်နေတာလဲ’

ကျန်းရီ မှင်တက်သွားသည်။ သူသည် သူ့စိတ်ဝိညာဉ်ကို အားဖြည့်ရန် ဝိညာဉ်ဆေးပင်များ သုံးခဲ့သော်လည်း စိတ်ဝိညာဉ် သန်မာနှုန်းက နှေးခဲ့သည်။ သို့ဖြစ်ရာ စိတ်ဝိညာဉ်က အချိန်တိုအတွင်း လက်ရှိအခြေအနေသို့ ရောက်မသွားသင့်ပေ။

‘ဟိုဟာကြောင့်များလား...’

ကျန်းရီ တစ်ကိုယ်လုံး တုန်ယင်သွား၏။ သူသည် မိစ္ဆာမျိုးနွယ်မှ မိန်းမပျိုတစ်ယောက်နှင့် ဆက်ဆံခဲ့သည်မှလွဲ၍ အခြားအရာများ မလုပ်ခဲ့ပေ။ သူ့စိတ်ဝိညာဉ် သန်မာလာခြင်းမှာ လီရှန်းအာနှင့် သက်ဆိုင်နေသလော။

‘အဲ့ဒါပဲ ဖြစ်ရမယ်။ တူနှစ်ကိုယ်ကျင့်ကြံခြင်းလို့ ခေါ်တာ နှစ်ယောက်စလုံးအတွက် အကျိုးရှိစေလို့ပဲ’

ကျန်းရီ ရုတ်တရက် သဘောပေါက်သွားသည်။ ယခုမှ သဘောပေါက်ရခြင်းအတွက် သူ့အား မပြစ်မဆိုသာပါ။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ အမျိုးသမီးများထံတွင် အလွန်ဆန်းကြယ်သောဆွဲဆောင်မှုတစ်ခု ရှိသည်။ သူတို့ ‘ဟိုအရာ’ကို လုပ်နေစဉ်တွင် ယောက်ျားများသည် လုံးဝမိန်းမောကာ အရာအားလုံးကို မေ့လျော့သွားမည်ဖြစ်သည်။ ကျန်းရီသည် သူတို့ တူနှစ်ကိုယ်ကျင့်ကြံခြင်းကို မည်သို့ ကျင့်ကြံခဲ့ကြောင်းကိုပင် မသိပါ။ အရာအားလုံးကို လီရှန်းအာကသာ ဦးဆောင်သွားခဲ့သည်။ သူက ဤအတိုင်း အရသာခံနေခဲ့ရုံသာ။

‘မဆိုးဘူး၊ မဆိုးဘူး’

ကျန်းရီ ခေါင်းဆတ်လိုက်သည်။ သူသည် မိစ္ဆာမျိုးနွယ်မှ အမျိုးသမီးအပေါ် လုံးဝအမြင်ပြောင်းလဲသွားပေပြီ။ သူမတို့က အပြည့်အဝ ပုံစံပြောင်းထားလျှင် လူသားများနှင့် မခြားပါချေ။

အထက်ဘုံနှင့် ကောင်းကင်ဘုံတွင်လည်း ထူးခြားသောမျိုးနွယ်ခွဲများစွာ ရှိသည် မဟုတ်ပါလား။ ကျန်းရှောင်နူမှာ ထူးခြားသောမျိုးနွယ်တစ်ခုကပင်။ အပြည့်အဝ ပုံစံပြောင်းထားသော မိစ္ဆာများမှာ ထူးခြားသော မျိုးနွယ်ဝင်များနှင့် ဆင်တူသည်။ ကျန်းရီသည် ၎င်းကို လက်ခံလိုက်သောအခါ စိတ်ရှင်းသွားပြီး ရှေ့ဆက်လိုစိတ်ပင် ပေါက်သွားပေသည်။

ကျန်းရီသည် အထက်ဘုံသို့ ရောက်ကတည်းက မိန်းမများနှင့် တတ်နိုင်သမျှ ခပ်ကင်းကင်းနေခဲ့သည်။ သူ ကစားခဲ့သော မိန်းမဟူ၍ လောချင်းယန်သာ ရှိသည်။ ထိုနောက်ပိုင်း သူ မည်သည့်မိန်းမကိုမှ မထိခဲ့ပေ။ ထို့ကြောင့် သူ ကြောင်ခံတွင်းပျက်တစ်ကောင်ကဲ့သို့ ဖြစ်နေပေပြီ။ လီရှန်းအာကဲ့သို့ ဇရက်တောင်ပံကျိုးလေးနှင့် တွေ့သောအခါ သူ မည်သို့ စိတ်ထိန်းနိုင်ပါတော့မည်နည်း။

‘ကျင့်ကြံရမယ်’

ကျန်းရီသည် ဒုန်းစိုင်းနေသော အတွေးစများကို ဇက်ကြိုးသတ်လိုက်ပြီး ကျင့်ကြံခြင်းတွင်သာ အာရုံပြန်စိုက်လိုက်၏။ အပြင်တွင် ဖြစ်ပျက်နေသည်များကိုလည်း အရေးမစိုက်တော့ပေ။ သူ၏တွက်ချက်မှုအရ စွမ်နီမျိုးနွယ်က တပ်သားများ ထပ်စေလွှတ်ရန် အနည်းဆုံး ဆယ်ရက်မှ လဝက် စောင့်ပေလိမ့်မည်။ သူက လူလုံးထွက်မပြလျှင် စွမ်နီမျိုးနွယ်က မဆင်မခြင် မလုပ်ဝံ့ဘဲရှိနေမည် မဟုတ်ပါလား။

မိစ္ဆာအရှင်သုံးပါး၏ အင်အားစုများက အချင်းချင်း စောင့်ကြည့်ကာ အင်အားမျှခြေယူထားကြသည်။ ထို့ကြောင့် အရှင်မချင်လင်း၏ လက်အောက်ခံမျိုးနွယ်များကလည်း အင်အားပူးပေါင်းသင့်သည်။ သူတို့သာ အခြားအရှင်များလက်အောက်မှ မျိုးနွယ်များနှင့်လည်း မဟာမိတ်ဖွဲ့နိုင်မည်ဆိုလျှင် ထျန်းဖုန့်ဧကရာဇ်၏ အင်အားစုများကို အင်အားအလုံးအရင်နှင့် ရှင်းပစ်နိုင်လောက်သည်။ ထိုအခါ စွမ်နီမျိုးနွယ်လည်း ပျက်သုဉ်းရပေလိမ့်မည်။

ကောင်းကင်ကြောင်ကတိုးတောင်တွင် တမန်တော်ရာကျော် ရောက်နေပြီဖြစ်ကြောင်း ကျန်းရီ မသိသေးပေ။ ထို့ပြင် တမန်တော်များက ဆက်၍ ရောက်လာနေဆဲပင်။ သူတို့ ရောက်လာရသည့် ရည်ရွယ်ချက်များမှာ ရှင်းသည်။ ပထမရည်ရွယ်ချက်မှာ အခြေအနေကို စုံစမ်းရန်ဖြစ်သည်။ ဒုတိယရည်ရွယ်ချက်မှာမူ မဟာမိတ်ဖွဲ့ရန်ပင်။ တတိယမှာကား စိတ်ဝမ်းကွဲအောင် လုပ်ရန်ဖြစ်လေသည်။

အင်အားပူးပေါင်းခြင်း...

ရှေးခေတ်ကတည်းက အင်အားပူးပေါင်းခြင်းမှာ အာဏာကစားပွဲတွင် အခြေခံ ဗျူဟာတစ်ခု ဖြစ်ခဲ့သည်။ စိတ်ဝမ်းကွဲ‌အောင် လုပ်ခြင်းကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့သည်။ အရှင်သုံးပါး၏ အင်အားစုသုံးစုသည် ကောင်းကင်ကြောင်ကတိုးတောင်ကို တိုက်ပွဲပြင်တစ်ခုအဖြစ် သဘောထားကြသည်။ ကြမ်းကြုတ်နဂါးဘုရင် သေဆုံးသွားမှုနှင့် ကြမ်းကြုတ်နဂါးမျိုးနွယ် အင်အားကျဆင်းသွားမှုတို့ကြောင့် အရှေ့ဒေသက အပြောင်းအလဲကြီးတစ်ခုနှင့် ကြုံကိုကြုံတွေ့ရမည်ဖြစ်သည်။ ယခုတွင် မည်သို့ပြောင်းလဲလာမည်ကိုသာ စောင့်ကြည့်ရပေတော့မည်။

ခြေတစ်လှမ်းမှားလျှင် နောက်ခြေလှမ်းများလည်း ဆက်မှားနိုင်သည်။

ဤတိုက်ပွဲသည် မျိုးနွယ်များစွာ၏ ရှင်သန်ရပ်တည်နိုင်ရေးနှင့် သက်ဆိုင်နေသည်။ ထို့ကြောင့် လောလောဆယ်တွင် မည်သူကမှ မလှုပ်ရှားဝံ့သေးပေ။ မျိုးနွယ်ကြီးများအားလုံးသည် လျှို့ဝှက်ညှိနှိုင်းဆွေးနွေးရန်အတွက် ကောင်းကင်ကြောင်ကတိုးတောင်သို့ တမန်တော်များသာ စေလွှတ်နေကြသည်။ မကြာသေးခင်အတောအတွင်း ကောင်းကင်ကြောင်ကတိုးတောင်က စည်းကားနေခဲ့ပေသည်။

***

နန်းတော်ခန်းမတစ်ဆောင်ထဲတွင် လီရှန်းအာသည် အရေးကြီးပုဂ္ဂိုလ်တစ်စုနှင့် ထိုင်နေ၏။ ဤတစ်ခေါက်တွင် သူမက ထိပ်ဆုံးမှ ထိုင်ခုံတွင် မထိုင်ဘဲ ထိပ်ဆုံးခုံ ဘယ်ဘက်ရှိ ပထမခုံတွင် ထိုင်သည်။ ထိပ်ဆုံးခုံတွင်မူ အဘိုးအိုတစ်ယောက်ထိုင်နေသည်။ ထိုအဘိုးအိုက တုတ်ခိုင်သန်မာသည်။ သူ့ဦးခေါင်းပေါ်တွင်လည်း ဧရာမဦးချိုတစ်ချောင်းရှိသည်။ ထိုဦးချိုမှာ အဖြောင့်မဟုတ်ဘဲ ဦးခေါင်းဘက်သို့ ပြန်ကွေးနေသည်။ ၎င်းပုံစံမှာ အလွန်ထူးခြားပေသည်။

လုံအောင်း...

ကြမ်းကြုတ်နဂါးမျိုးနွယ်၏ ဒုတိယအကြီးအကဲ၊ ကွယ်လွန်သွားသော ကြမ်းကြုတ်နဂါးဘုရင်၏ သားတော်တစ်ပါး။ သူ၏ ကျင့်ကြံခြင်းအဆင့်က ဧကရာဇ်တစ်ပိုင်းအဆင့်တွင် ရှိပေသည်။

လုံအောင်းက ထိပ်ဆုံးခုံတွင် ထိုင်ခြင်းကို မည်သူမှ အတွန့်မတက်ရဲပါ။ ယနေ့ ဤခန်းမထဲရှိ ပုဂ္ဂိုလ်အားလုံးမှာ အရှင်မချင်လင်းအပေါ် သစ္စာရှိသူများ ဖြစ်ကြသည်။ လုံအောင်းက အားလုံးကို စုဝေးရသည့် ရည်ရွယ်ချက်မှာလည်း ရှင်းသည်။ လက်ရှိအချိန်တွင် မျိုးနွယ်အားလုံးသည် အခြေအနေကို သဘောပေါက်နေကြပေပြီ။ သူတို့သာ အင်အားမပူးပေါင်းလျှင် မျိုးနွယ်တစ်ခုချင်း ရှင်းပစ်ခံရပေလိမ့်မည်။

လုံ‌အောင်၏ မျက်ဝန်းများက ပြူးကျယ်ပြီး ဒေါသထွက်နေသော နတ်ဆိုးတစ်ကောင်ဟု ထင်ရ၏။ သူ့ပုံစံမှာ အတန်ငယ် ကြောက်မက်ဖွယ်ကောင်းသည်။ သူသည် ခန်းမကို ဝေ့ဝဲကြည့်လိုက်ပြီး အားလုံး ရှိနေကြောင်း သေချာအောင် အတည်ပြုလိုက်၏။ ထို့နောက်မှ လီရှန်းအာကို ကြည့်ကာ ပြောလိုက်သည်။

“မင်းသမီရှန်းအာ.. အားလုံး ဒီမှာ ရှိနေပြီ။ မင်းသမီးရဲ့ မဟာအကြီးအကဲလည်း ဒီမှာ ရှိနေသင့်တယ် မဟုတ်လား။ မင်းသမီးက ကျုပ်တို့ကို မျက်နှာသာမပေးတော့ဘူးလား”

အကြည့်များက လီရှန်းအာအပေါ် ကျ‌ရောက်သွား၏။ အကြည့်များစွာထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေကြသည်။ သူတို့သည် ထိုပုဂ္ဂိုလ်ကို မြင်လိုနေကြသည်။ သူ၏ တိုက်ခိုက်စွမ်းအားက ကောလာဟလများအတိုင်း စွမ်းအားကြီးပါသလော။ အပြင်တွင် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ မဟာအအကြီးအကဲက ကြမ်းကြုတ်နဂါးဘုရင်နှင့်ပင် ယှဉ်နိုင်လောက်ပြီး အရှင်သုံးပါးထက် တစ်ဆင့်သာ နိမ့်လောက်သည်ဟု ပြောဆိုနေကြသည် မဟုတ်ပါလား။

လီရှန်းအာ ထရပ်လိုက်ပြီး လုံအောင်းကို ဦးညွှတ်လိုက်၏။ ထို့နောက် ကျန်သော အကြီးအကဲများကို ဆက်ဦးညွှတ်ကာ ပြောလိုက်သည်။

“အရှင်လုံအောင်း... ကျွန်မ တောင်းပန်ပါတယ်။ မဟာအကြီးအကဲက တိုက်ပွဲက ပြန်ရောက်ကတည်းက အခန်းအောင်း ကျင့်ကြံနေပါတယ်။ သူက ဆန်းကြယ်စွမ်းရည်တစ်ခုကို ကျင့်ကြံနေတာလို့ ပြောပါတယ်။ သူ့ကို အချိန်တစ်ခုပေးလိုက်ရင် သူ့အင်အားက အများကြီး တိုးတက်လာပါလိမ့်မယ်”

“အာ...”

အားလုံး အံ့အားသင့်သွားကြသည်။ ကျန်းရီက အုပ်ချုပ်သူအဆင့် သိုင်းသမားများကိုပင် အလွယ်တကူ သတ်နိုင်နေပြီဖြစ်သည်။ သူ၏ တိုက်ခိုက်စွမ်းအားက ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများ၏ တိုက်ခိုက်စွမ်းအားနှင့် ယှဉ်နိုင်သည်။ ယခု သူ၏ တိုက်ခိုက်စွမ်းအားက များစွာပို၍ တိုးတက်လာဦးမည်ဆိုလျှင် အလွန်ကြောက်စရာကောင်းမနေသလော။

ကျန်းရီသာ အမှန်ပင် ထိုမျှစွမ်းအားကြီးသည်ဆိုလျှင် အရှေ့ဒေသတွင် ကြမ်းကြုတ်နဂါးဘုရင်အသစ် ရှိလာပေလိမ့်မည်။ သူက အခြားမျိုးနွယ်များကို ဖိနှိပ်နိုင်လိမ့်မည်။ မည်သူကမှ မဆင်မခြင် လှုပ်ရှားဝံ့မည် မဟုတ်ချေ။

လုံအောင်း၏ မျက်ဝန်းများ အရောင်လက်သွား၏။ သူ ခေတ္တမျှ တွေးတောပြီးနောက် မေးလိုက်သည်။

“မင်းသမီးရှန်းအာ... ဒါက ဟာသတစ်ခု မဟုတ်ဘူး။ မင်းသမီး သေချာရဲ့လား။ ပြီးတော့... သူက မင်းသမီးတို့ကောင်းကင်ကြောင်ကတိုးမျိုးနွယ်က မဟုတ်ဘူး မဟုတ်လား။ မင်းသမီး သူ့ကို ဘယ်လို သိမ်းသွင်းနိုင်ခဲ့တာလဲ”

လုံအောင်း ဤတောင်ကို ရောက်နေခြင်းမှာ ထိုကိစ္စကို စုံစမ်းရန်ဖြစ်သည်။

လီရှန်းအာက ကျန်းရီနှင့် ဇာတ်တိုက်ထားပြီးပေပြီ။ သူမသည် ခေတ္တမျှ တွေးတောလိုက်ပြီး မပြောချင့်ပြောချင့်ဟန်ဖြင့် ခပ်ဆိုင်းဆိုင်း ပြောလိုက်၏။

“ရှန်းအာက အဲ့လိုအရေးကြီးကိစ္စကို ဘယ်လိုလုပ် စနောက်ရဲမှာပါလဲ။ သူက တကယ်ပဲ ကျွန်မတို့ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်က မဟုတ်ပါဘူး။ သူက ကျွန်မတို့မျိုးနွယ်ရဲ့ နယ်မြေထဲကို မတော်တဆရောက်လာပြီး ကျွန်မ သိမ်းသွင်းတာကို ခံလိုက်ရတာပါ။ အခု သူက ကျွန်မရဲ့ ကိုယ်လုပ်တော် ဖြစ်နေပါပြီ၊ ကျွန်မတို့မျိုးနွယ်အပေါ်လည်း အကြွင်းမဲ့သစ္စာရှိပါတယ်။ အားလုံး စိတ်ပူစရာ မလိုပါဘူး။ သူ ဘယ်က လာခဲ့တာလဲဆိုတာကတော့... ကျွန်မကို ခွင့်လွှတ်ပါ။ အဲ့အကြောင်းကို မဖော်ဘူးလို့ ကျွန်မ သူ့ကို ကတိပေးထားပါတယ်။ ကျွန်မ ပြောနိုင်တာကတော့... သူက အရှေ့ဒေသရဲ့ မိစ္ဆာပါပဲ။ ဒါပေမဲ့ ဘယ်မျိုးနွယ်ကမှတော့ မဟုတ်ပါဘူး။ သူက အန္တရာယ်များတဲ့ နေရာတစ်ခုကနေ လာခဲ့တာပါ”

“ဟင်...”

ဤတစ်ကြိမ်တွင် လုံအောင်းပင် အတန်ငယ် မျက်နှာပျက်သွားသည်။ သူနှင့် အကြီးအကဲအချို့သည် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။ ကျန်းရီက အရှေ့‌ဒေသမှမိစ္ဆာ ဖြစ်သော်လည်း မည်သည့်မျိုးနွယ်ကမှ မဟုတ်ဘဲ အန္တရာယ်များသော နေရာတစ်ခုမှ လာခဲ့ခြင်းလော။

ထိုစကားသုံးခွန်းထဲတွင် အဓိပ္ပာယ်များစွာ ပါဝင်သည်။ အားလုံးသည် အရှေ့ဒေသထဲရှိ အန္တရာယ်များသော နေရာများကို တွေးတောလိုက်ကြ၏။ နောက်ဆုံးတွင် နတ်ဆိုးချောက်နက်ကို တွေးမိသွားကြလေသည်။

မည်သည့်မိစ္ဆာမျိုးနွယ်ကမှ ထိုချောက်နက်ထဲ မဝင်ဝံ့ပေ။ သို့သော် ချောက်နက်ထဲ၌ စွမ်းအားကြီး မိစ္ဆာတစ်ကောင် နေထိုင်သည်ဟု ဆိုကြသည်။ ကျန်းရီက ထိုဆန်းကြယ်သောမိစ္ဆာ၏ တပည့်တစ်ယောက်လော။

လုံအောင်းက အကြီးအကဲအချို့ထံသို့ ရုတ်တရက် အသံပို့လွှတ်လိုက်၏။ ငါးမိနစ်ကြာပြီးနောက်တွင် လုံအောင်း လီရှန်းအာကို ကြည့်ကာ မေးလိုက်သည်။

“မင်းသမီးရှန်းအာ... မင်းသမီးတို့မျိုးနွယ်ရဲ့ မဟာအကြီးအကဲက ဘယ်လောက်ကြာအောင် ကျင့်ကြံနေမှာလဲ။ သူ အခန်းအောင်ကျင့်ကြံပြီးသွားရင် သူ့ရဲ့တိုက်ခိုက်စွမ်းအားက ဘယ်လောက်အထိ တိုးတက်လာမှာလဲ”

“ဘယ်လောက်ကြာမှာလဲ...”

လီရှန်းအာသည် တစ်ခဏမျှ တွေးတော၍ ပြန်ဖြေလိုက်သည်။

“တစ်နှစ်လောက်ပါ။ သူ့ရဲ့ တိုက်ခိုက်စွမ်းအားကိုတော့ ကျွန်မလည်း သေချာ မသိပါဘူး။ ဒါပေမဲ့ သူ ပြောတာကတော့... သူ ကျင့်ကြံပြီးသွားရင် စွမ်နီဘုရင်ကို အလွယ်လေး သတ်နိုင်လိမ့်မယ်တဲ့”

“ကောင်းပြီ...”

လုံအောင်း ချက်ချင်းပင် စိတ်ဆုံးဖြတ်လိုက်ပြီး အော်ပြောလိုက်သည်။

“အဲ့ဒါဆို ကျုပ်တို့ သူ့ကို အချိန်တစ်နှစ်ပေးမယ်။ ဒီနေ့ကစပြီး ကျုပ်တို့အားလုံး အင်အားပူးပေါင်းပြီးတော့ ထျန်းဖုန့်ဧကရာဇ်ဆီမှာ လက်အောက်ခံခဲ့တဲ့ သစ္စာဖောက်မျိုးနွယ်တွေကို တိုက်ခိုက်ရမယ်၊ တကယ်မတိုက်ခိုက်နိုင်တောင် အယောင်ပြတိုက်ခိုက်ရမယ်။ တိုတိုပြောရရင် ကျုပ်တို့ အရှေ့ဒေသမှ ရေနောက်အောင် လုပ်ပြီး မျိုးနွယ်တိုင်းကို မဆင်မခြင် မလုပ်ဝံ့အောင်၊ အလျင်စလို မလုပ်ဝံ့အောင် သတိပေးထားရမယ်။ ကျုပ်တို့ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ရဲ့ မဟာအကြီးအကဲအတွက် အချိန်အလုံအလောက် ရှာပေးရမယ်။။ သူရဲ့ တိုက်ခိုက်စွမ်းအား တိုးတက်လာတာနဲ့ ကျုပ်တို့ ဖြည်းဖြည်းချင်း ဆက်စီစဉ်ကြမယ်”

***

All Chapters