← Chapters

ချီလင်းလက်

Vol. 125 Ch. 1746

ချီလင်းလက်

Vol. 125 Ch. 1746

လုံအောင်းသည် အာဏာကစားပွဲတွင် ဝင်ပါရန် ဆုံးဖြတ်ထားပြီးပေပြီ။ ထိုသို့ဆုံးဖြတ်လိုက်ခြင်းမှာ ကျန်းရီကြောင့်သာ မဟုတ်ပါ။ ကြမ်းကြုတ်နဂါးမျိုးနွယ်နှင့် အခြားမျိုးနွယ်များက အရှင်မချင်လင်းအပေါ်တွင် သစ္စာရှိ၍လည်းဖြစ်သည်။

ကြမ်းကြုတ်နဂါးဘုရင် ကွယ်လွန်သွားပြီးနောက် သစ္စာဖောက်မျိုးနွယ်အချို့က အင်အားပူးပေါင်းပြီး ကြမ်းကြုတ်နဂါးမျိုးနွယ်ကို ချက်ချင်း တိုက်ခိုက်ခဲ့ကြသည်။ သူတို့ ပြန်တုံ့ပြန်ရန်ပင် အခွင့်အရေး မရခဲ့။ ထို့ပြင် ယခုတွင် ကြမ်းကြုတ်နဂါးမျိုးနွယ်၌ ခေါင်းဆောင်မရှိတော့ပေ။ သို့ဖြစ်ရာ သူတို့ ရုတ်ခြည်းပင် အင်အားကျဆင်းသွားခဲ့ပေသည်။

ကျန်းရီက စွမ်နီမျိုးနွယ်၏ အင်အားတစ်သန်းစစ်တပ်ကို တစ်ကိုယ်တော် ရှင်းပစ်ခဲ့ပြီး အားလုံးကို ရှိန်သွားစေခဲ့သည်။ ကျန်းရီကြောင့် အရှင်မချင်လင်းအပေါ် သစ္စာရှိသည့် မျိုးနွယ်များ အသက်ရှူချိန် ရခဲ့သည်။ သူတို့အားလုံး အသိလည်းကပ်လာကြပြီး မဟာမိတ်တစ်ဖွဲ့ ဖွဲ့ရန် ကောင်းကင်ကြောင်ကတိုးတောင်သို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။ သူတို့ စည်းလုံးပါမှ ရှေ့ဆက်ရပ်တည်နိုင်ပေလိမ့်မည်။

ယခုတွင် အရှင်သုံးပါး၏ အင်အားစုများက တမန်တော်များစွာ စေလွှတ်ခဲ့သည်။ ထို့ကြောင့် အားလုံး အခြေအနေကို ရှင်းရှင်းလင်းလင်း သိလာပြီဖြစ်သည်။ မည်သူကမှ ပထမဆုံး စမလှုပ်ရှားလိုပါ။ မည်သူကမှ အခြားသူများ၏ အခွင့်အရေးယူမှုကို မခံလိုပါ။

မည်သူမှ မလှုပ်ရှားကြရာ အရှင်မချင်လင်း၏ အင်အားစုက စတင်လှုပ်ရှားရပေမည်။ သို့သော် အမှန်တကယ် အလုံးအရင်းနှင့် လှုပ်ရှားမည်တော့ မဟုတ်ပေ။ သူတို့သည် တိုက်ပွဲအသေးလေးများ ဖန်တီး၍ အရှေ့ဒေသတစ်ခွင်လုံးတွင် စစ်မီးမွှေးပေးရုံ၊ နောက်ပြီးသားရေကို ပိုနောက်သွားအောင် လုပ်ရုံမျှသာ လုပ်မည်ဖြစ်သည်။ ထိုနည်းနှင့်ဆိုလျှင် မည်သည့်သစ္စာဖောက်မျိုးနွယ်ကမှ မဆင်မခြင် လှုပ်ရှားဝံ့တော့မည် မဟုတ်ချေ။ အကယ်၍ သူတို့သာ ထျန်းဖုန့်ဧကရာဇ်၏ အင်အားစုများနှင့် အကြီးအကျယ်တိုက်ပွဲဖြစ်လျှင် အခြားအရှင်နှစ်ပါးကသာ အကျိုးရှိသွားပေလိမ့်မည်။

အားလုံးသည် နာရီအနည်းငယ်ကြာအောင် ဆွေးနွေးပြီးနောက် ဗျူဟာများစွာကို အတည်ပြုလိုက်ကြ၏။ ထို့နောက် လုံအောင်းသည် အခြားအကြီးအကဲအချို့ကို ခေါ်၍ မိစ္ဆာအရှင်နှစ်ပါး၏ လက်အောက်ခံများထံ သွားရောက်လိုက်လေသည်။ သူတို့ ထိုသို့သွားခြင်းတွင် ရည်ရွယ်ချက်များစွာ မရှိပါ။ သူတို့သည် သူတို့၏ ကောင်းမွန်သော သဘောထားကို ဖော်ပြလျက် အကယ်၍ အခြေအနေက ပိုရှုပ်ထွေးလာမည်ဆိုလျှင် အရှင်နှစ်ပါး၏ အင်အားစုများနှင့် ပူးပေါင်းကာ ထျန်းဖုန့်ဧကရာဇ်၏ အင်အားစုများကို ရှင်းပစ်လိုကြောင်း အရိပ်အမြွက်ပေးရန်သာ ရည်ရွယ်ပေသည်။

ကောင်းကင်ကြောင်ကတိုးတောင်က ပို၍ ပို၍ စည်ကားလာသည်။ ရေမှာလည်း ပို၍နောက်ကျိလာသည်။ ကျန်းရီ၏ ဇာစ်မြစ်နှင့် ပတ်သတ်သော ကောလာဟလများလည်း တိတ်တဆိတ် ပျံ့နှံ့လာပေသည်။

ကျန်းရီက မိစ္ဆာမျိုးနွယ်မှ ဖြစ်ကြောင်းကိုမူ ရာနှုန်းပြည့် အတည်ပြုထားပြီးဖြစ်သည်။ မည်သူကမှ သံသယမဖြစ်ကြပေ။

ကျန်းရီက အရှေ့ဒေသမှ ဖြစ်ကြောင်းလည်း အတည်ပြုပြီးပေပြီ။ သို့သော် သူက မည်သည့်မျိုးနွယ်နှင့် မသက်ဆိုင်ဘဲ အလွန်ဆန်းကြယ်ကာ အလွန်အန္တရာယ်များသော နေရာတစ်ခုမှ လာခဲ့ခြင်းဖြစ်သည်။ ကျန်းရီ၏ တိုက်ခိုက်စွမ်းအား အစစ်အမှန်က ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ‌ရောက်နေပြီဖြစ်ကြောင်းကိုလည်း သံသယဖြစ်စရာ မရှိချေ။ သို့သော် သူက မည်မျှသန်မာသည်ကိုမူ မည်သူမှ အတိအကျမသိကြပါ။ ထိုတိုက်ပွဲပြီးနောက်တွင် ကျန်းရီသည် တစ်ခါမှ လူလုံးထွက်မပြခဲ့တော့ပါ။

တမန်တော်များစွာသည် ကောင်းကင်ကြောင်ကတိုးတောင်တွင် ရက်အနည်းငယ် နေခဲ့ကြ၏။ ကျန်းရီက အပြင်ထွက်မလာကြောင်း အတည်ပြုပြီးနောက် စွမ်နီမျိုးနွယ် ပတ်ဝန်းကျင်ရှိ မျိုးနွယ်ကြီးသုံးခုက ရုတ်တရက် ထ၍လှုပ်ရှားလာသည်။ သူတို့သည် နယ်စပ်နှစ်ဘက်သို့ သန်းချီသော တပ်သားများ စေလွှတ်လိုက်သည်။ ယင်းမှလွဲ၍ အခြားမည်သို့မှ မလုပ်သော်လည်း သူတို့၏ ရည်ရွယ်ချက်မှာ အလွန်ထင်ရှားပေသည်။

သုံးရက်ကြာပြီးနောက် ကြမ်းကြုတ်နဂါးမျိုးနွယ်သည် ရုတ်တရက် တပ်သားများ စေလွှတ်င မျိုးနွယ်ငယ်လေးသုံးခုကို လျှပ်တပြက် ရှင်းပစ်လိုက်သည်။ ထိုမျိုးနွယ်ငယ်သုံးခုမှာ ထျန်းဖုန့်ဧကရာဇ်ထံတွင် လက်အောက်ခံခဲ့သော မျိုးနွယ်များပင်။

ယခင်တွင် မိစ္ဆာအရှင်သုံးပါး၏ လက်အောက်ခံမျိုးနွယ်ကြီးသုံးခုက အင်အားပူးပေါင်းကာ ကြမ်းကြုတ်နဂါးမျိုးနွယ်ကို တိုက်ခိုက်ခဲ့ပေသည်။ မိစ္ဆာအရှင်သုံးပါးသည် သူတို့၏ လက်အောက်ခံ မျိုးနွယ်ကြီးတစ်ခုစီကို စေခိုင်းခဲ့ခြင်းပင်။ ယခု ကြမ်းကြုတ်နဂါးမျိုးနွယ်က လက်စားပြန်ချေပေပြီ။ သို့သော် သူတို့သည် ထျန်းဖုန့်ဧကရာဇ်၏ လက်အောက်ခံမျိုးနွယ်များကိုသာ တိုက်ခိုက်နေသည်။

ထိုလုပ်ရပ်၏ အဓိပ္ပာယ်မှာ ရှင်းသည်။ ကြမ်းကြုတ်နဂါးမျိုးနွယ်က အခြားမိစ္ဆာအရှင်နှစ်ပါး၏ အင်အားစုများနှင့် ညှိနှိုင်းထားပြီးလေပြီ။ သူတို့က ထျန်းဖုန့်ဧကရာဇ်၏ လက်အောက်ခံမျိုးနွယ်များကိုသာ တိုက်ခိုက်မည်ဖြစ်သည်။ မဟုတ်လျှင် သူတို့က ထိုမျိုးနွယ်ငယ်သုံးခုကို ရှင်းပစ်ခဲ့မည် မဟုတ်ပေ။

စွမ်နီမျိုးနွယ်သည် အချိန်တစ်ခုအထိ မလှုပ်ရှားဝံ့ခဲ့ချေ။ သူတို့စစ်တပ်ကို အပြင်သို့ စေလွှတ်လိုက်ချိန်တွင် အနီးရှိ မျိုးနွယ်များက အင်အားပူးပေါင်း၍ သူတို့ကို တိုက်ခိုက်မည်ဆိုလျှင် မည်သို့ လုပ်ပါမည်နည်း။ ထိုအခါ သူတို့စစ်တပ်က ကောင်းကင်ကြောင်ကတိုးမျိုးနွယ်နှင့် ကျန်းရီကို ရှင်းပစ်နိုင်လိုက်လျှင်လည်း အရေးပါ‌တော့ပါမည်လော။ ယင်းမှာ နှစ်ဘက်လုံး ပျက်သုဉ်းစေမည့် လုပ်ရပ်မျိုးသာ ဖြစ်သည်။

ကြမ်းကြုတ်နဂါးမျိုးနွယ်၏ ကြမ်းကြုတ်နဂါးဘုရင်အသစ်သည် မျိုးနွယ်ငယ်သုံးခုကို ရှင်းပစ်ပြီးနောက် ကော့ချန်မျိုးနွယ်က သူတို့ကို တိုက်ခိုက်ခဲ့သည့်အတွက် သူတို့ အလွန်ဒေါသထွက်နေကြောင်း အရှေ့ဒေသကို ကြေညာလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူတို့က အခြားမျိုးနွယ်ကြီးအချို့နှင့် အင်အားပူးပေါင်းကာ ကော့ချန်မျိုးနွယ်ကို ရှင်းပစ်မည်ဖြစ်ကြောင်းလည်း ကြေညာလိုက်လေသည်။

ထိုသတင်း ပျံ့နှံ့သွားသောအခါ အရှေ့ဒေသတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ အရှေ့ဒေသတွင် ကြမ်းကြုတ်နဂါးမျိုးနွယ်က အမြဲ အင်အားအကြီးဆုံးမျိုးနွယ် ဖြစ်ခဲ့သည်။ ဆာလောင်နေသော ကုလားအုပ်က မြင်းထက် ပိုမြန်သည်။ ကောင်းကင်မိစ္ဆာဘုံ တစ်ခွင်လုံးတွင်ပင် ကြမ်းကြုတ်နဂါးမျိုးနွယ်က သူတို့၏ ကြမ်းကြုတ်မှုနှင့် အင်အားကြောင့် ကျော်ကြားပေသည်။ မျိုးနွယ်ကြီးသုံးခု၏ အင်အားပူးပေါင်းတိုက်ခိုက်မှုကပင် ကြမ်းကြုတ်နဂါးမျိုးနွယ်ကို အင်အားလျော့နည်းသွားအောင်သာ လုပ်နိုင်ခဲ့သည်။ အပြီးအပြတ် ရှင်းမပစ်နိုင်ခဲ့ပေ။

ဤတစ်ကြိမ်တွင် ကြမ်းကြုတ်နဂါးမျိုးနွယ်က အခြားမျိုးနွယ်ကြီးနှစ်ခုအကြောင်းကို ထည့်မပြောဘဲ ကော့ချန်မျိုးနွယ်ကိုသာ ပစ်မှတ်ထားနေသည်။ ထို့ကြောင့် ထျန်းဖုန့်ဧကရာဇ်ထံတွင် လက်အောက်ခံထားသော မျိုးနွယ်များ ပို၍ ထိတ်လန့်လာကြပေသည်။

ကော့ချန်မျိုးနွယ်က ထျန်းဖုန့်ဧကရာဇ်ထံတွင် လက်အောက်ခံထားသည်။ ယခုတွင် အရှင်မချင်လင်းအပေါ် သစ္စာစောင့်သိသော မျိုးနွယ်များက သူတို့မျိုးနွယ်ကို ပစ်မှတ်ထားနေကြသည်။ အခြားအင်အားစုနှစ်ခုကမူ ကျားနှစ်ကောင် ကိုက်သည်ကို တောင်ပေါ်မှသာ ကြည့်နေရန် ဟန်ပြင်နေကြသည်။

နောက်ရက်အနည်းငယ်အတွင်း အရှေ့ဒေသတွင် စစ်မီးတောက်လောင်လာတော့သည်။ အရှင်မချင်လင်း၏ လက်အောက်ငယ်သားဟောင်းများက နေရာအနှံ့တွင် စစ်မီးလိုက်မွှေးကြသည်။ သို့သော် သူတို့က ထျန်းဖုန့်ဧကရာဇ် လက်အောက်မှ မျိုးနွယ်များကိုသာ ပစ်မှတ်ထားသည်။ အခြားအင်အားစုနှစ်ခုက တိတ်ဆိတ်နေပြီး တိုက်ပွဲများမှနေ၍ အကျိုးအမြတ်ထုတ်၍ စောင့်ကြည့်နေကြသည်။

သို့သော်...

ကောင်းကင်ကြောင်ကတိုးတောင်တွင် ဆွေးနွေးခဲ့ကြသော မျိုးနွယ်များ၏ ဗျူဟာမှာ တိုက်ခိုက်ရန်မဟုတ်၊ အချိန်ဆွဲရန်ဖြစ်သည်။ အကယ်၍သာ စစ်ပွဲတစ်ခု အမှန်တကယ် ဖြစ်ပွားလာပါက ထိုမျိုးနွယ်ကြီးများ အပြီးအပြတ် ရှင်းပစ်ခံရပေလိမ့်မည်။

ထိုဗျူဟာတွင် အကျိုးအမြတ်များစွာရှိသည်။ ပထမအနေဖြင့် အရှင်မချင်လင်းအပေါ် သစ္စာစောင့်သိသော မျိုးနွယ်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်သည်။ ဒုတိယအနေဖြင့် ကြမ်းကြမ်နဂါးမျိုးနွယ်အတွက် အင်အားပြန်ဖြည့်တင်းရန် အချိန်ရသည်။ တတိယအကျိုးအမြတ်မှာ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကို ကာကွယ်ပေးထားနိုင်ပြီး ကျန်းရီအတွက် အချိန်ဆွဲပေးနိုင်သည်။

ပရမ်းပတာတိုက်ပွဲတစ်ပွဲ ပြီးသွားလျှင် အ‌ရှေ့ဒေသတစ်ခုလုံး ရှုပ်ထွေးသွားပေလိမ့်မည်။ ကော့ချန်မျိုးနွယ်နှင့် စွမ်နီမျိုးနွယ်တို့ကလည်း အလျင်စလို လှုပ်ရှားရဲတော့မည် မဟုတ်ပေ။ ကြမ်းကြုတ်နဂါးမျိုးနွယ်နှင့် အခြားမျိုးနွယ်များက စစ်ကြေညာထားသော်လည်း အမှန်တကယ် အလုံးအရင်းနှင့် စမတိုက်သေးသ၍ သူတို့ လှုပ်ရှားမည် မဟုတ်ချေ။ သူတို့နှစ်ဘက် ပျက်စီးလျှင် အခြားနှစ်ဘက်က အကျိုးအမြတ်ရသွားမည် မဟုတ်ပါလား။

***

အပြင်ဘက်တွင် စစ်မီးထန်နေချိန်၌ ကောင်းကင်ကြောင်ကတိုးတောင်က အေးချမ်းနေ၏။

လီရှန်းအာသည် ကျန်းရီကို အလွန်အံ့အားသင့်မိသည်။ အရာအားလုံးက ကျန်းရီ၏ ခန့်မှန်းချက်ထဲမှာပင် ရှိနေသည်။ ကျန်းရီက အခန်းထဲမှ ထွက်မလာသော်လည်း အ‌ရှေ့ဒေသ၏ အခြေအနေတစ်ခုလုံးက အစောကတည်းက သုံးသပ်ထားခဲ့ပြီးဖြစ်သည်။ လီရှန်းအာ၏ နှလုံးသားထဲတွင် ကျန်းရီက နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်နေလေပြီ။

မည်သည့်မျိုးနွယ်ကြီးကမှ အချိန်တစ်ခုအတွင်း ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကို တိုက်ခိုက်လိမ့်ဦးမည် မဟုတ်ကြောင်း အတည်ပြုပြီးနောက် လီရှန်းအာ ကျန်းရီ၏ စံအိမ်ထဲ ဝင်သွားလိုက်သည်။ သူမလည်း ကျင့်ကြံရန် လိုအပ်သည်။ ထို့ပြင် ကျန်းရီနှင့် တူနှစ်ကိုယ်ကျင့်ကြံလျှင် သူမ၏တိုးတက်နှုန်းက ပိုမြန်သည်ဟု ခံစားရသည်။ အနည်းဆုံးတော့ သူမ၏ ရုပ်ခန္ဓာက များစွာ သန်မာလာပေသည်။

ကျန်းရီသည်လည်း လီရှန်းအာနှင့် တူနှစ်ကိုယ်ကျင့်ကြံခြင်းက သူ၏စိတ်ဝိညာဉ်ကို ပိုသန်မာလာစေကြောင်း အတည်ပြုပြီးပြီဖြစ်သည်။ ထို့ကြောင့် သူလည်း တူနှစ်ကိုယ်ကျင့်ကြံလိုပေသည်။

သို့သော် သွေးကြောမှတ်များကို ကျင့်ကြံရန်မှာ အရေးအကြီးဆုံးဖြစ်သည်။ ကျန်းရီသည် သွေးကြောမှတ်များအား ကျင့်ကြံနေခြင်းကို နေ့တစ်ဝက်နားရန် ဆုံးဖြတ်ထားသည်။ ထို့နေ့တစ်ဝက်အတွင်း သူ တူနှစ်ကိုယ်ကျင့်ကြံနိုင်ပေသည်။ ယင်းက အားလုံးအတွက် ကောင်းသည်။ သူလည်း စိတ်ဖိစီးမှုများကို ဖြေလျှော့နိုင်သည်။ သို့ဖြစ်ရာ အဘယ်ကြောင့် မလုပ်ဘဲနေရပါမည်နည်း။

သွေးကြောမှတ်များကို ကျင့်ကြံရခြင်းက အလွန်စိတ်ပင်ပန်းစေသည်။ ဆယ့်တစ်ရက်ကြာပြီးနောက်တွင် ကျန်းရီသည် နောက်ထပ် သွေးကြောမှတ်နှစ်မှတ်ကို အောင်‌အောင်မြင်မြင် ကျင့်ကြံနိုင်ခဲ့သည်။ သူ့ဘယ်ဘက်လက်က အလွန်သန်မာနေပြီဖြစ်သည်။ သွေးကြောမှတ် တစ်ရာ့ရှစ်မှတ်လုံးကိုသာ ကျင့်ကြံပြီးသွားပါက သူ၏ရုပ်ခန္ဓာက‌ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာလာမည်ဖြစ်ကြောင်း သူ ယုံကြည်ပေသည်။

ကျန်းရီသည် ဧကရာဇ်အဆင့် သိုင်းသမားများနှင့် မယှဉ်နိုင်သေးပါ။ သို့သော် ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများကိုမူ ယှဉ်နိုင်ပြီဖြစ်သည်။ ယင်းမှာ ပုံမှန်သာ။ အတိတ်တွင် မဟာနတ်ဘုရားမျိုးနွယ်က ကောင်းကင်ဘုံတစ်ခုလုံးကို အုပ်စိုးနိုင်ခဲ့သည်။ ထိုစဉ်က ဧကရာဇ်အဆင့် သိုင်းသမားများစွာ ရှိခဲ့သော်လည်း မဟာနတ်ဘုရားမျိုနွယ်ကသာ ကြီးစိုးနိုင်ခဲ့သည်။ သို့ဖြစ်ရာ သူတို့က မည်မျှစွမ်းအားကြီးကြောင်း သိနိုင်ပေသည်။

ကျန်းရီသည် သွေးကြောမှတ်တစ်မှတ်ကို ကျင့်ကြံပြီးတိုင်း နေ့တစ်ဝက်ကြာအောင် တူနှစ်ကိုယ်ကျင့်ကြံ၏။ သူ၏ ကောင်းကင်စွမ်းအားများက မိစ္ဆာစွမ်းအားများအဖြစ် ပြောင်းလဲလာသည်။ သူ၏ စိတ်ဝိညာဉ်ကလည်း လျင်မြန်စွာ သန်မာလာပေသည်။

ကျန်းရီသည် ထိုသို့သော အခွင့်အရေးကောင်းတစ်ခုကို လက်လွတ်ခံမည် မဟုတ်ပါ။ ယခုတွင် လီရှန်းအာက သူ့ကို ရင်ထဲအသည်းထဲမှနေ၍ လေးစားကြည်ညိုနေပြီဖြစ်သည်။ သူမက သူ ကျေနပ်စေရန် အကောင်းဆုံးကြိုးစားပေသည်။

အချိန်က တိတ်တဆိတ် ကုန်ဆုံးသွားသည်။ ကျန်းရီ၏ ကျင့်ကြံနှုန်းကလည်း မြန်၍ မြန်၍လာသည်။ အစတွင် သွေးကြောမှတ်တစ်မှတ်ကို ကျင့်ကြံရန် ငါးရက်လိုအပ်ခဲ့သည်။ ယခုတွင်မူ သုံးရက်သာ လိုတော့သည်။ နှစ်လကြာပြီးသောအခါ နှစ်ရက်သာ လိုအပ်တော့ပေသည်။

နှစ်လအတွင်း ကျန်းရီသည် သွေးကြောမှတ် ဆယ့်ရှစ်မှတ် ကျင့်ကြံနိုင်ခဲ့သည်။ သူ့ဘက်ဘက်လက်ရှိ သွေးကြောမှတ်အားလုံးကို အောင်အောင်မြင်မြင် ကျင့်ကြံပြီးသွားပြီဖြစ်သည်။ ယခု သူ့ဘယ်ဘက်လက်က လုံးဝသန်မာနေပေပြီ။ ထိုလက်သည် တောက်လန်၏ တာအိုကောင်းကင်ဝိညာဉ်ရတနာလှံကိုပင် ခုခံနိုင်လောက်သည်ဟု ကျန်းရီ ခန့်မှန်းသည်။ အလောင်းကြီးထက်ပင် ပိုသန်မာလောက်သည်။

ရွှီး...

ကျန်းရီ၏ ဘယ်ဘက်လက်ထဲရှိ သွေးကြောမှတ်အားလုံးကို နှိုးလိုက်သောအခါ လက်တစ်ဘက်လုံး ကြောက်မက်ဖွယ်ကောင်းလောက်အောင် လင်းလက်လာ၏။ ထိုအလင်းကြောင့် ကျန်းရီပင် မျက်လုံးကျိန်းသွားသည်။

“ဟင်းဟင်း... ဒီချီလင်းလက်နဲ့ဆိုရင် စွမ်နီဘုရင်ကိုယ်တိုင် ရောက်လာရင်တောင် ငါ ငါ့ကိုယ်ငါ ကာကွယ်နိုင်မှာပဲ”

***

All Chapters