← Chapters

ကန်းဟန့်မျိုးနွယ်ကို အလစ်တိုက်မည်

Vol. 125 Ch. 1747

ကန်းဟန့်မျိုးနွယ်ကို အလစ်တိုက်မည်

Vol. 125 Ch. 1747

စွမ်နီဘုရင် ရောက်မလာခဲ့။ သို့သော် ကော့ချန်မျိုးနွယ်နှင့် စွမ်နီမျိုးနွယ် ခေါင်းဆောင်သော ထျန်းဖုန့်ဧကရာဇ်၏ အင်အားစုများ စတင်လှုပ်ရှားလာသည်။

ပြီးခဲ့သော နှစ်လအတွင်းတွင် ကြမ်းကြုတ်နဂါးမျိုးနွယ်နှင့် အခြားမျိုးနွယ်ကြီးများသည် မကြာခဏ တိုက်စစ်ဆင်ခဲ့ကြသည်။ သူတို့သည် ဤတွင်တိုက်ခိုက်၊ ဟိုတွင်ခြောက်လှန့်နှင့် လုပ်ခဲ့ကြသည်။ သို့သော် တစ်ခါမှ အမှန်တကယ် အလုံးအရင်းနှင့် မတိုက်ခိုက်ခဲ့ကြပေ။

ကြမ်းကြုတ်နဂါးမျိုးနွယ်သည် သူတို့က ‌ကော့ချန်မျိုးနွယ်ကို ရှင်းပစ်တော့မည်ဟု ကြေညာခဲ့၏။ သို့သော် နှစ်လရှိသွားပြီဖြစ်‌သော်လည်း လောက်လောက်လားလား မလုပ်ဆောင်ကြသေးပေ။ အကယ်၍ ‌ကော့ချန်ဘုရင်နှင့် စွမ်နီဘုရင်တို့သာ ကြမ်းကြုတ်နဂါးမျိုးနွယ်၏ ဗျူဟာကို နားမလည်သေးလျှင် ဘုရင်နေရာနှင့် ထိုက်တန်မည် မဟုတ်ချေ။

အခြားအင်အားစုနှစ်စုသည်လည်း သူတို့က လှည့်ကွက်တစ်ခုထဲ ကျရောက်သွားခဲ့ကြောင်း သဘောပေါက်လာကြသည်။ နှစ်လအတွင်းတွင် ကြမ်းကြုတ်နဂါးမျိုးနွယ်က အင်အားပြန်ဖြည့်တင်းနိုင်ခဲ့သည်။ ထို့ပြင် သူတို့က အရှင်မချင်လင်းအပေါ် သစ္စာရှိသော အခြားမျိုးနွယ်များနှင့် အင်အားပူးပေါင်းနိုင်ခဲ့ပေသည်။

မီးမြေခွေးဧကရာဇ်နှင့် ပူနီဧကရာဇ်တို့၏ အင်အားစုများကို ကိုင်တွယ်ရန် မလွယ်ကူပေ။ အရှင်မချင်လင်း၏ သစ္စာခံမျိုးနွယ်များကလည်း အင်အားပူးပေါင်း၍ တိုက်ခိုက်နေကြသည်။ တစ်ဘက်ဘက်ကို တိုက်ခိုက်လိုက်သည်နှင့် မပြီးဆုံးနိုင်သော တိုက်ပွဲများ ဖြစ်လာမည်ဖြစ်သည်။ သို့သော် ကော့ချန်မျိုးနွယ်နှင့် စွမ်နီမျိုးနွယ်ထံတွင် လှုပ်ရှားရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။

ပြီးခဲ့သော နှစ်လအတွင်း ရှင်းပစ်ခံ၊ သိမ်းပိုက်ခံခဲ့ရသော မျိုးနွယ်အရေအတွက်က (၂၆)ခု ရှိခဲ့သည်။ ထိုမျိုးနွယ်များက မျိုးနွယ်ငယ်လေးများ ဖြစ်ကြသော်လည်း ထျန်းဖုန့်ဧကရာဇ်၏ လက်အောက်ခံ မဟာမိတ်အင်အားစု၏ စိတ်ဓာတ်ကို ကျဆင်းစေခဲ့သည်။

ဆိုရလျှင် အချို့မျိုးနွယ်များသည် ထျန်းဖုန့်ဧကရာဇ်ကို သစ္စာဖောက်၍ အခြားဧကရာဇ်နှစ်ပါးထံတွင် လက်အောက်ခံရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ထိုအတိုင်းသာ ဆက်သွားပါက မျိုးနွယ်အားလုံးက ထျန်းဖုန့်ဧကရာဇ်ကို သစ္စာဖောက်လာပေလိမ့်မည်။ ထိုအခါကျလျှင် အရှေ့ဒေသတွင် ထျန်းဖုန့်ဧကရာဇ်၏ အင်အားစုများ လုံးဝပျောက်ကွယ်သွားပေလိမ့်မည်။

ထို့ကြောင့် ကော့ချန်မျိုးနွယ်နှင့် စွမ်နီမျိုးနွယ်တို့ လှုပ်ရှားရပေမည်။ သူတို့ တိုက်ပွဲတစ်ပွဲကို လှလှပပဆင်နွှဲ၍ ထျန်းဖုန့်မဟာမိတ်၏ စိတ်ဓာတ်ကို မြှင့်တပ်ပေရမည်ဖြစ်သည်။ မျိုးနွယ်နှစ်ခုသည် လျှို့ဝှက်ဆွေးနွေးပြီးနောက် ကန်းဟန့်မျိုးနွယ်ကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။

ကန်းဟန့်မျိုးနွယ်မှာ အရှင်မချင်လင်းကို သစ္စာခံသည့် မျိုးနွယ်များထဲတွင် ကြမ်းကြုတ်နဂါးမျိုးနွယ်ပြီးလျှင် ဒုတိယအင်အားအကြီးဆုံးဖြစ်သည်။ အကယ်၍ ကန်းဟန့်မျိုးနွယ်ကိုသာ ရှင်းပစ်နိုင်လိုက်ပါက ထျန်းဖုန့်မဟာမိတ်၏ စိတ်ဓာတ်က သေချာပေါက် များစွာမြင့်တက်သွားပေလိမ့်မည်။

တိုက်ခိုက်ရန် ကြမ်းကြုတ်နဂါးမျိုးနွယ်ကို မရွေးချယ်ရခြင်းမှာမူ ကြမ်းကြုတ်နဂါးမျိုးနွယ်၌ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားနှစ်ယောက် ရှိနေသေး၍ပင်။ ကြမ်းကြုတ်နဂါးမျိုးနွယ်ကို အပြီးအပြတ် ရှင်းပစ်လိုလျှင် ကော့ချန်မျိုးနွယ်နှင့် စွမ်နီမျိုးနွယ်တို့လည်း များစွာ အဆုံးရှုံးခံရမည်ဖြစ်သည်။ ထို့ပြင် ယခုတွင် မျိုးနွယ်အားလုံးက ကြမ်းကြုတ်နဂါးမျိုးနွယ်ကို စောင့်ကြည့်နေကြသည်။ ထို့ကြောင့် ၎င်းမျိုးနွယ်ကို အလစ်ဝင်တိုက်ရန် လွယ်ကူမည် မဟုတ်ပေ။

အရေးအကြီးဆုံးမှာ ကန်းဟန့်မျိုးနွယ်က စွမ်နီမျိုးနွယ်နှင့် အလွန်နီးကပ်နေခြင်းပင်။ သူတို့ကြားတွင် တောင်တန်းနှစ်ခုသာ ခြားသည်။ လက်ရှိတွင် ကန်းဟန့်မျိုးနွယ်စစ်တပ်က စွမ်နီမျိုးနွယ်နယ်စပ်တွင် တပ်ချထားသည်။ ထို့ကြောင့် စစ်ဖြစ်ရန် အကြောင်းပြချက်ကောင်းကောင်းလည်း ရှိနေပေသည်။

သို့သော် ကော့ချန်မျိုးနွယ်နှင့် စွမ်နီမျိုးနွယ်တို့သည် ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ရလောက်အောင် ဉာဏ်မနည်းပေ။ ကန်းဟန့်မျိုးနွယ်က မျိုးနွယ်ငယ်တစ်ခု မဟုတ်ပါ။ ကြမ်းကြုတ်နဂါးမျိုးနွယ်နှင့် အခြားမျိုးနွယ်ကြီးများက လာကူမည်ဆိုလျှင် တိုက်ပွဲကို ခက်ခက်ခဲခဲ တိုက်ရပေလိမ့်မည်။ အဆုံးတွင် သူတို့ မရှုံးလျှင်ပင် အတော်လေး အင်အားထိခိုက်သွားမည်ဖြစ်သည်။

မျိုးနွယ်နှစ်ခုသည် သူတို့၏စစ်တပ်များကို မကြာခဏ နေရာရွှေ့ပြောင်းနေသည်။ ထို့ကြောင့် အားလုံးက သူတို့ကို အာရုံစိုက်နေကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် အခြားမျိုးနွယ်များကိုလည်း စစ်တပ်များ ရွှေ့ပြောင်းထားစေသည်။ နောက်ဆုံးတွင် သူတို့အားလုံးသည် ကြမ်းကြုတ်နဂါးမျိုးနွယ်၏ အနောက်ဘက်ရှိ တောင်တန်းတစ်ခုတွင် စုဝေးလိုက်ကြသည်။ သူတို့က ကြမ်းကြုတ်နဂါးမျိုးနွယ်ကို တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

ကြမ်းကြုတ်နဂါးမျိုးနွယ်မှာ အလွန်စိတ်လှုပ်ရှားနေ၏။ ပြီးခဲ့သည့်အခေါက်တွင် သူတို့မျိုးနွယ်က များစွာထိခိုက်ခဲ့သည်။ အကယ်၍ သူတို့သာ ထပ်မံတိုက်ခိုက်ခံရမည်ဆိုလျှင် နလန်ပြန်ထူနိုင်ရန် လွယ်တော့မည် မဟုတ်ပေ။ သူတို့မျိုးနွယ် ပျက်သုဉ်းမသွားလျှင်ပင် သူတို့ အ‌ရှေ့ဒေသတွင် နေရာတစ်ခု ပြန်ရရန် ခက်သွားပေလိမ့်မည်။ သူတို့ ထွက်ပြေးကာ နေရာတစ်ခုရှာ၍ ပုန်းအောင်းနေရပေလိမ့်မည်။

အရှင်မချင်လင်း၏ သစ္စာတော်ခံများလည်း အလွန်စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် သူတို့၏စစ်တပ်များကို ကြမ်းကြုတ်နဂါးမျိုးနွယ်၏ နယ်မြေထဲသို့ စေလွှတ်ထားကြသည်။ အကယ်၍ ရန်သူက တိုက်ခိုက်မည်ဆိုလျှင် သူတို့ အင်အားပူး‌ပေါင်းကာ ခုခံမည်ဖြစ်သည်။ ထျန်းဖုန့်မဟာမိတ်က အာရုံလွှဲရန် ကြိုးစားနေခြင်းဟု သံသယဝင်နေသူများလည်း ရှိပါ၏။ သို့သော် ကော့ချန်ဘုရင်ကိုယ်တိုင် ကြမ်းကြုတ်နဂါးမျိုးနွယ်ဆီသို့ ပျံသန်းလာသောအခါ ထိုသံသယအားလုံး ပျောက်ကွယ်သွားတော့သည်။

ကော့ချန်ဘုရင်သည် စွမ်းအားကြီး သိုင်းသမား အယောက်တစ်ထောင်ကို ကိုယ်တိုင်ဦးဆောင်၍ ကြမ်းကြုတ်နဂါးမျိုးနွယ်ဆီသို့ အရှိန်အဝါအပြည့်နှင့် ချီတက်လာ၏။ သူတို့သည် နှစ်ရက်နေလျှင် ရောက်လာမည်ဖြစ်သည်။ ထိုအခါကျလျှင် တိုက်ပွဲတစ်ခု ချက်ချင်း ဖြစ်ပွားလာပေလိမ့်မည်။

ထိုသတင်းက လျင်မြန်စွာ ပျံ့နှံ့သွား၏။ မျိုးနွယ်အားလုံး လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားသည်။ အရှင်မချင်လင်း၏ သစ္စာတော်ခံအားလုံး တုန်လှုပ်လာကြသည်။ ကြမ်းကြုတ်နဂါးမျိုးနွယ်ဆီသို့ စစ်တပ်များ ထပ်ရောက်လာသည်။ မျိုးနွယ်ဘုရင်များသည် သူတို့၏ စစ်တပ်များကို ကိုယ်တိုင်ဦး‌ဆောင်ကာ သွေးလွှမ်းမည့် တိုက်ပွဲကြီးတစ်ပွဲ ဆင်နွှဲရန် အသင့်ပြင်ထားကြပေသည်။

***

“တင်ပြပါတယ်”

ကောင်းကင်ကြောင်ကတိုးမျိုးနွယ်တွင် ရေးကြီးသုတ်သာ ပြောလိုက်သံတစ်သံ ပဲ့တင်ထပ်သွား၏။ အကြီးအကဲနှစ်ယောက်သည် သတင်းကို ကြားသောအခါ တုန်လှုပ်သွားကြပြီး လီရှန်းအာကို ချက်ချင်း သတင်းသွားပို့ကြလေသည်။

ရွှီး...

တိတ်ဆိတ်စွာ ကျင့်ကြံနေကြသော ကျန်းရီနှင့် လီရှန်းအာတို့သည် စံအိမ်အကာအရံများ လင်းလက်လာခြင်းကြောင့် နိုးထလာကြ၏။ သူတို့နှစ်ယောက်သည် တစ်ပြိုင်တည်းနီးပါး မျက်လုံးဖွင့်လိုက်ပြီး တစ်ယောက်ကိုတစ်ယောက် မည်းမှောင်သော မျက်နှာထားနှင့် ကြည့်လိုက်ကြသည်။ အရေးကြီးကိစ္စတစ်ခု မရှိလျှင် အကြီးအကဲနှစ်ယောက်သည် သူတို့ကို လာနှောင့်ယှက်မည် မဟုတ်ပေ။

ကျန်းရီ မလှုပ်ပါ။ လီရှန်းအာသာ ထရပ်၍ အပြင်ထွက်သွားသည်။ မကြာခင်မှာပင် သူမ ပြန်ဝင်လာပြီး ကျန်းရီအား သတင်းအကြောင်း ပြောပြလိုက်သည်။

“ကော့ချန်ဘုရင်လား”

ကျန်းရီ မျက်ခုံးပင့်လိုက်၏။ သူ ဆက်မပြောတော့ဘဲ အတော်ကြာ‌အောင် နှုတ်ဆိတ်သွားသည်။ လီရှန်းအာတစ်ယောက် စိတ်လှုပ်ရှားနေသည်။ နောက်ဆုံးတွင် သူမ မ‌အောင့်နိုင်တော့ဘဲ အံကြိတ်ကာ ပြောလိုက်သည်။

“သခင်... သခင် ကောင်းကင်ကြောင်ကတိုးတောင်ကို စောင့်ရှောက်ပေးထားပါလား။ ကျွန်မ စစ်တပ်ကို ဦးဆောင်ပြီး ကြမ်းကြုတ်နဂါးမျိုးနွယ်ကို သွားကူညီလိုက်ပါမယ်။ ကြမ်းကြုတ်နဂါးမျိုးနွယ် ရှင်းပစ်ခံရလို့ မဖြစ်ဘူး။ မဟုတ်ရင် ကျွန်မတို့ မျိုးနွယ်တွေအကုန်လုံး အန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်...”

“ဘာတွေ လောနေတာလဲ”

ကျန်းရီက အရေးမစိုက်ဟန်နှင့် ကြည့်ကာ ဆို၏။

“ငါ့ကို အရှေ့ဒေသရဲ့ မြေပုံတစ်ချပ် ယူပေးစမ်းပါ။ ဒီကိစ္စမှာ ထူးဆန်းတာတွေ ရှိနေတယ်”

လီရှန်းအာသည် အပြင်ဘက်တွင် စောင့်နေသော အကြီးအဲနှစ်ယောက်ထံ လျင်မြန်စွာ အသံပို့လွှတ်လိုက်၏။ အကြီးအကဲတစ်ယောက်က သူမလက်စွပ်ထဲမှနေ၍ မြေပုံတစ်ချပ် ထုတ်လိုက်သည်။ ထို့နောက် သူမတို့နှစ်ယောက်စလုံး စံအိမ်ထဲ ဝင်လာပြီး ကျန်းရီအား မြေပုံ ပေးလိုက်သည်။

ကျန်းရီသည် မြေပုံကို စေ့စေ့စပ်စပ် ကြည့်လိုက်၏။ ထိုမြေပုံက အလွန်ရိုးရှင်းသည်။ မျိုးနွယ်အားလုံး၏ တည်နေရာများနှင့် တောင်တန်းများကို ရှင်းလင်းစွာ အမှတ်အသားပြထားပေသည်။

“ကော့ချန်ဘုရင်ကိုယ်တိုင် စစ်ထွက်လာတယ်။ ဒါပေမဲ့ ကော့ချန်စစ်တပ်ရဲ့ အဓိကအင်အားတွေက ဘယ်မှာလဲ”

ကျန်းရီက အချက်အလက်အချို့ကို မေးလိုက်သည်။ အကြီးအကဲများက ပြန်ဖြေသည်။ အတော်ကြာပြီးနောက် ကျန်းရီက သေချာပေါက် ပြောလိုက်လေသည်။

“ဒီကိစ္စမှာ တကယ်ပဲ ပြဿနာတစ်ခု ရှိနေတယ်။ ဒီတစ်ခေါက် ကော့ချန်မျိုးနွယ်နဲ့ စွမ်နီမျိုးနွယ်တို့ရဲ့ ပစ်မှတ်က ကြမ်းကြုတ်နဂါးမျိုးနွယ် မဟုတ်ဘူး.. ဒီနေရာပဲ”

မျက်ဝန်းသုံးစုံသည် နေရာတစ်ခုတည်းကို ကြည့်လိုက်ကြ၏။ ထိုနေရာမှာ ကန်းဟန့်မျိုးနွယ်၏ နယ်မြေပင်။ အကြီးအကဲနှစ်ယောက် နားမလည်နိုင်ဖြစ်သွားသည်။ သူမတို့ထဲမှ တစ်ယောက်က မေးလိုက်သည်။

“မဟာအကြီးအကဲ... အဲ့ဒါကို သေချာရဲ့လား။ ဒါက အသေးအဖွဲ့ကိစ္စလေး မဟုတ်ဘူးနော်။ တကယ်လို့ တစ်ခုခု မှားသွားရင် ကြမ်းကြုတ်နဂါးမျိုးနွယ်က ရှင်းပစ်ခံလိုက်ရနိုင်တယ်’

“ဟင်းဟင်း...”

ကျန်းရီ ခပ်သဲ့သဲ့ ပြုံးလိုက်၏။

“ဒီကိစ္စမှာ မှားမှား၊ မမှားမှား အရေးမကြီးပါဘူး။ ကျွန်တော်တို့ ကြမ်းကြုတ်နဂါးမျိုးနွယ်ကို သတင်းပို့မယ်ဆိုရင်တောင် သူတို့က ကန်းဟန့်မျိုးနွယ်ဆီ စစ်တပ်စေလွှတ်မှာ မဟုတ်ဘူး။ ခင်ဗျားတို့လည်း မသွားသင့်ဘူး။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်က သူတို့အတွက် သွားကြားတောင်ညပ်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ သွားတာ၊ မသွားတာကလည်း အ‌ရေးတော့မကြီးပါဘူး”

“အာ...”

လီရှန်းအာသည် ကျန်းရီကို အလွန်ယုံကြည်၏။ သူမသည် သူ့စကားကို မေးခွန်းပင် မထုတ်ပါ။ သို့သော် ဤတစ်ကြိမ်တွင် သူမ အတန်ငယ် စိတ်လှုပ်ရှားနေပေသည်။

“သခင်လေးကျိုး... ကန်းဟန့်မျိုးနွယ် ရှင်းပစ်ခံရမှာကို ကျွန်မတို့က ဒီအတိုင်း ရပ်ကြည့်နေရမှာလား”

“တခြားနည်းလမ်း မရှိဘူးလေ”

ကျန်းရီက မြေပုံကို ညွှန်ပြ၍ ပြောသည်။

“ကန်းဟန့်မျိုးနွယ်နဲ့ ကြမ်းကြုတ်နဂါးမျိုးနွယ်ကြားက အကွာအဝေးကို ကြည့်လိုက်။ ကြမ်းကြုတ်နဂါးမျိုးနွယ်က ငါ့စကားကို နားထောင်ပြီး စစ်တပ်စေလွှတ်လိုက်မယ်ဆိုရင်တောင် ကန်းဟန့်မျိုးနွယ်ကို အချိန်မီ ကယ်တင်နိုင်မှာ မဟုတ်ဘူး။ အခု ပေါ်ပေါ်ထင်ထင် ချီတက်လာတဲ့ ကော့ချန်ဘုရင်ဆိုတာ အတုပဲ ဖြစ်ရမယ်။ တကယ့် ကော့ချန်ဘုရင်အစစ်က ကန်းဟန့်မျိုးနွယ်နားမှာ ရောက်နေလောက်ပြီ...”

“ပြီးခဲ့တဲ့တစ်‌ခေါက်တုန်းက မျိုးနွယ်ကြီးသုံးခုက ကြမ်းကြုတ်နဂါးမျိုးနွယ်ကို အလစ်ဝင်တိုက်ခဲ့ကြတာ။ ဘာလို့ အခုတစ်ခေါက်ကျ ပေါ်ပေါ်ထင်ထင် လုပ်နေရတာလဲ။ ပြီးတော့ ဒီတစ်ခေါက် ထျန်းဖုန့်မဟာမိတ်ရဲ့ စစ်တပ်အသေးလေးတွေပဲ စုဝေးထားတယ်။ မျိုးနွယ်ကြီးတွေက လှုပ်တောင်မလှုပ်ကြဘူး။ သူတို့ လှုပ်ရှားခဲ့ရင်လည်း ကြမ်းကြုတ်နဂါးမျိုးနွယ်ဆီ မသွားခဲ့ဘူး။ အဲ့တော့ သူတို့က ကြမ်းကြုတ်နဂါးမျိုးနွယ်ကို ပစ်မှတ်ထားနေတာ မဟုတ်ဘူး။ သူတို့ရဲ့ ရည်ရွယ်ချက်က ထင်ရှားပါတယ်....”

မိစ္ဆာမျိုးနွယ်က ပုံစံပြောင်းနိုင်ပြီး လူသားမျိုးနွယ်လိုပင် ဉာဏ်ကောင်းပေသည်။ သို့သော် မိစ္ဆာမျိုးနွယ်မှာ မိစ္ဆာမျိုးနွယ်ပင် ဖြစ်နေသေးသည်။ သူတို့တွင် လူသားမျိုးနွယ်ကဲ့သို့ ယဉ်ကျေးမှုအမွေအနှစ်များ မရှိပေ။ သူတို့၏ တိုက်ပွဲဗျူဟာများကလည်း လူသားမျိုးနွယ်၏ တိုက်ပွဲဗျူဟာများလောက် အဆင့်မမြင့်ကြသေးပါ။

ကျန်းရီထံတွင် ကျီထင်ယွီနှင့် ရှင်းမုန့်ဝမ်တို့ကဲ့သို့ ဉာဏ်နီဉာဏ်နက်များ မရှိပါ။ သို့သော် သူသည် တိုက်ပွဲများတွင် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် အကွက်ဆင်ခဲ့ရဖူးပြီးဖြစ်၍ တိုက်ပွဲဗျူဟာအချို့ကို နားလည်နေပြီဖြစ်သည်။ ကော့ချန်ဘုရင်နှင့် စွမ်နီဘုရင်တို့၏ ဗျူဟာကို သူ အလွယ်တကူ မြင်နိုင်ပါသည်။

“သခင်လေးကျိုး...”

လီရှန်းအာသည် နှုတ်ခမ်းကိုက်ကာ ကျန်းရီအား ‌တောင်းပန်တိုးလျှိုးဟန်ဖြင့် ကြည့်လိုက်၏။

“ကျေးဇူးပြုပြီးတော့ ကန်းဟန့်မျိုးနွယ်ကို ကူညီပေးပါ။ ကန်းဟန့်မျိုးနွယ် ရှင်းပစ်ခံလိုက်ရရင် ကျွန်မတို့မဟာမိတ်ရဲ့ စိတ်ဓာတ်က တော်တော်ကျဆင်းသွားပါလိမ့်မယ်။ အဲ့ကျရင် ကျွန်မတို့မျိုးနွယ်တွေ တစ်ခုပြီးတစ်ခု ရှင်းပစ်ခံရလိမ့်မယ်”

“ငါက ဘုရားမဟုတ်ဘူး။ သူတို့ကို မကယ်နိုင်ဘူး”

ကျန်းရီ ခေါင်းခါလိုက်ပြီး မြေပုံပေါ်ရှိ ကန်းဟန့်မျိုးနွယ်၏ နယ်မြေကို ကြည့်လိုက်သည်။

“အခု သူတို့ကို ကယ်နိုင်မဲ့သူက သူတို့ကိုယ်တိုင်ပဲ။ ကန်းဟန့်ဘုရင်ဆီ ချင်ချင်း သတင်းပို့လိုက်ပါ။ မျိုးနွယ်နှစ်ခုက စတိုက်တာနဲ့ သူတို့ နောက်မဆုတ်ဘဲ ပြန်ခုခံကြပါလို့။ ပြီးတော့ သူတို့ဘက်က စွမ်းအားကြီး သိုင်းသမားတွေက ရန်သူဘက်ကို အတင်းဖောက်ဝင်ပြီး ရန်သူတွေနဲ့ အသက်ချင်းလဲပစ်ရမယ်။ အင်း... ကြမ်းကြုတ်နဂါးဘုရင်အသစ်ဆီလည်း သတင်းပို့လိုက်ပါ... ချက်ချင်း စစ်တပ်ကို စုစည်းပြီး ကော့ချန်မျိုးနွယ်ဆီ စစ်ချီပါလို့။ သူတို့ ကော့ချန်မျိုးနွယ်ရဲ့ နယ်မြေကို ရောက်တာနဲ့ ကန်းဟန့်မျိုးနွယ် ဘေးကင်းသွားလိမ့်မယ်”

All Chapters