← Chapters

ခြေတစ်လှမ်းသာနေသည်

Vol. 126 Ch. 1748

ခြေတစ်လှမ်းသာနေသည်

Vol. 126 Ch. 1748

ကျန်းရီ၏ သတင်းစကားက ကြမ်းကြုတ်နဂါးမျိုးနွယ်ကို ရောက်သွားသောအခါ သူတို့ ချက်ချင်း အရေးပေါ် အစည်းအဝေး လုပ်၍ အခြေအနေကို ခွဲခြမ်းစိတ်ဖြာလိုက်ကြ၏။

သို့သော် နောက်ဆုံးတွင် စစ်တပ်က မလှုပ်ရှားခဲ့ပေ။ အကယ်၍ ကျန်းရီ၏ သုံးသပ်ချက်က မှားနေလျှင် သူတို့ လမ်းတစ်လျှောက်၌ အလွယ်တကူ ချုံခိုတိုက်ခိုက်ခံရနိုင်သည်။ ထို့ပြင် ကျန်းရီထံတွင် မည်သည့်သက်သေမှ မရှိပေ။ သူက အဘယ်ကို ကြည့်၍ ကော့ချန်ဘုရင်က အတုဟု ပြောရသနည်း။ အကယ်၍ အစစ်ဖြစ်နေလျှင် မည်သို့လုပ်မည်နည်း။

သို့သော်...

ကန်းဟန့်မျိုးနွယ်သည် ကျန်းရီ၏ သတင်းစကားကို အလွန်အလေးအနက်ထား၏။ သူတို့မျိုးနွယ်က ပစ်မှတ်ထားခံနေရသည် မဟုတ်ပါလား။

ကန်းဟန့်ဘုရင်သည် ကြမ်းကြုတ်နဂါးမျိုးနွယ်သို့ မသွားခဲ့ဘဲ ကူညီရန် တပ်သားတစ်သန်းသာ စေလွှတ်ပေးခဲ့သည်။ ယခုတွင် သူနှင့် မျိုးနွယ်အကြီးအကဲများသည် အခြေအနေကို သုံးသပ်ကာ ကျန်းရီ၏ ကောက်ချက်ချမှုများက အတော်လေး အကျိုးအကြောင်း ဆီလျော်ကြောင်း ခံစားနေကြရသည်။

ကန်းဟန့်ဘုရင်သည် သူ၏ထောက်လှမ်းရေးတပ်ကို သူတို့မျိုးနွယ်၏ နယ်မြေထဲတွင် ထောက်လှမ်းခိုင်းလိုက်၏။ ဆယ်နာရီကြာပြီးနောက်တွင် သတင်းတစ်ခုက ကန်းဟန့်မျိုးနွယ်တစ်ခုလုံးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေသည်။

‌ကော့ချန်ဘုရင်နှင့် စွမ်နီဘုရင်တို့က အင်အားပူးပေါင်း၍ သူတို့၏ အကြီးအကဲများနှင့် အင်အားဆယ်သန်းရှိသော စစ်တပ်တစ်တပ်ကို ဦးဆောင်ကာ စွမ်နီတောင်တန်းနယ်စပ်တွင် တပ်ချထားသော အင်အားတစ်သန်းသာရှိသည့် ကန်းဟန့်မျိုးနွယ်စစ်တပ်ကို တိုက်ခိုက်ရန် ချီတက်လာနေကြသည်။ ထိုသတင်းရောက်လာချိန်တွင် တပ်၏ အင်အားတစ်သန်းတွင် တစ်ဝက်ကျော်လောက် အသတ်ခံလိုက်ရပြီဖြစ်သည်။

“ဆယ်သန်း...”

ကန်းဟန့်ဘုရင်နှင့် မျိုးနွယ်အကြီးအကဲများ အသက်ပြင်းပြင်း ရှူသွင်းလိုက်ကြ၏။ ထိုမျိုးနွယ်နှစ်ခုက သူတို့၏ အင်အားအကုန် ထုတ်သုံးနေခြင်းပင်။

ကြည့်ရသည်မှာ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ ဆန်းကြယ်သော မဟာအကြီးအကဲ အရှင်ကျိုး၏ ကောက်ချက်ချမှုက အပြည့်အဝ မှန်ကန်ခဲ့ပုံပင်။ ထိုမျိုးနွယ်နှစ်ခုက ကြမ်းကြုတ်နဂါးမျိုးနွယ်ကို တိုက်ခိုက်မည့်ပုံ အယောင်ပြ၍ အမှန်တွင်မူ ကန်းဟန့်မျိုးနွယ်ကို တိုက်ခိုက်ရန် ကြံနေခြင်းပင်။

ကြမ်းကြုတ်နဂါးမျိုးနွယ်ကို သွားနေသည့် ကော့ချန်စစ်တပ်မှာလည်း အတုသာဖြစ်သည်။ ကော့ချန်ဘုရင်ကိုပင် အတုလုပ်နိုင်လျှင် အတုမလုပ်နိုင်မည့်အရာ ရှိပါဦးမည်လော။ ကော့ချန်ဘုရင်၊ စွမ်နီဘုရင်၊ မျိုးနွယ်နှစ်ခုမှ အကြီးအကဲများနှင့် အင်အားဆယ်သန်းရှိသော စစ်တပ်ကြီးက ကန်းဟန့်မျိုးနွယ်ကို ရှင်းပစ်တော့ပေမည်။

“အရှင်... အမိန့်ပေးလိုက်ပါ”

အကြီးအကဲများသည် တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကြ၏။ သူတို့၏ သတ်ဖြတ်အရှိန်အဝါများလည်း ထိုးထွက်လာသည်။ ကန်းဟန့်ဘုရင်က အလွန်အရပ်ပု၏။ ယခုတွင် သူ၏မျက်နှာထားက လွန်စွာညှိုးငယ်နေသည်။ သူ့ခန္ဓာကိုယ်မှ ထိုးထွက်နေသော သတ်ဖြတ်အရှိန်အဝါကြောင့် သူက အရပ်မြင့်သည့်ဟု ထင်နေရသည်။ ရုတ်တရက် သူ ထရပ်ကာ ပြောလိုက်သည်။

“အားလုံးပဲ ကျုပ်ရဲ့ အမိန့်ကို နာခံပါ။ မြောက်ဘက်ကို ချက်ချင်းဆုတ်ပါ။ အကြီးအကဲခြောက်နဲ့ အကြီးအကဲခုနစ်... ခင်ဗျားတို့က တပ်သားတစ်သန်းကိုဦးဆောင်ပါ၊ ခင်ဗျားတို့ရဲ့ တာဝန်က ရန်သူကို နှောင့်နှေးအောင် လုပ်ဖို့ပဲ။ ဒါပေမဲ့.. ခင်ဗျားတို့ အရှင်ကျိုးရဲ့ ညွှန်ကြားချက်တွေကိုလည်း လိုက်နာရမယ်။ ကိုယ့်အသက်ကို စွန့်တော့မယ်ဆိုရင် ထိုက်တန်ဖို့လိုတယ်။ ရန်သူကို ထိပ်တိုက်မတိုက်ခဲ့နဲ့။ ကျုပ်တို့မျိုးနွယ်ဝင်တွေ ဆုတ်ခွာနိုင်အောင် အချိန်အလုံအလောက်ဆွဲထားပါ။ ကျန်တဲ့သူတွေက ကျုပ်နဲ့ လိုက်ခဲ့ပါ။ ကျုပ်တို့ တောင်ဘက်ကနေပတ်ပြီး ရန်သူရဲ့နယ်မြေကို သွားမယ်။ အရှင်ကျိုးပြောတာမှန်တယ်... ငါတို့ ရန်သူနဲ့ အသက်ချင်းလဲရမယ်”

“အသက်ချင်းလဲမယ်”

အကြီးအကဲအားလုံး အော်လိုက်ကြသည်။ ဤတစ်ကြိမ်တွင် အားလုံးသည် သေရန် အသင့်ဖြစ်နေကြပေပြီ။ မျိုးနွယ်ဝင်များ ထွက်ပြေးနိုင်ရန်အတွက် ရန်သူစစ်တပ်ကို နှောင့်နှေးအောင် လုပ်ရမည့် တပ်သားတစ်သန်းမှာ အသေခံတပ်သားများပင်။ ရန်သူနယ်မြေထဲ ဖောက်ဝင်မည့် တပ်မှာ ပို၍ပင် အန္တရာယ်များသေးသည်။ သူတို့ ပြန်လာချင်မှ ပြန်လာနိုင်ပေလိမ့်မည်။

သို့သော် ယင်းက တစ်ခုတည်းသော နည်းလမ်းပင်။ သူတို့အားလုံး ဆုတ်ခွာသွားလျှင် အင်အားဆယ်သန်းရှိသော စစ်တပ်ကို မည်သို့ တားနိုင်မည်နည်း။ ထိုအခါ ကန်းဟန့်မျိုးနွယ်တစ်ခုလုံး ရှင်းပစ်ခံရမည်ဖြစ်သည်။

ကန်းဟန့်ဘုရင်သည် ထိပ်သီးအဖွဲ့တစ်ဖွဲ့ကို ကိုယ်တိုင်ဦးဆောင်၍ စွမ်နီနယ်မြေကို အလစ်တိုက်ခိုက်ရန် ထွက်ခွာသွားသည်။ စွမ်နီစစ်တပ်တစ်ခုလုံး စစ်ထွက်လာခဲ့ခြင်းဖြစ်ရာ စွမ်နီနယ်မြေက အကာအကွယ်မဲ့နေသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ကန်းဟန့်ဘုရင် ဖောက်ဝင်နိုင်လောက်သည်။ ချင်လင်းမဟာမိတ်တပ်သည်လည်း သွားကူရမည်၊ မကူရမည်ကို ဒွိဟဖြစ်နေကြသည်။ သူတို့ သွားကူလိုလျှင်ပင် အချိန်မီရောက်ချင်မှ ရောက်နိုင်ပေလိမ့်မည်။ ထို့ပြင် သူတို့ ထွက်သွားသည်နှင့် ကြမ်းကြုတ်နဂါးမျိုးနွယ်က ထီးတည်းကျန်ခဲ့မည်ဖြစ်ရာ ရန်သူက ဝင်တိုက်လောက်သည်။

ဝှစ်...ဝှစ်...

ကန်းဟန့်မျိုးနွယ်ဝင်များသည် ပျံသန်းကာ အမိန့်များ ပေးနေသည်။ ကန်းဟန့်မျိုးနွယ်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေပေပြီ။ သို့သော် ကန်းဟန့်ဘုရင်က ဆုတ်ခွာရန် အမိန့်ပေးလိုက်သောအခါ မည်သူမှ မတုံ့ဆိုင်းခဲ့ချေ။ သူတို့ ချက်ချင်းပင် မြောက်ဘက်သို့ ပျံပြေးကြသည်။ မြောက်ဘက်ရှိ တောင်တန်းမှာ သူတို့နှင့် မဟာမိတ်ဖွဲ့ထားသော မျိုးနွယ်တစ်ခု၏ နယ်မြေဖြစ်သည်။ ထိုဘက်သို့ ထွက်ပြေးလျှင် ဘေးကင်းလောက်ပေသည်။

ကန်းဟန့်ဘုရင်သည် သူ့မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများကို ဦးဆောင်လာသည်။ သူတို့အင်အားက နှစ်သောင်းလောက်သာ ရှိသည်။ သူတို့သည် တောင်ဘက်မှပတ်ကာ စွမ်နီနယ်မြေဆီသို့ ဦးတည်နေကြပေသည်။

***

စစ်ပွဲကြီး စတင်လာသည်။ စွမ်နီမျိုးနွယ်နှင့် ကော့ချန်မျိုးနွယ်တို့၏ အင်အားဆယ်သန်းရှိသော စစ်တပ်မှာ ရပ်တန့်၍ မရနိုင်ပေ။ စွမ်နီတောင်တန်းနယ်စပ်ရှိ အင်အားတစ်သန်းရှိသော ကန်းဟန့်မျိုးနွယ်စစ်တပ်က အလွယ်တကူ ရှင်းပစ်ခံလိုက်ရသည်။ ထို့နောက် အင်အားဆယ်သန်းစစ်တပ်သည် ကျိုင်းကောင်အုပ်ကြီးကဲ့သို့ ကန်းဟန့်မျိုးနွယ်၏ တောင်တန်းဆီ လျင်မြန်စွာ ချီတက်သွားလေသည်။

ကန်းဟန့်မျိုးနွယ်၏ နယ်မြေထဲတွင် တောင်တန်း သုံးဆယ်ကျော်ရှိသည်။ နယ်စပ်မှ ကန်းဟန့်မျိုးနွယ်ဝင်များသည် အချိန်မီ မဆုတ်ခွာနိုင်ခဲ့သဖြင့် သတ်ဖြတ်ခံလိုက်ရသည်။ သူတို့ ပြန်၍ပင် မခုခံနိုင်ခဲ့ကြပေ။

သို့သော် အင်အားဆယ်သန်းစစ်တပ်သည် တောင်တန်း ခြောက်ခု၊ ခုနစ်ခုကို ဖြတ်ကျော်ပြီးနောက် ကန်းဟန့်မျိုးနွယ် အရေအတွက်က လျော့ကျလာကြောင်း သတိပြုမိသွား၏။ ထို့ပြင် ကန်းဟန့်မျိုးနွယ်စစ်တပ်က သူတို့ကို လာမတိုက်ခိုက်သေးချေ။

စွမ်နီဘုရင်နှင့် ကော့ချန်ဘုရင်တို့ နားမလည်နိုင်ဖြစ်နေစဉ်မှာပင် ကန်းဟန့်မျိုးနွယ်စစ်တပ် ရောက်ရှိလာသည်။ သို့သော် ထိုစစ်တပ်မှာ အဖွဲ့ငယ်လေးများ ပြန့်ကျဲနေပြီး ထိပ်တိုက်လည်း မတိုက်ခိုက်ပေ။ ထိုအစား ပြောက်ကျားဗျူဟာကို သုံးကာ တိုက်ခိုက်ပြီးသည်နှင့် ပြန်ထွက်ပြေးနေကြပေသည်။

စွမ်နီဘုရင်နှင့် ကော့ချန်ဘုရင်တို့သည် အဖွဲ့ငယ်တစ်သောင်းလောက်ကို ရှင်းပစ်ပြီးနောက် စိတ်ရှုပ်လာ၏။ နောက်ဆုံးတွင် သူတို့ အမိန့်ပေးလိုက်သည်။

“ပြန့်ကျဲနေတဲ့ တပ်သားတွေကို အရေးမစိုက်နဲ့တော့။ စစ်တပ်က ကန်းဟန့်မြို့ကိုပဲ အရှိန်အပြည့်နဲ့ ချီတက်မယ်”

အရှေ့သို့ ရောက်လာလေလေ၊ ကန်းဟန့်မျိုးနွယ်ဝင် အရေအတွက်က လျော့ကျလာလေလေပင်။ ကျန်ခဲ့သည့် ကန်းဟန့်မျိုးနွယ်ဝင်များမှာလည်း သေခါနီးနေသည့် သက်ကြီးရွယ်အိုများသာဖြစ်သည်။ သူတို့က ကန်းဟန့်နယ်မြေထဲမှာပင် ခေါင်းချလို၍ ထွက်ပြေးမသွားခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်။

စွမ်နီဘုရင်နှင့် ကော့ချန်ဘုရင်တို့သည် တစ်ခုခု မှားနေပြီဖြစ်ကြောင်း ခံစားလာရ၏။ ကန်းဟန့်မျိုးနွယ်ဝင်များက ထွက်ပြေးသွားကြသည်လော။ သူတို့က သူတို့၏နယ်မြေကို မကာကွယ်တော့သည်လော။ အဘယ်ကြောင့် ကန်းဟန့်မျိုးနွယ်ဝင်များက ဤမျှမြန်မြန် ထွက်ပြေးနိုင်ခဲ့ကြသနည်း။ သူတို့က အင်အားဆယ်သန်းစစ်တပ်၏ လက်မှလွတ်အောင် ထွက်ပြေးနိုင်မည်‌လော။

“အရှိန်တင်...”

ဘုရင်နှစ်ပါးက စစ်တပ်ကို ထပ်မံ၍ အရှိန်တင်ရန် အမိန့်ပေးလိုက်သည်။ သို့သော် ပြောက်ကျားတိုက်ခိုက်နေသည့် တပ်ဖွဲ့ငယ်လေးများက အလယ်အလတ်အရွယ်အစားရှိသည့် တပ်ဖွဲ့များ ဖြစ်လာသည်။ တစ်ဖွဲ့လျှင် တပ်သားတစ်သောင်းကျော် နှစ်သောင်းနီးပါးရှိသည်။ သူတို့သည် တိုက်ခိုက်ပြီးသည်နှင့် ထွက်ပြေးကြဆဲပင်။ အကယ်၍ သူတို့နောက်သို့လိုက်၍ မတိုက်ခိုက်ပါက သူတို့သည် ပြန်လှည့်လာပြီး ထပ်မံတိုက်ခိုက်ကြလေသည်။

အခြေအနေက ထိုသို့ဖြစ်လာလေလေ၊ ဘုရင်နှစ်ပါးသည် တစ်ခုခု မှားနေပြီဟု ပိုခံစားလာရလေလေပင်။ ဘုရင်နှစ်ပါးသည် ထိုပြောက်ကျားတပ်များကို ရှင်းရန် တပ်သားနှစ်သန်းကို အမိန့်ပေးလိုက်၏။ ကျန်တပ်သားများမှာ ကန်းဟန့်မြို့သို့ အရှိန်အဟုန်အပြည့်နှင့် ဆက်ချီတက်ကြသည်။

နာရီနှစ်ဆယ်ကျော် ကြာပြီးနောက် စစ်တပ်က ကန်းဟန့်မြို့သို့ ရောက်သွား၏။ သို့သော် မြို့မှာ ဗလာဖြစ်နေသည်။ သက်ကြီးရွယ်အိုများ၊ အားနည်းသူများ၊ မကျန်းမာသူများနှင့် ဒုက္ခိတများသာ ကျန်ခဲ့သည်။ ကန်းဟန့်မျိုးနွယ်သည် ကန်းဟန့်မြို့ကိုပင် မကာကွယ်‌တော့ပေ။

“တင်ပြပါတယ်”

စွမ်နီဘုရင်က ဒေါသတကြီးနှင့် ကန်းဟန့်မြို့ကို ဖျက်ဆီးတော့မည့် အချိန်တွင် စစ်သူကြီးတစ်ယောက်က အဝေးမှနေ၍ ပျံသန်းလာပြီး အော်ပြောလိုက်လေ၏။

“မျိုးနွယ်ဘုရင်... မကောင်းတော့ပါဘူး။ ကန်းဟန့်ဘုရင်က စွမ်းအားကြီး သိုင်းသမား အယောက်နှစ်သောင်းလောက်ကို ဦးဆောင်ပြီး ကျွန်တော်တို့ရဲ့ နယ်မြေထဲ ဝင်သွားပါတယ်။ သူက ကျွန်တော်တို့မျိုးနွယ်ဝင် တစ်သန်းလောက်ကို သတ်ပြီးသွားပါပြီ။ အခု သူတို့ စွမ်နီမြို့ဆီ ဦးတည်သွားနေပါတယ်’

“ဘာ...”

စွမ်နီဘုရင်နှင့် ကော့ချန်ဘုရင်တို့ မျက်နှာပျက်သွားကြ၏။ စွမ်နီမျိုးနွယ်မှ တပ်သားများလည်း ထိတ်လန့်သွားကြသည်။ ဤတစ်ခေါက်တွင် မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားအားလုံးနီးပါး ထွက်လာခဲ့သည်။ မျိုးနွယ်တွင် အုပ်ချုပ်သူအဆင့် သိုင်းသမား ဆယ်ယောက်ကျော်လောက်နှင့် တပ်သားသိန်းကျော်လောက်သာ ကျန်ခဲ့သည်။ ထိုတပ်သားများနှင့် သိုင်းသမားများက ဧကရာဇ်တစ်ပိုင်းအဆင့်ရှိသည့် ကန်းဟန့်ဘုရင်ကို မည်သို့ ခုခံနိုင်ပါမည်နည်း။ အကယ်၍ စွမ်နီမြို့သာ တိုက်ခိုက်ခံရလျှင် သူတို့၏ မိသားစုများလည်း သေရပေလိမ့်မည်။

“နောက်ကွယ်မှ ပညာရှင်တစ်ယောက် ရှိနေတယ်...”

ကော့ချန်ဘုရင်မှာ ခံ့ညားသူတစ်ယောက်ပင်။ သူပုံစံက သိမ်မွေ့ကာ ပြတ်သားသည်။ သူ၏ မျက်ဝန်းများက ရှည်လျားကျဉ်းမြောင်းပြီး သူ့မုတ်ဆိတ်က အတန်ငယ် ကော့တက်နေသည်။ ကန်းဟန့်ဘုရင်အကြောင်းကို သူ ကောင်းစွာသိသည်။ ကန်းဟန့်ဘုရင်က အင်အားသာကောင်းပြီး ဉာဏ်မကောင်းပေ။ သို့သော် အဘယ်ကြောင့် သူက ကန်းဟန့်မျိုးနွယ်ကို မကာကွယ်ဘဲ စွမ်နီမျိုးနွယ်ကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့ရသနည်း။ သူ့ဦးနှောက်သက်သက်နှင့် ထိုဗျူဟာကို တွေးနိုင်လိမ့်မည် မဟုတ်ပေ။

“ဟွန်း...”

ကော့ချန်ဘုရင်သည် နည်းလမ်းတစ်ခုကို ခပ်သွက်သွက် တွေးတောလိုက်၏။ ထို့နောက် နှာမှုတ်ကာ အော်ပြောလိုက်သည်။

“စွမ်နီဘုရင်... ထိပ်သီးအယောက်တစ်သိန်းကို ခေါ်ပြီး ချက်ချင်း ပြန်သွားလိုက်ပါ။ ကျန်တဲ့တပ်သားတွေကို ကျုပ်နဲ့ ထားခဲ့ပါ။ ကန်းဟန့်မျိုးနွယ်ဝင်တွေက ဝေးဝေးရောက်ဦးမှာ မဟုတ်ဘူး။ ကျုပ် သူတို့အကုန်လုံးကို သတ်ပစ်မယ်။ သူတို့အကုန်လုံးကိုသာ သတ်နိုင်ရင် ဒီတိုက်ပွဲကို အောင်ပွဲလို့ သတ်မှတ်လို့ရလိမ့်မယ်”

“ကောင်းပြီ”

စွမ်နီဘုရင် ခေါင်းညိတ်လိုက်သည်။ သို့သော် သူသည် ထိပ်သီးအယောက်ငါးသိန်းကို ခေါ်သွားပေသည်။ ထိပ်သီးတပ်သား အယောက်ငါးသိန်းနှင့်ဆိုလျှင် ကန်းဟန့်ဘုရင်နှင့် သူ၏တပ်သားနှစ်သောင်းကို အလွယ်တကူ တိုက်ခိုက်နိုင်ပေလိမ့်မည်။

“လိုက်ကြ...”

ကော့ချန်ဘုရင်က သန်းချီသောစစ်တပ်ကြီးကို ကိုယ်တိုင်ဦးဆောင်ကာ မြောက်ဘက်သို့ လိုက်လေသည်။ ကန်းဟန့်မျိုးနွယ်တွင် မျိုးနွယ်ဝင်များ သန်းဆယ်ချီ၍ ရှိသည်။ သူတို့က ဝေးဝေးရောက်လိမ့်ဦးမည် မဟုတ်ပေ။ ကော့ချန်ဘုရင်သည် သူက သူတို့ကို နာရီနှစ်ဆယ်အတွင်း လိုက်မီလိမ့်မည်ဟု ယုံကြည်ချက်ရှိပေသည်။

သို့သော်...

ဆယ့်ခြောက်နာရီအတွင်းမှာပင် ကော့ချန်ဘုရင်ဘေးရှိ အကြီးအကဲတစ်ယောက်က ရုတ်တရက် မျက်နှာပျက်သွား၏။ ကြမ်းကြုတ်နဂါးဘုရင်က စွမ်းအားကြီး သိုင်းသမား အယောက်တစ်သိန်းကို ကိုယ်တိုင်ဦးဆောင်၍ ကော့ချန်မျိုးနွယ်သို့ သွားနေကြောင်း သူတို့၏ ထောက်လှမ်းရေးများက သတင်းလှမ်းပို့ပေသည်။

ထိုသတင်းကို ကြားသောအခါ ကော့ချန်ဘုရင်၏ မျက်ဝန်းများက ပိုကျဉ်းသွားသည်။ ဤတိုက်ပွဲတွင် သူတို့ဘက်က မရှုမလှ ရှုံးသွားပြီဖြစ်ကြောင်း သူ သဘောပေါက်သွားပေပြီ။ သန်းဆယ်ချီသော သူ၏မျိုးနွယ်ဝင်များကို အရေးမစိုက်လျှင်တော့ သူတို့ နိုင်နိုင်သေးသည်။ သို့သော် သူ အရေးမစိုက်ဘဲ နေနိုင်ပါမည်လော။

ကော့ချန်မျိုးနွယ်က ရှင်းပစ်ခံရတော့မည်။ သို့ဖြစ်ရာ ကန်းဟန့်မျိုးနွယ်ကို ရှင်းပစ်နိုင်လျှင်လည်း ဘာအဓိပ္ပာယ် ရှိပါတော့မည်နည်း။

ကော့ချန်ဘုရင်သည် ခေတ္တမျှ တွေးတောပြီးနောက် ခါးသီးသော မျက်နှာထားနှင့် ခေါင်းခါကာ သက်ပြင်းချလိုက်သည်။

“နောက်ကွယ်မှာ ပညာရှင်တစ်ယောက် ရှိနေတယ်။ သူက ငါတို့ထက် ခြေတစ်လှမ်းသာနေတယ်။ ငါ့အမိန့်ကို ထုတ်ပြန်လိုက်... အားလုံး ပြန်ဆုတ်မယ်”

***

All Chapters