← Chapters

ပြီးပြည့်စုံသော အစီအစဉ်

Vol. 126 Ch. 1749

ပြီးပြည့်စုံသော အစီအစဉ်

Vol. 126 Ch. 1749

ကြမ်းကြုတ်နဂါးမျိုးနွယ်က တပ်သားများ စေလွှတ်လိုက်ပြီးဖြစ်၍ ကော့ချန်ဘုရင်ထံတွင် ပြန်ဆုတ်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။ မျိုးနွယ်နှစ်ခု၏ ဗျူဟာက လုံးဝ ဖျက်ဆီးခံလိုက်ရပေပြီ။ စွမ်နီမျိုးနွယ်တစ်ခုတည်းနှင့် ကန်းဟန့်မျိုးနွယ်ကို ရှင်းပစ်နိုင်မည် မဟုတ်ချေ။ ထို့ပြင် သူတို့၏ ဗျူဟာက ပေါ်သွားပြီဖြစ်သည်။ သို့ဖြစ်ရာ အခြားမျိုးနွယ်များက ကန်းဟန့်မျိုးနွယ်ဆီ စစ်ကူပို့လိုက်နိုင်ခြေ ရှိပေသေးသည်။

ယခုတွင် ကော့ချန်ဘုရင်၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ စွမ်နီဘုရင်က ကန်းဟန့်ဘုရင်ကို သတ်လိုက်နိုင်ပါစေဟူ၍သာ ဖြစ်သည်။ သူတို့ သွားကူလိုလျှင်ပင် စစ်တပ်တစ်တပ်လုံးကို အချိန်မီ ပြန်ဆုတ်နိုင်မည် မဟုတ်ပေ။ ထို့ပြင် လမ်းတွင် ကြမ်းကြုတ်နဂါးမျိုးနွယ်၏ အလစ်ဝင်တိုက်မှုကိုလည်း ခံရနိုင်သေးသည်။

ထို့ကြောင့် ကော့ချန်ဘုရင်သည် စွမ်နီစစ်တပ်ကို ကန်းဟန့်မျိုးနွယ်ဝင်များနောက် ဆက်လိုက်ရန် ပြောလိုက်ပြီး သူကိုယ်တိုင်ကမူ စွမ်းအားကြီး သိုင်းသမား အယောက်သိန်းကျော်ကို ဦးဆောင်၍ ကော့ချန်နယ်မြေဆီသို့ အမြန်ဆုံး ပြန်သွားလိုက်သည်။ ကျန်သော ကော့ချန်စစ်တပ်မှာ ကြမ်းကြုတ်နဂါးမျိုးနွယ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်လေသည်။

ကော့ချန်ဘုရင် သူဖော်သည့်ဆေးကို သူ ပြန်စားရပေပြီ။

ကန်းဟန့်ဘုရင်နှင့် ကြမ်းကြုတ်နဂါးဘုရင်တို့က တစ်ကောင်ကျွေး၍ တစ်ကောင်စားမည့် ဗျူဟာကို သုံးနေသဖြင့် ကော့ချန်ဘုရင်သည်လည်း တစ်ကွက်ပြန်ပြလိုက်ခြင်းဖြစ်သည်။ ကော့ချန်စစ်တပ်သာ ကြမ်းကြုတ်နဂါးနယ်မြေအနီးသို့ ရောက်သွားလျှင် ကြမ်းကြုတ်နဂါးဘုရင်သည် ရွေးချယ်စရာ မရှိတော့ဘဲ ပြန်ဆုတ်ရပေလိမ့်မည်။ ထိုအခါ တိုက်ပွဲက သရေအဖြစ်နှင့် ပြီးသွားပေမည်။

စွမ်နီဘုရင်က ကန်းဟန့်ဘုရင်ကို တားနိုင်မည်လော။ ထင်မှတ်မထားသည်များ ဖြစ်မလာလျှင် တားနိုင်လောက်သည်။ ကန်းဟန့်ဘုရင်က စွမ်းအားကြီးသော်လည်း ဉာဏ်မကောင်းပါ။ သူက စွမ်းအားကြီး သိုင်းသမား အယောက်နှစ်သောင်းကို ဦးဆောင်၍ စွမ်နီနယ်မြေထဲ ဝင်သွားခဲ့သည်။ သူသည် မြင်မြင်ရာကို သတ်ဖြတ်နေပြီး အခြားမည်သည်ကိုမှ အရေးမစိုက်ပေ။ နာရီနှစ်ဆယ်ကျော်အတွင်းမှာပင် သူ စွမ်နီမျိုးနွယ်ဝင် ငါးသန်းကျော်ကို သတ်ပြီးခဲ့ပေပြီ။

ဝှစ်...

ထိုအခိုက်တွင် ထောက်လှမ်းရေးတစ်ယောက်က အဝေးမှနေ၍ ကန်းဟန့်ဘုရင်ဘေးသို့ ပျံသန်းလာပြီး ဒူးတစ်ဘက်ထောက်ကာ ပြောလိုက်သည်။

“တင်ပြပါတယ်.... ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ရဲ့ မဟာအကြီးအကဲက သတင်းတစ်ခု ပို့လိုက်ပါတယ်”

“ဟင်...”

ကန်းဟန့်ဘုရင်၏ နီရဲနေသော မျက်ဝန်းများက အတန်ငယ် ပြန်ကြည်လင်လာ၏။

“ပြော...”

ထောက်လှမ်းရေးက သွက်လက်စွာ တင်ပြလိုက်သည်။

“အရှင်ကျိုးက ပြောပါတယ်... အခြေအနေတွေက သူ မျှော်လင့်ထားတဲ့အတိုင်းဆိုရင် စွမ်နီဘုရင်က ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ တပ်ဖွဲ့တစ်ဖွဲ့နဲ့ ပြန်လာလောက်ပါပြီတဲ့။ ကော့ချန်ဘုရင်ကလည်း ပြန်ဆုတ်သွားလိမ့်မယ်တဲ့။ အဲ့ဒါကြောင့် သူက ကျွန်တော်တို့ကို ဆက်မသတ်တော့ဘဲ ပြန်ဆုတ်ဖို့ ပြောပါတယ်။ မကြာခင် စွမ်နီမျိုးနွယ်ရဲ့ စစ်ကူတွေ ရောက်လာပါလိမ့်မယ်။ သူက ကျွန်တော်တို့ကို စွမ်နီမြို့ကိုလည်း မဖျက်ဆီးလိုက်ဖို့ ပြောပါတယ်။ မဟုတ်ရင် စွမ်နီမျိုးနွယ်က သူသေကိုယ်သေ တိုက်လိမ့်မယ်တဲ့”

“ပြန်ဆုတ်ရမှာလား”

ကန်းဟန့်ဘုရင်နှင့် အကြီးအကဲအချို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ စွမ်နီမြို့က သူတို့အရှေ့တွင် ရှိနေပေပြီ။ သူတို့က စွမ်နီမြို့ကို ဖျက်ဆီးပစ်နိုင်လိမ့်မည်ဟုလည်း ယုံကြည်မှုရှိနေသည်။ မြို့ထဲတွင် စွမ်နီမျိုးနွယ်၏ မျိုးဆက်သစ်များရှိနေသည်။ အကယ်၍ ထိုမျိုးဆက်သစ်အားလုံး အသတ်ခံလိုက်ရမည်ဆိုလျှင် စွမ်နီမျိုးနွယ်က ကြီးကြီးမားမား ထိခိုက်သွားပြီး ပြန်နလန်ထူရန် အနည်းဆုံး ဆယ်နှစ်လောက် လိုပေလိမ့်မည်။

ကန်းဟန့်ဘုရင်သည် စွမ်နီနယ်မြေဆီသို့ အသည်းအသန် လာခဲ့ခြင်းဖြစ်ရာ သူ့ကန်းဟန့်မျိုးနွယ်တွင် အခြေအနေ မည်သို့ရှိနေကြောင်း မသိပေ။ ထို့ပြင် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ မဟာအကြီးအကဲကလည်း ခန့်မှန်းနေခြင်းသာဖြစ်သည်။ သူ့ ခန့်မှန်းချက်က လွဲသွားပြီး ကန်းဟန့်မျိုးနွယ်ဝင်များက စစ်တပ်၏ ဝန်းရံရှင်းပစ်မှုကို ခံလိုက်ရမည်ဆိုလျှင် မည်သို့လုပ်မည်နည်း။ သူတို့ ပြန်ဆုတ်သွားလိုက်လျှင် လက်စားချေနိုင်မည့် အခွင့်အရေး ထပ်ရတော့မည် မဟုတ်ပေ။

‘ရှေ့ဆက်တိုးမှာလား၊ ပြန်ဆုတ်မှာလား’

ကန်းဟန့်ဘုရင် မဆုံးဖြတ်နိုင်ဖြစ်နေသည်။ သူသည် ကန်းဟန့်မျိုးနွယ်၏ ဉာဏ်အကောင်းဆုံး အကြီးအကဲသုံးယောက်ကို ကြည့်လိုက်၏။ မျိုးနွယ်၏ အရေးအတွက် ထိုအကြီးအကဲသုံးယောက်၏ အမြင်ကို သူ တောင်းလိုနေပေသည်။

အကြီးအကဲတစ်ယောက်က ခေါင်းခါ၍ ပြော၏။

“ကျုပ်တို့ ပြန်ဆုတ်လို့ မဖြစ်ဘူး။ ဒီလိုအခွင့်အရေးကောင်းတစ်ခုကို ဘယ်လိုလုပ် လက်လွှတ်ခံရမှာလဲ။ ကျုပ်တို့ ပြန်ဆုတ်မယ်ဆိုရင်တောင် စွမ်နီမြို့ကို ဖျက်ဆီးပြီးမှ ပြန်ဆုတ်မယ်။ စွမ်နီမြို့ကို ဖျက်ဆီးဖို့ အချိန်အများကြီးလိုမှာ မဟုတ်ပါဘူး”

“ဒီအတိုင်းပဲ ပြန်ဆုတ်ကြရအောင်ပါ”

အခြားအကြီးအကဲတစ်ယောက်က စိုးရိမ်စွာနှင့် ဝင်ပြောသည်။

“ကျုပ်တို့ စွမ်နီမြို့ကို ဖျက်ဆီးနေမယ်ဆိုရင် ပြန်ဆုတ်နိုင်တော့မှာ မဟုတ်ဘူး။ ကျုပ်တို့ စွမ်နီမျိုးနွယ်နဲ့ သူသေကိုယ်သေ တိုက်ရလိမ့်မယ်။ နှစ်ဘက်လုံး အထိနာသွားလိမ့်မယ်”

ကန်းဟန့်ဘုရင်သည် သူ့မျိုးနွယ်၏ မဟာအကြီးအကဲကို ကြည့်လိုက်၏။ အကြီးအကဲအားလုံးလည်း မဟာအကြီးအကဲကို ကြည့်ကာ သူ့အမြင်ကို ကြားလိုနေကြသည်။ မဟာအကြီးအကဲက အားလုံးကို တစ်ချက်ဝေ့ဝဲကြည့်၍ ပြတ်သားစွာ ပြောလိုက်သည်။

“ပြန်ဆုတ်မယ်... အရှင်ကျိုးရဲ့ စကားကို နားထောင်ပါ။ အဲ့ပုဂ္ဂိုလ်က တော်တော်ဉာဏ်ကောင်းတယ်။ သူရဲ့ အစီအစဉ်က ဘယ်တော့မှ မကျရှုံးဘူး။ အခု သူက အခြေအနေတိုင်းကို မှန်မှန်ကန်ကန် ခန့်မှန်းကောက်ချက်ချနိုင်ခဲ့တာကို ခင်ဗျားတို့လည်း အမြင်ပဲ။ သူက ရန်သူရဲ့ ရွှေ့ကွက်တွေကို ခန့်မှန်းနိုင်တယ်။ သူ့မှာ တခြားအစီအစဉ်တွေ ရှိလောက်တယ်။ ကျုပ်တို့ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ကျုပ်တို့ရဲ့ စိတ်ခံစားချက်တွေ လွှမ်းမိုးခံလို့ မဖြစ်ဘူး။ ကျုပ်တို့ အရှည်ကို ကြည့်ရမယ်။ ကျုပ်တို့ကန်းဟန့်မျိုးနွယ် ရှင်းပစ်ခံရတာက အရေးမကြီးဘူး။ ဒါပေမဲ့ အရှင်မချင်လင်းအပေါ် သစ္စာစောင့်သိတဲ့ မျိုးနွယ်တွေအကုန်လုံး ရှင်းပစ်ခံရမယ်ဆိုရင် အရှေ့ဒေသက လုံးဝကျရှုံးသွားလိမ့်မယ်”

“ပြန်ဆုတ်မယ်...”

ကန်းဟန့်ဘုရင်သည် ဆက်၍ တုံ့ဆိုင်းမနေတော့ပေ။ သူသည် သူ့တပ်သားများကို ဦးဆောင်၍ အခြားတစ်ဘက်သို့ ဦးတည်သွားလိုက်သည်။ သူတို့ စွမ်နီနယ်မြေထဲမှ ပြန်ထွက်ကာ ကွေ့ပတ်၍ ကန်းဟန့်နယ်မြေသို့ ပြန်သွားရပေမည်။ သူတို့သည် ပြန်ဆုတ်နေသော်လည်း လမ်းတွင်တွေ့သည့် စွမ်နီမျိုးနွယ်ဝင်များကို သတ်ဖြတ်နေသေးပေသည်။ လမ်းတစ်လျှောက်တွင် စွမ်နီမျိုးနွယ်ဝင် တစ်သန်းကျော်ကို သတ်ဖြတ်နိုင်ခဲ့သည်။ စွမ်နီနယ်မြေအပြင်သို့ ရောက်သွားသောအခါတွင်လည်း အနီးရှိ မျိုးနွယ်ငယ်လေးများထံ အလျင်အမြန် သွားရောက်၍ ထိုမျိုးနွယ်ငယ်လေးများကို ရှင်းပစ်လိုက်သည်။ ထိုမျိုးနွယ်ငယ်လေးများက စွမ်နီမျိုးနွယ်၏ လက်အောက်ခံမျိုးနွယ်လေးများပင်။

ကန်းဟန့်ဘုရင်သည် စွမ်နီနယ်မြေအပြင်သို့ ရောက်သောအခါ စွမ်နီဘုရင်က တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ အခြားတစ်ဘက်မှနေ၍ ပြန်ရောက်လာကြောင်း သတင်းရလိုက်၏။ သူ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူတို့ အလျင်အမြန် ပြန်ဆုတ်လာ၍ တော်သေးသည်။ မဟုတ်လျှင် သူတို့ဘက်က အဆုံးအရှုံးများသွားပေလိမ့်မည်။

“သူတို့ ပြန်ဆုတ်သွားတာလား”

စွမ်နီဘုရင် ထပ်မံ၍ ဒေါသထွက်သွားရပြန်၏။ ကန်းဟန့်ဘုရင်တို့က သန်းချီသော စွမ်နီမျိုးနွယ်ဝင်များကို သတ်ဖြတ်ပြီးနောက် ပြန်ဆုတ်ခွာသွားသည်လော။ သူတို့က အဘယ်ကြောင့် ထိုမျှ ကံကောင်းနေရသနည်း။ စွမ်နီဘုရင်သည် စွမ်နီမြို့ကို စောင့်ကြပ်ရန် တပ်သားနှစ်သိန်း ချန်ခဲ့ပြီး ကျန်သော တပ်သားသုံးသိန်းကို ဦးဆောင်ကာ ကန်းဟန့်ဘုရင်တို့နောက်သို့ လိုက်လေတော့သည်။

လမ်းတစ်ဝက်သို့ ရောက်သောအခါ စွမ်နီဘုရင်သည် ကော့ချန်ဘုရင်က ပြန်ဆုတ်သွားကြောင်း သတင်းရလိုက်၏။ စွမ်နီစစ်တပ်ကလည်း ကန်းဟန့်မျိုးနွယ်ဝင်များနောက် ဆက်လိုက်ခဲ့သော်လည်း မမီတော့သဖြင့် ပြန်ဆုတ်လာနေသည်။ စွမ်နီဘုရင် မှင်တက်နေသည်။ အခြေအနေက အလွန်လျင်မြန်စွာ ပြောင်းလဲနေပေသည်။ သူ ပြောင်းလဲမှုကို လိုက်မမီနိုင်ပါ။ သူ ကန်းဟန့်ဘုရင်တို့နောက်သို့ ဆက်လိုက်သင့်၊ မလိုက်သင့်ကိုလည်း မသိတော့ချေ။

ကန်းဟန့်ဘုရင်က တပ်သားနှစ်သောင်းလောက်ကိုသာ ခေါ်လာခဲ့သော်လည်း ထိုနှစ်‌သောင်းလုံးက စွမ်းအားကြီး သိုင်းသမားများဖြစ်ကြသည်။ သူတို့က အလွန်လျင်မြန်ကြသည်။ သူတို့ကို အချိန်တိုအတွင်း လိုက်မီရန်မှာ မဖြစ်နိုင်ပေ။ ထို့ပြင် ကော့ချန်ဘုရင် ပြန်ဆုတ်သွားခြင်းက စွမ်နီဘုရင်ကို စိတ်လှုပ်ရှားနေစေသည်။ သူက တပ်သားသုံးသိန်းနှင့် ကန်းဟန့်ဘုရင်တို့နောက် လိုက်နေစဉ်တွင် ကော့ချန်ဘုရင်က ကြမ်းကြုတ်နဂါးမျိုးနွယ်နှင့် အခြားမျိုးနွယ်ကြီးများ၏ အလစ်ဝင်တိုက်မှုကို ခံရလျှင် မည်သို့ လုပ်မည်နည်း။

သို့သော် သူ ဆက်မလိုက်ဘဲ သူရဲဘောကြောင်သူတစ်ယောက်ကဲ့သို့ လှည့်ပြန်ရမည်လော။ သို့မဟုတ် သူ့စစ်တပ်ကို ဦးဆောင်၍ ကန်းဟန့်မျိုးနွယ်ကို နောက်တစ်ကြိမ် သွားတိုက်ရမည်လော။ ပြဿနာမှာ ကန်းဟန့်မျိုးနွယ်ဝင်များက ထွက်ပြေးသွားပြီး ဖြစ်နေခြင်းပင်။ ထို့ပြင် စွမ်နီစစ်တပ်တစ်တပ်တည်းနှင့် နောက်မှလိုက်သွားလျှင် ကန်းဟန့်မျိုးနွယ်စစ်တပ်က သူတို့ကို အလစ်ဝင်တိုက်နိုင်ပေသည်။

မိစ္ဆာမျိုးနွယ်နှင့် လူသားမျိုးနွယ်၏ ဉာဏ်ရည်မှာ သိပ်မကွာပါ။ သို့သော် မိစ္ဆာမျိုးနွယ်မှာ မိစ္ဆာမျိုးနွယ်သာ ဖြစ်နေသေးသည်။ သူတို့က လူသားမျိုးနွယ်လို ယဉ်ကျေးမှုအမွေအနှစ်များမရှိသလို သူတို့၏ စစ်ဗျူဟာများက လူသားမျိုးနွယ်၏ စစ်ဗျူဟာများထက် များစွာနိမ့်ကျနေပေသေးသည်။

မိစ္ဆာမျိုးနွယ်က အင်အားကိုသာ အကြွင်းမဲ့လေးစားသည်။ အတိတ်တွင် ကောင်းကင်မိစ္ဆာဘုံ၏ ဒေသလေးခုတွင် အရှင်တစ်ပါးစီ ရှိခဲ့ရာ လက်အောက်ခံမိစ္ဆာမျိုးနွယ်များသည် မိမိတို့အရှင်၏ အမိန့်များကို နာခံရန်မှလွဲ၍ အခြားကိစ္စများကို များစွာတွေးတောစရာ မလိုခဲ့ပေ။ ထို့ကြောင့် သူတို့သည် ဗျူဟာဆင်ရာတွင် ညံ့ကြပေသည်။

“အရင်ဆုံး ပြန်ဆုတ်ကြတာပေါ့”

နောက်ဆုံးတွင် စွမ်နီဘုရင်သည် အံကြိတ်ကာ ပြောလိုက်၏။ သူ့တွင် ပြန်ဆုတ်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။ သူ ပြန်ဆုတ်ခြင်းမှာ သူ့တွင် သတ္တိမရှိ၍ မဟုတ်သလို သေရမည်ကို ကြောက်၍လည်း မဟုတ်ပါ။ ဤတစ်ခေါက်တွင် မျှော်လင့်မထားသော အရာများ တစ်ခုပြီးတစ်ခု ဖြစ်လာနေ၍သာဖြစ်သည်။ ကော့ချန်ဘုရင် ပြောခဲ့သလိုပင် နောက်ကွယ်တွင် ပညာရှင်တစ်ယောက် ရှိနေပေသည်။ သူ အလျင်စလို ပြုမူလိုက်လျှင် ထောင်ချောက်တစ်ခုထဲ ကျရောက်သွားနိုင်သည်။ ထိုသို့ဖြစ်လာလျှင် သူတို့မျိုးနွယ် ပျက်သုဉ်းရပေလိမ့်မည်။

သို့ဖြင့် တိုက်ပွဲကြီးအပေါ်တွင် တဖြည်းဖြည်း ကန့်လန့်ကာကျသွားပေသည်။ ကြမ်းကြုတ်နဂါးဘုရင်သည် စစ်တပ်ကို ဦးဆောင်၍ ပြန်ရောက်လာသောအခါ အနီးရှိ မျိုးနွယ်များက သူတို့ကို ကူညီရန် အပြေးအလွှား ရောက်လာခဲ့ကြကြောင်း တွေ့လိုက်ရ၏။ သန်းချီသော တပ်သားများက လမ်းတွင် ရောက်နေပေပြီ။ ထို့ကြောင့် ကော့ချန်စစ်တပ် ပြန်ဆုတ်သွားခဲ့ရသည်။ ကူညီရန် ရောက်နေကြသော မျိုးနွယ်များသည် ကြမ်းကြုတ်နဂါးဘုရင်က ကော့ချန်မျိုးနွယ်ကို တိုက်ခိုက်ပြီး အောင်အောင်မြင်မြင် ပြန်ဆုတ်လာနိုင်သည်ကို တွေ့လိုက်သောအခါ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ အရှင်ကျိုးကို အလွန်လေးစားသွားကြလေသည်။

ဤတိုက်ပွဲတွင် နှစ်ဘက်စလုံး၌ အထိအခိုက် အကျအဆုံး ရှိခဲ့သည်။ ဆိုရလျှင် သရေအခြေအနေနှင့် အဆုံးသတ်ခဲ့သည့် သဘောပင်။ ကန်းဟန့်မျိုးနွယ်က တပ်သားတစ်သန်းကျော်နှင့် သာမန်မျိုးနွယ်ဝင် တစ်သန်းကျော်ကို ဆုံးရှုံးခဲ့သည်။ တစ်ဘက်တွင်လည်း စွမ်နီမျိုးနွယ်က မျိုးနွယ်ဝင် ခုနစ်သန်းကျော် ဆုံးရှုံးခဲ့သည်။

သို့သော် အကယ်၍ ဤတစ်ခေါက်တွင် ကျန်းရီသာ ဝင်မကူခဲ့လျှင် ရလဒ်မှာ လုံးဝကွဲပြားသွားနိုင်ပေသည်။ ကန်းဟန့်မျိုးနွယ် ရှင်းပစ်ခံလိုက်ရနိုင်သည်။ အရှင်မချင်လင်အပေါ် သစ္စာစောင့်သိသည့် မျိုးနွယ်များလည်း အနည်းနှင့်အများဆိုသလို စိတ်ဓာတ်ကျဆင်းသွားနိုင်သည်။ ထိုအခါ သူတို့၏ အင်အားက သိသိသာသာ လျော့ကျသွားပေလိမ့်မည်။

ကြမ်းကြုတ်နဂါးဘုရင်သည် မျိုးနွယ်သို့ ပြန်ရောက်သောအခါ ချက်ချင်းပင် လီရှန်းအာထံ ဆက်သွယ်၍ မည်သို့ဆက်လက်လုပ်ဆောင်ရမည်ကို ဆွေးနွေးရန် ကျန်းရီအား ကြမ်းကြုတ်နဂါးမျိုးနွယ်ဆီ ခေါ်လာရန် ပြောလိုက်၏။ သို့သော် လီရှန်းအာသည် ကျန်းရီက လက်တလောတွင် အလွန်အလုပ်များနေသဖြင့် ကြမ်းကြုတ်နဂါးဘုရင်ကိုယ်တိုင်သာ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်သို့ လာခဲ့ရန် ပြန်ပြောလိုက်လေသည်။

***

All Chapters