← Chapters

ကျွန်တော့်နေရာ

Vol. 126 Ch. 1750

ကျွန်တော့်နေရာ

Vol. 126 Ch. 1750

“သခင်... အဲ့ဒါက မကောင်းဘူး မဟုတ်လား”

ကောင်းကင်ကြောင်ကတိုးတောင်ပေါ်ရှိ နန်းတော်ထဲတွင် လီရှန်းအာတစ်ယောက် မျက်မှောင်ကြုတ်လျက် ရှိနေ၏။

ကြမ်းကြုတ်နဂါးဘုရင်အသစ်က သူမတို့အား ဆင့်ခေါ်သည်ကို သူမတို့ ချက်ချင်း သွားသင့်ပေသည်။ သို့သော် ကျန်းရီက မသွားဘဲ မအားကြောင်း ပြန်ပြောကာ ကြမ်းကြုတ်နဂါးဘုရင်ကို ကောင်းကင်ကြောင်ကတိုးတောင်သို့ ကိုယ်တိုင်လာစေနေသည်။ ထို့ကြောင့် လီရှန်းအာ စိုးရိမ်ကြောက်ရွံ့နေသည်။ အကယ်၍ ကြမ်းကြုတ်နဂါးဘုရင်က ဒေါသထွက်သွားလျှင် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကို ထပ်၍ အရေးစိုက်တော့မည် မဟုတ်ပေ။

ကောင်းကင်ကြောင်ကတိုးမျိုးနွယ်သည် ရှင်သန်ရပ်တည်နိုင်ရေးအတွက် အမြဲ ကြမ်းကြုတ်နဂါးမျိုးနွယ်အပေါ်တွင် မှီခိုခဲ့ရသည်။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်အတွက် ကြမ်းကြုတ်နဂါးဘုရင်၏ အမိန့်မှာ ‌‌တော်ဝင်အမိန့်တော်ကဲ့သို့ပင်။ ယခုတွင်မူ ကျန်းရီက ထိုအမိန့်ကို ဆန့်ကျင်နေသည့်အပြင် ကြမ်းကြုတ်နဂါးဘုရင်ကိုလည်း ကောင်းကင်ကြောင်ကတိုးတောင်သို့ ကိုယ်တိုင်လာခဲ့ဖို့ ပြောနေပေသည်။

“အဲ့ဒါက ဘာမှားလို့လဲ”

ကျန်းရီက ခပ်ရေးရေးပြုံးလိုက်၏။

“သူတို့က ငါ့ကို အကူအညီတောင်းချင်ပေမဲ့ သူတို့ရဲ့ မာနတွေကိုတောင် ခဝါမချနိုင်ဘူးလား။ အဲ့ကြမ်းကြုတ်နဂါးဘုရင်အသစ်က သူ့ကိုယ်သူ ဘယ်သူထင်နေလဲ။ သူက ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားလေးပဲ မဟုတ်ဘူးလား”

“...”

လီရှန်းအာ ဆွံ့အသွားပြီး မည်သို့ပြန်ပြောရမည်ကို မသိတော့ပေ။ သူမသည် သူမ၏ စိုးရိမ်ပူပန်နေသော မျက်နှာထားကို ကျန်းရီ မမြင်စေရန် ခေါင်းငုံ့လိုက်သည်။

ကျန်းရီသည် လီရှန်းအာ၏ ဆံပင်လေးများကို ပွတ်သပ်၍ ပြုံးကာ ဆက်ပြောလိုက်၏။

“အများကြီး မတွေးပါနဲ့။ ကြမ်းကြုတ်နဂါးဘုရင်က ဒီကို မကြာခင် ရောက်လာမှာပါ။ အကုန်လုံးကို ငါပဲ ကိုင်တွယ်ပါမယ်။ ငါ မင်းကို ဖုံးကွယ်မထားတော့ပါဘူး။ ငါ အဲ့လိုလုပ်ရတာ အကြောင်းရှိတယ်။ သူတို့က ငါ့ကို အပြည့်အဝ မယုံကြည်ကြသေးဘူး။ မင်း တွေ့တာပဲ... သူတို့က ငါညွှန်ကြားသလို ချက်ချင်း လိုက်မလုပ်ကြဘူး။ သူတို့သာ ငါ့ကို အပြည့်အဝ ယုံကြည်ရင် ဒီတစ်ခေါက် ငါတို့ စွမ်နီမျိုးနွယ်နဲ့ ကော့ချန်မျိုးနွယ်ကို အထိနာသွားအောင် လုပ်နိုင်လိုက်မှာ...”

“အဲ့ဒါကြောင့်... ငါက ကြမ်းကြုတ်နဂါးဘုရင်ကို မာန်စွယ်ချိုးဖို့ ဒီကို ကိုယ်တိုင်လာခိုင်းလိုက်တာ။ သူ ဆွေးနွေးမယ်ဆိုတာကလည်း အင်အားစုသုံးစုကို ဘယ်လို ဖိနှိပ်နိုင်မလဲဆိုတာ ငါ့ကို မေးဖို့ပဲ မဟုတ်လား။ သူက ငါ့အပေါ် မှီခိုချင်ရင် ငါ့ကို အပြည့်အဝယုံကြည်ပြီး ငါ့အမိန့်တွေကို နာခံမှရမယ်။ အဲ့ဒါမှ ငါတို့ အကုန်လုံးကို အစီအစဉ်တကျ ဆောင်ရွက်နိုင်မှာ။ မဟုတ်ရင် ငါကတော့ အမိန့်ပေးပါရဲ့၊ ဒါပေမဲ့ ဘယ်သူမှ အမိန့်အတိုင်း လိုက်မလုပ်ဘူးဆို အဲ့ပြောင်မြောက်တဲ့ အစီအစဉ်တွေ၊ ဗျူဟာတွေက ဘာသွားအသုံးကျတော့မှာလဲ။ ပြီးတော့ ငါ ဒါတွေ လုပ်နေတာက အရှင်မချင်လင်းနဲ့ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကြောင့်ပဲ”

လီရှန်းအာက နားမလည်ခဲ့သော်လည်း ကျန်းရီက ရှင်းပြလိုက်သောအခါ အတန်ငယ် နားလည်သွားသည်။ သူမ စိတ်ပြန်ကြည်သွားပြီး ချိုသာစွာပြုံး၍ ပြောလိုက်သည်။

“ရှန်းအာ သခင့်ကို အထင်လွဲခဲ့မိပါတယ်။ ရှန်းအာကို အပြစ်ပေးပါ”

“အပြစ်ပေးရမှာလား”

လီရှန်းအာ၏ ချိုသာသော အပြုံးနှင့် လှပသော မျက်ဝန်းများကို မြင်လိုက်သောအခါ ကျန်းရီ ပြုံးလိုက်သည်။

“ဟင်း... မင်းက အရိုက်ခံချင်တယ်ပေါ့လေ။ ကုတင်ပေါ်မှာ ထိုင်လိုက်”

“နားလည်ပါပြီ”

လီရှန်းအာသည် လျှာကလေး ထုတ်ပြလိုက်၏။ ထို့နောက် သူမ၏ဝတ်ရုံကို ချွတ်ကာ ကျန်းရီအပေါ် တက်ထိုင်လိုက်သည်။ မကြာခင်မှာပင် အခန်းထဲတွင် နွေဦးရောင်ခြည်များနှင့် ပြည့်နှက်သွားလေ‌တော့သည်။

***

ကြမ်းကြုတ်နဂါးဘုရင်သည် သတင်းပြန်ရသောအခါ မျက်နှာထား ပြောင်းမသွားသော်လည်း အတန်ငယ် ဒေါသထွက်သွားပေသည်။ ကြမ်းကြုတ်နဂါးမျိုးနွယ်က အမြဲ အရှေ့ဒေသ၏ ဘုရင်ဖြစ်ခဲ့သည်၊ အင်အားအကြီးဆုံးမျိုးနွယ် ဖြစ်ခဲ့သည်။ ယခု သူတို့က အင်အားလျော့နည်းသွားလျှင်ပင် ဂုဏ်သိက္ခာရှိပေသေးသည်။ သူ့လို ဘုရင်တစ်ပါးက ကောင်းကင်ကြောင်ကတိုးမျိုးနွယ်သို့ ကိုယ်တိုင်သွားရမည်လော။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ မဟာအကြီးအကဲက သူ့ကိုယ်သူ မည်သူထင်နေသနည်း။

သို့သော်... ဒေါသထွက်နေသော်ငြား...

နေ့တစ်ဝက်ကြာအောင် စဉ်းစားပြီးနောက် ကြမ်းကြုတ်နဂါးဘုရင်သည် အခြားမျိုးနွယ်ဘုရင် အနည်းငယ်ကို ခေါ်ကာ ကောင်းကင်ကြောင်ကတိုးတောင်သို့ လျှို့ဝှက်၍ သွားရန် ဆုံးဖြတ်လိုက်သည်။ အရှင်မချင်လင်းအပေါ် သစ္စာစောင့်သိသော မျိုးနွယ်များက စိတ်အားတက်ကြွနေကြသော်လည်း ကြမ်းကြုတ်နဂါးဘုရင်မှာ အန္တရာယ်ကို မြင်ပေသည်။

ဤတစ်ခေါက်တွင် ဆန်းကြယ်သော အရှင်ကျိုးကြောင့်သာ မဟုတ်ခဲ့လျှင် ကန်းဟန့်မျိုးနွယ်က ရှင်းပစ်ခံလိုက်ရမည်ဖြစ်သည်။ ကန်းဟန့်မျိုးနွယ်သာ ရှင်းပစ်ခံရလျှင် အခြားမျိုးနွယ်များလည်း ရှင်းပစ်ခံရနိုင်သည်။ သို့ဖြစ်ရာ နောက်ထပ် တိုက်ပွဲအနည်းငယ် တိုက်ပြီးသည်နှင့် အရှင်မချင်လင်းအပေါ် သစ္စာစောင့်သိသော မျိုးနွယ်အားလုံး ရှင်းပစ်ခံလိုက်ရနိုင်ပေသည်။

ကြမ်းကြုတ်နဂါးဘုရင်သည် ဗျူဟာဟောင်းအတိုင်းပင် ကော့ချန်မျိုးနွယ်နှင့် စွမ်နီမျိုးနွယ်တို့၏ လုပ်ရပ်ကို ရှုံချကြောင်း ကြေညာလိုက်သည်။ သူသည် သူ့စစ်တပ်ကိုလည်း စုစည်း၍ စွမ်နီမျိုးနွယ်ကို တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။ သို့သော် သူ၏ ရည်ရွယ်ချက်အစစ်မှာ မျိုးနွယ်အသီးသီးမှ ထောက်လှမ်းရေးများ၏ အာရုံစိုက်မှုကို ခံရရန်ဖြစ်သည်။

အားလုံးကို စီစဉ်ပြီးနောက် ကြမ်းကြုတ်နဂါးဘုရင်သည် အခြားမျိုးနွယ်ဘုရင်များကို ဖိတ်ခေါ်ကာ ကောင်းကင်ကြောင်ကတိုးတောင်သို့ လျှို့ဝှက်၍ ထွက်ခွာလိုက်သည်။ သုံးရက်ကြာပြီးနောက် သူတို့ ကောင်းကင်ကြောင်ကတိုးတောင်သို့ ရောက်ရှိသွားပေသည်။

လီရှန်းအာသည် မျိုးနွယ်အကြီးအကဲများနှင့်အတူ ကြမ်းကြုတ်နဂါးဘုရင်တို့ကို ကိုယ်တိုင်ထွက်၍ ကြိုဆိုလိုက်၏။ သို့သော် ကျန်းရီ ပေါ်မလာပေ။ ထို့ကြောင့် ကြမ်းကြုတ်နဂါးဘုရင်တို့ ဒေါသထွက်သွားကြသည်။ ကြမ်းကြုတ်နဂါးဘုရင်၏ ဒုတိယအကြီးအကဲဆိုလျှင် ဆဲဆိုမိမလိုပင် ဖြစ်သွားသည်။

နန်းတော်၏ အလယ်ခန်းမထဲသို့ ရောက်သောအခါ ကြမ်းကြုတ်နဂါးဘုရင်က ထိပ်ဆုံးမှ ပလ္လင်တွင် ဝင်ထိုင်လိုက်သည်။ အခြားမျိုးနွယ်ဘုရင်များကလည်း ခုံများတွင် ဝင်ထိုင်လိုက်သည်။ ဤနေရာတွင် ကန်းဟန့်ဘုရင်ပင် ရှိနေပေသည်။ ကျန်းရီကမူ နောက်ကျမှ ရောက်လာလေသည်။

ကျန်းရီသည် ဝိညာဉ်တံလျှပ်စွမ်းရည်ကို သုံးမထားဘဲ မူလရုပ်သွင် ပြန်ပြောင်းထားပြီး အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူသည် စကားတစ်ခွန်းမှ မပြောဘဲ ခန်းမထဲသို့ လျှောက်ဝင်လာ၏။ ခန်းမထဲ ရောက်သောအခါ လှည့်ပတ်ကြည့်လိုက်ပြီး ဝံ့ကြွားစွာ ရပ်နေ၏။ လီရှန်းအာက အားလုံးကို ကျန်းရီနှင့် ခပ်သွက်သွက် မိတ်ဆက်ပေးလိုက်သည်။

“အရှင်တို့... သူက ကျွန်မတို့မျိုးနွယ်ရဲ့ မဟာအကြီးအကဲပါ။ သူ့နာမည်က ‘ကျိုး’ပါ...”

“သခင်လေးကျိုး...”

လီရှန်းအာသည် ကျန်းရီကို တောင်းပန်တိုးလျှိုးသော မျက်နှာထားနှင့်ကြည့်ကာ ပြောလိုက်၏။

“သူက ကြမ်းကြုတ်နဂါးဘုရင်ပါ၊ သူကတော့ ကန်းဟန့်ဘုရင်ပါ။ သူကတော့... သခင်လေး သူတို့ကို မနှုတ်ဆက်‌တော့ဘူးလား”

“နှုတ်ဆက်ရမှာလား”

ကျန်းရီ ခပ်သဲ့သဲ့ပြုံး၍ လုံအောင်းနှင့် ရုပ်ချင်းဆင်သော ကြမ်းကြုတ်နဂါးဘုရင်ကို ကြည့်လိုက်၏။

“ကြမ်းကြုတ်နဂါးဘုရင်... ခင်ဗျားက ခုံမှာပြီး ထိုင်နေတယ်။ အဲ့နေရာက ကျွန်တော်ထိုင်ရမဲ့ နေရာ”

မျိုးနွယ်ဘုရင်အားလုံး မျက်နှာထားပြောင်းသွားကြ၏။ အကြီးအကဲများနှင့် လုံအောင်း၏ ကိုယ်များမှနေ၍ သတ်ဖြတ်အရှိန်အဝါ ထွက်လာသည်။ လီရှန်းအာ၏ သေးသွယ်သော ကိုယ်လုံးကလေးလည်း တုန်ယင်သွားပြီး ကောင်းကင်ကြောင်ကတိုးမျိုးနွယ်မှ အကြီးအကဲနှစ်ယောက် ဖင်ထိုင်ရက်လဲကျသွားမလိုပင် ဖြစ်သွားလေသည်။

“ဟားဟားဟား”

ကြမ်းကြုတ်နဂါးဘုရင်သည် အလွန်ဒေါသထွက်သွားပြီး ခေါင်းမော့ကာ တဟားဟားရယ်လိုက်၏။ ထို့နောက် သူ ကျန်းရီကို စိုက်ကြည့်၍ ပြောလိုက်သည်။

“မင်းက ဒီခုံမှာ ထိုင်ခွင့်ရှိလို့လား”

ရွှီး...

ကျန်းရီ၏လက်စွပ်က လင်းလက်လာပြီး လှပသော သစ်ရွက်တစ်ရွက် ထွက်ပေါ်လာ၏။ သူ သစ်ရွက်ကို ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒီလောက်ဆို လုံလောက်ပြီလား”

“အဲ့ဒါက...”

ကြမ်းကြုတ်နဂါးဘုရင် ရုတ်ခြည်း မျက်မှောင်ကြုတ်သွားသည်။ အားလုံးလည်း တုန်လှုပ်သွားကြပြီး ကျန်းရီ၏ လက်ထဲရှိ နတ်ဘုရားသစ်ရွက်ကို ငေးကြည့်နေကြသည်။ အချို့အကြီးအကဲများ၏ မျက်ဝန်းများထဲတွင်မူ သံသယအရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူတို့ မသေချာနိုင်ပေ။

“ဟင်းဟင်း...”

ကျန်းရီသည် နတ်ဘုရားသစ်ရွက်ထဲ ကောင်းကင်စွမ်းအား ထည့်သွင်းလိုက်၏။ နတ်ဘုရားသစ်ရွက်က သိမ်မွေ့စွာ လင်းလက်လာသည်။ ထို့နောက် ဖော်ပြ၍မရနိုင်သော အရှိန်အဝါတစ်ခု ထွက်လာ၏။ ထိုအခါမှ အကြီးအကဲများ၏ သံသယများ လုံးဝပျောက်ကွယ်သွားလေသည်။

ကြမ်းကြုတ်နဂါးဘုရင် ထရပ်လိုက်၏။ သူ ပလ္လင်ပေါ်တွင် ဆက်မထိုင်ဝံ့တော့ပေ။ ထို့ပြင် လေသံလည်း ပြောင်းသွားပြီး လေးလေးစားစားနှင့် မေးလိုက်သည်။

“အရှင် ဒီနတ်ဘုရားသစ်ရွက်ကို ဘယ်က ရခဲ့တာပါလဲ”

“ခင်ဗျားက ပေါက်ကရတွေ ပြောနေတာပဲ”

ကျန်းရီ မျက်လုံးပင့်လိုက်သည်။

“အရှင်မချင်လင်းကလွဲပြီး ဒီလိုနတ်ဘုရားသစ်ရွက်မျိုးက ဘယ်သူ့ဆီမှာ ရှိလို့လဲ။ ဘာလဲ... အရှင်မချင်လင်းက ခင်ဗျားကို နတ်ဘုရားသစ်ရွက်တစ်ရွက် မချီးမြှင့်ခဲ့ဘူးလား”

ဟုတ်သည်။ အရှင်မချင်လင်းက မည်သူ့ကိုမှ နတ်ဘုရားသစ်ရွက် မချီးမြှင့်ခဲ့ပါ။ သူမ၏ နတ်ဘုရားသစ်ရွက်များက အလွန်ရှားပါးပေသည်။

ကျန်းရီ၏စကားကြောင့် ကြမ်းကြုတ်နဂါးဘုရင် မျက်နှာပျက်သွားပြီး လက်ဆုပ်၍ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

“အရှင်က အရှင်မနဲ့ တွေ့ခဲ့တာပါလား။ အရှင်မ ပြန်လာပြီလား”

“ခင်ဗျား အဲ့အကြောင်းတွေကို သိဖို့ မလိုပါဘူး”

ကျန်းရီသည် အရေးမစိုက်ဟန်နှင့် အရှေ့သို့ လျှောက်သွား၏။ ကြမ်းကြုတ်နဂါးဘုရင်က ချီတုံချတုံနှင့် ဘေးသို့ ဖယ်ပေးလိုက်သည်။ ကျန်းရီက ပလ္လင်တွင် ဝင်ထိုင်လိုက်ပြီး တင်စီးသော လေသံဖြင့် ပြောလိုက်လေသည်။

“ဒီတစ်ခေါက် ကျွန်တော် အရှေ့ဒေသကို လာခဲ့တာ အားလုံးကို ကူညီပေးဖို့ပဲ။ လောလောဆယ် အရှင်မ ပြန်ရောက်လာဦးမှာ မဟုတ်ဘူး။ ခင်ဗျားတို့ အကုန်လုံး စည်းစည်းလုံးလုံးနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ်။ ခင်ဗျားတို့ ကျွန်တော့်ကို ယုံကြည်မယ်ဆိုရင် ခင်ဗျားတို့ အကုန်လုံး ရှင်သန်နိုင်ပြီး အရှေ့ဒေသကို အုပ်စိုးနိုင်အောင် ကျွန်တော် ကူညီပေးနိုင်တယ်။ ခင်ဗျားတို့ ကျွန်တော့်ကို မယုံကြည်ရင်တော့ ကျွန်တော် ခင်ဗျားတို့ရဲ့ ကိစ္စတွေကို ဆက်ပြီး အရေးစိုက်တော့မှာ မဟုတ်ဘူး’

“အာ...”

မျိုးနွယ်ဘုရင်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တိတ်ဆိတ်သွားကြ၏။ ကျန်းရီ၏ နောက်ကြောင်းက အလွန်ဆန်းကြယ်လွန်းနေသည်။ သူတို့ သူ့အကြောင်းကို တစ်ခုမှ မသိပေ။ သို့ဖြစ်ရာ သူ့ကို မည်သို့ အပြည့်အဝ ယုံကြည်နိုင်မည်နည်း။ သူက မိစ္ဆာအရှင်သုံးပါးက စေလွှတ်လိုက်သည့် သူလျှိုတစ်ယောက် ဖြစ်နေလျှင် မည်သို့လုပ်မည်နည်း။ ထိုအရှင်တစ်ပါးပါးထံတွင် အရှင်မချင်လင်း၏ နတ်ဘုရားသစ်ရွက်တစ်ရွက် ရှိနေခဲ့ခြင်းမှာ ဖြစ်နိုင်သည် မဟုတ်ပါလော။

***

All Chapters