← Chapters

ကလေးဆန်သော

Vol. 126 Ch. 1751

ကလေးဆန်သော

Vol. 126 Ch. 1751

ကျန်းရီမှာ လိမ်နေခြင်း မဟုတ်ပေ။ သူ ရှေ့ထွက်ရပ်ခဲ့သည်မှာ အရှင်မချင်လင်း၏ လက်‌အောက်ငယ်သားဟောင်းများကို ကူညီပေးလို၍ဖြစ်သည်။ အရှင်မချင်လင်း မရှိသည်နှင့် ထိုလက်အောက်ငယ်သားဟောင်းများ သေဆုံးသွားရမည်ကို သူ မလိုလားချေ။

လီရှန်းအာနှင့် တူနှစ်ကိုယ်ကျင့်ကြံပြီးနောက် ကျန်းရီ၏ ကိုယ်ထဲရှိ ကောင်းကင်စွမ်းအားများစွာက မိစ္ဆာစွမ်းအားအဖြစ် ပြောင်းလဲသွားခဲ့သည်။ ယခုတွင် သူ ကောင်းကင်မိစ္ဆာဘုံရှိ ကြိုက်သည့်နေရာသို့သွားကာ ပုန်းအောင်းကျင့်ကြံနေနိုင်ပြီဖြစ်သည်။ သူက လူသားဖြစ်ကြောင်း ပေါ်မသွားလျှင် မိစ္ဆာအရှင်သုံးပါး၏ အာရုံစိုက်မှုကို ခံရမည် မဟုတ်ပေ။

ယခုတွင် ကျန်းရီသည် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်နှင့် အရှင်မချင်လင်းအတွက် ရှေ့ထွက်ရပ်နေလေပြီ။ အကယ်၍ ထိုအုပ်စုက သူ့ကို လက်မခံလျှင်၊ သူ့ကို မယုံကြည်လျှင် အဘယ်ကြောင့် သူက ထိုသူများကို ကူညီရပါမည်နည်း။ အလွန်ဆုံးမှ သူ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကို ကာကွယ်နိုင်မည့် နည်းလမ်းတစ်ခု ရှာလိုက်ရုံသာ။ ကြမ်းကြုတ်နဂါးမျိုးနွယ်၊ ကန်းဟန့်မျိုးနွယ်နှင့် အခြားမျိုးနွယ်များ ပျက်သုဉ်းမည်၊ မပျက်သုဉ်းမည်က သူနှင့် မဆိုင်ပါ။

ကျန်းရီအနေဖြင့် ဤကိစ္စထဲတွင် ဝင်ပါရခြင်းက အလွန်စွန့်စားရကြ၏။ သူ မိစ္ဆာအရှင်သုံးပါး၏ အာရုံစိုက်မှုကို အလွယ်တကူ ခံရနိုင်သည်။ ထိုအခါ မတော်တဆမှုများနှင့် ပြောင်းလဲမှုများ ပိုဖြစ်လာနိုင်ပေသည်။ သူ ကျင့်ကြံရန် အချိန်လိုအပ်သည်။ ဤတစ်ကြိမ်တွင် သူ ကောင်းစွာ မလုပ်ဆောင်နိုင်ပါက အဆုံးသတ်လှမည် မဟုတ်ပေ။

ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများသည် အတော်ကြာအောင် နှုတ်ဆိတ်နေကြ၏။ သူတို့ စိတ်မဆုံးဖြတ်နိုင်ပါ။ တစ်အောင့်နေသောအခါ ကြမ်းကြုတ်နဂါးဘုရင်က စကားစလာသည်။

“အရှင်ကျိုး... ကျုပ်တို့ အရင်ဆုံး အရှင့်ရဲ့ အစီအစဉ်ကို နားထောင်ကြည့်လို့ရမလား။ အရှင်က အားလုံးရဲ့ ဘေးကင်းရေးကို ဘယ်လို အာမခံမှာလဲ။ အရှေ့ဒေသကို ဘယ်လို စုစည်းသိမ်းပိုက်မှာလဲ။ အဲ့ဒါက အသေးအဖွဲကိစ္စလေး မဟုတ်ဘူးမလား။ လူတိုင်း လွယ်လွယ်လက်ခံဝံ့မှာ မဟုတ်ဘူး’

“ဟင်းဟင်း...”

ကျန်းရီက ရွဲ့ပြုံးပြုံးလိုက်ပြီး ရုတ်တရက် ထရပ်ကာ အပြင်သို့ လျှောက်ထွက်သွားသည်။ မျိုးနွယ်ဘုရင်များနှင့် အကြီးအကဲများ မျက်မှောင်ကြုတ်လိုက်ကြပြီး ဝမ်းထဲမှကြိတ်၍ ဒေါသထွက်သွားကြ၏။ လီရှန်းအာနှင့် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်မှ အကြီးအကဲနှစ်ယောက်လည်း မည်သို့လုပ်ရမည်မသိ ဖြစ်သွားကြသည်။

ကျန်းရီက တံခါးဝတွင် ရပ်တန့်လိုက်၏။

“ဘယ်အစီအစဉ်ကို နားထောင်မှာလဲ။ ခင်ဗျားတို့က ကျွန်တော့်ကို မယုံဘူးဆိုတာ ထင်ရှားမနေဘူးလား။ ခင်ဗျားတို့ ကျွန်တော့်ကို မယုံမှတော့ ဘာမှ ပြောနေစရာ မရှိတော့ဘူး။ အစီအစဉ်ကို ကိုယ့်ဘာသာ စဉ်းစားကြပါ။ ပြီးခဲ့တဲ့အခေါက်ကတည်းက ခင်ဗျားတို့ ကျွန်တော့်ကို ယုံခဲ့ရင် အခုလောက်ဆို ကော့ချန်ဘုရင် သေနေလောက်ပြီ။ ဟွန်း...”

ကျန်းရီသည် နှာမှုတ်၍ ခြေလှမ်းကျဲကြီးများနှင့် ဆက်လျှောက်သွားသည်။ သူ နောက်ပြန်လှည့်မကြည့်ပေ။ လီရှန်းအာမှာ ရှက်ရွံ့လှသဖြင့် သေလိုစိတ်ပင် ပေါက်နေ၏။ သူမ မျိုးနွယ်ဘုရင်များနှင့် အကြီးအကဲများကို ဦးညွှတ်တောင်းပန်လိုက်ပြီး ကျန်းရီနောက်သို့ ခပ်သွက်သွက် လိုက်သွားလိုက်သည်။ ထိုအခါ အလယ်ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။

မျိုးနွယ်ဘုရင်များသည် ခေါင်းငုံ့လျက် မျက်နှာသေများနှင့် တွေးတောနေကြ၏။ သူတို့ မည်သို့ လုပ်ရမည်ကို မသိကြပေ။ သူတို့သည် ကျန်းရီ၏ သတင်းပို့မှုများကို ပြန်တွေးမိနေကြသည်။ ဆိုရလျှင် ကျန်းရီက ကြမ်းကြုတ်နဂါးဘုရင်ထံသို့ စစ်တပ်စုစည်းကာ ကော့ချန်မျိုးနွယ်ကို သွားတိုက်ခိုက်ရန် အစောကတည်းက သတင်းပို့ခဲ့သည်။ သို့သော် ကြမ်းကြုတ်နဂါးဘုရင်သည် မစွန့်စားဝံ့ခဲ့သဖြင့် အချိန်နှောင်းမှ သွားမိခဲ့သည်။ ထို့အတွက် အကျိုးရှိခဲ့သည် မှန်သော်ငြား ရန်သူဘက်က အထိအခိုက် နည်းခဲ့ရသည်။ အကယ်၍ အစကတည်းက ကျန်းရီ၏ အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့မည်ဆိုလျှင် အမှန်ပင် ကော့ချန်ဘုရင်ကို သတ်ပစ်နိုင်ခြေ ကြီးကြီးမားမား ရှိပေသည်။

ကြမ်းကြုတ်နဂါးဘုရင်သည် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ အကြီးအကဲနှစ်ယောက်အား အလယ်ခန်းမ၏ အကာအရံများကို နှိုးပေးရန် ပြောလိုက်၏။ ထို့နောက် အားလုံး စတင်ဆွေးနွေးကြရာ အလယ်ခန်းမကြီး ပြန်၍ သက်ဝင်လှုပ်ရှားလာသည်။ အကယ်၍ ကျန်းရီကသာ ယဉ်ယဉ်ကျေးကျေးနှင့် အစီအစဉ်ကို ရှင်းပြခဲ့မည်ဆိုလျှင် မျိုးနွယ်ဘုရင်များနှင့် အကြီးအကဲများသည် ကျန်းရီကို ယုံကြည်ရန် အသင့်ရှိနေကြပါသည်။ သို့သော် ယခုတွင် ကျန်းရီက မည်သို့ ပြုမူခဲ့ပါသနည်း။ သူတို့က ပမွှားလေးများမဟုတ်။ မျိုးနွယ်ဘုရင်များဖြစ်သည်။ လူငယ်တစ်ယောက်၏ ထိုကဲ့သို့ ရိုင်းပြမှုကို သူတို့ လျစ်လျူမရှုနိုင်ပါပေ။

ကြမ်းကြုတ်နဂါးဘုရင်နှင့် ကန်းဟန့်ဘုရင်တို့က ဆွေးနွေးရာတွင် မည်သို့မှ ဝင်မပြောသေးချေ။ အဆင့်ဆယ့်တစ်ဖြစ်သော ကောင်းကင်ဂဠုန်ဘုရင်လည်း နှုတ်ဆိတ်နေသည်။ အားလုံး နှစ်နာရီကြာအောင် ဆွေးနွေးငြင်းခုန်ပြီးမှ ကြမ်းကြုတ်နဂါးဘုရင် ဝင်ပြောလိုက်လေသည်။ သူ ကောင်းကင်ဂဠုန်ဘုရင်ကိုကြည့်ကာ မေးလိုက်သည်။

“လောင်ပန်း... ခင်ဗျား ဘယ်လိုထင်လဲ”

ကောင်းကင်ဂဠုန်ဘုရင်၏ မျက်နှာက ခပ်ချွန်ချွန်ဖြစ်ပြီး နှာရောင်ကောက်၏။ မျက်ဝန်းများကလည်း ပုံမှန်ထက်ပိုစူးရှနေသည်။ သူက ဉာဏ်နီဉာဏ်နက်များသော အငွေ့အသက်ကို ပေးပေသည်။ သူ ခေတ္တမျှ တွေးတောလိုက်ပြီး ပါးစပ်ဟကာ များစွာမပြောဘဲ စကားလုံးငါးလုံးသာ ပြောလိုက်သည်။

“ကျုပ် သူ့ကို ယုံတယ်”

“အာ...”

အားလုံး ပြန်၍ တိတ်ဆိတ်သွားပြန်သည်။ ကောင်းကင်ဂဠုန်ဘုရင်သည် အလယ်ခန်းမထဲသို့ ရောက်ကတည်းက အခုအထိ စကားတစ်ခွန်းမှ မပြောသေးပေ။ ယခုတွင်မူ သူ၏ ရပ်တည်ချက်ကို ပြတ်သားစွာ ပြောလိုက်ပေပြီ။ သူက ကျန်းရီ၏ အမိန့်များကို အပြည့်အဝ နာခံလိုနေပါသည်။

ကြမ်းကြုတ်နဂါးဘုရင်က ခေါင်းညိတ်လိုက်ပြီး ကန်းဟန့်ဘုရင်ကို ဆက်ကြည့်၏။ ကန်းဟန့်ဘုရင်က ပြုံးကာ ဆိုသည်။

“အရှင်ကျိုးကြောင့်သာ မဟုတ်ရင် ကန်းဟန့်မျိုးနွယ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ ကျုပ်တို့ ကန်းဟန့်မျိုးနွယ်က သူ့သဘောထားကို ဆန့်ကျင်မှာ မဟုတ်ပါဘူး”

“အဲ့ဒါဆိုလည်း ကောင်းပြီလေ”

ကြမ်းကြုတ်နဂါးဘုရင် ထရပ်လိုက်သည်။

“အားလုံးပဲ ငြင်းခုန်မနေကြပါနဲ့တော့။ ကျုပ်တို့ရဲ့ အခြေအနေက အကောင်းဘက်မှာ ရှိမနေပါဘူး။ ဒီဆုံးဖြတ်ချက်က ကျုပ်တို့ရဲ့ သေရေးရှင်ရေးနဲ့ သက်ဆိုင်ပါတယ်။ အဲ့ဒါကြောင့် ကျုပ် ဘယ်သူ့ကိုမှ ဖိအားပေးမှာ မဟုတ်ဘူး။ ခင်ဗျားတို့ အရှင်ကျိုးရဲ့ အမိန့်တွေကို နာခံပြီး ကိုယ့်အသက်ကို ပေးအပ်လိုတယ်ဆိုရင် နေခဲ့ပါ။ မနာခံချင်ဘူးဆိုရင်တော့ ထွက်သွားလိုက်ကြပါ။ ဒီတစ်ခေါက် ကျုပ် ကြမ်းကြုတ်နဂါးဘုရင်ကတော့ သူ့ကို ယုံကြည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်”

ဝေါခနဲ အသံထွက်လာသည်။

ကြမ်းကြုတ်နဂါးဘုရင်က ပြောလိုက်ပြီဖြစ်ရာ အားလုံးသည် မည်သို့မှ မပြောဝံ့တော့ဘဲ တစ်ယောက်ကိုတစ်ယောက်သာ ကြည့်နေကြလေသည်။ သူတို့ ထွက်လည်း ထွက်မသွားဝံ့ကြပါ။ ဤတစ်ခေါက် သူတို့ ထွက်သွားပြီးလျှင် ပြန်၍ ပေါင်းစည်းနိုင်တော့မည် မဟုတ်ပေ။

“သွားကြစို့...”

ကြမ်းကြုတ်နဂါးဘုရင်သည် ခါးသက်သက် ပြုံးလျက် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ အကြီးအကဲနှစ်ယောက်ကို ပြောလိုက်၏။

“ကျုပ်တို့ကို အရှင်ကျိုးနဲ့ တွေ့ရအောင် ခေါ်သွားပေးပါ”

“ဟုတ်ကဲ့ပါ”

အကြီးအကဲနှစ်ဆယ်ယောက်သည် အားလုံးကို အလယ်ခန်းမအပြင်သို့ သွက်လက်စွာ ခေါ်သွားလိုက်၏။ ဟိုသည် မေးမြန်ပြီးနောက် ကျန်းရီက သူ့စံအိမ်သို့ ပြန်မသွားဘဲ အခြားခန်းမတစ်ခုသို့ သွားကြောင်း သိလိုက်ရသည်။ အကြီးအကဲနှစ်ယောက် အတန်ငယ် အံ့ဩသွား၏။ သို့သော် မျိုးနွယ်ဘုရင်များကို ထိုခန်းမဆီသို့ ခေါ်သွားပေးလိုက်သည်။ ထိုခန်းမထဲတွင် အလယ်ရှိ ဧရာမကျောက်စားပွဲတစ်လုံးမှလွဲ၍ မည်သည့်ထိုင်ခုံမှ ရှိမနေပါ။ ကျန်းရီက ကျောက်စားပွဲဘေးတွင် ရပ်ကာ အားလုံးကို ပြုံး၍ကြည့်နေသည်။

“ခင်ဗျားတို့အကုန်လုံး ဆုံးဖြတ်ပြီးသွားပြီလား။ အဲ့ဒါဆို ဒီကို လာကြည့်ကြပါ”

“အာ...”

ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများ၏ မျက်နှာများပေါ်တွင် အံ့အားသင့်သည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွား၏။ ကျန်းရီက သူတို့ရောက်လာမည်ကို ကြိုတင်ခန့်မှန်းထားသည်လော။ သူက တမင် သူတို့ကို ဤခန်းမထဲ၌ စောင့်နေသည်လော။ ထိုပုဂ္ဂိုလ်က ဘုရားတစ်ပါးလော။ မည်သို့ပင်ဖြစ်စေ သူက အရာအားလုံးကို အလွန်တိကျစွာ ခန့်မှန်းနိုင်သည်မှာတော့ အမှန်ပင်ဖြစ်သည်။

မျိုးနွယ်ဘုရင်များသည် ကျောက်စားပွဲပေါ်ရှိ ထူးဆန်းသောအရာကို ကြည့်လိုက်ကြ၏။ မျိုးနွယ်ဘုရင်တစ်ယောက်က ရုတ်ခြည်း ရေရွတ်လိုက်သည်။

“အာ.. အဲ့ဒါက ကျုပ်တို့ ငှက်တောင်နီနယ်မြေ မဟုတ်လား။ အဲ့...အဲ့ဒါက မြေပုံတစ်ချပ်လား”

“တိတိကျကျ ပြောရရင် ဒါကို သဲစားပွဲလို့ခေါ်တယ်။ သဲတွေကို ပုံသွင်းပြီး အရှေ့ဒေသရဲ့ မြေပုံကို ရေးဆွဲထားတာပဲ”

ကျန်းရီက ပြုံး၍ ပြောလိုက်သည်။ ထို့နောက် သူ့လက်ထဲတွင် ဓားရှည်တစ်ချောင်း ထွက်ပေါ်လာသည်။ သူသည် သဲမြေပုံပေါ်ရှိ နေရာတစ်ခုကို ဓားရှည်နှင့် ညွှန်ပြကာ ကြမ်းကြုတ်နဂါးဘုရင်အား ပြောလိုက်သည်။

“ကြမ်းကြုတ်နဂါးဘုရင်.. ဒါက ခင်ဗျားတို့ ကြမ်းကြုတ်နဂါးနယ်မြေ မဟုတ်လား။ ဒါကတော့ ကန်းဟန့်နယ်မြေ၊ ဒါက ကောင်းကင်ဂဠုန်နယ်မြေ။ ဟုတ်ရဲ့လား...”

မျိုးနွယ်ဘုရင်အားလုံး စေ့စေ့စပ်စပ် ကြည့်လိုက်ကြ၏။ ၎င်းနောက် ကန်းဟန့်ဘုရင်က ခေါင်းညိတ်ကာ ဆိုသည်။

“ဟုတ်ပါတယ်။ ဒီမြေပုံက တကယ်ကို ပိုရှင်းတာပဲ”

“အားလုံးပဲ တစ်ချက်ကြည့်လိုက်ကြပါ”

ကျန်းရီက ဓားရှည်နှင့် ထပ်မံညွှန်ပြလိုက်၏။

“ဒါက ကော့ချန်နယ်မြေ၊ ဒါကတော့ စွမ်နီနယ်မြေ၊ ဒါက ကျိုးလီနယ်မြေ၊ ဒါကတော့ ကောင်းကင်ကြွက်မျိုးနွယ်ရဲ့ နယ်မြေ၊ ဒါက ကွေ့လုနယ်မြေ... ခင်ဗျားတို့ ပြဿနာတစ်ခုကို သတိမပြုမိဘူးလား။ ခင်ဗျားတို့မျိုးနွယ်တွေရဲ့ နယ်မြေတွေက ထိစပ်နေပေမဲ့ သူတို့ရဲ့နယ်မြေတွေကတော့ ကွဲပြားနေတယ်။ ပြီးတော့ ခင်ဗျားတို့ရဲ့ နယ်မြေတွေက အရှေ့ဒေသရဲ့ အလယ်မှာ စုဝေးနေကြတာ။ တစ်နည်းပြောရရင် ခင်ဗျားတို့က အင်အားစုသုံးစုရဲ့ ဝိုင်းရံမှုကို ခံထားရတာပဲ။ ကျွန်တော် အားလုံးကို မေးချင်ပါတယ်... တကယ်လို့သာ အင်အားစုသုံးစုက ခင်ဗျားတို့ကို တစ်ပြိုင်တည်း တိုက်ခိုက်မယ်ဆိုရင် ရလဒ်က ဘယ်လိုဖြစ်မလဲ”

“အဲ့ဒါက...”

မျိုးနွယ်ဘုရင်များ မျက်နှာပျက်သွားကြ၏။ ကျန်းရီ၏ စကားများက မှန်ပေသည်။ အကယ်၍ အင်အားစုသုံးစုကသာ တစ်ပြိုင်တည်း တိုက်ခိုက်မည်ဆိုလျှင် သူတို့ တစ်ယောက်ကိုတစ်ယောက် ကူညီနိုင်ကြမည် မဟုတ်ပါ။ ထိုအခါ တစ်ခုတည်းသော ရလဒ်မှာ ပျက်သုဉ်းခြင်းသာ ဖြစ်ပေလိမ့်မည်။

မျိုးနွယ်ဘုရင်တစ်ယောက်က သဘောမပေါက်သေးဘဲ ထပြောလိုက်၏။

“အရှင့်ရဲ့ ခန့်မှန်းချက်က အဓိပ္ပာယ်မရှိပါဘူး။ အခု အင်အားစုသုံးစုက တစ်စုနဲ့တစ်စု သဘောထားတင်းမာနေကြတာပဲ။ ဘယ်လိုလုပ် တစ်ပြိုင်တည်း တိုက်ခိုက်မှာလဲ”

“ဟားဟားဟား...”

ကျန်းရီသည် ခေါင်းမော့၍ အော်ရယ်လိုက်၏။ ပြီးမှ အေးစက်စက် ပြောလိုက်သည်။

“ကလေးဆန်လိုက်တာ... အဲ့အင်အားစုသုံးစုက ပူးပေါင်းပြီး ကြမ်းကြုတ်နဂါးမျိုးနွယ်ကိုတောင် တစ်ခေါက်တိုက်ပြီးသွားပြီ မဟုတ်ဘူးလား။ ဘာလို့ မိစ္ဆာအရှင်သုံးပါးက အရှေ့ဒေသကို လျှို့ဝှက်ချုပ်ကိုင်နေကြတာလဲ။ အရှင်မချင်လင်းကို ပစ်မှတ်ထားဖို့ မဟုတ်ဘူးလား။ အရှင်မချင်လင်းအပေါ် သစ္စာခံတဲ့ မျိုးနွယ်တွေ လျော့နည်းသွားအောင် လုပ်ဖို့ မဟုတ်ဘူးလား။ နောက်ဆုံးကြတော့... အင်အားစုသုံးစုဆိုတာ မရှိဘူး။ သူတို့က တစ်ဖွဲ့တည်းပဲ။ ခင်ဗျားတို့က ခြိမ်းခြောက်နိုင်လောက်အောင် အင်အားမကြီးသေးရင် သူတို့အချင်းချင်း ခိုက်ရန်ဖြစ်နေကြပြီး နယ်မြေတွေ လုနေကြလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားတို့က ရန်သူကို ခုခံနိုင်လောက်အောင် စည်းလုံးလာပြီဆိုရင်‌တော့ သူတို့က အင်အားပူးပေါင်းပြီး ခင်ဗျားတို့ကို ရှင်းပစ်မှာပဲ။ ခင်ဗျားတို့ကို စိတ်ဝမ်းကွဲအောင် လုပ်ပစ်မှာပဲ။ ကျွန်တော် မှန်းတာသာ မမှားဘူးဆိုရင် တစ်လအတွင်းမှာပဲ အင်အားစုသုံးစုက သူတို့ရဲ့ စစ်တပ်တွေကို တစ်ပြိုင်တည်း စေလွှတ်ကြလိမ့်မယ်။ ခင်ဗျားတို့ မယုံရင် ပြန်သွားပြီး တစ်လလောက် စောင့်နေကြည့်ပါလား”

ခန်းမထဲရှိ မျိုးနွယ်ဘုရင်အားလုံး၏ မျက်နှာများ ဖြူဖျော့သွားကြ၏။ ကျန်းရီ၏ စကားများက အကျိုးအကြောင်းဆီလျော်ပေသည်။ ထို့ကြောင့် သူတို့ရင်ထဲမှ ‌နောက်ဆုံးမျှော်လင့်ချက်ရောင်ခြည်လေး လွင့်ပြယ်သွားလေတော့သည်။

***

All Chapters