ခွေးသုံးကောင်၊ အရိုးတစ်ချောင်း
Vol. 126 Ch. 1752
ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများသည် အတော်လေး ဉာဏ်ကောင်းကြ၏။ ဧကရာဇ်တစ်ပိုင်းအဆင့်အထိ ကျင့်ကြံနိုင်ခြင်းမှာ သူတို့၏ ဦးနှောက်များက အလွန်အသုံးဝင်သည်ဆိုသော အဓိပ္ပာယ်ပင်။
ဆိုရလျှင် သူတို့သည် လက်ရှိအခြေအနေနှင့် မျိုးနွယ်အသီးသီး၏ အရေးကိစ္စများကို သိပေသည်။ သူတို့၏ ဒေါသကို မျိုသိပ်၍ ကောင်းကင်ကြောင်ကတိုးတောင်သို့ လာခဲ့ခြင်းကို ကြည့်လျှင် သူတို့က အခြေအနေကို ကောင်းစွာ နားလည်ကြောင်း သိနိုင်သည်။ မည်သူကမှ စိတ်ထဲတွင် ရှိသည်ကို ထုတ်ဖော်မပြောခဲ့ခြင်းသာဖြစ်သည်။
ကျန်းရီက သူတို့၏ ရင်ထဲမှ မျှော်လင့်ချက်ကို ဖျက်ဆီးပစ်လိုက်သည်။ သူသည် အရေးအန္တရာယ်ကို အားလုံး၏ အရှေ့တွင် ချပြလိုက်ရာ မည်သူကမှ ကိုယ့်ကိုယ်ကိုယ် မလိမ်နိုင်တော့ပေ။
အားလုံး ခေတ္တမျှ တိတ်ဆိတ်သွားသည်။ တစ်ခဏနေမှ ကြမ်းကြုတ်နဂါးဘုရင်က သက်ပြင်းချကာ ပြောလိုက်သည်။
“အရှင်ကျိုး... အမိန့်ပေးလိုက်ပါ။ ကျုပ်တို့ အရှင်ပြောတာမှန်သမျှကို လိုက်နာပါမယ်။ အရှင်က အရှင်မချင်လင်း စေလွှတ်လိုက်တဲ့ တမန်တော်ပဲ။ ကျုပ်တို့ရဲ့ အရှင်မချင်လင်းအပေါ် သစ္စာရှိမှုကို ထောက်ထားပြီးတော့ အရှင် ကျုပ်တို့ကို ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ကန်းဟန့်ဘုရင်၊ ကောင်းကင်ဂဠုန်ဘုရင်နှင့် အခြားသူများအားလုံးလည်း ဦးညွှတ်ကာ အော်ပြောလိုက်ကြသည်။
“ကျုပ်တို့ကို ကူညီပေးပါ အရှင်ကျိုး”
“ခင်ဗျားတို့ကို ကူညီဖို့ ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး”
ကျန်းရီက ပြုံးလိုက်ပြီး မျိုးနွယ်ဘုရင်များကို ဝေ့ဝဲကြည့်လိုက်၏။ ထို့နောက် ခေတ္တမျှ နှုတ်ဆိတ်သွားပြီးမှ အလေးအနက် ဆက်ပြောလိုက်သည်။
“ဒါပေမဲ့... စည်းမျဉ်းသုံးခုတော့ ရှိရမယ်”
ကြမ်းကြုတ်နဂါးဘုရင်က ခေါင်းညိတ်ကာ ပြန်ပြောသည်။
“အရှင် ပြောပါ...”
ကျန်းရီ အရှိန်အဝါအပြည့်နှင့် ပြောလိုက်သည်။
“ပထမတစ်ခုက ကျွန်တော့်ရဲ့ အမိန့်တွေကို နာခံရမယ်။ တစ်ယောက်ယောက်က အမိန့်မနာခံတာကို တွေ့ရင် ကျွန်တော် ဆက်ကူညီတော့မှာ မဟုတ်ဘူး”
“ရပါတယ်...”
ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများ တစ်ယောက်ကိုတစ်ယောက် ကြည့်၍ အံကြိတ်ကာ ခေါင်းညိတ်လိုက်ကြ၏။ ယခုတွင် သူတို့သည် အကြံကုန်နေပြီဖြစ်ရာ ကျန်းရီ၏ တောင်းဆိုချက်များကို လိုက်လျောရပေတော့မည်။
ကျန်းရီ ဆက်ပြောသည်။
“ဒုတိယက ခင်ဗျားတို့ အများကြီး ပြောလို့၊ မေးလို့ မရဘူး။ ကျွန်တော် ဘယ်သူဆိုတာလည်း ဖော်ထုတ်ခွင့် မရှိဘူး။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တွေအကြောင်းကို မဆွေးနွေးရဘူး။ တကယ်လို့ တစ်ယောက်ယောက်က ရန်သူနဲ့ ပူးပေါင်းနေတာကို တွေ့ရင် ခင်ဗျားတို့ အဲ့တစ်ယောက်ကို ချက်ချင်း သတ်ပစ်ရမယ်”
ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများသည် ထိုစည်းမျဉ်းအတွက် ငြင်းစရာများစွာ မရှိသဖြင့် ခေါင်းညိတ်လိုက်ကြသည်။ ပြီးမှ ကြမ်းကြုတ်နဂါးဘုရင်က မေးသည်။
“အရှင်... တတိယစည်းမျဉ်းက ဘာပါလဲ”
ကျန်းရီ မျက်တောင်ပုတ်ခုတ်လိုက်၏။
“ကျွန်တော် အဲ့ဒါကို မစဉ်းစားရသေးဘူး။ နောက်မှ ပြောကြတာပေါ့”
“...”
အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့ထဲမှ အချို့သည် နဖူးကြောများ ရှုံ့သွားသည်အထိ မျက်မှောင်ကြုတ်ကာ ဆွံ့အသွားကြသည်။ ကြမ်းကြုတ်နဂါးဘုရင်က ခါးသက်သက် ရယ်လိုက်ပြီး လေးနက်စွာ ပြောလိုက်၏။
“အရှင်ကျိုး... မစိုးရိမ်ပါနဲ့။ ကျုပ်တို့ အရှင်ပြောတာကို မှတ်သားထားမှာပါ။ တကယ်လို့ တစ်ယောက်ယောက်ကို မနာခံရင် ကျုပ်ကိုယ်တိုင် အဲ့တစ်ယောက်ကို သတ်ပစ်ပါမယ်။ အရှင်ကျိုး... ကျုပ်တို့ ဒီအခြေအနေကနေ ဘယ်လို ဖောက်ထွက်ရမလဲ”
အားလုံး၏ မျက်ဝန်းများ အရောင်လက်လာ၏။ သူတို့ အသက်ရှူပင် အောင့်ထားလိုက်ကြသည်။ ကျန်းရီက သူတို့ကို ဤခန်းမထဲတွင် စောင့်နေခြင်းဖြစ်ရာ သူ့ထံတွင် ဤအခြေအနေမှ ဖောက်ထွက်နိုင်မည့် နည်းလမ်းတစ်ခု ရှိလောက်ပေသည်။ ဆန်းကြယ်သော အရှင်ကျိုးက သူတို့ကို အင်အားစုကြီးသုံးစု လက်ထဲမှ မည်သို့ကယ်တင်မည်နည်း။
ကျန်းရီသည် သူ့နှာခေါင်းကို ပွတ်လိုက်ပြီး အတော်ကြာမှ ပြောလိုက်သည်။
“အဲ့ဒါကို... ကျွန်တော် အခုထိ မတွေးရသေးဘူး”
ဘုတ်...
အကြီးအကဲတစ်ယောက် တုန်ယင်သွားပြီး ကြမ်းပြင်တွင် ဖင်ထိုက်ရက် လဲကျသွား၏။ မျိုးနွယ်ဘုရင်များ၏ မျက်ဝန်းများလည်း မီးဝင်းဝင်းတောက်လာသည်။ ကျန်းရီက သူတို့ကို နေ့တစ်ဝက်ကြာအောင် လှည့်စား၍ ခေါင်းဆောင်နေရာကို အရယူခဲ့၏။ သို့သော် သူတို့ မည်သို့ တုံ့ပြန်နိုင်ပါမည်နည်း။ ကျန်းရီက သူတို့က စနောက်နေခြင်းလည်း ဖြစ်နိုင်သေးသည် မဟုတ်လော။
“အားလုံးပဲ စိတ်လျှော့ကြပါ”
ကျန်းရီသည် မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများကို လျစ်လျူရှုကာ ပြုံးလိုက်သည်။
“ကျွန်တော့်ဆီမှာ အကြံတချို့တော့ ရှိပါတယ်... မသေချာသေးရုံပါ။ အားလုံးပဲ အရင်ဆုံး ပြန်ပြီး အနားယူနေလိုက်ကြပါ။ ကျွန်တော် သေချာတွေးတောပြီးတာနဲ့ အားလုံးကို အကြောင်းကြားလိုက်ပါမယ်”
ကျန်းရီက ထိုသို့ပြောလိုက်မှ အားလုံး အတန်ငယ် စိတ်သက်သာရာရသွားကြသည်။ ကြမ်းကြုတ်နဂါးဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်၏။ ထို့နောက် ကြမ်းကြုတ်နဂါးဘုရင်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“မင်းသမီးရှန်းအာ... အားလုံးကို အနားယူဖို့ ခေါ်သွားပေးလိုက်ပါ”
လီရှန်းအာသည် အားလုံးကို ဦးဆောင်၍ ထွက်သွား၏။ သို့သော် ကြမ်းကြုတ်နဂါးဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့က ထွက်မသွားကြပေ။ သူတို့သည် ကန်းဟန့်ဘုရင်ကိုလည်း လျှို့ဝှက်အသံပို့လွှတ်၍ နေခဲ့စေလိုက်သည်။ ကျန်သူများ ထွက်သွားပြီးနောက် ကြမ်းကြုတ်နဂါးဘုရင်သည် ခန်းမ၏ အကာအရံများကို နှိုး၍ ပြုံးကာ ပြောလိုက်လေသည်။
“အရှင်ကျိုး... အခု အရှင့်ရဲ့ အစီအစဉ်ကို ပြောပြလို့ ရပါပြီလား”
“ဂျင်းက ရင့်လေ စပ်လေပဲ”
ကျန်းရီက ရေရွတ်၍ ကြမ်းကြုတ်နဂါးဘုရင်၏ ပခုံးကို ပုတ်ကာ ပြောလိုက်၏။
“နဂါးအိုကြီး... ခင်ဗျားရှိနေရင် ကြမ်းကြုတ်နဂါးမျိုးနွယ်က မကြာခင် စည်ပင်ဝပြောလာမှာပဲ”
မျှော်လင့်ထားသကဲ့သို့ပင်...
ကောင်းကင်ဂဠုန်ဘုရင်က ခါးသက်သက် ရယ်လိုက်၏။ ကျန်းရီထံတွင် အစီအစဉ်တစ်ခု ရှိထားပြီးပေပြီ။ အစောတွင် သူမပြောခဲ့ခြင်းမှာ လူများစွာ ရှိနေခဲ့၍ပင်။ မည်သူက သစ္စာရှိသည်၊ မည်သူက သစ္စာမဲ့သည်ကို အပေါ်ယံ အမြင်မျှနှင့် မသေချာနိုင်သည် မဟုတ်ပါလား။
ကန်းဟန့်ဘုရင်က စိတ်မရှည်တတ်သော အကျင့်ရှိရာ ချက်ချင်း လက်ဆုပ်၍ ပြောလိုက်သည်။
“အရှင်ကျိုး... ကျုပ်တို့က တန်းလန်းကြီး မထားထားပါနဲ့။ အရှင်သာ ကျုပ်တို့ကို ဒီတစ်ခေါက် ကယ်ပေးနိုင်မယ်ဆိုရင် ကျုပ်တို့ ကန်းဟန့်မျိုးနွယ်က အရှင့်ဦးဆောင်မှုနောက်ကို လိုက်မှာပါ။ အရှင် လက်ညှိုးညွှန်တဲ့နေရာတိုင်းကို တိုက်ခိုက်မှာပါ။ ကျုပ်တို့မှာ ဘာမှ ငြင်းစရာ မရှိပါဘူး”
ကြမ်းကြုတ်နဂါးဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့လည်း ကျန်းရီကို စိတ်လှုပ်တရှား ကြည့်နေကြသည်။ သူတို့သည် ဤအခြေအနေမှ ဖောက်ထွက်နိုင်မည့် နည်းလမ်းကို အမှန်ပင် မတွေးနိုင်ကြပါ။ အလွန်ဆုံးအနေဖြင့် နှစ်ဘက်စလုံး ထိခိုက်မည့် နည်းလမ်းမျိုးကိုသာ စဉ်းစားနိုင်ကြသည်။ သူတို့သာ အဆုံးအထိ တိုက်ခိုက်မည်ဆိုလျှင် ကြမ်းကြုတ်နဂါးဘုရင်ဟောင်းကဲ့သို့ တိုက်ခိုက်စွမ်းအား ရှိသည့် သိုင်းသမားတစ်ယောက် မရှိပါက အားလုံး ပျက်သုဉ်းသွားနိုင်ပေသည်။
သို့သော် ထိုကဲ့သို့သော သိုင်းသမားတစ်ယောက်ကို အချိန်တိုအတွင်းတွင် ဆိုမထားနှင့် နှစ်ရာကျော် လိုက်ရှာမည်ဆိုလျှင်ပင် ရှာတွေ့ရန် ခဲယဉ်းသည်။
ကျန်းရီသည် ဓားရှည်နှင့် နယ်မြေအချို့ကို ညွှန်ပြကာ အေးစက်စက် ပြောလိုက်၏။
“ဒီအခြေအနေက ဖောက်ထွက်ဖို့က အရမ်းရိုးရှင်းပါတယ်။ အဲ့ဒါက... ရဲရင်တဲ့သူရဲကောင်း ကိုယ့်လက်ကိုယ်ဖြတ်”
“အာ...”
မျိုးနွယ်ဘုရင်သုံးပါး မျက်မှောင်ကြုတ်သွားကြ၏။ ကန်းဟန့်ဘုရင်သည် ကျန်းရီစကား၏ အဓိပ္ပာယ်ကို နားမလည်နိုင်။ သို့သော် ကြမ်းကြုတ်နဂါးဘုရင်နှင့် ကောင်းက်ဂဠုန်ဘုရင်တို့ အတွေးနက်သွားသည်။ ကျန်းရီသည် သူ့ကို ငေးကြည့်နေသော ကန်းဟန့်ဘုရင်ကို ကြည့်၍ ရှင်းပြလိုက်၏။
“ရှင်းရှင်းပြောရရင်... ကိုယ့်ရဲ့ နယ်မြေတွေကို စွန့်ပစ်ပြီး အရှေ့ဒေသအစွန်းကို ရွှေ့ပြောင်းသွားတာကို ပြောတာ။ ကျွန်တော်တို့ အရှေ့ဒေသကို မလိုတော့ဘူး”
“ဗျာ...”
ကန်းဟန့်ဘုရင် တစ်ကိုယ်လုံး တုန်ယင်သွားသည်။ ကြမ်းကြုတ်နဂါးဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့လည်း မျက်နှာညှိုးသွားကြသည်။ သူတို့သည် စိတ်ပြင်ဆင်ထားသော်လည်း ကျန်းရီကိုယ်တိုင် ပြောသည်ကို ကြားလိုက်သောအခါ တုန်လှုပ်သွားကြပေသေးသည်။
မျိုးနွယ်အသီးသီးက တောင်တန်းနယ်မြေများစွာကို သိမ်းပိုက်ထားကြသည်။ ကြမ်းကြုတ်နဂါးမျိုးနွယ်က အင်အားလျော့ကျသွားသည်ပင် တောင်တန်းနယ်မြေသုံးခုကို လက်မလွှတ်သေးပေ။
အဘယ်ကြောင့်နည်း...
အဘယ့်ကြောင့်ဆိုသော် ကြမ်းကြုတ်နဂါးမျိုးနွယ်က ကြီးမားပြီး နယ်မြေနှင့် အရင်းအမြစ်များကို လိုအပ်၍ပင်။ နယ်မြေမရှိလျှင် များစွာသော မျိုးနွယ်ဝင်များကို မည်သည့်နေရာတွင် သွားထားရမည်နည်း။ သူတို့ မည်သို့ ရှင်သန်တိုးတက်နိုင်မည်နည်း။ အရင်းအမြစ်များမရှိလျှင် သူတို့၏ အနာဂတ်မျိုးဆက်များကို မည်သို့ ပျိုးထောင်ရမည်နည်း။ ပညာရှင်များကို မည်သို့မွေးထုတ်ပေးနိုင်မည်နည်း။ တောင်တန်းနယ်မြေများစွာတွင် ကျင့်ကြံခြင်းကို အထောက်အကူပေးနိုင်သော ဆန်းကြယ်နယ်မြေများ၊ ဝိညာဉ်ဆေးပင်များနှင့် ဝိညာဉ်ကျောက်တုံးများ ရှိသည်။
ဥပမာအနေဖြင့် နဂါးတောင်ကြားကို ကြည့်ပါ။ ထိုနေရာက သဘာဝနိဗ္ဗာန်တစ်ခုပင်။ ၎င်းတောင်ကြားထဲရှိ မိုးမြေဝိညာဉ်စွမ်းအင်က အပြင်ကထက် အဆတစ်သောင်း ပိုသိပ်သည်းသည်။ ကြမ်းကြုတ်နဂါးမျိုးနွယ်သည် ထိုနဂါးတောင်ကြားကို အမှီပြု၍ ပညာရှင်များကို မွေးထုတ်ပေးနေခြင်းဖြစ်ပြီး အရှေ့ဒေသတွင် အဆင့်တစ်ခု ရယူထားနိုင်ခြင်းပင်။
နယ်မြေနှင့် အရင်းအမြစ်များ မရှိပါက အခြားမျိုးနွယ်က မတိုက်ခိုက်လျှင်ပင် သူတို့သည် ဆယ်စုနှစ်အနည်းငယ် သို့မဟုတ် နှစ်တစ်ရာအတွင်း မျိုးနွယ်ငယ်လေးတစ်ခု ဖြစ်သွားပေလိမ့်မည်။ ပြီးလျှင် မိမိတို့ဘာသာ ပျောက်ကွယ်သွားပေလိမ့်မည်။
ကျန်းရီက ရွှေ့ပြောင်းရန် အကြံပေးနေသော နယ်မြေမှာမူ အရှေ့ဒေသအစွန်းရှိ ကျတ်တီးမြေတစ်ခုဖြစ်သည်။ ထိုနယ်မြေတွင် ကျောက်တုံးများမှ လွဲ၍ အခြားမည်သည့်အရာမှ မရှိပေ။ ၎င်းနယ်မြေသို့ ရွှေ့ပြောင်းမည်ဆိုလျှင် သူတို့မျိုးနွယ်မှ အဆင့်နိမ့် မိစ္ဆာသားရဲများက အစာငတ်ကာ သေသွားနိုင်သည်။ သူတို့သည်လည်း အစာရရန် အချင်းချင်း သတ်ဖြတ်လာနိုင်သည်။
“အဲ့ဒါက...အဲ့ဒါက...အဲ့ဒါက...”
ကန်းဟန့်ဘုရင်သည် ‘အဲ့ဒါက’ဟူသော စကားကို သုံးကြိမ်ပြောလိုက်၏။ သူသည် ကျန်းရီ၏ အကြံကို လက်မခံနိုင်ပါ။ ကြမ်းကြုတ်နဂါးဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့သည်လည်း လက်မခံနိုင်ကြောင်း ထင်ရှားသည်။
နဂါးတောင်ကြားက ကြမ်းကြုတ်နဂါးမျိုးနွယ်၏ မျှော်လင့်ချက်သာမဟုတ် သူတို့၏ ဘိုးဘေးများကို မြှုပ်နှံထားသော နေရာတစ်ခုလည်း ဖြစ်သည်။ နဂါးတောင်ကြားကို စွန့်ပစ်လိုက်ခြင်းက အခြားမျိုးနွယ်များကို သူတို့ဘိုးဘေးများ၏ ဂူသင်္ချိုင်းများကို တူးဖော်ခွင့် ပြုလိုက်သလိုပင် မဟုတ်ပါလား။
“ဟင်းဟင်း...”
ကျန်းရီ၏ ရယ်သံက မျိုးနွယ်ဘုရင်သုံးပါးကို သတိပြန်ကပ်သွားစေ၏။ ကျန်းရီသည် ထိုသုံးယောက်၏ မျက်နှာများကို ကြည့်ကာ ပြုံးလိုက်သည်။
“ခင်ဗျားတို့ ထွက်မသွားရင် သေရမှာပဲ။ နောက်ဆုံးကြတော့ အဲ့နယ်မြေတွေက တခြားသူတွေလက်ထဲ ရောက်သွားဦးမှာပဲ။ ခင်ဗျားတို့ ထွက်သွားရင်တော့ အချိန်ကျလာတဲ့အခါ အဲ့နယ်မြေတွေကို ပြန်သိမ်းယူနိုင်လိမ့်မယ်။ အရှေ့ဒေသတစ်ခုလုံးလည်း ခင်ဗျားတို့အပိုင် ဖြစ်သွားလိမ့်မယ်။ အရှက်ရမှုကို သည်းခံပါ။ ခင်ဗျားတို့က စစ်မှန်တဲ့သူရဲကောင်းတွေပဲ မဟုတ်လား...”
“အတိတ်တုန်းက ကြမ်းကြုတ်နဂါးဘုရင်ဟောင်း ရှိနေတုန်းကတော့ ဘယ်သူမှ မလှုပ်ရှားရဲခဲ့ဘူး။ သူ ကွယ်လွန်သွားပြီးတဲ့နောက်မှာတော့ မျိုးနွယ်သုံးခုက အင်အားပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်။ အဲ့ဒါက ဘာအဓိပ္ပာယ်လဲ။ မိစ္ဆာအရှင်သုံးပါးက ခင်ဗျားတို့ကို သည်းမခံနိုင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ ခင်ဗျားတို့ဘာသာ လက်အောက်ခံလာမှာကို သူတို့ မစောင့်နိုင်တော့ဘူး။ သူတို့က ခင်ဗျားတို့ကို ရှင်းပစ်ပြီး အရှင်မချင်လင်းရဲ့အမည်ကို အရှေ့ဒေသကနေ ပျောက်ကွယ်သွားအောင် လုပ်ပစ်ဖို့ ဆုံးဖြတ်ပြီးသွားပြီ...”
“အခုတစ်ခေါက် တိုက်ပွဲပြီးသွားတဲ့နောက် အင်အားစုသုံးစုက အခြေအနေကို သဘောပေါက်သွားမှာပဲ။ သူတို့ သဘောမပေါက်ရင်တောင် မိစ္ဆာအရှင်သုံးပါးက ခင်ဗျားတို့ကို အတူပူးပေါင်းပြီး ရှင်းပစ်ဖို့ အင်အားစုသုံးစုဆီ အမိန့်ပို့လိုက်မှာပဲ။ ခင်ဗျားတို့က အဲ့အင်အားစုသုံးစုကို တစ်ပြိုင်တည်း ယှဉ်နိုင်မှာ မဟုတ်ဘူး။ အဲ့တော့ ဒီအခြေအနေကနေ ဖောက်ထွက်နိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းက အားနည်းချင်ယောင်ဆောင်ပြီး ကိုယ့်ရဲ့နယ်မြေတွေကို ပေးလိုက်ဖို့ပဲ။ အဲ့နယ်မြေတွေကို အင်အားစုသုံးစု အချင်းချင်း တိုက်ခိုက်ပြီး ပြန်လုပါစေ...”
“ဖျံနှစ်ကောင် ရန်ဖြစ်ရင် ကြားက မြေခွေး အကျိုးရှိတယ်။ ခင်ဗျားတို့ အညံ့ခံလိုက်တဲ့ နယ်မြေတွေကို မောင်ပိုင်စီးနိုင်ဖို့ အင်အားစုသုံးစုက အချင်းချင်း ပြန်အကောက်ကြံကြမှာပဲ။ အင်အားစုတစ်စုချင်းစီကို မျိုးနွယ်တွေအများကြီးနဲ့ ဖွဲ့စည်းထားတာပဲ။ အချိန်ကျလာတဲ့အခါ အင်အားစုသုံးစုထဲမှာ အတွင်းပဋိပက္ခတွေ ဖြစ်လာပြီး စစ်ပွဲကြီးတစ်ပွဲ သေချာပေါက် ဖြစ်လာလိမ့်မယ်။ ကျွန်တော်တို့က ကျားနှစ်ကောင် တိုက်ခိုက်တာကို တောင်ပေါ်က ထိုင်ကြည့်နေပြီး တပ်သားတစ်ယောက်မှ မသုံးဘဲနဲ့ အရှေ့ဒေသကို သိမ်းပိုက်နိုင်လိမ့်မယ်။ စစ်ပွဲကြီး ပြီးသွားရင် မျိုးနွယ်တိုင်းက အတော်လေး အင်အားနည်းသွားမှာ။ ပြီးတော့ မိစ္ဆာအရှင်သုံးပါးကလည်း အဲ့လိုစစ်ပွဲမျိုးကို တားနိုင်မှာ မဟုတ်ဘူး...”
“ခွေးသုံးကောင်ကို အရိုးတစ်ချောင်း ပစ်ကျွေးပြီး အချင်းချင်း ကိုက်ကြပါစေ။ ဒါပေမဲ့ ကျွန်တော်က ဖိအားမပေးပါဘူး။ ခင်ဗျားတို့ဘာသာ ဆုံးဖြတ်ကြပေါ့။ တစ်ခုရှိတာက ခင်ဗျားတို့ ဒါကိုတောင် သေချာ မတွေးနိုင်ရင် နောက်ကျ ကျွန်တော့်ဆီက အကူအညီလာမတောင်းနဲ့တော့”
ကျန်းရီသည် ရှည်လျားစွာ ရှင်းပြပြီးနောက် ခန်းမအကာအရံများကို ပိတ်၍ အပြင်သို့ ထွက်သွားလိုက်သည်။ ဆုံးဖြတ်ချက်ကို မျိုးနွယ်ဘုရင်သုံးပါးကသာ ချရပေမည်။ အကယ်၍ ထိုသုံးယောက်က ခေါင်းမာနေဦးမည်ဆိုလျှင် သူ ဤကိစ္စတွင် ဝင်ပါတော့မည် မဟုတ်ပေ။
***