ပထမခြေလှမ်း
Vol. 126 Ch. 1753
သွေးစည်းလျှင် အကျိုးရှိမည်၊ သွေးကွဲလျှင် ပျက်သုဉ်းရမည်။
အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများက အချင်းချင်း မစည်းလုံးကြပေ။ သူတို့သည် အချင်းချင်း မစောင့်ရှောက်ကြချေ။
ဥပမာဆိုရသော်...
စွမ်နီမျိုးနွယ်နှင့် ကော့ချန်မျိုးနွယ်တို့က ကန်းဟန့်မျိုးနွယ်ကို တိုက်ခိုက်ခဲ့သည်။ သို့သော် အခြားမျိုးနွယ်များသည် စစ်ကူစေလွှတ်ရန် လက်ရွံ့ခဲ့ကြသည်။ ကျန်းရီကသာ သတိမပေးခဲ့လျှင် ကန်းဟန့်မျိုးနွယ် ဖျက်ဆီးခံရလိုက်မည်ဆိုလျှင်ပင် သူတို့ သွားကူညီကြမည် မဟုတ်ပေ။ အကယ်၍ ထိုမျိုးနွယ်နှစ်ခုက ကြမ်းကြုတ်နဂါးမျိုးနွယ် သို့မဟုတ် ကောင်းကင်ဂဠုန်မျိုးနွယ်ကို စတင် တိုက်ခိုက်မည်ဆိုလျှင် မည်သို့လုပ်မည်နည်း။ အင်အားစုသုံးစုသာ ပူးပေါင်းလိုက်မည်ဆိုလျှင် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများကို အလွယ်တကူ ရှင်းပစ်နိုင်ပေသည်။
အင်အားစုသုံးစုက ပူးပေါင်းမည်လော။
ကျန်းရီ ပြောခဲ့သလိုပင် အင်အားစုသုံးစုက မပူးပေါင်းလိုလျှင်လည်း မိစ္ဆာအရှင်သုံးပါးက ပူးပေါင်းရန် အမိန့်ပို့လိုက်မည်သာ။ မိစ္ဆာအရှင်သုံးပါးက အရှေ့ဒေသ၏ နယ်မြေငယ်လေးများကို အရေးစိုက်မည် မဟုတ်ပါ။ သူတို့ အရေးစိုက်သည်မှာ သူတို့၏ ဂုဏ်သိက္ခာပင်။
အရှင်မချင်လင်းက မိစ္ဆာမျိုးနွယ်ကို ခေါ်၍ လူသားမျိုးနွယ်နှင့် တမလွန်ဘုံမျိုးနွယ်ကြားမှာ စစ်ပွဲတွင် လူသားမျိုးနွယ်ဘက်မှ သွားကူလိုခဲ့သည်။ အခြားမိစ္ဆာအရှင်သုံးပါးက ယင်းကို အပြင်းအထန် ကန့်ကွက်ခဲ့သည်။ အပြင်ထွက်သွားလျှင် ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်သွားမည်ဟု သူတို့ ခံစားရသည်။ ထို့ပြင် တမလွန်ဘုံမျိုးနွယ်က ဒေါသထွက်သွားလျှင် မိစ္ဆာမျိုးနွယ် ရှင်းပစ်ခံရပေလိမ့်မည်။ ကောင်းကင်မိစ္ဆာဘုံက လုံခြုံစွာ ပုန်းကွယ်နေသဖြင့် အခြားဘုံများက သူတို့ဘုံအကြောင်းကို မသိကြ။ ထို့ကြောင့် သူတို့သည် အပြင်ထွက်သွားမည့်အစား ဤဘုံကိုပင် သေသည်အထိ ကာကွယ်ရန် ဆုံးဖြတ်ထားကြပေသည်။
မိစ္ဆာအရှင်သုံးပါးသည် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများက ကောင်းကင်မိစ္ဆာဘုံအပြင်သို့ ခိုးထွက်ကာ ဘုံအကြောင်း ပေါ်သွားစေမည်ကို စိုးရိမ်သည်။ ထိုအခါ အခြားမျိုးနွယ်များလည်း ထိခိုက်ရပေလိမ့်မည်။ ထို့ကြောင့်လည်း သူတို့သည် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများကို ဖိနှိပ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်ပင် မျိုးနွယ်များစွာက အရှင်မချင်လင်းအပေါ် သစ္စာစောင့်သိနေကြသေးသည်။ ထို့ကြောင့် ၎င်းမျိုးနွယ်များကို ရှင်းပစ်ရန်သာ ရှိတော့ပေသည်။
မျိုးနွယ်ဘုရင်သုံးပါးသည် တွေးတော၍ ပြီးသွား၏။ သူတို့၏ နယ်မြေများကို ဆုံးရှုံးလိုက်ရလျှင်လည်း နောင်တွင် ပြန်သိမ်းယူနိုင်သည်။ သူတို့ဘိုးဘေးများ၏ ဂူသင်္ချိုင်းများ တူးဖော်ခံရလျှင် သူတို့ ဘိုးဘေးများကို တောင်းပန်နိုင်သည်။ သို့သော် သူတို့မျိုးနွယ်များ ရှင်းပစ်ခံလိုက်ရလျှင်မူ အရာအားလုံးကို ဆုံးရှုံးသွားရပေလိမ့်မည်။ ထိုအခါ ဘိုးဘေးများကို မျက်နှာမပြနိုင်လောက်အောင် အရှက်ရရမည်ဖြစ်သည်။
ထိုသို့သော ကိစ္စကြီးတစ်ခုအတွက် မျိုးနွယ်ဘုရင်သုံးပါးသည် အခြားမျိုးနွယ်ဘုရင်အားလုံးကို စုဝေး၍ မဆွေးနွေးဝံ့ပေ။ ထိုသူများထဲတွင် သူလျှိုတစ်ယောက်မှ မပါနိုင်ဟု မည်သူက အာမခံနိုင်ပါမည်နည်း။ အကယ်၍ အင်အားစုသုံးစုသာ ထိုအကြောင်းကို သိသွားမည်ဆိုလျှင် သူတို့ မပြောင်းရွှေ့နိုင်တော့ရုံသာမက အလစ်ပင် ဝင်တိုက်ခံရနိုင်ခြေရှိပေသည်။
သို့ဖြင့် မျိုးနွယ်ဘုရင်သုံးပါးသည် ကျန်းရီကို သွားရှာကာ သူ့အကြံကို လက်ခံလိုက်ကြသည်။ ကျန်းရီနှင့် မျိုးနွယ်ဘုရင်သုံးပါးသည် အချိန်အတော်ကြာအော် ဆွေးနွေးလိုက်သည်။ နောက်ဆုံးတွင် ပြောင်းရွှေ့ဖို့ လမ်းကြောင်းများစွာသုံးရန် ဆုံးဖြတ်လိုက်ကြလေသည်။
ဤတစ်ခေါက် ပြောင်းရွှေ့ရန် အစီအစဉ်က အလွန်ကထိကထများသည်။ စစ်တပ်များသာမဟုတ်ဘဲ မျိုးနွယ်များစွာက မျိုးနွယ်ဝင်အကုန်လုံး ပြောင်းရွှေ့ကြရမည် မဟုတ်ပါလား။ မျိုးနွယ်တိုင်းတွင် မျိုးနွယ်ဝင်ပေါင်း သန်းဆယ်ချီ၍ ရှိသည်။ အားလုံးစုစုပေါင်းလိုက်မည်ဆိုလျှင် အရေအတွက် သန်းရာကျော်သည်။ ထိုကဲ့သို့ ပမာဏကြီးသည် ပြောင်းရွှေ့မှုမျိုးကို သေချာမစီစဉ်ထားလျှင် အင်အားစုသုံးစုက သတိပြုမိသွားပေလိမ့်မည်။ ထိုအခါ နောက်ဆုံးရလဒ်သည်လည်း ဆိုးဝါးသွားနိုင်ပေသည်။
ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့သည် အစီအစဉ်ကို ဆွေးနွေးပြီးမှ အခြားမျိုးနွယ်ဘုရင်အားလုံးကို ပြန်စုစည်းလိုက်၏။ သို့သော် ထိုမျိုးနွယ်ဘုရင်များအား အစီအစဉ်ကိုတော့ အသေးစိတ် မပြောလိုက်ပေ။ သူတို့သည် သူတို့၏ ဩဇာအာဏာကို အသုံးချ၍ ထိုမျိုးနွယ်ဘုရင်များကို အစီအစဉ်အတိုင်း လိုက်နာရန် ဖိအားပေးလိုက်သည်။
မျိုးနွယ်အသီးသီးသည် အမြဲ ထိုမျိုးနွယ်သုံးခု၏ အမိန့်များကို နာခံခဲ့သည်ဖြစ်ရာ ဆန့်ကျင်မှုများ မရှိခဲ့ပေ။ ထို့နောက် သူတို့အားလုံး သူတို့၏မျိုးနွယ်များသို့ ပြန်သွားခဲ့သည်။ သို့သော် ဤတစ်ခေါက်တွင် လူတစ်ယောက်က သူတို့နှင့်အတူ လိုက်ပြန်သည်။ ထိုသူမှာ ကျန်းရီပင်။
ကျန်းရီက ဝိညာဉ်တံလျှပ်စွမ်းရည်ကို သုံး၍ ရုပ်ပြောင်းကာ ကြမ်းကြုတ်နဂါးဘုရင်နှင့်အတူ လိုက်သွား၏။ ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့မှ လွဲ၍ ကျန်းရီက ကြမ်းကြုတ်နဂါးမျိုးနွယ်သို့ လိုက်သွားကြောင်းကို မည်သူမှ မသိကြပေ။
ကျန်းရီသည် ထိုကဲ့သို့ ကိစ္စကြီးတစ်ခုကို အဝေးမှ ထိန်းချုပ်နေရန် စိတ်မဖြောင့်ပါ။ သတင်းများကို သူ ချက်ချင်းရမှ အခြေအနေအလိုက် ဗျူဟာအသစ်များ ဆွဲနိုင်မည်ဖြစ်သည်။ သူက ကျီထင်ယွီနှင့် ရှင်းမုန့်ဝမ်တို့လို မဟုတ်။ သူမတို့လောက် ဉာဏ်မကောင်း။ ဤတစ်ခေါက်တွင် အရှင်မချင်လင်း၏ လက်အောက်ခံများ ဘေးအန္တရာယ်မှ လွတ်မြောက်စေရန် သူ အစွမ်းကုန်သာ ကြိုးစားရမည်ဖြစ်သည်။
***
မျိုးနွယ်ဘုရင်အားလုံး သူတို့၏ မျိုးနွယ်အသီးသီးသို့ ပြန်ရောက်သောအခါ ကျန်းရီ အစီအစဉ်၏ ပထမခြေလှမ်းကို စတင်အကောင်အထည်ဖော်လိုက်သည်။ ထိုခြေလှမ်းမှာ ပြောင်းရွှေ့ရန် မဟုတ်ဘဲ စစ်ပွဲစရန် ဖြစ်သည်။
ဟုတ်၏။ စစ်ပွဲ...
စစ်ပွဲသည် အာရုံစိုက်ခံရရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ စစ်ပွဲသာ ဆက်ဖြစ်နေလျှင် အင်အားစုသုံးစုသည် ဤမှ စစ်တပ်များအပေါ်တွင်သာ အာရုံစိုက်နေပေလိမ့်မည်ဖြစ်ပြီး အဆင့်နိမ့် မျိုးနွယ်ဝင်များကို အရေးစိုက်ကြမည် မဟုတ်ချေ။
အကယ်၍ မျိုးနွယ်ဝင်များက ထူးထူးဆန်းဆန်း ပြုမူနေကြသည်ကို သတိပြုမိလျှင်ပင် မည်သူကမှ အာရုံထားမည် မဟုတ်ပေ။ စစ်တပ်နှင့် စွမ်းအားကြီး သိုင်းသမားများကို ရှင်းထုတ်နိုင်လိုက်လျှင် ထို အဆင့်နိမ့် မျိုးနွယ်ဝင်များက မည်သည့်နေရာကို ပြေးနိုင်ပါမည်နည်း။
ကျန်းရီသည် တိုက်ပွဲကြီးတစ်ပွဲ ဆင်နွှဲရန် ပြင်ဆင်ထား၏။ ထိုတိုက်ပွဲကို လှလှပပ တိုက်ခိုက်ရမည်ဖြစ်ရုံသာမက ရန်သူကိုလည်း မည်သို့မှ မလုပ်ဝံ့တော့အောင် ပညာပေးလိုက်ရမည်ဖြစ်သည်။
ကျန်းရီသည် စစ်တပ်များကို စတင် ချီလာစေ၏။ မျိုးနွယ်အသီးသီးမှ စွမ်းအားကြီး သိုင်းသမားအားလုံးက ကြမ်းကြုတ်နဂါးမျိုးနွယ်တွင် လာရောက်စုဝေးကြသည်။ ထို့နောက် မဟာမိတ်စစ်တပ်သည် ကောင်းကင်ဂဠုန်မျိုးနွယ်ဆီသို့ ချီတက်သွားလိုက်၏။ ထို့ကြောင့် အနီးမှ မျိုးနွယ်များ အလွန်စိတ်လှုပ်ရှားသွားကြသည်။ မဟာမိတ်စစ်တပ်သည် ကောင်းကင်ဂဠုန်မျိုးနွယ်သို့ ရောက်သောအခါ လမ်းကြောင်းပြောင်း၍ ကော့ချန်မျိုးနွယ်ဆီသို့ ဆက်ချီတက်သွားလေသည်။
မဟာမိတ်စစ်တပ်ကို အရှင်မချင်လင်း၏ လက်အောက်ခံဟောင်း စွမ်းအားကြီး သိုင်းသမားများနှင့်သာ ဖွဲ့စည်းထားခြင်းပင်။ အရေအတွက်မှာ မများပါ။ တစ်သန်းသာရှိသည်။ သို့သော် ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့က စစ်တပ်ထဲတွင် ပါသည်။ ထို့ပြင် သူတို့ထဲမှ အဆင့်အနိမ့်ဆုံးသူသည်ပင် နတ်ဘုရားဧကရာဇ်အဆင့်တွင် ရှိသည်။ ထိုစစ်တပ်က အရှေ့ဒေသထဲရှိ မည်သည့်စစ်တပ်တစ်ခုကိုမဆို အလွယ်တကူ ရှင်းပစ်နိုင်စွမ်း ရှိပေသည်။
အရှေ့ဒေသထဲရှိ မျိုးနွယ်များ အလွန်စိတ်လှုပ်ရှားလာ၏။ အထူးသဖြင့် ထျန်းဖုန့်ဧကရာဇ်ထံတွင် လက်အောက်ခံထားသော မျိုးနွယ်များက ပို၍ စိတ်လှုပ်ရှားနေကြသည်။ ကော့ချန်ဘုရင်သည် မျိုးနွယ်အသီးသီး၏ စစ်တပ်များကို အသင့်ပြင်ထားစေလိုက်ပြီး ကော့ချန်မျိုးနွယ်၏ အမိန့်ကို စောင့်ရန် မှာထားလိုက်သည်။ တစ်ချိန်တည်းမှာပဲ စွမ်နီမျိုးနွယ်က စစ်တပ်ကို အသင့်ပြင်လျက် အမိန့်များကို စောင့်နေပေသည်။
အခြားမိစ္ဆာအရှင်နှစ်ပါး၏ လက်အောက်ခံများမှာလည်း မဆင်မခြင် မလှုပ်ရှားဝံ့ပေ။ အကယ်၍ ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများက သူတို့ကို တိုက်ခိုက်လာလျှင် မည်သို့ လုပ်ပါမည်နည်း။
အရှင်မချင်လင်း၏ လက်အောက်ခံဟောင်း စွမ်းအားကြီး သိုင်းသမားအားလုံး ပူးပေါင်း၍ ဖွဲ့စည်းထားသော မဟာမိတ်စစ်တပ်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ သူတို့ကို လျှော့တွက်မိသူတိုင်း ချေမှုန်းခံရပေလိမ့်မည်။
တော်သေးသည်မှာ မဟာမိတ်စစ်တပ်က ကော့ချန်မျိုးနွယ်ဆီသာ ဦးတည်သွားပြီး လမ်းတစ်လျှောက်ရှိ မျိုးနွယ်ငယ်များကို မည်သို့မှ မလုပ်ခဲ့၍ပင်။ မဟာမိတ်စစ်တပ်၏ ချီတက်နှုန်းမှာ မြန်လည်းမမြန်သလို နှေးလည်းမနှေးပါ။ သူတို့၏ပစ်မှတ်မှာ ထင်ရှားပေသည်။
ကော့ချန်ဘုရင် တုန်လှုပ်နေ၏။ မဟာမိတ်စစ်တပ်ထဲတွင် ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမား သုံးယောက် ပါလာသည်။ သူတစ်ယောက်တည်းနှင့် ထိုသုံးယောက်ကို မည်သို့ တိုက်ခိုက်ရမည်နည်း။ သူတို့မျိုးနွယ်တွင် အခြား ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်သမားတစ်ယောက် ရှိသေး၏။ သို့သော် ထိုသူ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်သည်မှာ မကြားသေးချေ။ ကြမ်းကြုတ်နဂါးဘုရင်က သူ့ကို အလွယ်တကူ သတ်ပစ်နိုင်လောက်သည်။
ထို့ကြောင့် ကော့ချန်ဘုရင်သည် စွမ်နီဘုရင်ထံ လှမ်း၍ အကူအညီတောင်းရသည်။ စွမ်နီဘုရင်လည်း မနေသာပါ။ ကော့ချန်ဘုရင် သေဆုံးသွားလျှင် နောက်ထပ်ပစ်မှတ်က သူဖြစ်လာမည် မဟုတ်ပါလား။
စွမ်နီဘုရင်သည် သူ၏စစ်တပ်ကို ဦးဆောင်၍ အမြန်ဆုံး ချီတက်လာ၏။ တစ်ချိန်တည်းမှာပင် ကော့ချန်ဘုရင်သည် မီးမြေခွေးဧကရာဇ်နှင့် ပူနီဧကရာဇ်တို့၏ လက်အောက်ခံ မျိုးနွယ်များထံလည်း တမန်တော်များ စေလွှတ်လိုက်သည်။ သူသည် ထိုမျိုးနွယ်များကို ကြမ်းကြုတ်နဂါးဘုရင်တို့၏ မဟာမိတ်စစ်တပ်၏ နောက်ပိုင်းကို တိုက်ခိုက်ရန် တောင်းဆိုလိုက်ခြင်းပင်။
ထိုမျိုးနွယ်များက မတုံးအပါ။ သူတို့သည် ထျန်းဖုန့်ဧကရာဇ်၏ လက်အောက်ခံများနှင့် အရှင်မချင်လင်း၏ လက်အောက်ခံများ အချင်းချင်း တိုက်ခိုက်ပြီး ပျက်သုဉ်းသွားကြမည်ကို ပျော်ပျော်ကြီး ကြည့်နေလိုပေသည်။
ယခုအထိ မိစ္ဆာအရှင်သုံးပါ၏ အမိန့်များ ရောက်မလာသေးချေ။ သူတို့ အတူပူးပေါင်းလိုလျှင်ပင် ဆွေးနွေးရန် အချိန်မရှိပါ။ သူတို့ မည်သို့ပူးပေါင်းရမည်ကို မသိသလို၊ သူတို့၏ တပ်ဖွဲ့များကို မည်သို့စေလွှတ်ရမည်ကိုလည်း မသိပေ။ ထို့ပြင် နယ်မြေများကို မည်သို့ ပိုင်းခြားခွဲဝေရမည်ကိုလည်း မသိသေး။ သို့ဖြစ်ရာ မည်သူက ရူးမိုက်စွာ ဝင်ပါမည်နည်း။
ယင်းတို့အပြင်...
သူတို့အားလုံးသည် အရှင်မချင်လင်း၏ လက်အောက်ခံများက အယောင်ပြခြင်းသာဖြစ်ပြီး အမှန်တကယ် စစ်ပွဲတစ်ပွဲ စလိမ့်မည်ဟုမဟုတ်ဟု သံသယရှိနေကြသည်။ အမှန်ကတယ်သာ စစ်ပွဲတစ်ပွဲ စလာလျှင် အရှင်ချင်လင်း၏ လက်အောက်ခံများအတွက် အကျိုးရှိမည် မဟုတ်ပေ။ သူတို့က ကော့ချန်ဘုရင်ကို ခြောက်လှန့်ရန် ကြိုးစားနေခြင်းသာ ဖြစ်မည်။ သူတို့ ထိုဗျူဟာကို အကြိမ်ပေါင်းများစွာ သုံးခဲ့ပြီးပြီ မဟုတ်ပါလား။
သို့သော်...
သုံးရက်ကြာပြီးနောက် မျိုးနွယ်ကြီးများအားလုံး အံ့ဩသွားကြ၏။ မဟာမိတ်စစ်တပ်က ကော့ချန်နယ်မြေသို့ ရောက်လျှင် တစ်ရက်အနားယူပြီးနောက် စတင် တိုက်ခိုက်လေသည်။ ထိုတိုက်ခိုက်မှုမှာ အစစ်အမှန် တိုက်ခိုက်မှုပင်။
ကော့ချန်ဘုရင်က နယ်စပ်တွင် တပ်သားသုံးသန်း နေရာချထားသည်။ သို့သော် စွမ်နီဘုရင်က ရောက်မလာသေးပေ။ ထိုတပ်သားသုံးသန်းမှာလည်း ကော့ချန်မျိုးနွယ်မှ တပ်သားများသာ မဟုတ်ဘဲ အနီးရှိ မျိုးနွယ်များမှ တပ်သားများလည်း ပါသည်။
ခြောက်နာရီကြာပြီးနောက်...
ခြောက်နာရီအတွင်းမှာပင် အင်အားသုံးသန်းရှိသော စစ်တပ်က ရှုံးနိမ့်သွားသည်။ ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့က ကိုယ်တိုင် ဝင်တိုက်ကာ ရာချီသော စစ်သူကြီးများကို သတ်ပစ်ခဲ့သည်။ ထို့ကြောင့် စစ်တပ်က ဖရိုဖရဲဖြစ်သွားလေသည်။ တပ်သားသိန်းကျော် အသတ်ခံရပြီးနောက် သူတို့ ကြောက်ရွံ့တကြီး ပြန်ဆုတ်သွားကြလေသည်။
ကျန်းရီသည် တစ်ချိန်လုံး မဟာမိတ်စစ်တပ်ထဲတွင် ရှိနေခဲ့သည်။ သို့သော် သူ ဝင်မတိုက်ပါ။ သူတို့ အနိုင်ရပြီးနောက် သူ မဟာမိတ်စစ်တပ်ကို ဆက်မလိုက်ရန် အမိန့်ပေးလိုက်သည်။ သူတို့ ဆက်လိုက်လျှင် တပ်သားတစ်သန်းလောက်ကို ထပ်သတ်နိုင်လောက်သည်။ ထို့ကြောင့် မဟာမိတ်စစ်တပ်မှ စစ်သူကြီးများသည် အဘယ်ကြောင့် ကျန်းရီက သူတို့ကို မလိုက်ခိုင်းရကြောင်း နားမလည်နိုင်ဖြစ်နေကြသည်။ အချို့စစ်သူကြီးများဆိုလျှင် သူတို့၏ မျိုးနွယ်ဘုရင်များကိုပင် လျှို့ဝှက်၍ မေးမြန်းလိုက်ကြသည်။
နောက်ဆုံးတွင် စစ်မိန့်တစ်ခုကို ထုတ်ပြန်လိုက်၏။ အားလုံး အံ့အားသင့်သွားကြသည်။ ကျန်းရီသည် စစ်တပ်ကို အမြန်ဆုံး ပြန်ဆုတ်ရန် အမိန့်ပေးလိုက်ပေသည်။ သူတို့ စွမ်နီမျိုးနွယ်ထံ ဦးတည်ရပေမည်။
***